လူမျိုးနဲ့ သမိုင်း
မြန်မာတွေကို မုန်းကြတဲ့
ထိုင်းတစ်ချို့ ရှိပေမယ့်
အများစုကတော့ ကောင်းကြပါတယ်။
ဒါကလည်း တစ်ဦး ချင်း သဘောထားနဲ့
အတွေးအပေါ်ဖြစ်လာတာ။ ပတ်ဝန်းကျင်နဲ့လည်း
ဆိုင်တာပေါ့။ တစ်ချိန်က စစ်ဘုရင်
တွေရဲ့ ဘုန်းလက်ရုံးတွေကို
မှတ်ကျောက်အနေနဲ့ အာဏာဖြန့်ကြက်ဘို့
စစ်တိုက်ကြရင်း လူတွေရဲ့ကြားမှာ
အမုန်းတွေကို ထားခဲ့တယ်။
အခုအချိန်အထိ မြန်မာပြည်မှာ
တစ်ချို့က ဗြိတိသျှဆိုတဲ့
အင်္ဂလိပ်လူမျိုးတွေကို မုန်းနေသလိုပေါ့။
တကယ်တော့ ကျနော်တို့အခုမြန်မာတွေဟာ
ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးရာလောက်က
ထိုင်းနိုင်ငံရဲ့ မြိုတော် အယုဒ္ဓယကို သွားတိုက်ခဲ့တဲ့ မြန်မာတွေမဟုတ်ကြတော့သလို ဒီနေ့အင်္ဂလိပ်တွေကလည်း
လွန်ခဲ့တဲ့ ၁၈၈၅ ခုနှစ်လောက်က
နှစ်တရာလောက် ကိုလိုနီလုပ်ပြီး
အုပ်ချုပ်သွားကြတဲ့ ဗြိတိသျှအင်္ဂလိပ်တွေ
မဟုတ်ကြ တော့ပါဘူး။ ကျနော်နားလည်တာက
သမိုင်းဆိုတာ ရှိရမယ်။ လေ့လည်း
လေ့လာကြရမယ်။ အဲဒီသမိုင်းက
ကျနော်တို့ သင်ခန်းစာယူရမယ်။
သက်ဦးဆံပိုင်ဘုရင်စံနစ်တွေက
လုပ်ရပ်တွေကို ကိုယ့်ဦးနှောက်နဲ့ကိုယ်
ကောင်းမကောင်းဆုံးဖြတ်ရမယ်။
ကောင်းတာတွေကို ယူကြမယ်။
မကောင်းတာတွေကိုလည်း ထားခဲ့ကြ
ရမယ်။ အလုပ်တိုင်းမှာ အကျိုးဆက်ရှိတယ်။
အဲဒီအကျိုးဆက်တွေက ကိုယ့်နိုင်ငံနဲ့
အနာဂတ်မျိုးဆက် အတွက် ကောင်းမကောင်းစဉ်းစားပြီး
လက်ရှိလူဖြစ်နေကြတဲ့ ကျနော်တို့
သမိုင်းရေးကြရမှာပဲ။ ကိုယ့်နိုင်ငံနဲ့
ကိုယ့်လူမျိုးကိုချစ်တဲ့
မျိုးချစ်ဖြစ်တာကောင်းပါတယ်။
ကိုယ့်လူမျိုးပဲကောင်းစားပြီး
တခြားလူမျိုးတွေကို သွားပြီးထိခိုက်မယ့်
မျက်ကန်းမျိုးချစ်တွေ မဖြစ်ကြဘို့လည်းလိုတယ်။
ကျနော့အဖေရဲ့ဖခင် ကျနော့ဘဘက
ကျနော့ကို မှတ်လောက်သားလောက်ပြောသွားတဲ့ စကားကို
ကျနော် အမြဲနားထဲမှာ စွဲနေတာရှိတယ်။
“လူတိုင်းမှားတတ်တယ်။ လုပ်ရင်မှားမှာမကြောက်နဲ့။
နောက်တစ်ခါမမှား အောင် ဂရုစိုက်။
ဒါပေမယ့် အမှားတစ်ခုထဲကိုပဲ
သုံးခါနဲ့ သုံးခါထက်ပိုပြီး
အကြိမ်ကြိမ်ကြူးလွန်တယ်ဆိုရင်
မင်းဟာ သောက်တုံး” တဲ့။
ဘန်ကောက်နေ့များ
ကျနော်တို့ရဲ့ ဒေါက်တာနိုင်အောင်ဦးဆောင်တဲ့ အဖွဲ့နဲ့
ကိုမိုးသီးဇွန်ဦးဆောင်တဲ့အဖွဲ့ ပြန်ပေါင်းထုတ်တဲ့
၁၉၉၆ ခုနှစ် ပေါင်းစည်းရေးညီလာခံဖြစ်တော့
ကျနော်အတော်လေး ပျော်တယ်။
အလံတစ်လက်ထဲအောက်မှာ အဖွဲ့က
နှစ်ဖွဲ့ဖြစ်နေတယ်ဆိုတော့
အပဲ့နဲ့သွားနေရတဲ့သဘောဖြစ်တော့
မကြိုက်တာအမှန်။ အဲဒါတွေက
လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုက
ရလာတဲ့ရလဒ်။ နောက်ပြီး ကျောင်းသားတွေရဲ့
လက်နက်ကိုင် တော်လှန်ရေးမှာ
အတွေးအခေါ်အယူအဆကြောင့်၊ ဒါမှမဟုတ်
ပုဂ္ဂိုလ်စွဲ အုပ်စုစွဲကြောင့်ဖြစ်ဖြစ်
နှစ်ချမ်းကွဲ တဲ့အချိန်မှာ
အရင်တတိယအကြိမ်ညီလာခံရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း
စစ်ရေး၊ နိုင်ငံရေးဦးတည်ချက်
တွေကို နှစ်ဘက်စလုံးက ဆက်ကိုင်စွဲထားပြီး
အချင်းချင်းသွေးထွက်သံယိုမရှိ
ပြန်ပြီးစုစည်းနှိုင်တာကတော့
ဂုဏ်ယူစရာတစ်ခုပါ။
ဘန်ကောက်ရုံးကို
အရင်ကိုမိုးသီးတို့အဖွဲ့က
ရုံးတာဝန်ခံ ချင်းလူမျိုး
ကိုထီးလာတွဲတယ်။ သူက ရိုးရိုး အေးအေးသမား။
အလုပ်ကိုလည်း ကြိုးစားတယ်။
အဖွဲ့ထဲမှာ အထက်ပိုင်းခေါင်းဆောင်တွေရဲ့
လုပ်ဟန် တစ်ချို့ ဇောက်ထိဇောက်ထိုးဖြစ်နေတာလေးတွေ ကို
ကျနော်တို့ ဝေဖန်ရေးလုပ်နေကြတုန်း
ကိုထီး တက်တက်ကြွကြွဆွေးနွေးဝေဖန်မှုတွေ ကို
နဲနဲမျက်စေ့နောက်လာတဲ့ ရဲဘော်ကျော်သူရက
“ဟေ့လူ။ ခင်ဗျားက ရဲဘော်တွေ၊
ရဲဘော်တွေလို့ ခနခနပြောရအောင်
သစ္စာအဓိဌာန်တောင် ခင်ဗျားမှတ်မိလို့လား”
လို့ထချဲတဲ့ပုံနဲ့ နောက်ပြီးမေးတယ်။
ကိုထီးက “ဘာဖြစ်လို့မမှတ်မိရမှာလဲ။
ကျနော်ဆိုပြမယ်။ ကျွန်ုပ်တို့
သည်…” တဲ့။ ကျနော်တို့အားလုံး
ဝါးကနဲသဘောကျသွားတယ်။ တကယ်က
ကျနော်တို့ ကျောင်းသား တပ်မတော်ရဲ့
သစ္စာအဓိဌာန်က “ငါတို့သည်…”
နဲ့စရမှာ။ ကိုထီးက မြို့ပေါ်တာဝန်တွေနဲ့
နှစ်ကြာနေတော့ မေ့နေတာလေ။
ကိုထီးလည်း အမေရိကန်နိုင်ငံမှာတဲ့။
တစ်ခါတော့ ဖုန်းအဆက်အသွယ်
ရလိုက်သေးတယ်။
ကိုယ်ရောက်ကာစကမှတော်သေးတယ်။
ဘန်ကောက်မှာ နောက်ပိုင်းရောက်လာတဲ့
ရဲဘော်တစ်ယောက်ဆို ဘန်ကောက်ကိုရောက်နေပြီ။
သူ့ကိုလာကြိုပါဆိုတော့ ကျနော်တို့လည်း
ခင်ဗျားအခုဘယ်နေရာရောက်နေ
လဲလို့ သူ့ကိုပြန်မေးတယ်။
သူက ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်ပြီး
ဆဲဗင်းအလဲဗင်း 7-11 ရှေ့မှာတဲ့။
အဲဒီ ဆဲဗင်းအလဲဗင်းဆိုတာက
အစားအသောက်နဲ့ ပေါ့ပါးတဲ့လူသုံးကုန်ပစ္စည်းလေးေ တွရောင်းတဲ့
စတိုးဆိုင်လေးတွေ။ နေရာတိုင်းလိုလိုမှာရှိတယ်။
လမ်းတိုင်းလိုလို၊ ရပ်ကွက်တိုင်းလိုလိုမှာရှိနေတာ။
သူ့ကို ဘယ်လို လိုက်ရှာလို့ရတော့မလဲ။
နောက်မှ… အဲဒီအနားဝန်းကျင်က
ဆဲဗင်းအလဲဗင်းကလွဲပြီး တစ်ခြား
ထူးထူးခြားခြား အဆောက်အဦတို့
နေရာတို့ပြောခိုင်းပြီး ခက်ခက်ခဲခဲသွားကြိုပေးခိုင်း ရတယ်။
တစ်ရက် ဘတ်စ်ကား
စီးနေရင်း နောက်ကပါလာတဲ့
အမျိုးသမီးတစ်ယောက်မောင်းတဲ့ကား က
ကိုယ်စီးလာ တဲ့ ဘတ်စ်ကားကိုနောက်က၀င်ဆောင့်တယ်။
ဒုံးကနဲ… ကျွီး.. ကနဲ အားလုံးက
ဘာဖြစ်တာလဲလို့ နောက်လှည့်ကြည့်ကြတယ်။
ဘတ်စ်ကားလည်းရပ်သွားတယ်။
အောက်ဆင်းကြည့်ကြတော့ နောက်ကားက ခေါင်းချိုင့်နေပြီး
မူးဝေနေတဲ့ အမျိုးသမီးက ဒယိန်းဒယိုင်ထွက်လာတယ်။
ပတ်ဝန်းကျင်က ၀ိုင်းကူတဲ့သူတွေ
လည်းရှိတယ်။ ခနနေတော့ ကျနော်လည်း
ဟိုလိုလိုဒီလိုလိုနဲ့ လမ်းလျှောက်ပြီး
လစ်ထွက်ခဲ့တယ်။ တော်နေ ရဲတွေရောက်လာပြီး
မေးနေစမ်းနေတာအရေးမကြီးဘူး။
မျက်မြင်သက်သေလိုက်လုပ်ရရင်
ကိုယ်က ထိုင်း လိုလည်းမတတ်
ဘာမတတ်နဲ့။ ပိုရှုပ်နေဦးမယ်ဆိုပြီးပေါ့။
ကိုယ့်ကားမှပဲ လာဖြစ်ရလားလို့လည်း
စဉ်းစားမိ သေးတယ်။
၁၉၉၇ ခုနှစ်လောက်မှာ
ကိုတိုးက ခင်ဗျား ရုံးထဲမှာချည့်အောင်းမနေနဲ့
အပြင်လေးဘာလေးလဲ ထွက်ဦး
လို့ခေါ်လို့ ခပ်လန့်လန့်နဲ့အပြင်ထွက်ဖြစ်တယ် ။
ရမ်ကမ်ဟမ်တက္ကသိုလ်ရှေ့မှာ
ကားဆိုက်တော့ ကားပေါ်က ဆင်းကြတယ်။
အငယ်လေးက အဲဒီအချိန်က ဘန်ကောက်က
အင်တာနေရှင်နယ်ကျောင်းတစ်ခုမှာ
စီးပွားရေးဘာသာနဲ့ စာသင်နေတာဆိုတော့
သူကထိုင်းစကားလည်း အများကြီးရတယ်။
ထိုင်းကျောင်းသား သမဂ္ဂက ကျောင်းသားတွေကိုလည်းသူသိတယ်။
ကျောင်းရှေ့မှာ ထိုင်းကျောင်းသားကျောင်းသူတွေက
စက္ကူ ပုံးလေးတွေကိုင်ပြီး
လမ်းသွားလမ်းလာတွေကို အလှူခံနေကြတယ်။
အ၀တ်အစားဟောင်းတွေကို လည်း
လူတစ်ချို့လာပြီးလှူနေကြတာတွေ့ ရပြန်တယ်။
ကျနော်မေးကြည့်တော့ မြန်မာနိုင်ငံကရင်ပြည်နယ်ဖက်က
စစ်ပြေးဒုက္ခသည်တွေကို သူတို့ကိုယ်တိုင်သွားလှူမလို့တဲ့ ။
လက်ကိုင်စပီကာလေးနဲ့ ထိုင်းကျောင်းသူ
ကလေးက “ငါတို့အိမ်နီးချင်းနိုင်ငံမှာ
စစ်အစိုးရကြောင့် စစ်ဒဏ်ခံရပြီး
ထွက်ပြေးဒုက္ခရောက်ကြတဲ့ အိမ်နီး
ချင်းနိုင်ငံသားတွေကို ကိုယ်တိုင်သွားပြီးကူညီကြမြှာ ဖစ်ပါတယ်။
ဒါက ကူညီခွင့်ကြုံတုန်း ကူရတာပါ။
သူတို့ အစိုးရမကောင်းလို့
ဒီလိုဖြစ်နေတုန်းအခွင့်ရတုန်းကူ ထားကြ။
ကိုယ့်နိုင်ငံမှာလည်း အဲဒီလိုမကြုံရဘူးလို့
မပြောနှိုင်ဘူး။ အခုဒို့ကူညီထားရင်
နောင်.. ကိုယ့်အလှည့်ရောက်ရင်လည်း
သူတို့ပြန်ကူညီချင်စိတ်ရှိလိမ့်
မယ်။ လှူကြ ပါ။ လှူကြပါ။”
ဘာညာနဲ့ပေါ့။ ကျနော်သူတို့တတွေ
ကိုယ့်လူမျိုးအရေးကို စာနာစိတ်နဲ့
လုပ်နေကြတဲ့သူတို့ကို လေးစားသွားတယ်။
ကျနော်တို့က သူများအကြောင်းထက်
ပဋိပက္ခဖြစ်နေတဲ့ ကိုယ့် အသိုင်းအ၀ိုင်း
အကြောင်းကိုပဲ တောက်လျှောက်ပြောဖြစ်နေကြတဲ့လူေ တွမဟုတ်လား။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
All Burma Students’ Democratic Front (ABSDF) အဖွဲ့အစည်းရဲ့အောက်မှာ
လိုအပ်ချက်အရ အဖွဲ့ငယ်တွေတိုးဖွဲ့ကြတော့
ကျောင်းသားအကူညီပေး ရေးအဖွဲ့
Student Relief Committee (SRC) ဆိုတာကိုလည်း
ထောက်ပံ့ရေး၊ လူမှုဖူလုံရေးနဲ့
အကူအညီ ပေးရေးအတွက် တိုးချဲ့ဖွဲ့စည်းခဲ့တာရှိတယ်။
အဓိကတာဝန်က နိုင်ငံတကာအဖွဲ့အစည်းတွေ၊
အစိုးရမဟုတ် တဲ့အကူအညီပေးအဖွဲ့
NGO တွေနဲ့ တိုက်ရိုက်ဆက်ဆံပြီး
ရဲဘော်တွေရဲ့ စားရေရိက္ခာနဲ့
စောင်၊ ခြင်ထောင်၊ အ၀တ်အစား၊
ဆေးဝါးတို့လို မရှိမဖြစ်လိုအပ်တဲ့အကူအညီတွေကို
လက်ခံပြီး အဖွဲ့ကိုထောက်ပံ့ရတာ။
အဲဒီတုန်းက အဲဒီအဖွဲ့မှာတာဝန်ယူခဲ့တဲ့
ကိုကျော်မိုးရဲ့ SRC ဆောင်ပုဒ်ကလည်း
မှတ်သားစရာ။ ‘Give. Good.’ ‘No give. No good.’
တဲ့။ “ပေးရင် ကောင်း၏… မပေးရင်
မကောင်း” တဲ့ဗျား။
၁၉၉၈ သြဂုတ်လ (၈) ရက်နေ့မှာ
၈၈၈၈ ဆယ်နှစ်မြောက် နှစ်ပါတ်လည်အတွက်
ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြပွဲကိုလည်း
ABSDF အနေနဲ့ စုစည်းလုပ်ဆောင်ခဲ့ကြသေးတယ်။
အဲဒါက ၁၉၈၈ အရေးတော်ပုံကို
အဖြိုခွဲခံခဲ့ရအပြီး ဖွဲ့စည်းခဲ့တဲ့
နယ်စပ်အခြေစိုက် ကျောင်းသားလက်နက်ကိုင်တော်လှန်ေ ရးအဖွဲ့အစည်း
အနေနဲ့ ပထမဆုံးအကြိမ် မြို့ပေါ်ဆန္ဒပြပွဲမှာပြန်ပါလာခဲ့ တာလို့ပြောရရင်
မမှားဘူး။ ဘန်ကောက်မှာ လှုပ်ရှား
နေကြတဲ့ ကျောင်းသားနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊
ထိုင်းကျောင်းသားတွေ၊ ထိုင်းအင်န်ဂျီအို
NGO တွေနဲ့ နီးနီးကပ်ကပ် ပိုပြီး
ဆက်ဆံဖြစ်ခဲ့တယ်။ သံရုံးရှေ့က
ရက်ရှည်ဆန္ဒပြပွဲတစ်ခုလည်း
ဖြစ်ခဲ့တယ်။
0 comments:
Post a Comment