Wednesday, February 6, 2013

တပ်မတော်က KIA စစ်ဆင်ရေး စီမံချက်နဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆွေးနွေးပွဲများ တပြိုင်နက် ဆောင်ရွက်လျှက်ရှိ


ဖေဖော်ဝါရီ ၆ ရက် ၂၀၁၃

တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက KIA နဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်းပြီး သုံးသပ်ချက် အစီရင်ခံစာ တင်ပြခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းမှူး/ တပ်မမှူး အချို့က မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်ရေး ရှိဖို့ရန် စစ်ရေး မဟာဗျူဟာအရ KIA ရဲ့ အဓိက အခြေပြုရာ လိုင်ဇာအား သိမ်းပိုက်ဖို့ မလွှဲမသွေ လိုအပ်တယ်လို့ တင်ပြကြပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာအ တွင်း တပ်မ (၃၃) ဟာ မြစ်ကြီးနား ပူတာအို လမ်းကြောင်း တလျှောက် တာဝန်ယူထား ပါတယ်။ တပ်မ (၈၈)၊ (၁၀၁)၊ စကခ (၃)၊ (၂၁) နဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တိုင်းတပ်တွေဟာ KIA စစ်ကြောင်းများနှင့် လက်ရှိ စစ်ရေး ချိန်ခွင်ညှာ သဘောအရ အသာစီး ရယူထားပြီးသား ဖြစ်နေလို့ လိုင်ဇာကို သိမ်းပိုက်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

လိုင်ဇာမြို့ရဲ့ အဓိက ၀င်ပေါက်ဖြစ်တဲ့ ပွိုင့် (၇၇၁) တောင်ကုန်း စခန်းအား သိမ်းပိုက်ပြီးဖြစ် တဲ့အပြင် စစ်နည်းဗျူဟာအရ အချက်အချာမြေဖြစ်တဲ့ အမြင့်ဆုံး Hka Ya Bum တောင်ကုန်း စခန်းအား ဆက်လက် သိမ်းယူပြီး ဖြစ်နေတာမို့ လိုင်ဇာနဲ့ လက်တကမ်း အလိုကို ရောက်ရှိ နေကြပြီလို့ ဆိုကြပါတယ်။ စစ်မဟာဗျူဟာ သဘောအရ စခန်းဌာနချုပ် သို့မ ဟုတ် မြို့ကို သိမ်းမှ အောင်မြင်မှု ပန်းတိုင်ရောက်တယ်လို့ ယူဆကြသလို ထိပ်ပိုင်းက ဗိုလ်ချုပ်တွေရဲ့ ကြံဖန်ဂုဏ်ယူတတ်တဲ့ ဗီဇအရ ပန်ဆိုင်းကြူကုတ် မြို့သိမ်းတိုက်ပွဲ များ နှင့် မာနယ်ပလော ဌာနချုပ်များကို တပ်မတော်က သိမ်းပိုက်ခဲ့စဉ်က ထိပ်ပိုင်းက ဗိုလ် ချုပ်များ တကူးတက အောင်မြေသွားနင်းတဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ရှေ့တန်း တပ်မမှူး/ ဗျူဟာမှူးများ အနေဖြင့် လက်ရှိနေရာများမှ လိုင်ဇာအား ခြိမ်းခြောက် နေတာထက် အနည်းငယ်မျှ ရှေ့တိုးတိုက်ခိုက် လိုက်ပါက အလွယ်တကူ သိမ်းပိုက် လိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံ မရကြကြောင်း သိရှိရပါ တယ်။ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်တဲ့ KIA အား လိုင်ဇာကို သိမ်းပိုက် လိုက်ခြင်း ဖြင့်သာ အလဲထိုး အနိုင်ယူမယ်လို့ ယူဆလျှက် ရှိနေပါတယ်။ ရှေ့တန်းတွင် စစ်ပန်းနေ ကြတဲ့ တစ်နှစ်ကျော် တာဝန်ထမ်းဆောင် နေရသော တပ်မ (၈၈) တပ်မမျိုးကို အလှည့်ကျ အနားပေးဖို့ ရှိနေရာ နယ်မြေ ကျွမ်းကျင်သော ထိုတပ်မဟောင်းများ ရှိတုန်း ဆက်လက် တိုက်ခိုက်နေချင် ကြပါတယ်။ တကယ်တမ်း KIO ဌာနချုပ်ဟာလည်း လိုင်ဇာမြို့တွင် အခြေစိုက်ရန် မသင့်တော်တော့ပဲ စစ်နည်းဗျူဟာအရ ပြောင်းရွေ့ရမည့် အခြေအနေတွေ ရှိနေပါတယ်။

ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်တို့မှ တရားဝင် ထုတ်ပြန်ချက်များအရ တဖက်သတ် အပစ် အခတ် ရပ်စဲရေးအပြင် လိုင်ဇာကိုသိမ်းမည် မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆို ထားပါတယ်။ လောလောဆယ် နိုင်ငံရေး အခင်းအကျင်းအပေါ် စောင့်ကြည့်ရမည့် သဘော ဆွေးနွေး ကြပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်မှာဖြစ်ဖြစ်၊ ဆွေးနွေးပွဲ ကျင်းပပြီးစီးချိန်မှာ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ မပြေလည်လို့ အခွင့်အခါ ပေးတဲ့အခြေအနေမျိုး ဖန်တီးလာခဲ့ရင် လိုင်ဇာ ကို အချိန်မရွေး တက်သိမ်းမယ့် အခြေအနေမျိုး ရှိရန် ပြင်ဆင်ထား နိုင်ကြောင်း စစ်ဖက် နီးစပ်သူများက ခန့်မှန်း နေကြပါတယ်။

မကြာသေးခင် ကလေးကမှ ၀င်လာတဲ့ သတင်းအရ တရုတ်နိုင်ငံရဲ့ ဖိအားပေးချက်အရ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KIO၊ KIA အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ ယနေ့ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မှာပင် ဆွေးနွေးကြကြောင်း သတင်း ၀င်လာပါတယ်။ စစ်ဖက်နီးစပ်သူများက သုံးသပ် ကြရာမှာ တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုလို့ ဖိအားပေး လာတာဖြစ် ပြီး ဆွေးနွေးပွဲ ကျင်းပဖြစ်တာကို လူတိုင်းက အံ့သြနေကြကြောင်း၊ အရင်ဆွေးနွေးပွဲများ နဲ့မတူဘဲ ထူးခြားချက်တွေကတော့ တရုတ်နိုင်ငံမှ သံအမတ်ကြီးအဆင့် ပါဝင်လာသလို KNU ဥက္ကဌနဲ့အဖွဲ့၊ RCSS/ SSA အဖွဲ့တို့အပြင် ဦးဟန်ညောင်ဝေတို့ ပါလာကြောင်း၊ အကြိုဆွေးနွေးပွဲနဲ့ အလွတ်သဘော ဆွေးနွေးပွဲလို့ ဆိုနိုင်ကြောင်း၊ KIA မှ ဗိုလ်ချုပ် ဂွမ် မော် ပါလာသော်လည်း တပ်မတော်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက် လာခြင်း မရှိသည်မှာ ထူးခြားကြောင်း သုံးသပ်ကြပါတယ်။

ယခုတလော မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းမှာ အချိန်နာရီနှင့်အမျှ ဒီရေ အလား ပြောင်းလဲမှု မြန်ဆန်နေကြောင်း၊ စစ်ဖက်နီးစပ်သူများ ခန့်မှန်းသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ တပ်မတော်က ရှေ့တန်း စစ်ကြောင်းနဲ့ စခန်းများထံ ရိက္ခာနဲ့ လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်း၊တောင်းကုန်း စခန်းများအား ခံစစ်စခန်းအဖြစ် အခိုင်အမာ တည်ဆောက်ခြင်း၊ အနားပေးလိုသည့် တပ်မများ လဲလှယ်ခြင်း၊ ပဋိပက္ခ ဖြစ်ပွါးသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း စတာ တွေကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းပေးပို့သွားပါတယ်။

http://www.photayokeking.org/hot-news/1127-military-operation-on-kia-and-peace-committee-dialogue-are-making-on-time

0 comments: