Tuesday, February 12, 2013

ချစ်သူလေးသို့ နှစ်စဉ် တောင်းပန်ကဗျာ

ဒီနေ့ အဖေ့မွေးနေ့၊ မုန့်ဟင်းခါး လာဝယ်စားသူတွေကို ပိုက်ဆံမယူဘူး၊ အလကားကျွေးမယ်
ဒီနေ့ အဖေ့မွေးနေ့၊ လမ်းဆုံဂိတ်မှာ ဆိုက်ကားကိုထိုးပြီး၊ တနေကုန် စစ်တုရင်ထိုးမယ်
ဒီနေ့ အဖေ့မွေးနေ့၊ ဆိုင်မှာ ဘယ်သူလာဈေးဆစ်ဆစ်၊ လျော့ရောင်းပေးလိုက်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ တပ်ထဲမှာ ဒန်ပေါက်ကျွေးပြီး၊ တပ်ရင်းတစ်ဝန်းလုံး ဖရက်ဒိတ် လုပ်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ ရဲစခန်းမှာ လူဆိုး လိုက်မဖမ်းဘူး၊ အချုပ်သားတွေကို ဘော်လုံးပေးကန်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ ထောင်ထဲမှာ အသားဟင်းကျွေး၊ ဝတ်စုံသစ်ထုတ်ပေးပြီး၊ ရက်လျှော့ပေးမယ်
ဒီနေ့ အဖေ့မွေးနေ့၊ နေ့ဆွမ်းဘုန်းပြီးတာနဲ့ ပရိတ်မရွတ်တော့ဘူး၊ သူ့မိန့်ခွန်းတွေ နားထောင်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ မနက်ပိုင်း ကျောင်းဝန်းသန့်ရှင်းရေးလုပ်ပြီး၊ ညနေပိုင်းမှာ ကျောင်းလွှတ်ပေးလိုက်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ နေ့တဝက်လယ်ထွန်ပြီးတာနဲ့၊ နွားတွေကိုလွှတ်ပြီး ရွာထိပ်မှာ ထန်းရေသွားသောက်ကြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ လေးဖြူသီချင်းခွေတွေ ခဏအနားပေးပြီး၊ ခင်ညွန့်ရည် သီချင်းတွေ တနေကုန်ဖွင့်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ နိုင်ငံခြားသားကို ဒီနေ့ငါ့အဖေနေ့လို့ပြောဆိုရှင်းပြပြီး၊ တစ်ကျပ်တန်ပေါ်ကပုံ ပြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ အမေ့ဆီက မုန့်ဖိုးတောင်းပြီး၊ ပန်းဆိုးတန်းမှာ သူ့အထ္ထုပ္ပတိစာအုပ်သွားဝယ်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ ညနေရပ်ကွက်ပေါင်းစုံ ဘော်လုံး ဒိုင်းဆုပေးပြီးတာနဲ့၊ ည ရုပ်ရှင်ရုံမှာ အလကားပြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ မီးမီးတို့ ညတွက်ကိုက် ပြီးတာနဲ့၊ ကိုကို/မောင်မောင်တို့ကို အလကား အနမ်းပေးလိုက်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ ဘီအီးဒီစီ ရောင်းတဲ့ဆိုင်ကို အမြတ်များများမယူဖို့နဲ့၊ အရက်များများမရောင်းဖို့ပြောရမယ်
ဒီနေ့ အဖေ့မွေးနေ့၊ တောင်းလို့ရတဲ့ထဲက ၅၀ကျပ်ကို တောင်းနေတဲ့ တယောက်ယောက်ကို ပြန်ပေးလိုက်မယ်
ဒီနေ့ အဖေ့မွေးနေ့၊ နတ်မောက်က အိမ်အိုကြီးဓါတ်ပုံကို ဝိုင်းကြည့်ပြီး သူအဲဒီမှာနေခဲ့တာလေလို့ အချင်းချင်းပြောပြကြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ လူထုအချစ်တော်ဖြစ်နေတဲ့ သူ့သမီးဘာလုပ်မလဲ စောင့်ကြည့်ပြီး၊ အားလုံးက ဝိုင်းပံ့ပိုးကြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ ငါ့ သူငယ်ချင်းဖိုးသားမွေးနေ့၊ ငါတို့ ငါး အတူ သွားသောက်ပြီးရင်၊ ကိုယ့်ကဗျာ ကိုယ်ရေးကြမယ်
ဒီနေ့ အဖေ့မွေးနေ့၊ (မင်းတို့လည်း မင်းတို့ လုပ်ချင်တာလုပ်ပြီး၊ ဒီကဗျာကို ရေးချင်သလို ဆက်ရေးလိုက်တော့)
ဒီနေ့ အဖေ့မွေးနေ့၊.................................................................................................................
ဒီနေ့ အဖေ့မွေးနေ့၊.................................................................................................................
ဆောရီးပဲ ချစ်သူရေ
မနက်ဖန် (၁၄-၀၂-၁၃) ချစ်သူများနေ့မှာ မင်းနဲ့ကိုယ် အရက်နာကျပြီးတွေ့ရမှာ အနမ်းတွေကို အားနာမိပါရဲ့
ဒီနေ့ (၁၃-၀၂-၁၃) အဖေ့မွေးနေ့ပွဲမှာ ငါတို့တွေ ဖခင်ကို ဂုဏ်ပြု ကျေးဇူးဆပ် မူးရူး/ပင်ပန်းနေကြပြီ မဟုတ်လား
ဗိုလ်ချုပ်အောင်ဆန်း ရောက်သွားရာဘုံမှာ စိတ်ချမ်းသာ/ကိုယ်ချမ်းသာနဲ့ အများအကျိုးပြုနိုင်ပါစေ (ထာဝရ)။   ။

သုအိုင်စံ
၁၃-၀၂-၁၃
(ဖခင် ဗိုလ်ချုပ်မွေးနေ့ ထာဝရလက်ဆောင်)

0 comments: