Tuesday, February 5, 2013

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃၁)

ဒဏ်ရာများ

အမေထားခဲ့တဲ့ ကျနော့အတွက်ဒိုင်ယာယီလေးအကြောင်းပြီးသွားတော့ ကျနော် စိတ်ပန်းကျသွားသလို ဖြစ်ပြီး ဘာမှဆက်ရေးချင်စိတ်မရှိဖြစ်နေတယ်။ ကျနော်တို့လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ ကျောင်း သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအများကြီးရှိတယ်။ တကယ်တော့ ကျနော်တို့ အိပ်မက်ထဲမှာတောင် ထည့်ပြီး မမက်ခဲ့တဲ့ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေက ဒဏ်ရာတွေပေးခဲ့တာ။ တစ်ချို့က တိုက်ပွဲ တွေထဲမှာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ကြတယ်။ တစ်ချို့က အသက်ပေးခဲ့ကြတယ်။ တောထဲမှာ ရခဲ့တဲ့ ငှက်ဖျားလို သေဘေးနီးတဲ့ရောဂါတွေကလည်း တစ်ချို့ရဲဘော်တွေဆိုရင် အခုအထိ စိတ်မူမမှန်တာမျိုးတွေ ခံစားနေရတုန်း။ ရုပ်ပိုင်း၊ စိတ်ပိုင်းခံစားမှုတွေဟာ တစ်ဦးချင်း နည်းမျိုးစုံနဲ့ရှိနေတာ အမှန်။

တစ်ချို့ဆိုရင် ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့် အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းက ထွက်ခွာခဲ့ ပြီး အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ ဒါမှမဟုတ် နယ်စပ်မြို့တွေမှာ ရရာအလုပ်လုပ်ပြီး ရပ်တည်နေကြရင်းက ဒီအနှစ် ၂၀ ကျော်အတွင်း မျှော်လင့်တဲ့အခြေအနေတွေထက် မမျှော်လင့်တာတွေကို ပဲ ကြားရမြင်နေကြရတော့ စိတ်ပျက်လက်ပျက်နဲ့ အရက်အလွန်အကြွံသောက်ရင်း အသက်ဆုံးကုန်ကြတာ တွေအထိပါ ရှိလာတယ်။ ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမေရိကန်က ၉-၁၁ (၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့) မှာ ဘင်လာဒင်တို့ရဲ့ လေယာဉ်ပျံနဲ့ အဆောက်အဦတွေကို ၀င်တိုက်တဲ့ စစ်ဆင်ရေးအပြီး Patriot Act ဆိုတဲ့ ဥပဒေကိုထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲမှာ ABSDF ကိုပါထည့်ထားတဲ့အတွက် ဒုက္ခသည် စခန်းကနေ တတိယပြည်ပနိုင်ငံတစ်ခုခုကို ဒုက္ခသည်အနေနဲ့ သွားကြမယ့် ကျောင်းသားရဲဘော်တွေဟာ အမေရိကန်နိုင်ငံသာမက တစ်ခြားအနောက်နိုင်ငံတွေကိုပါထွက် ခွာခွင့်တွေ ကြံ့ကြာခဲ့တယ်။ ဒုက္ခသည်စခန်းဆိုတာဟာလည်း ထားရာနေစေရာသွားလို အိမ်နီးခြင်းနိုင်ငံ အာဏာပိုင်တွေရဲ့ပေါ်လစီနဲ့ သဘောထားအတိုင်း နေကြရတာဆိုတော့ တစ်ခါတလေ အကျယ်ချုပ်ကျ နေသလိုခံစားရတဲ့ မွန်းကြပ်မှုတွေရှိနေတာပဲ။ ဆန်၊ ဆား၊ ငါးပိ၊ ငြုပ်သီးလို အခြေခံအစားအသောက် လောက်ပဲ ရာရှင်ရပြီး စခန်းအပြင်မှာလည်း အလုပ်လုပ်ခွင့်မပေးတော့ မြို့ပေါ်ကလာကြတဲ့ ကျောင်းသား သူပုန်တွေအတွက် အခက်အခဲ အတော်ဖြစ်ရ တယ်လေ။  

အနှစ် ၂၀ ကျော် ကြိုးစားဖြတ်သန်းခဲ့ပြီး ဒီမိုကရေစီရေးအတွက် ကိုယ်ယုံကြည်တဲ့လမ်းကြောင်းပေါ်မှာ ရင်ဆိုင်ဖြတ်သန်းလာကြတဲ့အခါ ဘယ်သူဘယ်ဝါကြောင့်ဘဲဖြစ်ဖြစ် လွတ်လပ်ပြီးတရားမျှတတဲ့စနစ် ပေါ်ထွန်းလာမယ် အဲဒါတွေလက်တွေ့ဖြစ်လာမယ်ဆိုရင် ကျနော်တို့အားလုံး ကြေနပ်နေပြီးသား။ ငါလုပ်မှ ဖြစ်မှာ ဆိုတဲ့ ‘ငါ’စွဲက အများအကြိုးအတွက်လုပ်တဲ့နေရာမှာ မကောင်းဘူး။ ထားလည်း မထားသင့်ဘူး။ အများအကြိုးအတွက်ဆိုရင် ‘ငါမှ’ ဆိုတာကြီးကို လွှင့်ပစ်ခဲ့။ တကယ့်  စေတနာမှန်နဲ့လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကောင်းကို တွေ့ရမယ်လို့ ယုံကြည်တယ်။

ကြည့်လေ… ကျနော်တို့တော်လှန်ရေးမလုပ်ခင်ကတည်းက ကျနော်တို့ထက် အပင်ပန်းခံခဲ့တဲ့သူ အမတော်၊ နောင်တော်တွေ ရှိနေပြီးသား။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့တိုက်ပွဲဝင်ရင်း နည်းမျိုးစုံနဲ့ ကျနော်တို့ထက် စွန့်စားခဲ့သူတွေ၊  ကျနော်တို့ထက် ပေးဆပ်ခဲ့ရသူတွေ တပုံတပင်ရှိနေခဲ့သလို ရှစ်လေးလုံး အရေးတော်ပုံကနေ အခုအချိန်အထိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့သူ တွေဟာ တိုက်ပွဲဝင်ရဲဘော်တွေတွင်မဟုတ်ဘူး၊ သူတို့ရဲ့မိသားစုဝင်တွေအထိ ရိုက်ခတ်ခဲ့တာတွေ မြန်မာပြည်အနှံ့ နေရာတိုင်းမှာရှိနေတယ်။ ဒါဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့သူတွေချည့်မဟုတ်၊ လက်နက်မဲ့ အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ရဲဘော်တွေနဲ့ မိသားစုဝင်တွေပါ အားလုံးပါတယ်။ ကျနော့ရဲ့ဖြတ်သန်း မှုဆိုတာ ကြမ်းတမ်းတဲ့ဖြတ်သန်းမှုထဲက အမှုန်အမွှားတစ်ခုပါပဲလေ။ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်ကြ တယ် ဆိုပေမယ့် ရိုက်ခတ်မှုမျိုးစုံကြောင့် မွန်းကြပ်မှုနဲ့ စိတ်ဒဏ်ရာတွေကတော့ ကျနော်တို့ကြားထဲမှာ အနည်းနဲ့အများ ခံစားကြရတာပါဘဲ။


တောသားမြို့ရောက်

တောထဲမှာ နှစ်တွေအများကြီးနေလာခဲ့ပြီးမှ အရေးပေါ်လိုအပ်ချက်အရ ရုံးလုပ်ငန်းတွေအတွက် ဘန်ကောက် နိုင်ငံခြားရေးဌာနက ဆင့်ခေါ်လို့ ဘန်ကောက်ကို မျက်စေ့သူငယ်နဲ့ သွားရတယ်။ နယ်စပ်မြို့ရုံး ခွဲက ရဲဘော်တစ်ယောက်က ကားပေါ်တင်ပေးလိုက်တော့ ခပ်တည်တည်နဲ့ စီးသွားပြီး ချင်းမိုင် (ဇင်းမယ်) ကိုရောက်တယ်။ အဲဒီမြို့မှာ တာဝန်ကျနေတဲ့ နောက်ထပ်ညီငယ်တစ်ယောက်က ကျနော့ကို ‘၀ီရ’ ဆိုတဲ့ ထိုင်းနာမည်တစ်လုံးကောက်ပေး၊ ကားလက်မှတ်ဝယ်ပြီး ကားပေါ်တင်ပေးလိုက်တယ်။ အဲဒီနေ့က ဘာသာရေးနေ့ဆိုလား၊ ထိုင်းဘုရင့်အခမ်းအနားနေု့ဆိုလား သူကပြောသေးတယ်။ အဲဒီလိုနေ့မျိုးတွေ လမ်းမှာ အစစ်အဆေးနဲတယ်ဆိုပဲ။ သူပြောတာမှန်တယ်။ လမ်းမှာ ကားရပ်ပေးရပြီး စစ်တာဆေးတာတွေ မရှိဘူး။

ပြဿနာက ကားပေါ်မှာ ထိုင်းစကားလုံးဝမတတ်တဲ့ ကျနော် ခုံမှာဝင်ထိုင်လိုက်ပြီး မကြာပါဘူး၊ ယူနီဖောင်း ၀တ်ထားတဲ့ ကားဝန်ထမ်း ကောင်မလေးချောချောတစ်ယောက်က ကျနော့ကို ဘာတွေမှန်းမသိလာမေးပါ လေရော။ ကျနော်ကနားမလည်တော့ အူကြောင်ကြောင်နဲ့ ရယ်ပြနေလိုက်၊ ဘာမှန်းမသိ တခဗ်ခဗ်နဲ့ (ဟုတ်ကဲ့) လိုက်လုပ်လိုက်ပေါ့။ နောက်တော့ သူက ကျနော်ထိုင်နေတဲ့ ခုံအောက်ကိုလက်ညှိုးထိုးပြီး တစ်ခုခုရှာ စေချင်တဲ့ပုံပေါက်တော့ ကျနော်ဆတ်ကနဲ ထိုင်ရာကထလိုက်တယ်။ အောက်မှာ အနီရောင် အ၀တ်ထုတ် ကွေးကွေးလေးတစ်ခုကိုကျနော် ဖင်ခုထိုင်ထားမိတာကိုး။ သူက အဲဒါကိုတွေ့ပြီဆိုတော့ တခစ်ခစ်နဲ့ သဘောကျနေတယ်။ ကျနော့လက်ထဲကို ပြန်ထည့်ပေးတယ်။ ကျနော့အတွက် ကားထိုင်ခုံ နောက်မှာ စောင်ပါးလေး တစ်ထည်လည်းရှိတယ်လို့ သူပြတယ်။ အိုကေပေါ့။ ကျနော် ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ ကားထွက်ခါနီး လူတွေတစ်ချို့က စောင်တွေကိုခြုံထားကြပြီ။ အထဲမှာ aircorn (လေအေး စက်) ဖွင့်ထား တော့အတော်လေးအေးတယ်။ ကျနော့လက်ထဲက အထုတ်နီလေးကို တခြားလူတွေကော ဘယ်နေရာမှာ သုံးပါလိမ့်လို့စူးစမ်းတော့ လားလား… သူတို့က လည်ပင်းနောက်မှာ ပတ်ထိုးပြီး ခေါင်းအုံး ထားကြတာတွေ့ရတော့မှ ကျနော်လည်း ကားပေါ်ကနောက်မှီရင်းခေါင်းအုံးလို့ရတဲ့ ခေါင်းအုံးမှန်းသိပြီး သူတို့လို ခေါင်းအုံးပြီး အိပ်လိုက်သွားတော့တယ်။ အေးဗျာ… တောကျပုံများ။ ခေါင်းအုံးကို ခေါင်းအုံးမှန်း မသိ။

ဘန်ကောက်ကို ကားဆိုက်တော့ ကားပေါ်က ထွက်ပြီး လာကြိုမယ့် သူကိုထွက်ရှာတယ်။ မတွေ့တာနဲ့ ကားဂိတ်အပြင်က အများသုံးတယ်လီဖုန်းရုံကနေ ရုံးကိုဖုန်းဆက်တယ်။ ရုံးကတစ်ယောက်က သွားကြိုတယ်လေ.. ဆိုတာနဲ့ ကျနော် ကားဂိတ်ထဲပြန်ရှာတယ်။ ဘယ်သူ့ကိုမှ မတွေ့ဘူး။ မတွေ့လိုက် ဖုန်းရုံကိုပြန်သွားလိုက်နဲ့ နောက်ဆုံးရုံးကလူက ခင်ဗျားအခုရောက်တဲ့နေရာမှာ နေနေ။ ကျနော် သွားကြိုတဲ့ ရဲဘော်ကိုစီးကို ပြောလိုက်မယ်တဲ့။ အဲဒီလို ခြေငြိမ်ငြိမ်နေလိုက်တော့မှ လာကြိုတဲ့ကိုစီးနဲ့ တွေ့ရတော့ တယ်။ သူကလည်း ကျနော့ကို လိုက်ရှာနေတာ ၁ နာရီလောက်ရှိပြီတဲ့။ တော်သေးတာပေါ့… ဆက်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်နေရင် အဲဒီည ကားဂိတ်က တန်းလျှားတစ်ခုပေါ်မှာ ညအိပ်ရဖို့ရှိမလားပဲ။

0 comments: