ဆ၀ါဒီ
‘ဆ၀ါဒီ’ဆိုတာက ထိုင်းလို မင်္ဂလာပါလို့ပြောတာလေ။ ထိုင်းလူမျိုးတွေက ‘ဆ၀ါဒီ’လို့ပြောရင် လက်အုပ်ချီပြီး ပြောနှုတ်ဆက်ကြတယ်။ ဒါက တစ်နိုင်ငံလုံးမှာတွေ့ရတဲ့ ယဉ်ကျေးမှု။ လက်အနေအထားကလဲ အထက် အောက် ဆက်ဆံရေးဆိုတာမျိုးရှိတယ်။ လက်အုပ်ကို နှာခေါင်းနားအထိချီပြီး ဆ၀ါဒီလုပ်ရင် တစ်ဘက်ကို တစ်ဘက် လေးစားမှုကိုပြတာ။ စပြီး နှုတ်ဆက်တဲ့သူတိုင်း ဒီလိုဘဲ ဆ၀ါဒီလုပ် နှုတ်ဆက်ကြတယ်။ အဲ.. ကိုယ့်ထက်ငယ်တဲ့သူကို ပြန်ပြီးနှုတ်ဆက်တော့ ရင်ဘတ်လောက်မှာပဲ လက်အုပ်ထားပြီး ပြန်နှုတ်ဆက် ကြတယ်။ ရာထူးအကြီးအငယ်ဆိုရင်လည်း ဒီလိုပါဘဲ။ အငယ်တွေက စပြီး လက်အုပ်ချီနှုတ်ဆက် လေ့ရှိကြတယ်။ ဘုရားရှိခိုးတာမျိုးဆိုရင် နဖူးလောက်ရောက်တာရှိတယ်။ ဘုရားရှိခိုးတာဆိုတော့ ဆ၀ါဒီလို့ မပြောတော့ဘူးပေါ့။
အဲဒါကို အထာမသိလို့
အူကြောင်ကြောင်ဖြစ်ခဲ့ရတဲ့
အသိရဲဘော်တစ်ယောက်ရှိတယ်လို့
ကိုစီးက ပြော ခဲ့ဘူးတယ်။ အဲဒီကျောင်းသားက
ဘန်ကောက်ကိုရောက်တော့ ဟိုသွားဒီသွားလေး
လျှောက်သွားကြည့် တာပေါ့။
ဖြစ်ချင်တော့ သူကတစ်ရက် မြို့လည်ခေါင်က
မဟာပိန္နဲနတ်ကွန်းရှေ့မှာ
လမ်းကို မျက်နှာမူပြီး မတ်တတ်ရပ်နေတယ်။
ဟိုဖက်လမ်းက ကူးလာတဲ့ ထိုင်းလူမျိုးတွေက
မဟာပိန္နဲနတ်ရုပ်ထုရှေ့ရောက်တော့
ခနရပ်လက်အုပ်ချီပြီးမှ သွားချင်တဲ့ဖက်ဆက်သွားကြတယ်။
အမှန်က မဟာပိန္နဲနတ်ကို ရှိခိုးကြတာ။
သူက လူတစ်အုပ်ဖြတ်လာလိုက်
သူ့ကို ဆ၀ါဒီလာ လာလုပ်နေတော့၊
ထိုင်းလူမျိုးတွေ အတော်ယဉ်ကျေးကြ
တာပဲလို့ ထင်သွားတယ်။ အဲဒါအပြင်
သူက ငါက ဒီအတိုင်းရပ်နေရင်တော့
ရိုင်းသလိုဖြစ်နေမယ် ဆ၀ါဒီ
ပြန်လုပ်ဦးမှလို့ အတွေးဝင်ပြီး
နောက်ထပ် လူတစ်အုပ်ဖြတ်လာပြီး
လက်အုပ်ချီနေကြတဲ့အချိန်မှာ
သူက လက်အုပ်ချီပြီး ‘ဆ၀ါဒီခဗ်’
ပြန်လုပ်လိုက်တယ်။ ဟိုလူတွေက
နတ်ကိုရှိခိုးနေတာကို ရှေ့တည့်တည့်က
ရပ်နေပြီး ဆ၀ါဒီလာလုပ်နေတဲ့
သူ့ကို ဘယ်လိုအူကြောင်ကြောင်နဲ့
ငနာတစ်ကောင်က လာနောက်နေ ပါလိမ့်ဆိုတဲ့အကြည့်တွေနဲ့
ကြည့်သွားတာ ခံရပါလေရော။
ထိုင်းရဲ
ထိုင်းတွေက ယူနီဖောင်း ၀တ်ရတာကို
အတော်လေးကြိုက်ကြပုံရတယ်။
သူတို့နိုင်ငံက ကျောင်းဆရာယူနီ
ဖောင်း ၀တ်ထားတဲ့သူတွေကို
မအူမလည်နဲ့ မြို့ရောက်လာတဲ့
တောသားကျောင်းသားတွေက ရဲမှတ်ပြီး
လှည့်ပတ်ပြီး ပြေးနေကြတာ
ခဏခဏပဲ။ ဟုတ်တယ်လေ။ ထိုင်းကျောင်းဆရာတွေရဲ့
ယူနီဖောင်းပုခုံးမှာ အပွင့်တွေအခက်တွေတောင်
ပါတတ်သေးတယ်။ ယူနီဖောင်းကိုလည်း
ဖစ်ဆိုဒ်ဝတ်ရတာ သဘောကျပုံ
ရတယ်။ တစ်ချို့စစ်သားတို့
ရဲတို့ဆိုရင် ၀တ်ထားတာ ကောက်ညှင်းထုတ်ကြီးတွေ
ထောင်ထားသလိုဘဲ။ အဲဒါက အရေးမကြီးဘူး
ရဲအဖမ်းခံရပြီး ပြည်နှင်ဒဏ်ပေး၊
မြန်မာပြည်ပြန်အပို့ခံရလို့ကတော့ 
အရည်ခွံ အနွှာခံရမှာ။ ထိုင်းတွေကြားထဲမှာ
ခပ်တည်တည်နဲ့ ထိုင်းလိုလိုဘာလိုလို
အယောင်ဆောင်နေကြပေမယ့် အဖမ်းခံရရင်တော့
မနဲရှင်းရတယ်။ အထူးသဖြင့်
ပိုက်ဆံကုန်တာပေါ့။
နယ်စပ်မှာတုန်းက မဲ့စရိယင်းရုံးကနေ
မဲဆောက်ကို အသိရဲဘော်တစ်ယောက်ကို
လွှတ်လိုက်တယ်တဲ့။ မသွားခင်
ရုံးက အတွေ့အကြုံရှိတဲ့သူတွေက
လမ်းမှာ ဘယ်သူဘဲ ဘာမေးမေး
‘ပိုင်မဲဆောက်’ လို့သာပြော
လို့ သင်လိုက်ကြတယ်။ ‘ပိုင်’
ဆိုတာက သွားတယ်/သွားမယ် လို့အဓိပ္ပါယ်ရတယ်။
မဲဆောက်ကို သွားမယ်ပေါ့။
အဲဒီ ကံဆိုးတဲ့ရဲဘော်က သူစီးလာတဲ့အမိုးနဲ့
ပစ်ကပ်လိုင်းကားကို ရဲတားပါလေရော။
အဲဒီတော့ ရဲက မေးတယ်။ “ပိုင်နိုင်”
(ဘယ်လဲ)၊ သူက “ပိုင်မဲဆောက်”
(မဲဆောက်ကိုသွားမယ်)။ အဟုတ်သား။
နောက်ထပ်ရဲက ဆက်မေးတယ်။ “မားကျပ်နိုင်”
(ဘယ်ကလာလဲ) သူကတော့ “ပိုင်မဲဆောက်”ပေါ့။
“ဘတ်မီမိုင်” (လက်မှတ်ရှိလား)
– “ပိုင်မဲဆောက်”။ “ချု့အလိုင်”
(နာမည် ဘယ်လိုခေါ်လဲ) လို့ရဲကမေးတော့လည်း
သူက “ပိုင်မဲဆောက်”ချည့်ပြောနေတော့။
ရဲက သဘောပေါက်ပြီး ကားပေါ်ကဆွဲချပြီးဖမ်းထားလိုက်ပါ လေရော။
ဟုတ်သားဘဲလေ။ သူသိတာက ပိုင်မဲဆောက်
တစ်လုံးထဲပဲ ဟာ။ နောက်ကနေ
မနဲလိုက်ပြီး ပိုက်ဆံနဲ့လိုက်ထုတ်လိုက်ရတယ်တဲ့ ။
ထိုင်းရဲတွေထဲမှာ
တစ်ချို့က အကြံအဖန်လုပ်ကြတယ်။
သူ့နိုင်ငံထဲကို တရားမ၀င်
ရောက်နေတဲ့သူကို တွေ့ရင်
ငွေညှစ်တတ်ကြတယ်။ ဒီတစ်ယောက်ကတော့
ထိုင်းစကားနည်းနည်းပါးပါးတတ်တယ်
သူ့ကို ရဲက ဘတ်စ်ကားဂိတ်မှာ
ကားစောင့်နေတုန်း ဖမ်းတယ်။
တောင်းပန်လို့မရဘူး။ ရဲကလည်း
ကားဂိတ်မှာ တခြားကားစောင့်နေကြတဲ့
ထိုင်းလူမျိုးတွေရှိနေတော့
အလုပ်ဖြစ်မှာမဟုတ်တဲ့အတွက်
သူ့ဆိုင်ကယ်နောက်ကို အတင်းတက်ခိုင်းတယ်။
လမ်းမှာ ရဲက ဆိုင်ကယ်မောင်းရင်းက
ဘတ်ငွေ ၂ သောင်း (ဗမာငွေနဲ့
ခြောက်သိန်းနီးပါး) ပေးရင်လွှတ်ပေးမယ်ပြောတယ်။
သူက ပိုက်ဆံမရှိဘူးလို့ ထိုင်းရဲကိုပြော
တယ်။ အဲဒါကနေ တစ်သောင်း၊ တစ်သောင်းကနေ
ငါးထောင် လျော့သွားလိုက်တာ
နောက်ဆုံးစိတ်တို နေတဲ့ထိုင်းရဲက
ဆိုင်ကယ်ရပ်ပြီး နှစ်ရာတော့ပေးကွာတဲ့။
အဲဒါကို သူက ဘောင်းဘီထဲလက်နှိုက်ပြီး
လက်ထဲမှာ ထွက်လာတာက ၂၀ တန်တစ်ရွက်။
ဒါဘဲရှိတယ်တဲ့။ အဲဒါနဲ့ ထိုင်းရဲက
ဆဲပြီး ဆိုင်ကယ်မောင်း ထွက်သွားဖို့လုပ်နေတုန်း
အဖမ်းခံရတဲ့ငနဲက အကိုရယ်
ကျနော့ကို အရင်က ကားဂိတ်နေရာကို
ပြန်ပို့ပေးပါ ကျနော် အိမ်ပြန်ဖို့လမ်းစားရိတ်က
အဲဒီကားဂိတ်ကနေ အိမ်အထိ ၂၀
ပဲကုန်မှာ ပိုက်ဆံအတိဖြစ်နေလို့။
အခုက အကိုခေါ်လာလို့ ကျနော်
အဝေးကြီးရောက်နေပြီ။ အိမ်အထိပြန်စရာလမ်းစားရိတ်မရှိေ တာ့ဘူးလို့
ရဲကိုအသနားခံတော့ ကိုရွှေရဲလည်း
ထပ်ဆဲပြီး ပိုက်ဆံနှစ်ဆယ်ထုတ်ပေးခဲ့တယ်တဲ့ ။
ကျနော်သိသလောက် ကျနော်တို့အထဲက
ထိုင်းရဲဆီက ပြန်ပြီးပိုက်ဆံရတာ
အဲဒီပုဂ္ဂိုလ်ပဲရှိမယ်ထင်တယ်။
တောင်ပိုင်း ထားဝယ်စစ်ဒေသက
ရဲဘော်တစ်ယောက်ကျတော့ ရုံးကို
ဖြတ်သွားဖြတ်လာ ၀င်တည်းခိုရင်း
လမ်းထိပ်ထွက်ပြီး ဟိုဝယ်ဒီဝယ်ဝယ်နေတုန်း
အဖမ်းခံရတယ်။ အဲဒါ သူက ရဲကို
သူတစ်ယောက်ထဲမဟုတ် ဘူးဆိုပြီး ရုံးကိုခေါ်လာခဲ့လို့
တရုံးလုံး ဒုက္ခရောက်ပါလေရော။
အဲဒါမှ ငွေ ၂ သောင်းလောက်ထွက်သွားတာ။
ခွန်ဖိလစ်ပင်းအတုများ
ထိုင်းနိုင်ငံထဲမှာ
ဖိလစ်ပိုင်လူမျိုးတွေလဲရှိတယ်။
သူတိုက မြန်မာတွေနဲ့တူကြပြီး
များသောအားဖြင့် တရားဝင်
အလုပ်လာလုပ်ကြတယ်လို့ သိကြတော့
တစ်ချို့မြန်မာတွေက ဖိလစ်ပိုင်နိုင်ငံသားယောင်တွေ
ဆောင်နေကြ တာရှိတယ်။ ထားဝယ်ဖက်က
ရဲဘော်မျိုးသိန်းတစ်ယောက်လား၊
ဘိုးရဲလား ဘန်ကောက်ကိုရောက်တုန်း
စာရွက်စာတမ်းတွေကို ကော်ပီကူးတဲ့ဆိုင်မှာသွားကူးရင်း
ဆိုင်ကကော်ပီကူးပေးတဲ့ ကောင်မလေးကို
အင်္ဂလိပ်လိုပြောပြီး စာရွက်ကူးလေရဲ့။
တစ်ခါနှစ်ခါဆိုတော့ ကောင်မလေးက
အင်္ဂလိပ်လိုပြောတဲ့သူ့ကို
ဘယ်နိုင်ငံကလဲလို့ မေးတယ်။
သူက ဖိလစ်ပိုင်နိုင်ငံသားလို့
အင်္ဂလိပ်လိုဖြေတော့ ကောင်မလေးက
ဝမ်းသာအားရနဲ့ “I’m Philiphine too, I am
very happy to meet you here.” (ကျမလဲ ဖိလစ်ပိုင်နိုင်ငံသူပဲလေ။
အကို့ကို ဒီမှာလာတွေ့ရတာ
ဝမ်းသာလိုက်တာ) တဲ့။ သွားပါလေရော။
အဲဒီတော့မှ သူက မြန်မာနိုင်ငံသား
ဖြစ်ကြောင်းပြောပြီး ညာမိတာတောင်းပန်ခဲ့ရတော့တယ်။
နောက်တစ်ယောက်က
လူကြီးထဲက အသိတစ်ယောက်။ ကျနော်တို့
ဘတ်စ်ကားအတူစီးပြီး နယ်စပ်ကနေ
ဘန်ကောက်ကို ပြန်တက်ဖြစ်ကြတုန်း
ကျနော်နဲ့ ကိုစီးက နောက်ကနှစ်ခုံတွဲ
ထိုင်ခုံတွေမှာထိုင်တယ်။
အဲဒီအကိုကြီးက အရှေ့က နှစ်ယောက်ခုံရဲ့
ပြူတင်းပေါက်နဲ့ကပ်ရက်ခုံရတယ်။
ဖြစ်ချင်တော့ အသံ အော်ကျယ်အော်ကျယ်နဲ့
အသက် ၅၀ ကျော် ထိုင်းအမျိုးသမီး၀၀ကြီးတစ်ယောက်
တက်လာပါလေရော။ ခုံနံပါတ်လိုက်ရှာရင်း
သူ့ဘေးကခုံမှာ ကျတယ်ဆိုတာသိသွားတယ်။
ခရီးသွားဖော်ရပြီဆိုပြီး
တို့အကိုကြီးကို ပဋိသန္တာရ
စကားစပါလေရော။ ကျနော်တို့လူကြီး
အကိုကြီးလဲ ပထမတော့ ခဗ်၊ ခဗ်
(ဟုတ်ကဲ့၊ ဟုတ်ကဲ့) ပေါ့။
နောက်တော့ အမျိုးသမီးကြီးက
ထိုင်းလူမျိုးမဟုတ်ဘူးလားလို့
ထိုင်းလိုမေးတော့ သူက “I am Philiphine.”
(ကျနော်ဖိလစ်ပိုင်လူမျိုးပါ)
လို့ အင်္ဂလိပ်လိုပြောလိုက်တယ်။
အဖွားကြီးက အင်္ဂလိပ်လိုနဲနဲရ
တယ်။ သူက ဘေးက ခရီးသွားထိုင်းတွေကိုပါ
ဟယ်… ဒီမှာ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ပါ လားလို့
ထိုင်းလိုလှည့်ပြောလိုက်သေးတယ်။
ဘေးက လူတွေလည်း အဖွားကြီးရဲ့
ဆူဆူညံညံအသံကြောင့် ၀ိုင်းပြီး
ဂရုစိုက်လာတယ်။ အဲဒီမှာ အမျိုးသမီးကြီးက
တစ်ခုနှစ်ခုဆက်မေးပြီး ထိုင်းသံနဲ့
“ယို.. စပိ.. အင်းဂစ်… ၀ဲလီးကု”
You speak English. Very good. “အိုင်… စပိ.. အင်းဂစ်….
နော့.. ၀ဲလီးကု” I speak English. Not very good.
ရှင်က အင်္ဂလိပ်စကားပြောတာကောင်းတယ်။
ကျမ အင်္ဂလိပ်လိုပြောတာ မကောင်းဘူးပေါ့လေ။
ကျနော်ပြုံးဖြစ်သွားတယ်။
အဲဒီအချိန်မှာဘဲ သူက ခုံမှာထိုင်ရင်း
ခုံကိုနောက်ကို လှန်လို့မရလို့
ကူပြီးခလုတ်လေးဆွဲပေးပါဦးလို့
တို့ကိုကြီးကို အကူအညီတောင်းတော့
သဘောကောင်းတဲ့ တို့ကိုကြီးကလည်း
ဟိုဘက်ကနေ အမျိုးသမီး၀၀ကြီးအပေါ်ကကျော်ပြီး
ခလုတ်ဆွဲပေးလိုက်တာ ထိုင်ခုံက
ဝုန်းကနဲနောက်ကိုလန်ကျလာပြီး
ကျနော်တို့ရဲ့ ဇတ်လိုက်ကျော်
အကိုကြီးက ဟို၀၀အဖွားကြီးအပေါ်
ထပ်ရက်ဖြစ်ကုန်ရော။ တစ်ကားလုံး
ဝိုင်းရီလိုက်ကြရတာ။ နောက်က
ထိုင်နေတဲ့ ကျနော်တို့ မနဲကို
တခွိခွိနဲ့ ရီနေတာကို အရှိန်သတ်ရတယ်။
နောက်တစ်ယောက်ကျတော့
နာမည်ပါတွင်တယ်။ သူလည်း လူကြီးထဲက အကိုကြီးတစ်ယောက်ပဲ။
သူကတော့ ရုံးကရဲဘော်တွေနဲ့
တစ်ညနေ လမ်းပေါ်က ထမင်းဆိုင်တစ်ခုမှာ
စုပြီးထိုင်စားသောက်နေ ကြတယ်။
အဲဒီအချိန်မှာ ကလေးတစ်ယောက်က
ဆ၀ါဒီခဗ်ဆိုပြီး လက်အုပ်လေးချီပြီးလိုက်တောင်း
နေတယ်။ အဲဒီအထိ ပြဿနာမရှိသေးဘူး။
သူတို့ကလည်း အမှတ်တမဲ့ ဗမာလို
စားရင်းသောက်ရင်း ပြောနေကြတယ်။
ကလေးက သူတို့စားပွဲနားရောက်လာပြီးတော င်းတော့
တစ်ယောက်က လက်ခါပြတယ်။ ကလေးကမသွားဘူး
အဲဒီတော့ ကိုရှမ်းက ကလေးကိုသွားဖို့
ထိုင်းလိုပြောတော့ ကလေးက
“ဦးတို့က ဗမာတွေလား” တဲ့။
အကိုကြီးလည်း ဆတ်ကနဲ ကလေးဖက်ကိုလှည့်ပြီး
ဗမာလို “ငါတို့က ဗမာမဟုတ်ဘူး။
ခွန်ဖိလစ်ပင်းတွေကွ” တဲ့။
ကောင်းရော။ အဲဒါ နောက်ပိုင်းအဲဒီအကိုကြီးကို
ခွန်ဖိလစ်ပင်းကြီး၊ ခွန်ဖိလစ်ပင်း
ကြီးနဲ့ မကြားတကြား ရဲဘော်တွေက
နောက်ပြီးခေါ်ကြတယ်။ သူကတော့
ကြိုက်ပုံမရဘူးပေါ့။
0 comments:
Post a Comment