Thursday, February 28, 2013
Wednesday, February 27, 2013
“အမွေ”
မောင်လွမ်းဏီ
လက်ပံတောင်းက
ကြေးမောင်း ဒူ ဒူ
မအူပင်ကို ရောက်လာပြီ။
ဘယ်သူ့ အတွက်
ဘာအတွက်လဲ၊ ရဲမှုထမ်းက
လူသတ်လက်နက် သုံးမလား
လယ်သမားလည်း
ဓားကိုင်စွဲခွင့်ရှိတာပဲ။
ကိုယ်ဝန်ဆောင်တောင်
မရှောင်ရိုက်ခိုင်း၊ သမိုင်းမြင်ကွင်း
ပွင့်လင်းမြင်သာလှချည့်ရဲ့ ။
တို့ ဘိုးဘွားမြေ၊ တို့ အဖေ့ယာ
တို့  ခုတ်ထွင်တယ်၊ တို့ ထွန်ယက်မှ
အသက် ၀ ၀ ရှူလို့ ရတယ်၊
တမှေးခန အိပ်ရေးဝတယ်၊
ဘာများ မှားတာ ရှိလို့ လဲ။
ဗေဒါခေါင်းထောင်
ငါးဖောင်ကြိုးဖြုတ်၊ ဘဲအုပ်ကိုမောင်း
ရေကြောင်းကိုပြင်၊ လှေလောင်းကိုဆင်
မြစ်ပြင်ကထွက်၊ ကန်ဘောင်တက်ကြ
မလက်တိုက စိန်ခေါ်ပြီ။
မြစ်ဝကျွန်းပေါ်၊ အရေးတော်ပုံ
ဂဠုန် သူပုန် ထပြီတင့်။
မောင်လွမ်းဏီ
၂၇ - ၂ - ၂၀၁၃
Posted by
ကိုဈာန်
at
7:50 PM
0
comments
Labels: ကဗျာ
Sunday, February 24, 2013
ပျိုးစိုက်သူနဲ့ပိုးကိုက်သူ၊ ရှိုးရိုက်တယ်အတူတူ။
အဖေသင်ပေးလိုက်တာ
ဗုဒ္ဒံ သရဏံ ဂစ္ဆာမိ နှုတ်တိုက်ဘုရားစာ
သေရာပါ ဒဏ်ရာပဲ။
ကဲ....
ကျနော်ဟာ
ကိုယ့်ကောင်းကင်ကို ကိုယ်မီးရှို့တဲ့
ဘာသာမဲ့တစ်ယောက်
ဘာကြောင့်ဖြစ်လာရတာလဲ။
ပျိုးလိုက်တိုင်း ရှင်သန်မယ်မထင်နဲ့
ရှိုးလိုက်တိုင်း ဂွင်မှန်မယ်မထင်နဲ့
ကိုယ်တိုင်ဟာ
ဖဲထုတ်ထဲ မွဲစုတ်နေတဲ့ဖဲပဲ
(လူဆိုတာ)
မဆွဲဆုတ်ရဲတဲ့ ပွဲရှုပ်ကောင်တွေ။ ။
သုအိုင်စံ
၂၄-၀၂-၁၃
Posted by
Anonymous
at
7:16 AM
0
comments
Labels: ကဗျာ
လူ့အခွင့်အရေး
၁ ကြိုး၊ ၂ ကြိုး ပဲ ဖြစ်ဖြစ်
၆ ကြိုး စလုံးပဲ ဖြစ်ဖြစ်
ဖြုတ်ပစ်ခံထားရတဲ့ကောင်ဟာ
၆ ကြိုးစလုံးပဲ ပြည့်စုံတိကျ ပြန်တပ်ချင်တယ်
ဘယ်သူတွေ တီးခတ်ဖို့မှ မဟုတ်ဘူးကွာ
ငါ့ဘာသာ ဂစ်တာတစ်လုံးလို ပီပီသသ
ငါ့ဂီတနဲ့ငါ ဆွံ့အနေလိုက်မယ်။ ။
သုအိုင်စံ
၀၅-၀၁-၂၀၁၃
Posted by
Anonymous
at
3:05 AM
0
comments
Labels: ကဗျာ
လူ့အခွင့်အရေး (၁)
ဖယောင်းတိုင်ဆိုလည်း
ဖယောင်းတိုင် ပီပီသသ
ငါ လင်းတောက်ပျောက်ရှသွားချင်တယ်
ငါ့ကို မီး လာ လာ မသတ်နဲ့ကွာ။ ။
သုအိုင်စံ
၂၄-၀၂၁၃
Posted by
Anonymous
at
3:00 AM
0
comments
Labels: ကဗျာ
Saturday, February 23, 2013
မောင်ချောနွယ် နဲ့ လှသန်း
သည်မီးရထား နှစ်စီးလုံး
ဤခရီးကား ပြီးဆုံးပါပြီး ဆိုပြီး
ဘူတာတွေမှာ ထိုးရပ်သွားတယ်.....
ဒါပေမဲ့
သူတို့ရဲ့ဥသြဆွဲသံတွေ ဆက်လက်ထွက်ခွာသွားကြ
ကဗျာမျိုးဆက်ရဲ့ ဘူတာစဉ်ရင်ဘတ်တွေထဲ
ဖျတ်ခနဲ... ဖျတ်ခနဲ... ဖျတ်ခနဲ... မရပ်မစဲပဲ။ ။
သုအိုင်စံ
၂၃-၀၂-၁၃
Posted by
Anonymous
at
6:08 PM
0
comments
Labels: ကဗျာ
Friday, February 22, 2013
Schizophrenia
ပထမကမ္ဘာစစ်ရဲ့ စစ်ကျန်တပ်သားလေးဟာ
ပထမကမ္ဘာစစ်ရဲ့ စစ်ကျန်ကျည်ဆံကြောင့်
ဒုတိယကမ္ဘာစစ်ထဲမှာ ရှောသွားတယ်။
တတိယကမ္ဘာစစ်မှာတော့
ပထမကမ္ဘာစစ်က စစ်သားတွေလည်း တစ်ယောက်မှ မရှိတော့ဘူး
ပထမကမ္ဘာစစ်က လက်နက်တွေလည်း တစ်ခုမှ မရှိတော့ဘူး
ပထမကမ္ဘာစစ်က အမုန်းတွေပဲ သီးသန့်ကျန်တော့တယ်....
သူု့တမျိုးတည်း နေလို့မရတဲ့ အမုန်းဟာ ရန်သူရှာတော့တာပဲ၊
နောက်ဆုံးတော့ မှန်ထဲမှာ သူ့ကိုယ်သူ ပြန်မြင်သွားခဲ့တယ်လေ
ကျမ်းစာတွေထဲက ဝါကျတွေဟာ တစ်ခုနဲ့တစ်ခု ဒဿနနဲ့ ပစ်သတ်တော့တာပဲ
ကမ္ဘာဟာ ဘုရားမှိုင်းနဲ့ တအားမိုင်းခွဲခံလိုက်ရတယ်။ ။
သုအိုင်စံ
၂၁-၀၂-၁၃
Posted by
Anonymous
at
10:45 AM
0
comments
Labels: ကဗျာ
Monday, February 18, 2013
Thursday, February 14, 2013
ဖေဖေါ်ဝါရီဆယ့်လေး
...
.....
အာရင်ဘတ်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့ 
မှူးမုံမှိုင်းဝေစေတဲ့ ဓါတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကြမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။(စောဝေ)။
...
.....
သစ်ကောင်းအိမ်က
ချစ်သူ ... အလင်းဖြူနဲ့ လက်တွဲထားတယ်
သူက ချယ်ရီရောင်ဝတ်စုံပြည့်ဝတ်လို့ ...။
ချစ်သူများနေ့မှာ
၈၈မျိုးဆက်ခေါင်းဆောင်နှစ်ယောက် ဥရောပဆန်ဆန်နဲ့ ဥရောပကို ထွက်ပေါ့
သူတို့ ဥရောပတေးတွေနဲ့ ကခုန်ကြ ..
အပြောင်းအလဲတွေအတွက် ကမ္ဘာ့သစ်မှာ ပျော်ပါးဖို့ သူတို့ ကခုန်ကြ ..။
နန္ဒအိမ် ၁၄၊၀၂၊၂၀၁၃။
Posted by
nanda
at
8:57 PM
0
comments
Labels: ကဗျာ
Tuesday, February 12, 2013
ခဏခဏအသတ်ခံရတယ်၊ ဘယ်တော့မှ မသေဘူး။
ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။
ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။
အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ ဆောင်းပါးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုစိန်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။
တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။
နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။
၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။
ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။
ဟိန်း (17.7.2012) ခရမ်းရိပ်မဂ္ဂဇင်း၊ သြဂုတ် 2012
Credit to - Heinn FiveStrings
Posted by
Anonymous
at
8:53 AM
0
comments
Labels: ကဗျာ
ချစ်သူလေးသို့ နှစ်စဉ် တောင်းပန်ကဗျာ
ဒီနေ့ အဖေ့မွေးနေ့၊ မုန့်ဟင်းခါး လာဝယ်စားသူတွေကို ပိုက်ဆံမယူဘူး၊ အလကားကျွေးမယ်
ဒီနေ့ အဖေ့မွေးနေ့၊ လမ်းဆုံဂိတ်မှာ ဆိုက်ကားကိုထိုးပြီး၊ တနေကုန် စစ်တုရင်ထိုးမယ်
ဒီနေ့ အဖေ့မွေးနေ့၊ ဆိုင်မှာ ဘယ်သူလာဈေးဆစ်ဆစ်၊ လျော့ရောင်းပေးလိုက်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ တပ်ထဲမှာ ဒန်ပေါက်ကျွေးပြီး၊ တပ်ရင်းတစ်ဝန်းလုံး ဖရက်ဒိတ် လုပ်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ ရဲစခန်းမှာ လူဆိုး လိုက်မဖမ်းဘူး၊ အချုပ်သားတွေကို ဘော်လုံးပေးကန်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ ထောင်ထဲမှာ အသားဟင်းကျွေး၊ ဝတ်စုံသစ်ထုတ်ပေးပြီး၊ ရက်လျှော့ပေးမယ်
ဒီနေ့ အဖေ့မွေးနေ့၊ နေ့ဆွမ်းဘုန်းပြီးတာနဲ့ ပရိတ်မရွတ်တော့ဘူး၊ သူ့မိန့်ခွန်းတွေ နားထောင်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ မနက်ပိုင်း ကျောင်းဝန်းသန့်ရှင်းရေးလုပ်ပြီး၊ ညနေပိုင်းမှာ ကျောင်းလွှတ်ပေးလိုက်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ နေ့တဝက်လယ်ထွန်ပြီးတာနဲ့၊ နွားတွေကိုလွှတ်ပြီး ရွာထိပ်မှာ ထန်းရေသွားသောက်ကြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ လေးဖြူသီချင်းခွေတွေ ခဏအနားပေးပြီး၊ ခင်ညွန့်ရည် သီချင်းတွေ တနေကုန်ဖွင့်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ နိုင်ငံခြားသားကို ဒီနေ့ငါ့အဖေနေ့လို့ပြောဆိုရှင်းပြပြီး၊ တစ်ကျပ်တန်ပေါ်ကပုံ ပြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ အမေ့ဆီက မုန့်ဖိုးတောင်းပြီး၊ ပန်းဆိုးတန်းမှာ သူ့အထ္ထုပ္ပတိစာအုပ်သွားဝယ်မယ်
ဒီနေ့
အဖေ့မွေးနေ့၊ ညနေရပ်ကွက်ပေါင်းစုံ ဘော်လုံး ဒိုင်းဆုပေးပြီးတာနဲ့၊ ည ရုပ်ရှင်ရုံမှာ အလကားပြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ မီးမီးတို့ ညတွက်ကိုက် ပြီးတာနဲ့၊ ကိုကို/မောင်မောင်တို့ကို အလကား အနမ်းပေးလိုက်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ ဘီအီးဒီစီ ရောင်းတဲ့ဆိုင်ကို အမြတ်များများမယူဖို့နဲ့၊ အရက်များများမရောင်းဖို့ပြောရမယ်
ဒီနေ့ အဖေ့မွေးနေ့၊ တောင်းလို့ရတဲ့ထဲက ၅၀ကျပ်ကို တောင်းနေတဲ့ တယောက်ယောက်ကို ပြန်ပေးလိုက်မယ်
ဒီနေ့
အဖေ့မွေးနေ့၊ နတ်မောက်က အိမ်အိုကြီးဓါတ်ပုံကို ဝိုင်းကြည့်ပြီး သူအဲဒီမှာနေခဲ့တာလေလို့ အချင်းချင်းပြောပြကြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ လူထုအချစ်တော်ဖြစ်နေတဲ့ သူ့သမီးဘာလုပ်မလဲ စောင့်ကြည့်ပြီး၊ အားလုံးက ဝိုင်းပံ့ပိုးကြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ ငါ့ သူငယ်ချင်းဖိုးသားမွေးနေ့၊ ငါတို့ ငါး အတူ သွားသောက်ပြီးရင်၊ ကိုယ့်ကဗျာ ကိုယ်ရေးကြမယ်
ဒီနေ့
အဖေ့မွေးနေ့၊ (မင်းတို့လည်း မင်းတို့ လုပ်ချင်တာလုပ်ပြီး၊ ဒီကဗျာကို ရေးချင်သလို ဆက်ရေးလိုက်တော့)
ဒီနေ့ အဖေ့မွေးနေ့၊.................................................................................................................
ဒီနေ့ အဖေ့မွေးနေ့၊.................................................................................................................
ဆောရီးပဲ ချစ်သူရေ
မနက်ဖန် (၁၄-၀၂-၁၃) ချစ်သူများနေ့မှာ မင်းနဲ့ကိုယ် အရက်နာကျပြီးတွေ့ရမှာ အနမ်းတွေကို အားနာမိပါရဲ့
ဒီနေ့ (၁၃-၀၂-၁၃) အဖေ့မွေးနေ့ပွဲမှာ ငါတို့တွေ ဖခင်ကို ဂုဏ်ပြု ကျေးဇူးဆပ် မူးရူး/ပင်ပန်းနေကြပြီ မဟုတ်လား
ဗိုလ်ချုပ်အောင်ဆန်း ရောက်သွားရာဘုံမှာ စိတ်ချမ်းသာ/ကိုယ်ချမ်းသာနဲ့ အများအကျိုးပြုနိုင်ပါစေ (ထာဝရ)။ ။
သုအိုင်စံ
၁၃-၀၂-၁၃
(ဖခင် ဗိုလ်ချုပ်မွေးနေ့ ထာဝရလက်ဆောင်)
Posted by
Anonymous
at
5:51 AM
0
comments
Labels: ကဗျာ
မရဏအလွမ်း
ငါတို့ လမ်းခွဲအနမ်းခြွေပြီး ငါ ညစ်ညစ်နဲ့ ဆိုင်ကယ်ကို လီဗာကုန် ဂီယာကုန် သတိအပြည့်နဲ့ မောင်းလာခဲ့တယ်
ခြောက်စက္ကန့်လောက်ပဲ မင်းအကြောင်းအတွေးထဲ ဝင်လာပြီးနောက် ငါလည်းပွဲပြီး အလွမ်းလည်းမီးသေပဲ။ ။
သုအိုင်စံ
၂၀၁၀-----၂၀၁၃
Posted by
Anonymous
at
5:51 AM
0
comments
Labels: ကဗျာ
Sunday, February 10, 2013
ဘုရားရိပ်ကျောင်းရိပ်
ကျည်ဆံဟာ အရှိန်ကုန်တော့မယ်
ဘာကိုမှ မထိမှန်ခဲ့ပါလား
တရားသံ သဲ့သဲ့ကို ကြားနေရပြီ။ ။
သုအိုင်စံ
၁၀-၀၂-၁၃
Posted by
Anonymous
at
5:27 AM
0
comments
Labels: ကဗျာ
Saturday, February 9, 2013
ကြေးကြီးပေးဝယ်ထားတဲ့ကောင်တွေရောက်မှ၊ ကလပ်က ဖလားနဲ့ လွဲ လွဲနေရတယ် ဘဝထဲ။
ရှုံးထွက်ပွဲမှာ
အနိုင်ဂိုးကို သွင်းပေးခဲ့တာ နံပါတ်(၁၀)
ကယ်တင်ရှင်ကြီးပဲ။
နောက်တစ်ပွဲမှာ
အနီကဒ်ယူပေးလိုက်တာလည်း သူပဲ
စောက်တလွဲကောင်ကွာ။
နောက်တစ်ပွဲမှာ
အဝါ၂ကဒ် ယူပေးလိုက်တာလည်း နံပါတ်(၁၀)
ဒီကောင်ဟာ ဖဲသေကြီးပဲ။
နိုင်တက် ရှုံးတက်ပွဲမှာ
အချောင်အနိုင်ဂိုးသွင်းပေးတာလည်း နံပါတ်(၁၀)
ကဲ...ဘယ်သူဟာ ကျေးဇူးတင်ရကောင်းမှန်း သိခဲ့ပါသလဲ။
နိုင်ထွက် ရှုံးထွက်ပွဲမှာ
နံပါတ်(၁၀)ဟာ အလှဆုံး အနိုင် ၂ ဂိုးသွင်းပေးခဲ့တယ်
ကဲ..ဘယ်သူဟာ ဂုဏ်ယူရကောင်းမှန်း သိခဲ့ပါသလဲ။
ဘော်လုံးသမားဆိုတာ ဘော်လုံးလိုပဲ
ပရိသတ် ဝိုင်းကန်တဲ့ ဒဏ်ကို ကြံ့ကြံ့ခံထား
ကိုယ့်ကိုယ်ကိုယ် လေမလျော့အောင်လုပ်ထားလည်း ခဏပါပဲ....
လူဟာလည်း သားရေပွဲတွေ အများဆုံးနဲ့ ပင်စင်ရသွားတဲ့ တိုက်စစ်မှူးပါ
ဒေးဗစ်ဘက်ကမ်းရဲ့ ညာခြေဟာ
ရပ်နေတဲ့ ပစ်မှတ်ကို ရပ်နေတဲ့ ဘော်လုံးနဲ့ ကိုက်(၅၀)ကနေ ကန်ရင်
တချက်မှ မလွဲဘူး၊ ကန်ချက်တိုင်းထိမှန်လေရဲ့
ဒါပေမဲ့ ဘဝဘော်လုံးပွဲမှာက
ရပ်နေတဲ့ ဘော်လုံးမရှိသလို၊ ရပ်နေတဲ့ ပစ်မှတ်လည်း မရှိဘူး မဟုတ်လား
အားလုံးဟာ အချိန်နဲ့ နေရာနဲ့ ပြေးလွှား လှုပ်ရှား ကစားကြ
နားမရတဲ့ အသက်ရှူခြင်း
ဘော်လုံးလို လေတင်းနေမှ ဂိုးသွင်းနိုင်မယ် မဟုတ်လား
ဘော်လုံးကစားသမားတိုင်းဟာ ပရိတ်သတ်ကြီးထဲမှာပျောက်ဆုံးသွားရ
ဘော်လုံးပရိသတ်ကြီးတိုင်းဟာလည်း ကွင်းလယ်ခေါင်မှာပျောက်ဆုံးသွားကြ
ကမ္ဘာဟာ နောက်ဆုံးမှာ ဘောလုံးကွင်းလို ပက်လက်ကြီးလန် အထီးကျန် ထားပစ်ခံရတာပဲ
ကန်သူမဲ့ဘော်လုံးတစ်လုံးစကြဝဠာထဲမှာ ခုန်ဆွ ခုန်ဆွ လွင့်နေရှာတယ်
အဲဒီမှာ ဂိုးတိုင်မရှိဘူး...။
သုအိုင်စံ
၀၉-၀၂-၁၃
Posted by
Anonymous
at
10:03 AM
0
comments
Labels: ကဗျာ
Friday, February 8, 2013
သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (၉)
ကိုညို
“အာလူးနဲ့ပဲ ခိုးစားနေတဲ့သူတွေနဲ့ တော်လှန်ရေးအောင်မြင်ပါ့မလားကွ”
“အာလူးခိုးစားနေသူတွေက တော်လှန်ရေးလုပ်ကြမှာတဲ့လားကွ”
ည ၁၁နာရီဝန်းကျင်၊ တိတ်ဆိတ်နေတဲ့အချိန်၊ မဏိပူရ တောင်နံရံတွေတောင် ပဲ့တင်ခတ်ပြီး
စူးစူးဝါးဝါးထွက်လာတဲ့ အသံနက်ကြီးကြောင့် ရုံးခန်းထဲမှာ စာဖတ်နေရင်း ဦးဇင်းဦးဝရနဲ့ ကျနော် ဘားတိုက်အပြင်ကို ပြေးထွက်ကြည့်လိုက်တယ်။
ကိုလှစိုးပါ။ မန္တလေးတက္ကသိုလ် မြန်မာစာဌာနက ဖျင်တိုက်ပုံထူထူ၊ လုံခြည်တိုတိုနဲ့ လည်ပင်းမှာ မာဖလာ ပတ်ထားတယ်။ သူ့ရဲ့ ခံစားမှုမီးတောက်က မဏိပူရဆောင်းရာသီ အအေးဒါဏ်ကို အနိုင်ယူထားတယ်။ “အာလူးနဲ့ ပဲ ခိုးစားနေပြီး တော်လှန်ရေးလုပ်အုံးမှာတဲ့လား”
ဦးဇင်းဦးဝရကို မြင်တော့ ကိုလှစိုးငြိမ်လိုက်တယ်။ ဘားတိုက်ထဲ ပြန်ဝင်သွားတယ်။
ကျနော်တို့တတွေ အားလုံးမျက်နှာတွေ မကောင်းကြဖူး။ အားလုံး ခေါင်းငိုက်စိုက်တွေ။
လက်ရှိဘ၀အနေအထားတွေကို အားလုံးက မကြေနပ်ကြတာအမှန်။ စခန်းကလူကြီးတွေကိုလည်း အားနာတယ်။ သူတို့လည်း ရဲဘော်တွေအားလုံး လုံလုံလောက် လောက်စားနိုင်အောင် စီစဉ်လိုက်တာပဲ။ တခြားနည်းလမ်းလည်း ရှာမတွေ့တော့ ငတက်ဖျားနည်း သုံးလိုက်တာ။
ဖြစ်ပုံက ဒီလို...။ ဒုက္ခသည်စခန်းမှာက ရိက္ခာမလောက်င၊ ထမင်းမ၀၊ ဟင်းမလောက်ပြဿနာကအမြဲကြုံတယ်။ ပြဿနာတခုခုဖြစ်ပြီဆိုရင်…အဲဒီစားဖိုဆောင်ကနေ စတာများတယ်။ ကသဲအာဏာပိုင်တွေ ရိက္ခာထုတ်ပေးတာက လူတယောက် ဆန်၊ ဆီ၊ ကြက်သွန် ဘယ်လောက်နှုန်းဆိုပြီး ပေါင်းပေးတာ။ သူပေးတဲ့ လူဦးရေအမှန်ဆို ကိစ္စမရှိ၊ လူက တိုးလာတာဆိုတော့ မလောက်ဖူး။ ဒါတောင် တချို့ စိတ်ဓာတ်ကျပြီး ပြန်သွားရင် ရိက္ခာထုတ်ပေးတဲ့ “ရိုခူးမား”ကို အသိမပေးဘဲ မှိန်းထုတ်နေတာ။ နောက်မှ အသိပေးတာ။
ကျနော်တို့ကိုပေးတာ မလောက်ငှတာလည်း ခဏခဏ တင်ပြတယ်။ သူတို့ကလည်း အထက်ကလာတဲ့စာရင်းအတိုင်း ပေးတာလို့ပြောတယ်။ ကျနော်တို့က မယုံဖူး။ ဒီလူတွေ ဒုက္ခသည်တွေဆီက ဖြတ်ခိုးနေတယ်လို့ထင်တယ်။
သူတို့ခိုးတာ အရေးမကြီးဖူး။ ကိုယ့်ရဲဘော်တွေက မ၀ရေစာစားရတော့ ခဏခဏပြဿနာများတယ်။ ဒါနဲ့ပဲ ငတက်ဖျား အော်ပရေးရှင်းကိုကြံစည်ခဲ့တာ။ ရိက္ခာဂိုဒေါင်က ကျနော်တို့ရုံးခန်းနဲ့ ကပ်ရက်ပဲ။ သော့ကိုတော့ သူတို့ ယူထားတယ်။ သူတို့ကလည်း သော့ ၂ ထပ် ခတ်ထားတာ။
ဒါပေမဲ့ ဂိုဒေါင်အပြင်ဘက်အပေါ်က လေ၀င်ပေါက်(လေသာပြူတင်းပေါက်) မှန်တခါးလေးရှိတယ်။ လွယ်လွယ်ဝင်လို့မရဖူး။ နံရံကနေ တယောက်က ထမ်းတင်ပေးရင်..
ခန္ဓာကိုယ်သေးသေးတယောက်က အသာရှိုပြီးဝင်ရတာ။ ကလေးမြို့က “စန်းနိုင်”က ဘော်ဒီသေးသေးကွေးကွေးလေး။ သူက ပင်တိုင်ရိက္ခာဂိုဒေါင် တက်ခိုးရတယ်။ သိတ်များများယူလည်း ရိပ်မိမှာစိုးတော့ ကြက်သွန်ဥ တပိသာ၊ ဆန်တပီ၊ ဆီအစိတ်သား.. သကြားနည်းနည်းပေါ့။ မစို့မပို့လေးကို နာမည်ပျက်ခံပြီး အသဲအသန်ခိုးရတာ။
အဲဒါကြီးကို အားလုံးက သိတ်မကြိုက်ဖူး။ အငတ်ခံမယ် မခိုးဖူး၊ အဟာရပြည့်မီအောင်တော့ စားဖို့လိုမယ်ဘာညာနဲ့...
သဘောထားအမျိုးမျိုးကို ခေါင်းဆောင်ပိုင်းက ဆွေးနွေးအစည်းအဝေးလုပ် မဲခွဲပြီးဆုံးဖြတ်ကြတာ။ ရိက္ခာအခြေအနေမကောင်းရင်
“စန်းနိုင်”တို့ ငတက်ဖျားအော်ပရေးရှင်းလုပ်ရပြီ။ ဒီလိုနဲ့ “အာလူးခိုးစားသူတွေရဲ့ တော်လှန်ရေး”
ဆိုပြီး ဝေဖန်သံတွေကြားရတော့တာပဲ။ ကျနော်တို့ “ဒီမိုကရက်တစ်ပြောက်ကျားတပ်ဦး”(BDGF)က ရန်သူကိုသာ ပြောက်ကျားတိုက်ပွဲ မဆင်နွှဲရတာ..
ကျနော်တို့ပတ်ဝန်းကျင်က အရွက်တွေ၊ အပွင့်တွေ၊ အသီးတွေ၊ တွားသွားသတ္တ၀ါနဲ့ အင်းဆက်ကောင်တွေကိုတော့ မကြာခဏပြောက်ကျားစစ်ဆင်ပြီး တိုက်လေ့ရှိတယ်။
ဒီအကြောင်းတွေ ပြောပြမယ်။
ပြောက်ကျားအဟာရ၊ ပြောက်ကျားဗီတာမင်တွေအကြောင်းပဲ ဆိုပါတော့။ ရီစရာတွေထဲက မောစရာတွေပေါ့။
ကျနော်တို့အားလုံး စခန်းကနေ၊ နေ့လည်တကြိမ်၊ ညနေတကြိမ်၊ တောင်ခြေက ချောင်းထဲရေချိုးဆင်းတတ်ကြတယ်။ ထုံးစံအတိုင်း လက်နက်ကိုင်အစောင့်တွေနဲ့အတူပေါ့။
အုပ်စုလိုက် လူရေတွက်ပြီး ဆင်းရတာ။ ချောင်းထဲဆင်းရရင် ပျော်တယ်။ တောထဲမှာ ဇီးဖြူသီးပင်တွေပေါတယ်။ ဇီးဖြူသီးတွေကို
ဆား၊ငြုပ်သီး ထည့်ထောင်းရင် ဟင်းတခွက်ပေါ့၊ အဲဒီအချိန် ငပိတွေဘာတွေ ဘယ်ရှိမှာလဲ။
နောက်ချောင်းထဲက ဂဏန်းကျင်းတွေနှိုက်ပြီး မီးဖုတ်စားတယ်။ ကဗျင်းရွက်(ချဉ်ပေါင်လိုချဉ်ပြီးအချဉ်ဟင်းချက်တယ်)နဲ့
ဖလောင်မွှေး၊ သရက်ကင်းရွက်တွေလည်း ရလေ့ရှိတယ်။ တခါတော့ သရက်ဖူးလို အဖူးတွေနဲ့ အပင်တချို့တွေ့တယ်။
တမူးက၊ ၀င်းနောင်နဲ့ ကျနော်ရေးချိုးသွားရင်း အဖူးတွေ ခူးပြီးမြီးကြည့်တယ်။ ဖန်သက်သက်နဲ့၊ သရက်ဖူးအရသာလိုပဲ၊ အနံ့တော့မရှိဖူး။ လျှာတွေ ဘာတွေလည်း မယားဖူး။ ဒါနဲ့ပဲ
ခူးချလာတယ်။ စခန်းထဲအ၀င် အားလုံးက မေးကြတယ်။ ကျနော်က ခတ်တည်တည်ပဲ“ဖြူဂျီဖူး”လို့ ပြောလိုက်တယ် ဖြူဂျီဖူးကို ချောင်းထဲက ဖမ်းလာတဲ့ ဂဏန်းလုံးမီးကင်၊ ငါးရေပေါ်ငါးသေးသေးလေးတွေကင်ပြီး ရွှေလှံဘိုငြုပ်သီးစပ်စပ်၊ ဆားထည့်ထောင်းစားရင် စားမြိန်ကောင်းပဲ။
ကျနော်တို့တတွေ အသားမစားရဖူးဆိုပေမဲ့ ကိုယ့်မှာရှိတဲ့နာရီ၊ ဆွဲကြိုး၊ လက်စွတ်တွေကို ကသဲ စစ်သားတွေဆီ ထုလိုက်ရင် အမဲခြေတောက်နဲ့ စားစရာတချို့ ရလာတာပဲ။
ကျနော့နာရီလေးဆို တလကျော်တာနဲ့ ကျွဲခြေတောက်ဖြစ်သွားတာပေါ့။ “ချန်ဒယ်မြို့”လေးက ၂မိုင်ကျော်ဝေးမယ်။
စခန်းက ခိုးထွက်ပြီး တောလမ်းအတိုင်းခြေကျင်လျှောက်ရင်ရောက်တယ်။
ချန်ဒယ်ဈေးထဲကနေ အမွှေးမီးမြှိုက်ထားတဲ့ ကျွဲခြေတောက်တစ်ချောင်းဆို လူ၅ယောက်စာအ၀ပဲ။ ကျွဲခြေတောက်ပြုတ်၊ ဖြူဂျီးဖူးသုတ်နဲ့
ထမင်းလုပ်ကို ဘယ်နတ်သုဒ္ဓါနဲ့မှ မလဲဖူး။ ကောင်းမှကောင်း။
ကျနော်တို့အစောပိုင်းက တလကျော်ကျော်အသားမစားရတော့ သွေးသားအလိုနဲ့.. စိတ်ကပါ အသားဓာတ်ကို တောင်းလာတာ သတိထားမိလာတယ်။
တခါတော့ တပ်ထဲက ခွေးတကောင်ကျနော်တို့တောင်ကုန်းပေါ် တက်လာတယ်။ စိတ်ကအကောင်မြင်တာနဲ့ သတ်စားချင်စိတ်က ပေါ်နေတယ်။
ဒါနဲ့ခွေးလည်း စခန်းနားရောက်လာရော“လိုက်ဟ..လိုက်ဟ..
လိုက်ဟ”ဆိုပြီး ၀ိုင်းလိုက်တာ..။ ဘယ်မိမလဲ။ ခွေးက ကိုယ့်ထက်လျှင်တာပေါ့။ သူလည်း စားကြွင်းစားကျန် ရမလားဆိုပြီး နယ်မြေအသစ်ကို သတိနဲ့ချည်းကပ်လာတာ။ ကိုယ့်လူတွေ သံကုန်ဟစ်တာနဲ့ အသက်လုပြီးပြေးတာပေါ့။. ခွေးပြေး..ပြေးတယ်ဆိုတာ ကွက်တိ။
ကျနော်တော့ အဲဒီတောင်ကုန်းမှာ မြွေသားကိုစပြီး စားဖူးတာပဲ။ တနေ့ကျတော့ ရေချိုးသွားရင်း
ကသဲစစ်သားတချို့ မြွေသတ်ပြီး လွှင့်ပစ်မယ်လုပ်တော့ ကျနော်တို့ထဲက ရဲဘော်တယောက်က
တောင်းယူလာတယ်။ ကသဲကမေးတော့ သိတ်စားလို့ကောင်းတယ်။ ဆေးဘက်ဝင်တယ်လို့
ပြောတယ်။
မြွေအရေခွံခွါပြီး ဆီအိုးကပ်လေးနဲ့ကျော်စားတာ ကောင်းမှကောင်း။ နောက်တော့ ကသဲတွေမြွေရပြီဆို တုတ်ကလေးနဲ့ကလော်ပြီး ကျနော်တို့ကိုလာ..လာပေးတယ်။
မြွေမြင်ရင်လန့်တတ်တဲ့ ကျနော်ကိုယ်တိုင် နောက်ဆို အပြင်ထွက်တိုင်း တုတ်ကိုင်ပြီးမြက်ခင်းပဲကြည့်လျှောက်တော့တာ။ မြွေတွေ့လို တွေ့ငြားပေါ့။
ဒီလိုနဲ့ ပြောက်ကျားရဲဘော်တွေ ရှာစားတတ်လာတယ်။ တောထဲမှာ ပုဇင်းရင်ကွဲတွေ အရမ်းပေါတယ်။ တကျီကျီနဲ့ သိတ်နားညီးတယ်။ နှိမ်နင်းရမယ်ပေါ့။ ဒါနဲ့ ကလေးမြို့ကတောကြွမ်းတဲ့
ဝင်းကိုတို့ အုပ်စုတီထွင်တဲ့နည်းအတိုင်း ဖိနပ်စုတ်တွေကို မီးရှို့၊ ဓာတ်ဆီစိမ်(ကသဲစစ်သားတွေဆီက ဓာတ်ဆီနည်းနည်းတောင်း)ပြီး ကော်လုပ်တယ်။ ၀ါးရှည်ရှည်ထိတ်မှာ ဖိနပ်ကော်ကိုကပ်ပြီး ပုဇင်းရင်ကွဲတွေ ရှာဖမ်းတော့တာပဲ။ သိတဲ့အတိုင်း ပုဇင်းရင်ကွဲဆိုတာ တကျီကျီညံပေမဲ့ လူသံကြားရင်၊ အနားကပ်လာရင် အသံပျောက်သွားတာ၊ ရှာမရဖူး။ သူ့ကိုယ်ရောင်နဲ့ပင်စည်နဲ့က တထပ်တည်း။ ရှာရတာ ဘယ်လွယ်လိမ့်မလဲ။ ဒါပေမဲ့ ပြောက်ကျားတွေက သဲကြီးမဲကြီးပြူးပြဲရှာတာ။ တခါသွားဖမ်းပြီးရင် ပုဇင်းရင်ကွဲတွေ စခန်းတခုလုံးတောင် စားနိုင်တယ်။ နောက်ထပ် အင်းဆက်စစ်ဆင်ရေးတခုက ခါကျဉ်နီအော်ပရေးရှင်း။
သစ်ကိုင်းဖျားတွေမှာ သစ်ရွက်တွေစုပြီး အထုတ်လိုက်ကြီးအုံဖွဲ့နေတဲ့ ခါကျင်တွေရဲ့အကိုင်းကို ဒါးနဲ့ခုတ်ဖြတ်ပြီး ရေဖြည့်ထားတဲ့ ရေပုံးထဲထည့်ထားလိုက်တာ။ ခါကျဉ်ခေါပဏီတပ်ကြီး ကစဉ့်ကလျားဖြစ်တော့ ရေပုံးဆွဲပြန်။ ခါကျဉ်ဥနဲ့အကောင်ပေါက်တွေက ချဉ်တင်တင်လေးအရသာ။ ကျနော်တို့က ကြော်စားတယ်။ ပြောက်ကျားတွေရဲ့ ဗီတာမင်စီပေါ့။ တနေ့ကျတော့ ရဲဘော်တချို့စခန်းနားက သစ်မြစ်ကြီးကို ညာသံပေးပြီး တူးဆွနေကြတယ်။ ဘာတွေ့လို့လဲ မေးကြည့်တော့ ကြွက်တကောင်ဝင်သွားလို့တဲ့ ကျနော်လည်း မြေကြွက်ဆူဆူဖြိုးဖြိုးကြီးစား ရတော့မယ်ဆိုပြီး လုပ်အားပေးလိုက်သေးတယ်။ နောက်ဆုံးတော့ နှစ်ကျပ်ခွဲသားလောက်ရှိတဲ့ ကြွက်ကလေးတကောင် ဖြစ်နေတယ်။ နောက်ထပ်ဖြစ်ရပ်တခုက အတော်ဆိုးတယ်။
ပုတ်သင်ညိုတကောင်ကို ၀ိုင်းလိုက်တာ။ အပင်ပေါ်တက်ပြေးတော့ အပင်ပါလှဲမယ်လုပ်လို့ မနည်းတားရတယ်။ နောက်ဆုံးပုတ်သင်ညိုလည်း ပြောက်ကျားအစာဖြစ်ရတာပဲ။
ပုတ်သင်ညိုမီးဖုတ်စားတာ အရသာက ချိုတယ်။ ဒါပေမဲ့ အသားကနည်းတယ်။ နံကြားကပ်နေတဲ့ အသားစနည်းနည်းလေးကို လုယက်စားကြတာ။ ကျနော်တို့တတွေ အဲလိုဘ၀ကို အဲဒီတခါပဲ ကြုံဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့်လည်း တလ၂ခါတော့ အသားစားရပါတယ်။ တော်လှန်နယ်မြေဖြစ်ပေမဲ့ သေးငယ်တဲ့ စိတ်ကလေးတွေနဲ့ အလိုမပြည့်နိုင်တဲ့ စရိုက်တချို့လည်း တွေ့ရတတ်တယ်။ လူပီသတဲ့ လူ့စရိုက်လို့ပဲပြောရမလားပဲ။ ရီစရာလေးတခုပါ။ အသားဟင်းချက်ရင် လူတွေက သူ့အသားကျကြီးတယ်၊ ငါ့ကျတော့ သေးသေးလေးပဲပေးတယ်တို့၊
အသားတုံးဖျက်တာ အတုံးမညီဖူးတို့ ဝေဖန်လွန်းလို့ အသားတုံးအကြီးအသေး မျှတအောင် အပ်ချည်ကြိုးလေးတွေနဲ့ တွဲချီထားပြီး ချက်တာ။ ရွှေဥာဏ်တော်စူးရောက်သူတွေ ဖြေရှင်းပုံလေးကို သဘောကျလို့ပါ။ အဲလိုမှ မရှင်းလဲ ပူညံပူညံအစ်ရှုးတွေက တက်လာအုံးမယ်။
ထမင်းစားရင် အမဲတုံးလေးတွေက အပ်ချီကြိုးတန်းလန်းလေးတွေနဲ့။
တရက်မှာ ကံကောင်းချင်တော့ ကြောင်လျှာသီးပင်တပင် ဂေါ်ရခါးကုန်းမှာ သွားတွေ့တယ်။ ကြောင်လျှာသီးတွေ ပြွတ်နေတာပဲ။ မဏိပူရလူမျိုးတွေနဲ့၊ အိန္ဒိယကဇိုမီး၊ မီဇိုချင်းတွေ ကြောင်လျှာသီး မစားတတ်ဖူး။ ဗမာတွေလာမှ စားရကောင်းမှန်းသိတာ။
နောက်ဆို ကြောင်လျှာသီး မကြာမကြာစားရတယ်။ တခါတော့ စခန်းသစ်အောက်က ၀ါးရုံပင်ကနေ ၀ါးမျှစ်စို့တွေ တွေ့လို့ရဲဘော်တွေ ချိုးလာတယ်။ သိတ်စားလို့ကောင်းတယ်။ မျှစ်ချဉ်တောင်တည်လိုက်သေးတယ်။ သိတ်မကြာဖူး။ ကသဲ ရဲအရာရှိနဲ့ အရပ်သားတယောက် စခန်းပေါ်ရောက်လာတယ်။ ပါလာတဲ့ အရပ်သားက သူ့ရဲ့ဝါးရုံတောက မွေးထားတဲ့ဝါးတွေကို ဒီကဗမာတွေ ခိုးနှုတ်သွားတဲ့ အကြောင်းတိုင်ပြောတာ။ ဒီမျှစ်ကနေ ၀ါးဘယ်လောက်ထွက်နိုင်ကြောင်း၊ ၀ါးတလုံးကို ဘယ်လောက်တန်ဘိုးကြီးကြောင်း တွက်ချက်ပြီးရော်ကြေးတောင်းလို့ စခန်းက မရှိမဲ့ရှိမဲ့ အလှုငွေတချို့ ပေးလျော်လိုက်ရတယ်။
ကျနော်တို့ထဲက ပြောက်ကျားတပ်မှုးကြီး ကိုဘရမ်(ကိုသိန်းဌေး၊နယူးရောခ်)က ဟင်းချက်ကောင်းရုံတင်မကဖူး၊ လက်သမားအလုပ်၊
လက်နက်ဆင်တဲ့အလုပ်တွေပါ ကျွမ်းတယ်။ တရက်တော့ ဘယ်ကသစ်သားတွေ သားရည်ပင်တွေရလာလည်းမသိဖူး ဒူးလေးတလက် ကျကျနနလုပ်တော့တာပဲ။
သူ့ဒူးလေးက သိတ်ကောင်းတယ်။ သန်တယ်။ ကျနော်တို့အားနဲ့ဆွဲပြီး မောင်းမတင်နိုင်ဖူး။
ကိုဘရမ်က ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ(ဂျူးကပြား)၊အားတောင့်တယ်။ သူ့ဒူးလေး သူတယောက်ထဲ ကိုင်နိုင်တယ်။
ကိုဘရမ်ဒူးလေးကိုင်ပြီးတောထဲသွားရင် ကျနော်တို့တတွေက “ကိုဘရမ် ယုန်ပါလာမလား၊ ဂျီပါလားမလား”
“မဆလာထောင်းထားမယ်၊ ငြုပ်သီးထောင်းထားမယ်”ဆိုပြီး စနောက်လေ့ရှိတယ်။
သူ့ကိုကျနော်တို့ငယ်ငယ်ကဖတ်တဲ့ ကာတွန်းမောင်စိန်ရဲ့ “မုဆိုးကြီးလုံန္ဒကိ”ဆိုပြီး စနောက်ခေါ်လေ့ရှိတယ်။
သူပြန်လာရင်လည်း “တောက်နာတယ်ကွာ ဂျီပေါက်လေးတကောင်နီးနီးလေးပဲ ဒူးလေးမောင်းတင်တုံးပြေးသွားတာ”တို့၊
“မျောက်တွေကွာ အုပ်လိုက်ကြီး၊ ရှိုထဲဆင်းပြေးတာမမိလိုက်ဖူး” ဘာညာနဲ့ညီးပြလေ့ရှိတယ်။ ပြီးတော့ အမဲလိုက်ပြီးပြန်လာတိုင်း သူ့လက်ထဲအမြဲတမ်းပါလာလေ့ရှိတာက
“မြင်းခွါရွက်”တွေချည်းပဲ။ ဒေါက်တာအောင်ကျော်ဦးက သူဒူးလေးကိုင်ပြီးတောထဲထွက်တိုင်း
“ကိုဘရမ်..မြင်းခွါရွက်တွေ..ပိုခူးခဲ့နော်”လို့ နောက်ပြောင်လေ့ရှိတယ်။
ကျနော်တို့စခန်းမှာ အမြဲတမ်းသရေစာလို မပြတ်စားလေ့ရှိတာက “စကပ်သီး”ပဲ။ စကပ်ပင်က နေရာအနှံ့တောထနေတာ။
စကပ်သီးက ကြိမ်သီးအသေးစားနဲ့တူတယ် ။သေးသေးလုံးလုံး။ မီးဖုတ်ပြီးအထဲက အဆံကိုစားတာ နည်းနည်းစိမ့်တယ်။ ကြာကြာစားလို့ မကောင်းဖူး။ ဖန်လာတယ်။ လျှာတွေဖွယ် လာတယ်။ ဒါပေမဲ့ ၀ိုင်းဖွဲ့မီးလှုံရင်း ဟိုပြောဒီပြောနဲ့ စကပ်သီးလှော်စားရတာ သတိတရပဲ။ ကိုအောင်ကျော်ဦး (ကဗျာမြတ်ထက်)ကတောင် ကဗျာတပုဒ်စပ်ထားသေးတာ အဲဒီတကြောင်း
မှတ်မိနေတယ် “စကပ်သီးရလို့..လှော်စဉ်မှာ၊ ငတ်ကြီးကျတို့ပျော်ရွှင်စရာ”ဆိုတာလေး။
တချိန်က ကျနော်တို့ပြောက်ကျားရဲဘော်တွေ အဲဒီလို..တောထဲက အဟာရတွေနဲ့ ကြံဖန်စားကြ၊ ပြောင်ကြစကြရင်း ငြီးငွေ့စရာ၊ စိတ်ပျက်စရာကောင်းတဲ့ ဘ၀တွေကို နှစ်သိမ့်ပြီးကျော်ဖြတ်ခဲ့ကြတယ်။
“ငါတို့ ရန်သူ့လက် အောက်ခေါင်းလျှိုမ၀င်ပဲ ဒီနေရာမှာ တရက်တစက္ကန့်ပိုနေနိုင်ရင်..
တရက်တစက္ကန့်ပိုအသက်ရှည်ရင်တောင် ရန်သူကို တရက်တစက္ကန့်ကြာ တော်လှန်နေတာပဲဖြစ်တယ်”
“ကိုယ်က ဘာမှမလုပ်နိုင်သေးတောင် နယ်စပ်မှာ ကြံ့ကြံ့ခံရပ်တည်နေတာကိုက
ရန်သူကို အာခံတာ၊ တော်လှန်တာဖြစ်တယ်”ဆိုတဲ့ အယူအဆတွေနဲ့ ကိုယ့်ဖာသာ စိတ်ဖြေနေခဲ့ကြတယ်။
ကျနော်လည်း ရှားရှားပါးပါးဒုက္ခသည်စခန်းမှာရှိနေတဲ့ ဂစ်တာအစုတ်လေးတလက်ကိုတီးပြီး
ကျော်ဟိန်းရဲ့“ထာဝရရှင်သန်နေမယ်”ဆိုတဲ့ သီချင်းကို စာသားပြင်ပြီး မကြာခဏ အော်ဆိုလေ့ရှိတယ်။
“ဟောဒီ လေထန်တောင်ကုန်းကြီးမှာ အာလူးနဲ့ပဲ ရှိနေသရွေ့ ထာဝရရှင်သန်နေမယ်ဟေ့
ထာဝရရှင်သန်နေမယ်…”
ကိုညို
(၃၀-ဇန်န၀ါရီ၂၀၁၃)
Posted by
ကိုဈာန်
at
11:21 PM
0
comments
Labels: ရသစာတမ်း
“သံစုံဝိုင်း”
တင်မိုး
အဖိုးကြီးနဲ့  အမယ်ကြီး
ပုတီးတပတ် ကြိုးတွေပြတ်
ဂျောက်ဂျောက် ဂျက်ဂျက်
ဂျောက်ဂျောက် ဂျက်ဂျက်
မီးရထားကြီး တက်လို့ စီး
ခရီးတခေါက် အပြီးရောက်
ဂျုံးဂျုံး ဂျက်ဂျက်
ဂျုံးဂျုံး ဂျက်ဂျက်။
အိမ်ရှေ့ ကမောင်း အမေထောင်း
ပြောင်းဆန်တ၀က်၊ စပါးတ၀တ်
ဂျက်ကလိန်ဂျောင်း
ဂျက်ကလိန်ဂျောင်း။
တင်မိုး
၃၊ ဖေဖေါ်ဝါရီ၊ ၁၉၉၉
ဗုဒ္ဓဟူးနေ့ နံက်ခင်း
ပန်းချီ shwe soe han
Posted by
ကိုဈာန်
at
11:05 PM
0
comments
Labels: ကဗျာ
တပ်မတော် အတွေးခေါ် အရင်ပြင်သင့်ဟု လုံခြုံရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးမှုက ဆို
နိုင်ငံတစ်ခုရဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်ရဲ့ Mind-Set ကို အရင်ဆုံး ပြုပြင်ဖို့ လိုတယ်လို့ ဖေဖော်ဝါရီ ၈ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ဗိုလ်ချုပ်ကြီးဟောင်း ရေမွန်ဒို ဖာရားနဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး အေရီရယ် ဟာနန်ဒက်စ်တို့ပါဝင်တဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ အပြောင်းအလဲ ဆွေးနွေးပွဲမှာ စစ်မတိုက်ဘဲ လုံခြုံမှုရယူနိုင်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
Posted by
ကိုဈာန်
at
11:03 PM
0
comments
Labels: ဗွီဒီယို
ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃၄)
Posted by
ကိုဈာန်
at
10:43 PM
0
comments
Labels: ရသစာတမ်း
သိုင်းသမားအစစ်က သိုင်းတရားအသစ်ရေးနေတယ် မအောင်မြင်သေးဘူး
ဓါးတစ်လက်က လေထဲမှာ လွင့် ပျံ မြောက် ဝဲ
သိုင်းသမား နှစ်ယောက်ကလည်း လေထဲမှာ လွင့် ပျံ မြောက် ဝဲ
နှစ်ယောက်တည်းရဲ့ ဒီဓါးလုပွဲမှာ
တရားခြင်း/မတရားခြင်းမှန်သမျှ အမှားမကင်းရအောင် လုပ်ထားတယ်
မှားခြင်း/မမှားခြင်းမှန်သမျှ မှားယွင်းကြအောင် လုပ်ထားတယ်
ကမ္ဘာကလည်း သိုင်းကွက်လို စကြဝဠာထဲမျော လေထဲမှာ လွင့် ပျံ မြောက် ဝဲ
ချောက်မဲနက်နက်ကြီးထဲ မကျသေးခင်။
တအား ကြိုးစားပြိုင်လုနေကြတာက
ဓါးရိုးလက်ကိုင်လေးတစ်ခုပ၊ ဓါးသွားကို လွတ်အောင်ရှောင်ကြရဲ့
ဓါးသွားက ကိုယ်စီကို ထိရှပဲ့ပြတ်နေခဲ့တယ်
လေလိုသန်တဲ့ အမှန်တရား မမြင်ပဲနဲ့ သိခဲ့တယ် မဟုတ်လား
သေသလိုမှန်တဲ့ ရန်/ငါတရား မသင်ပဲနဲ့ ရှိခဲ့တယ် မဟုတ်လား
ဘဝဓါးချက်တိုင်းဟာ
မရဏလားမဲ့ဈာပနသိုင်းအသက်တွေပဲ
အလှကစားတဲ့ ပမာဏသိုင်းကွက်များ မဟုတ်ခဲ့ပါ
အစဉ်အလာမှာ ဆောက်ခဲ့တာ မဟုတ်လို့
အကြင်နာဟာ ပျောက်ခဲ့တာလို့ မဆိုနိုင်ဘူး
ကနဦးမှာတည်းက မုဆိုးနဲ့သားကောင် ဓမ္မအယူအဆနဲ့
ရုပ်ဆိုးလျှက် မှားမှောင်နေတဲ့ ကမ္ဘာ့ဂူအဝမှာ လူဖြစ်ခဲ့တာ
ဝင်လာတဲ့ နေအလင်းစက်လေးရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ
မတွေးရဲဘူး မငေးရဲဘူး
သွေးငတ်နေတဲ့ ဓါးသွားက ပြေးဖြတ်သွားလိမ့်မယ် နှလုံးသားကို
ဤသို့ ဘုန်းကြီးတစ္ဆေလို အားပြိုင်ယူဆခဲ့ကြ သူသူကိုယ်ကိုယ်ပေါ့
နောက်ဆုံးတော့
ဓါးရိုးက ချောက်မဲနက်နက်ထဲကို တည့်တည့်ကြီး ကျ ကျသွားခဲ့ပြန်ပေါ့
နောက်ဆုံးတော့
သိုင်းသမားတွေပဲ ပြို ပြိုလဲခဲ့၊ အနိုင်မဲ့ယှဉ် ရှင်သန်၊ အရှုံးမဲ့ယှဉ် ရှင်သန်။
ဓါးတစ်လက်ခြားနေတဲ့ ငြိမ်းချမ်းရေးဥယာဉ်မှာ
အမှားနဲ့ ထွားနေတဲ့ စိမ်လန်းရေးသီးပင်တွေ မဥတာ
ကမ္ဘာဦးကတည်းက
အခုမှ ဘာကို ကြိုးစား စိုက်နေကြတာလဲ အရှင်ဘုရား
မြေလွှာကား ဆဲရေးတိုင်းထွာ အပြစ်ပုံခံနေရတော့တယ် အမြဲပဲ။ ။
သုအိုင်စံ
၀၈-၀၂-၁၃
Posted by
Anonymous
at
8:15 PM
0
comments
Labels: ကဗျာ
Thursday, February 7, 2013
ဦးအောင်မင်းကတော့ ABSDF နှင့်ပတ်သက်ပြီး အခုလို ပြောလိုက်ပြီ...
လျှပ်တပျက်ဂျာနယ် အတွဲ(၄) အမှတ်(၁၆) စာ ၄၂ တွင် ဖော်ပြထားသည့်
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ ABSDF နှင့် ပတ်သက်ပြီးရှင်းလင်းပြောကြားချက်
Posted by
ကိုဈာန်
at
10:35 AM
0
comments
Labels: အင်တာဗျူး
ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃၃)
Posted by
ကိုဈာန်
at
10:11 AM
0
comments
Labels: ရသစာတမ်း
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်ပေးနိုင်ရေးအတွက် စိစစ်ရေးကော်မတီဖွဲ့စည်း
ဖေဖော်ဝါရီ ၇ ရက် ၂၀၁၃
(၁) နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊
(၂) လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်းရေးဆွဲခြင်း၊
(၃) လက်ရှိနိုင်ငံရေးအကျဉ်းသားများ စိစစ်၍ လွှတ်ပေးသင့်သူများအား လွှတ်ပေးရေးညှိနှိုင်းခြင်း
တို့ကို ဆောင်ရွက်ပြီး
(၄) တွေ့ရှိချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြသွားရန်အတွက်
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်၍
-အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊
-အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်
- နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတရုံးက ၆-၂-၂၀၁၃ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
Posted by
ကိုဈာန်
at
10:06 AM
0
comments
Labels: ထုတ်ပြန်ကြေညာချက်
Wednesday, February 6, 2013
တပ်မတော်က KIA စစ်ဆင်ရေး စီမံချက်နဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆွေးနွေးပွဲများ တပြိုင်နက် ဆောင်ရွက်လျှက်ရှိ
တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက
လိုင်ဇာမြို့ရဲ့ အဓိက ၀င်ပေါက်ဖြစ်တဲ့ ပွိုင့် (၇၇၁) တောင်ကုန်း စခန်းအား သိမ်းပိုက်ပြီးဖြစ် တဲ့အပြင် စစ်နည်းဗျူဟာအရ အချက်အချာမြေဖြစ်တဲ့ အမြင့်ဆုံး Hka Ya Bum တောင်ကုန်း စခန်းအား ဆက်လက် သိမ်းယူပြီး ဖြစ်နေတာမို့ လိုင်ဇာနဲ့ လက်တကမ်း အလိုကို ရောက်ရှိ နေကြပြီလို့ ဆိုကြပါတယ်။ စစ်မဟာဗျူဟာ သဘောအရ စခန်းဌာနချုပ် သို့မ ဟုတ် မြို့ကို သိမ်းမှ အောင်မြင်မှု ပန်းတိုင်ရောက်တယ်လို့ ယူဆကြသလို ထိပ်ပိုင်းက ဗိုလ်ချုပ်တွေရဲ့ ကြံဖန်ဂုဏ်ယူတတ်တဲ့ ဗီဇအရ ပန်ဆိုင်းကြူကုတ် မြို့သိမ်းတိုက်ပွဲ များ နှင့် မာနယ်ပလော ဌာနချုပ်များကို တပ်မတော်က သိမ်းပိုက်ခဲ့စဉ်က ထိပ်ပိုင်းက ဗိုလ် ချုပ်များ တကူးတက အောင်မြေသွားနင်းတဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် ရှေ့တန်း တပ်မမှူး/ ဗျူဟာမှူးများ အနေဖြင့် လက်ရှိနေရာများမှ လိုင်ဇာအား ခြိမ်းခြောက် နေတာထက် အနည်းငယ်မျှ ရှေ့တိုးတိုက်ခိုက် လိုက်ပါက အလွယ်တကူ သိမ်းပိုက် လိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံ မရကြကြောင်း သိရှိရပါ တယ်။ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်တဲ့ KIA အား လိုင်ဇာကို သိမ်းပိုက် လိုက်ခြင်း ဖြင့်သာ အလဲထိုး အနိုင်ယူမယ်လို့ ယူဆလျှက် ရှိနေပါတယ်။ ရှေ့တန်းတွင် စစ်ပန်းနေ ကြတဲ့ တစ်နှစ်ကျော် တာဝန်ထမ်းဆောင် နေရသော တပ်မ (၈၈) တပ်မမျိုးကို အလှည့်ကျ အနားပေးဖို့ ရှိနေရာ နယ်မြေ ကျွမ်းကျင်သော ထိုတပ်မဟောင်းများ ရှိတုန်း ဆက်လက် တိုက်ခိုက်နေချင် ကြပါတယ်။ တကယ်တမ်း KIO ဌာနချုပ်ဟာလည်း လိုင်ဇာမြို့တွင် အခြေစိုက်ရန် မသင့်တော်တော့ပဲ စစ်နည်းဗျူဟာအရ ပြောင်းရွေ့ရမည့် အခြေအနေတွေ ရှိနေပါတယ်။
ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်တို့မှ တရားဝင် ထုတ်ပြန်ချက်များအရ တဖက်သတ် အပစ် အခတ် ရပ်စဲရေးအပြင် လိုင်ဇာကိုသိမ်းမည် မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆို ထားပါတယ်။ လောလောဆယ် နိုင်ငံရေး အခင်းအကျင်းအပေါ် စောင့်ကြည့်ရမည့် သဘော ဆွေးနွေး ကြပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်မှာဖြစ်ဖြစ်၊ ဆွေးနွေးပွဲ ကျင်းပပြီးစီးချိန်မှာ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ မပြေလည်လို့ အခွင့်အခါ ပေးတဲ့အခြေအနေမျိုး ဖန်တီးလာခဲ့ရင် လိုင်ဇာ ကို အချိန်မရွေး တက်သိမ်းမယ့် အခြေအနေမျိုး ရှိရန် ပြင်ဆင်ထား နိုင်ကြောင်း စစ်ဖက် နီးစပ်သူများက ခန့်မှန်း နေကြပါတယ်။
မကြာသေးခင် ကလေးကမှ ၀င်လာတဲ့ သတင်းအရ တရုတ်နိုင်ငံရဲ့ ဖိအားပေးချက်အရ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KIO၊ KIA အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ ယနေ့ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မှာပင် ဆွေးနွေးကြကြောင်း သတင်း ၀င်လာပါတယ်။ စစ်ဖက်နီးစပ်သူများက သုံးသပ် ကြရာမှာ တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုလို့ ဖိအားပေး လာတာဖြစ် ပြီး ဆွေးနွေးပွဲ ကျင်းပဖြစ်တာကို လူတိုင်းက အံ့သြနေကြကြောင်း၊ အရင်ဆွေးနွေးပွဲများ နဲ့မတူဘဲ ထူးခြားချက်တွေကတော့ တရုတ်နိုင်ငံမှ သံအမတ်ကြီးအဆင့် ပါဝင်လာသလို KNU ဥက္ကဌနဲ့အဖွဲ့၊ RCSS/ SSA အဖွဲ့တို့အပြင် ဦးဟန်ညောင်ဝေတို့ ပါလာကြောင်း၊ အကြိုဆွေးနွေးပွဲနဲ့ အလွတ်သဘော ဆွေးနွေးပွဲလို့ ဆိုနိုင်ကြောင်း၊ KIA မှ ဗိုလ်ချုပ် ဂွမ် မော် ပါလာသော်လည်း တပ်မတော်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက် လာခြင်း မရှိသည်မှာ ထူးခြားကြောင်း သုံးသပ်ကြပါတယ်။
ယခုတလော မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းမှာ အချိန်နာရီနှင့်အမျှ ဒီရေ အလား ပြောင်းလဲမှု မြန်ဆန်နေကြောင်း၊ စစ်ဖက်နီးစပ်သူများ ခန့်မှန်းသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ တပ်မတော်က ရှေ့တန်း စစ်ကြောင်းနဲ့ စခန်းများထံ ရိက္ခာနဲ့ လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်း၊တောင်းကုန်း
http://
Posted by
ကိုဈာန်
at
11:27 AM
0
comments
Labels: ဓါတ်ပုံ
ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃၂)
‘ဆ၀ါဒီ’ဆိုတာက ထိုင်းလို မင်္ဂလာပါလို့ပြောတာလေ။ ထိုင်းလူမျိုးတွေက ‘ဆ၀ါဒီ’လို့ပြောရင် လက်အုပ်ချီပြီး ပြောနှုတ်ဆက်ကြတယ်။ ဒါက တစ်နိုင်ငံလုံးမှာတွေ့ရတဲ့ ယဉ်ကျေးမှု။ လက်အနေအထားကလဲ အထက် အောက် ဆက်ဆံရေးဆိုတာမျိုးရှိတယ်။ လက်အုပ်ကို နှာခေါင်းနားအထိချီပြီး ဆ၀ါဒီလုပ်ရင် တစ်ဘက်ကို တစ်ဘက် လေးစားမှုကိုပြတာ။ စပြီး နှုတ်ဆက်တဲ့သူတိုင်း ဒီလိုဘဲ ဆ၀ါဒီလုပ် နှုတ်ဆက်ကြတယ်။ အဲ.. ကိုယ့်ထက်ငယ်တဲ့သူကို ပြန်ပြီးနှုတ်ဆက်တော့ ရင်ဘတ်လောက်မှာပဲ လက်အုပ်ထားပြီး ပြန်နှုတ်ဆက် ကြတယ်။ ရာထူးအကြီးအငယ်ဆိုရင်လည်း ဒီလိုပါဘဲ။ အငယ်တွေက စပြီး လက်အုပ်ချီနှုတ်ဆက် လေ့ရှိကြတယ်။ ဘုရားရှိခိုးတာမျိုးဆိုရင် နဖူးလောက်ရောက်တာရှိတယ်။ ဘုရားရှိခိုးတာဆိုတော့ ဆ၀ါဒီလို့ မပြောတော့ဘူးပေါ့။
Posted by
ကိုဈာန်
at
11:24 AM
0
comments
Labels: ဗွီဒီယို
Tuesday, February 5, 2013
မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ
ကမ္ဘာ့သမိုင်းမှာ အင်မတန် နာမည်ကြီးတဲ့ စကားတခွန်း ရှိပါတယ်။ “ပေါင်မုန့် မရှိရင် ကိတ်မုန့် စားနေကြပါလား” ဆိုသော စကားပါ။ ပြောတဲ့သူက လူဝီ ၁၆ ရဲ့ မိဖုရား မေရီအင် တွိုင်းနက်ပါ။ ဒီ ငယ်ငယ်ရွယ်ရွယ် ဘုရင်နဲ့ မိဖုရားက ဗာဆေး နန်းတော်မှာ ၀ိုင်တွေ ချောင်းစီးအောင် ညစာစားပွဲကြီးတွေ ကျင်းပ ပျော်ပါးနေကြတော့ နိုင်ငံက လူတွေ ဆင်းရဲငတ်မွတ် နေကြတာ မသိကြဘူး။
ပါရီက ပေါင်မုန့်တောင် စားစရာမရှိလို့ ငတ်နေတဲ့ လူတွေက နန်းတော်ရှေ့သွားပြီး ပေါင်မုန့် ပေးပါ လို့ အော်တော့ – မေရီက “ဒီလူတွေ ဘာဖြစ်နေတာလဲ၊ ပေါင်မုန့် မရှိရင်လည်း … ကိတ်မုန့် စားနေကြပါလား” လို့ ဆိုသတဲ့။ မစာနာတတ်ပုံများ။ နောက်ဆုံး တော်လှန်ရေး သမားတွေက ဒီလိုစကားတွေ မပြောနိုင်အောင် လျှာဖြတ်ပစ်ရင် ရရဲ့သားနဲ့ (သူ့ခေါင်းထဲက အတွေး အခေါ်တွေပါ မလိုချင်ဘူး ထင်ပါရဲ့) ခေါင်းဖြတ် ပစ်လိုက်ကြတယ်။
၂၁ ရာစု အ၀င် မြန်မာ ဒီမိုကရေစီ နိုင်ငံတော်မှာလည်း ဒီလို မေရီအင်တွိုင်းနက် လက်သစ်တွေရဲ့ လေသံမျိုးတွေ ကြားရ တော့ လူတွေ အံ့အားသင့်ကုန်တယ်။ တိုင်းပြည်ကို တိုးတက်အောင် ပြုပြင်ချင်တဲ့ သမ္မတကြီး၊ ပြည်သူတွေကို “မိဘ ပြည်သူများ” လို့ လေးစားရိုသေတဲ့ သမ္မတကြီး၊ သူ့ အစိုးရကို ကောင်းစေချင်လွန်းလို့ “သန့်ရှင်းသော အစိုးရ” လို့ မကြာခဏ အမည်တပ် တတ်တဲ့ သမ္မတကြီး။ အဲဒီလို သမ္မတကြီးရဲ့ ခေတ်မှာ ဒီလို စကားသံတွေ ကြားရတာကတော့ နားလည်ရ ခက်အောင် ဖြစ်ရပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၈၊ ဓနုဖြူမြို့နယ် လယ်သမားတွေနဲ့ တွေ့ဆုံပွဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်က “လယ်သမားတွေ သူတို့ တင်နေတဲ့ (အစိုးရကို ပေးစရာရှိတဲ့) အကြွေးတွေကို ကျေအောင် ထမင်း တနပ်လျှော့ စားကြ” ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူက အကြံကောင်း ဆက်ပေးတယ်။ “နေ့တိုင်း ဥပုသ်စောင့်ကြပေါ့၊ ဒါဆို ညစာလည်း စားဖို့ မလိုဘူး။ အကြွေးလည်းကျေ၊ ကုသိုလ်လည်းရပေါ့ (အမယ် … ဖြဲခြောက် လိုက်သေးတယ်) အကြွေး မကျေရင် သံသရာမှာ သံသရာကြွေးပါပြီး ကျွန်ဖြစ်နေဦးမယ်” တဲ့။
အဲဒါနဲ့ သူလည်း လူထုကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။ “လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” တဲ့။ မဆလ ခေတ်ကလည်း လူတွေ စားဝတ်နေရေး အကျပ်အတည်း တွေ့တော့ လွှတ်တော် အမတ်တဦးက အကြံပေးတယ်။ သူကတော့ “မနက်စာ မစားကြနဲ့” တဲ့။ သူတို့ဆို လွှတ်တော်တက် နေရင် မနက်စာ ထမင်း မစားဘူးတဲ့။ ဘာစားသလဲ မေးတော့ … ပလာတာနဲ့ ကြက်သားဟင်းပဲ စားတယ် တဲ့။ ငစိန်ဆန်နဲ့ ငပိရည်တောင် မစားနိုင်တဲ့ သူတွေကို မညှာမတာ ပြောပုံသာ ကြည့်တော့။ ဒီတုန်းက မဆလ ခေတ် လွှတ်တော် ကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်တဲ့ စရိတ်ကောင်းကောင်း ရကြတယ်။
ဒီနေ့ခေတ် လွှတ်တော် အမတ်တွေလည်း တရက် ငွေ ၁ သောင်းကျပ် ရကြတယ်။ တရက်ငွေ ၁ သောင်းနဲ့ မလောက်ဘူး ပြောလို့ ၁ သောင်းခွဲ တိုးပေးထားရပါတယ်။ ဒါတောင် လွှတ်တော် အမတ် တယောက်က “တိုင်းပြည်ကို ချစ်လွန်းလို့ အလုပ်လုပ်နေတာ၊ လွှတ်တော် ရှိရင် သူ့အတွက် စရိတ်က တနေ့ကို လေးသိန်းခွဲလောက် ကုန်တယ်” တဲ့။ (ကုန်မှာပေါ့ … မိသားစုပါ ခေါ်လာပြီး ဟိုတယ်မှာ တည်းကြ၊ စားသောက် နေကြတာကိုး) လွှတ်တော် အမတ်ကြီးတွေ၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ဖြစ်နေမှတော့ … သတိဉာဏ်ပညာကို “ချွန်း” လုပ်ပြီး ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင် စကားပြောဆိုသင့် ကြတယ်လို့ ထင်တယ် ခင်ဗျ။ အခုတော့ အရပ်ရပ် နေပြည်တော် ကြားလို့ မတော်တဲ့ စကားတွေ သူတို့မို့ ပြောတတ်တယ် လို့ ချီးမွမ်းရမလားပဲ။ သို့သော် “စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ” ဆိုသလို၊ ဖုံးရအခက် ဖိရအခက် ဖြစ်ကြ ရရင်လည်း မကောင်းဘူး ခင်ဗျ။ စေတနာနဲ့ ပြောရတာပါ။ ကျနော်က ဘာပါတီ အဖွဲ့အစည်း ကျောထောက်နောက်ခံမှ မရှိတဲ့ တကောင်ကြွက်ပါ။
စီမံကိန်းများနှင့် ဘဏ္ဍာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌက မကြာခင်က ပြောကြားရာမှာ မြန်မာပြည်မှာ လူ ၁၀၀ မှာ ၂၆ ဦးက ဆင်းရဲတဲ့ လူတွေတဲ့။ အလုပ်လက်မဲ့က လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ရှိတယ် တဲ့။ အများစုက ဆင်းရဲသားတွေရဲ့ အရေးကို အလေးအနက် ထားကြစေချင်ပါတယ်။
ဟောဗျ။ မကြာခင်ကပဲ ဒုဝန်ကြီး တဦး (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန) က ပြောလိုက်ပြန်တယ်။ ထားဝယ် စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် ပြည်သူ့စစ်ဖွဲ့ရမယ် တဲ့။ ရန်သူတွေ ပေါ်နေပြီ တဲ့။ သူပြောတဲ့ ရန်သူဆိုတာက ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိအောင် ကြားက ကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဘက် ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ တဲ့။ ကောင်းရော။ သမ္မတကြီးက တိုင်းပြည်ထူထောင်ရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အရေးပါပုံကို ကောင်းကောင်း သဘောပေါက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ချစ်ကြည် ရင်းနှီးမှုရဖို့ ဆောင်ရွက်နေတုန်း … ဒီလို စကား ပြောလိုက်တာဟာ လက်နဲ့ရေးတာကို ခြေနဲ့ ဖျက်မယ်ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ ထစ်ကနဲရှိ ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ် ဆိုတဲ့ စိတ်ဓာတ်တွေ ကို စစ်အုပ်ချုပ်ရေးလွန် ခေတ်ထဲ ရောက်တဲ့အထိ သယ်ဆောင်လာဖို့ မကောင်းပါဘူး။ ဦးနေ၀င်းရဲ့ “တပ်ကတော့ မိုးပေါ် ထောင်မပစ်ဘူး။ တည့်တည့် ပစ်မှာ။ နောက် ဆူချင် ပူချင်တဲ့သူတွေ မသက်သာဘူး မှတ် ” ဆိုတဲ့ ၈၈ အကြို လမ်းညွှန်ချက်ကိုပဲ နားထဲ စွဲနေကြသလား မသိဘူး။
ရက်ပိုင်းအတွင်းမှာပဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ဆွေးနွေးရာမှာ စစ်သွေး စစ်မာန် အပြည့်နဲ့ “ရွှေလက်နဲ့ ခေါ်တုန်း လာပါ။ ကျည်ဆံ (Bullet) လွှတ်လိုက်တာ မလိုချင်ပါနဲ့” လို့ ခြိမ်းခြောက် သလိုလို ပြောတဲ့အတွက် ငြိမ်းချမ်းရေး လိုလားသူတွေ အကြားမှာ ပွက်လောရိုက်သွားပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်မှာ ကတည်းက သူက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ၀န်ကြီး ဦးအောင်မင်းကို “ကချင်ကို ဘယ်အတိုင်းအတာအထိ သည်းခံနေမှာလဲ” လို့ မေးခဲ့ပါတယ်။ တဆက်တည်း “ရန်ကုန်ကို တက်သိမ်းမှ ကချင်ကို ပြတ်ပြတ်သားသား လုပ်မှာလား” လို့ မေးခဲ့တယ်။
သူက ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ကို အကြံပေးခဲ့တာကတော့ “ကချင်ပြည်နယ်ကို နေဗီဆေးလ်တွေ လွှတ်သင့်တယ်” တဲ့။ “အိုဘားမားဟာ အိုစမာဘင်လာဒင်နဲ့ မညှိနှိုင်းဘူး၊ နေဗီဆေးလ်တွေ လွှတ်ပြီး သတ်ပစ်လိုက်တာပဲ။ ဒါနဲ့ အိုဘားမား လည်း နိုဗဲလ်ယ်ဆု ရခဲ့တာပဲ” တဲ့။ အာရှမှာ အလေးထားရမယ့် စစ်ပွဲဆိုပြီး၊ သီရိလင်္ကာမှာ အလေးထားရမယ့် စစ်ပွဲဆိုပြီး သီရိလင်္ကာမှာ တမီလ် ကျားသူပုန်တွေကို အမြစ်ပြတ် ချေမှုန်းလိုက်တာကိုလည်း ထုတ်ပြသွားပါတယ်။ ငြိမ်းချမ်းရေး ရဖို့ အမြောက်နဲ့ ပစ်ရတယ်တဲ့။
ကြောက်ခမန်း လိလိ၊ အသည်းယားဖွယ် စကားတွေပါပဲ။ ဒါတွေ စိတ်ထဲမှာ ရှိတယ် ထားဦး၊ ထုတ်ဖော်ပြောတဲ့ အထိ ရောက်ရတာကတော့ ကြီးမားတဲ့ အမှားအယွင်းလို့ ထင်ပါတယ်။ ကြမ်းကျွံရင် နုတ်လို့ ရပေမယ့် စကားကျွံရင် အနုတ်ရ ခက်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အခက်အခဲ တွေ့စေ နိုင်ပါတယ်။ တဦးက ပြောသေးတယ်။ “ဂျက်တိုက်လေယာဉ်တွေ ၀ယ်ထားတာ ဗုံးကြဲဖို့ပေါ့” တဲ့။ ပြောတဲ့ ပုဂ္ဂိုလ်တွေက တိုင်းပြည်က အာရုံစိုက်ခံနေရတဲ့၊ နေရာရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လက်ဘက်ရည်ဆိုင်မှာ ပြောဆိုသလို လွတ်လွတ်လပ်လပ် ပြောတယ် ဆိုပြီး လက်လွတ်စံပယ် သဘောမထား သင့်ပါဘူး။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီကတော့ ဘာလင်က ခပ်စုတ်စုတ် ဘီယာ ဆိုင်တွေထဲမှာ “ဟစ်တလာ” ဆိုတဲ့ ငနဲဟာ ဒီလို စကားတွေ ပြောပြီး လက်ခုပ်သံတွေ စုဆောင်းခဲ့ဖူးပါတယ်။ သူ … နောက်ဆုံး ဘာတွေ ဖြစ်ခဲ့သလဲ။ ကျနော်တို့ အားလုံး အသိပဲ။
ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး ခရီးလမ်းမှာ နိုင်ငံတော် သမ္မတကြီး ခမျာ … ဒီမိုး … ဒီလေ … ဒီလူတွေနဲ့ … ဘယ်လို ခရီးသွားမလဲဆိုတာ အင်မတန် စိတ်ဝင်စားစရာ ဖြစ်နေပါတော့တယ် ခင်ဗျား။ ။
သစ္စာနီ
(သစ္စာနီသည် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။)
Cartoon Credit: Cartoon Win Aung
Posted by
ကိုဈာန်
at
4:48 PM
0
comments
Labels: ဆောင်းပါး
ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃၁)
Posted by
ကိုဈာန်
at
11:17 AM
0
comments
Labels: ရသစာတမ်း














