Thursday, February 7, 2013

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၃၃)

အိမ်ရှင်ကောင်းများ

နောက်ပိုင်း ကျနော် ဘန်ကောက်နဲ့ အသားကျလာတယ်။ သမိုင်းထဲမှာ ထိုင်းလူမျိုးတွေအတွက် အမျိုးသား ရေးစိတ်ဓာတ်မြှင့်တင်ဖို့ ပြောကြတဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူတို့ကိုအနိုင်ယူလွှမ်းမိုးခဲ့တဲ့ မြန်မာ လူမျိုးတွေကို ပြန်ပြောကြပေမယ့် အများစုက ဧည့်သည်ကို ကူညီလိုတဲ့စိတ်ထားရှိကြတယ်။ သူတို့က အရမ်းကို အေးအေးဆေးဆေးနေကြတဲ့သူတွေပါဘဲ။ ကိုယ်က အိမ်နီးနားချင်းတွေကို ဆူပူနှောက်ယှက်တာ မျိုးမရှိဘူးဆိုရင် သူတို့ကလည်း ကိုယ့်ကို ဘာအနှောက်အယှက်မှ မပေးကြဘူး။ လူကောင်းတွေအဖြစ် လက်ခံပြီး ဆက်ဆံကြလေ့ရှိတယ်။

ကျနော်တို့ ဘန်ကောက်ရုံးဆိုတာက နှစ်ထပ်တိုက်ခန်းတွဲတွေမှာ ငှားပြီးရုံးဖွင့်ရတာ။ ကျနော်တို့ဘေးအိမ်က အစိုးရက လူကြီးတွေ၊ ဘုရင့်အသိုင်းအ၀ိုင်းတွေထွက်ရင် လိုက်ပြီးစောင့်လျှောက်ပေးရတဲ့ နောက်ဖက်မှာ ၀ိုင်ယာလက်စ် မီးလုံးဆင်ထားတဲ့ ဆိုင်ကယ်အဖြူရောင် အကြီးကြီးနဲ့ ယဉ်ထိမ်းရဲကြီးတပ်ကြပ်ကြီး တစ်ယောက် သူ့မိသားစုနဲ့အတူနေတယ်။ ပထမတော့ ကိုယ်က ထိုင်းစကားမတတ်တော့ ခပ်ရှောင်ရှောင် နေပေမယ့် လမ်းမှာတွေ့တိုင်း သူကစပြီးပြုံးပြနှုတ်ဆက်တော့ ပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ ရင်းနှီးလာတယ်။ သူက ညနေပိုင်းမိတ်ဆွေတွေနဲ့ သူ့အိမ်ရှေ့မှာ ဘီယာသောက်တဲ့အခါ ကျနော့ကို ဘီယာတစ်ခွက်လာတိုက် လေ့ရှိတယ်။

နောက်ပိုင်းရင်းနှီးလာတော့။ ပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်းလိုဖြစ်နေကြတဲ့ ကျနော်တို့ကို သူ့ကိုမစိုးရိမ်ဖို့နဲ့ သူက ကျနော်တို့ ဘာတွေလဲဆိုတာတော့မသိဘူး၊ အိမ်ထဲမှာချိတ်ထားတဲ့ အန်တီစုပုံကိုတွေ့တော့ ကျနော် တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့လူတွေပဲလို့ သူနားလည်တယ်။ အေးအေးဆေးဆေးနေကြတော့ ကျနော်တို့ ကိုလူကောင်းတွေလို့ သူကသတ်မှတ်တယ်။ လိုတဲ့အကူအညီရှိရင် ပြောပါ၊ ကူညီပါ့မယ်တဲ့။ ကျနော်ရောက် ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အရာရှိတွေ၊ အစိုးရ၀န်ထမ်းတွေကအစ အန်တီစုကို သိပ်ပြီး ချစ်ခင်လေးစား ကြတယ်။ ထိုင်းနိုင်ငံမှာ ရဲဝန်ထမ်းအားလုံး ယူနီဖောင်းတစ်ရောင်ထဲဝတ်ကြတယ်။ ဦးထုတ်အဖြူဆောင်း ထားရင် ယဉ်ထိမ်းရဲ၊ ဦးထုတ်ရွှေရောင်ဆောင်းထားရင် ရိုးရိုးရဲလို့သိကြတယ်။ ရွှေရောင်ဦးထုတ်ဆောင်းတဲ့ရဲ ကို ရွှေဂေါင်းပြောင်တွေလို့လည်း ကျနော်တို့ အလွယ်ခေါ်ကြတာရှိတယ်။

ကျနော်တို့လမ်းကြားလေးကနေ တစ်နေရာရာကိုသွားဖို့ လမ်းထိပ်ကို အမိုးပါတဲ့ ပစ်ကပ်လိုင်းကားတွေကို ငါးဘတ်ပေးပြီးစီးထွက်ကြရတယ်။ နောက်တော့ သူနဲ့ကြုံရင် ဘယ်သွားမလဲ လမ်းထိပ်ကိုလမ်းကြုံစီးဖို့ သူ အမြဲလိုခေါ်တယ်။ ကျနော်တွင်မဟုတ်ဖူး ကျနော်တို့ ရုံးက ဘယ်သူဖြစ်ဖြစ် သူ့ရဲ့ ဆိုင်ကယ်ကြီးနောက်က လိုက်စီးပြီး လမ်းကြုံလိုက်ဖို့ ခေါ်လေ့ရှိတယ်။ အပြင်က သူပြန်လာလို့ လမ်းထိပ်မှာ ကျနော်တို့ကိုတွေ့ရင် လည်း သူက သူ့အိမ်ဘေးမှာပဲနေကြတဲ့ ကျနော်တို့ကို သူ့ဆိုင်ကယ်နောက်က တင်ခေါ်ပြီးပြန်တယ်။ သိပ် သဘောကောင်းတဲ့လူပါ။ ရဲတွေ ဖမ်းတာဆီးတာများနေတဲ့အချိန် သူ့ဆိုင်ကယ်နောက်က ကျနော်တို့ကို ဘယ်သူမှ မစစ်ဆေးဘူး။ ပိုပြီးတော့လည်း လုံခြုံတာပေါ့။

တစ်ရက် ကျောင်းသားတပ်မတော် ၆၀၁ စခန်းက ဖိုးရဲက မြို့ထဲကပြန်လာပြီး မိုးပျံတံတားတစ်ဖက်ကနေ ဆင်းလာတာကို တာဝန်ပြီးလို့ အိမ်ပြန်ရင်း လမ်းထိပ်မှာ စားစရာဝယ်နေတဲ့ ရဲကြီးကတွေ့တော့ လက်ရပ် လှမ်းခေါ်တယ်။ သူဆိုင်ကယ် နဲ့လိုက်ခဲ့ဖို့ပေါ့။ အဲဒါကို ငနဲသားဖိုးရဲက သူ့ကိုဖမ်းဖို့စောင့်နေတဲ့ ရဲလို့ထင်ပြီး တံတားပေါ်ပြန်တက်ပြေးသွားလို့ ရဲကြီးက တဟားဟားနဲ့ လာပြောပြတာ မှတ်မိနေသေးတယ်။

ကျနော်နောက်ပိုင်း အပြင်တွေကို အဖွဲ့အစည်းရဲ့ အလုပ်ကိစ္စတွေနဲ့ စထွက်ဖြစ်လာတယ်။ ထိုင်းကျောင်းသား သမဂ္ဂတွေရဲ့အကူအညီနဲ့ မြန်မာကျောင်းသားတွေ၊ အတိုက်အခံတွေလုပ်တဲ့ အခမ်းအနားတွေ၊ အစည်း အဝေးတွေကို တက်ရတယ်။ ကိုယ့်အဖွဲ့အစည်းကထုတ်ဝေတဲ့ ဒေါင်းအိုးဝေနဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ Dawn မဂ္ဂဇင်းတွေကို နိုင်ငံတကာဖြန့်ချိဖို့ စာတိုက်ကနေပို့ရတယ်။ တစ်ရက် ကျနော်စာတိုက်က ပြန်လာပြီး ဘတ်စ်ကားဂိတ်ကိုရောက်တော့ ဘောင်းဘီဘေးအိတ်ကို လက်နှိုက်ပြီး ငွေအကြွေစေ့တွေရှိမရှိစမ်းကြည့် တော့ မရှိတာနဲ့ ဘောင်းဘီနောက်အိတ်က သူငယ်ချင်း သိန်းထိုက်ဦးလက်ဆောင်ပေးထားတဲ့ သရေပိုက်ဆံအိတ်ကိုစမ်းကြည့်တော့ မရှိတော့ဘူး။ ဟာ… ဘယ်ရောက်သွားရတာလဲ။ ပိုက်ဆံအိတ်ထဲမှာ ရုံးကငွေတွေ ဘတ်နှစ်သောင်းဝန်းကျင်လောက် ထည့်ထားသေးတယ်။ ကျနော် စာအုပ်တွေပို့တော့ စာတိုက်ဝန်ထမ်းရှေ့က ကောင်တာမှာ ပိုက်ဆံအိတ်တင်ပြီးပေးခဲ့တာ သတိရတာနဲ့ ချက်ခြင်း စာတိုက်ကို ပြန်ပြေးရတယ်။ ဟိုရောက်တော့ ကျနော် ၀န်ထမ်းကို အင်္ဂလိပ်လို ပိုက်ဆံအိတ်တွေ့မိလားလို့ မေးတယ်။ သူက သိပ်ပြီး အင်္ဂလိပ်လိုနားမလည်ပေမယ့် နောက်ပိုင်းကျတော့ ကျနော်ဘာရှာနေလဲဆိုတာ သဘော ပေါက်ပြီး ကျနော့ပိုက်ဆံအိတ်ကို သိမ်းထားတဲ့သူ့အံဆွဲထဲကနေ ဒါလားဆိုပြီး ပြန်ထုတ်ပေးတယ်။ ကျနော် အရမ်းဝမ်းသာသွားတယ်။ အဖွဲ့အစည်းပိုင်ငွေလေ။ အချုပ်ကျတာကအရေးမကြီးဘူး၊ တစ်သက်လုံး နာမည် ပါပျက်ဦးတော့မလို့။ သူ့ကိုကျေးဇူးတင်တဲ့အကြောင်း အကြိမ်ကြိမ်ပြောပြီး စားစရာတစ်ခုခုလိုက်စားပါလို့ ခေါ်တော့ သူကအေးအေးဆေးဆေးပြန်ကြည့်ပြီး ကိစ္စမရှိပါဘူးတဲ့။ ကျနော် ပိုက်ဆံအိတ်ပျောက်လို့ ခေါင်းနားပန်းကြီး နေရတဲ့ကိစ္စက အဲဒီလူကောင်းကြောင့် သက်သာရာရတော့တာပေါ့။ ကျနော့ အတွက်လည်း ကိုယ့်ပေါ့ဆမှုအတွက်ကိုယ် သင်ခန်းစာရတယ်။

0 comments: