Saturday, August 31, 2013

စစ်ခွေးရေးတဲ့ပန်းချီထဲ ဒုက္ခဘေးတွေဗရုက်သုက္ခ၊ ဆွဲဆုတ်လိုက်ကြတော့ စစ်အနုပညာ

(ပုံရိပ် ၁)
တာဝန်ကြေ စပါးတွေ အခွန်ဆောင်လိုက်ပြီးတဲ့အခါ
စပါးကျီဟာ အခွံပဲ ကျန်ခဲ့ပါသတဲ့
ဝမ်းစာမဲ့ လယ်သမားဟာ ဆွဲယူ ချေးငှား အတိုးလျှောက်စား ပေါင်နှံ
နောက်တမိုးရောက်သွားတော့ သောကတွေပဲဗွက်ပြန်ထ ဒုက္ခတွေပဲရေလျှံကျတယ်။

(ပုံရိပ် ၂)
တနေကုန်အလုပ်ကြမ်းဆင်းမှ အဲဒါကို တနေ့စား တောင်ယာခင်းနေ့စားဟာ
အမေ့ပုံနွမ်း အဆင်းမလှတာကို မတွေ့အား၊ နာခြင်းကိုပါ မေ့ထားပါရဲ့
အဲဒီ ကိုယ်ကာယယန္တယားကြီး အဖျားတက်တဲ့အခါဝယ် ဆေးဖိုးဆေးခ မရှိ
ဘယ်လိုရှာရမှန်းမသိ တအားမျက်နှာငယ် အကြွေးတိုးချေးရမိပြန်ရှာတယ်
သံသရာလည်နေတဲ့ ဒုက္ခသုက္ခဝဲလည်စုပ်ဆွဲ အလုပ်ကလည်း ပြုတ်ရပြန်တယ်။

(ပုံရိပ် ၃)
ဒီလောကမှာ ကိုယ်ထိုင်နင်းနေတဲ့ ဆိုက်ကားကို ကိုယ်မပိုင်ကြဘူး
ဆိုက်ကားစားဦးပြီးမှ ဆိုက်ကားသမားစားရတဲ့ လုပ်အားခကိုမှ
ဝမ်းစာထမင်းအတွက်တဝက်သုံး ခါးနာခြင်းအတွက်တဝက်သုံး
ဘဝက မူလီပြုန်း ကျွတ်ပါး ဘယ်လိုကြောင့်မှ ဂွေခွင်သွားလို့မရတဲ့ ဘီးဟာမှောက်တယ်
ဒီလောကထဲ ကျင်လည်နေတဲ့ ဒီခြေထောက်တွေ ဘယ်လောက် လျှောက်လျှောက် ဘယ်ကိုမှ မရောက်ဘူး။

(ပုံရိပ် ၄)
အလုပ်ထဲမှာ အုပ်ခဲပြားတွေ ကုန်သွားမှာကြောက်ကြတဲ့ ပန်းရံသမတွေဟာ
အထုပ်ထဲမှာ ပြုပ်ခဲထားတဲ့ ဆန်ကျိုးထမင်းတွေ ကုန်သွားမှာလည်းကြောက်တတ်တယ်
တခြားမြေမှာ ဒါတွေက စက်ဝန်ချီအားနဲ့ပြီးတဲ့ကိစ္စ၊ ဒီမှာတော့ သနပ်ခါးပြင် ချွေးစီးဖြတ်တယ်
တနေကုန်ရင် ဗွက်ထူထူ လမ်းတွေပေါ်လျှောက်ပြန် ပင်ပန်းဒဏ်ကို တဲအိုနံရံမှာချိတ်...အိပ်စက်
အိပ်မက်ဆိုးထဲမှာ ဆောက်ခဲ့ဖူးတဲ့ တိုက်မြင့်မြင့်ဖြူဖြူကြီးတွေပေါ် ဝဲပျံပျော်ပါးလျှက်
ကိုယ်ဟာ ကိုယ့်အတွက်တောင်မှ အုပ်တချပ် သဲတပွင့် ဖြစ်ခွင့်မရခဲ့တဲ့ ဗိသုကာတွေ။

(ပုံရိပ် ၅)
သူလိုကိုယ်လို သာမာန်ဘဝတွေရဲ့ ဒီချည်မျှင်နဲ့အထည်စက်ရုံထဲမှာ
ကိုယ်ဖြစ်ချင်တာက ဆက်ပန်းထိုးအကျီတစရဲ့ ဖွဲ့စည်းပုံနဲ့ အတွဲအစပ် အလှအပ
ကိုယ်ဖြစ်နေတာက ယက်ကန်းထိုးသွင်းချည်တစရဲ့ ပျက်စီးကုန်တဲ့ အကွဲအရှ အစအန
ဒီလိုပါ ဘဝကို ပြန်ပြန်ကောက်ရင်း လွန်းတင်းယက်ငင် ဘုံဒုက္ခထဲ အသက်ဝင်ရှင်ပေးထားရ
ငယ်စဉ်က ဆေးသားစပျယ်လွင့် အထည်မဖြစ်သော ကြီးရင့်ခဲ့တဲ့ ပြည်တွင်းဖြစ်ဘဝတွေ။

(ပုံရိပ် ၆)
ကျုပ်မှာက ဆေးပညာရှိတယ် ဆေးဝါးမရှိဘူး
ခင်ဗျားမှာက ရောဂါရှိတယ် ပိုက်ဆံမရှိဘူး
ဆေးရုံမှာက ပြဿနာရှိတယ် ဖြေရှင်းချက်မရှိဘူး
ကဲ ခင်ဗျားရဲ့ ရှင်သန်နိုင်ရည်အား ရှိသလောက် ရှင်နိုင်ပါတယ်
ကျုပ်ရဲ့ သေနေတဲ့အကြင်နာတရားအတွက် ဝမ်းနည်းပါတယ်။

(ပုံရိပ် ၇)
အလုပ် မလုပ်ရတဲ့ သံဃာတော်တွေဟာ အခွန်မပေးရဘူးပေါ့
ဆွမ်းဦးလေးတော့ ဘုန်းတော်မူပါ ဘုရား
ဤသံသရာ ဝတ်ဆင်းရဲမှ လွတ်ကင်းလွဲရပါလို၏
တပည့်တော် တပည့်တော်မတို့ အမြဲတမ်း အငတ်ခံထားသည့် သည်သဒ္ဒါကြောင့်
ဘုရား မ စောင့်မ ရင်နေပါ ငရဲ မကျရောက်ရင် တော်ပြီ။

(ပုံရိပ် ၈)
 သေနတ်ပိုက်ပြီး စစ်မတိုက်ရတဲ့ စစ်သားဟာ အခွန်မပေးရဘူးပေါ့
ပြည်သူ့မသဋာရေစာတော့ အမုန်းခံ လုယူသိမ်းဆောင် ဓါးပြတိုက်ရတယ်
တပ်မတော်မိုက်ကြီးကို ပိုမိုထွားကြိုင်းမိုက်ရိုင်းအောင် ကြံဆောင် ပျိုးထောင်
လူ့အခွင့်အရေးလို့ အော်တဲ့ အဲဒီကောင်တွေကို တစ်ယောက်မကျန် ပစ်သတ်ထား
ဟား ဟား ဟား ကျည်ဆံဆိုတာ အဲဒီကောင့် လုပ်အားခနဲ့ ဝယ်ထားတာ။

(ပုံရိပ် ၉)
၁၀ တန်း တံခါးတွေ အလုံးအရင်း ပွင့်ပြိုလို့ ထွက်လာတယ်
တက္ကသိုလ် တံခါးတွေ လုံးလုံးငြင်းဆို ပိတ်ဆို့လို့ ထားတယ်
ဘယ်သွားရမှန်းမသိတဲ့ ကျောင်းသားလူငယ်ဟာ အရက်ဆိုင်ထဲ ဝဲလည်နေတယ်
ဘာလုပ်ရမှန်းမသိတဲ့ ဘဝပညာရေးဟာ အရက်ဆိုင်ထဲ ပစ်ပုံ လဲနေတယ်
ဘာကြောင့်လဲ လူ့ငယ်ဦးနှောက်နဲ့ စဉ်းစားလိုက်တော့ သူပုန်ဖြစ်တယ်။

(ပုံရိပ် ၁၀)
ငါတို့က လက်ရှိခေါင်းဆောင်တွေပဲ ငါ့တို့ခေတ် ငါ့တို့လက်ထက်မှာ ငါတို့ လုပ်ချင်တာလုပ်သွားမယ်
ငါတို့က အတိုက်အခံပဲ အစိုးရ မှန်မှန် မှားမှား ဘာဖြစ်ဖြစ် ပြောင်းပြန်ပဲ လုပ်ဆောင်သွားရမယ်
ငါတို့က သာမာန်ပြည်သူတွေပဲ ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ခေါင်းလွှဲမျက်ပိတ်နေလိုက်မယ်
ငါတို့လား အဲဒါဟာ မှားနေမှန်းသိတယ် ငါတို့ဘဝကို မထိသေးတော့ ရပ်ကြည့်နေလိုက်မယ်
ငါတို့တိုင်းပြည်လား...မွဲလို့ မဝသေးလို့ ပြည်သူလူထုပိုင် ရှိတာတွေကို ရောင်းစားပစ်ကြမယ်။

အထက်ပါ ပုံရိပ် (၁၀) ခု သည် အောက်ပါ ဝါကျ (၁၀) ခု တို့အား ဆက်ဖြစ်စေ၏
(၁) တိုင်းပြည်ထဲမှာ အလုပ်ကြမ်းဒဏ်ပိတဲ့ ခလေးအဖေတွေ အမြန်သေလျှက် ပျောက်သွားရှာတယ်။
(၂) တိုင်းပြည်ထဲမှာ ရုပ်ကြမ်းသဏ္ဍာန်ရှိတဲ့ ခလေးအမေတွေ ကျန်နေခဲ့ မြောက်များလာတယ်။
(၃) တိုင်းပြည်ထဲမှာ အစားအစာ ရှားပါးနေတဲ့အခါ မွေးလာသူတွေဟာ မဖြစ်သင့်ပဲ မျိုးဆက်လိုက် အရပ်ပုကုန်တယ်။
(၄) တိုင်းပြည်ထဲမှာ အဖျားအနာ များပြားနေတဲ့အခါ ဖျားနာသူတွေဟာ မသေသင့်ပဲ မျိုးဆက်လိုက် အသေမြန်ကုန်တယ်။
(၅) တိုင်းပြည်ထဲမှာ ဘုရားမရှိတဲ့ကျောင်းဆောင်တွေလည်း ခြစားနေတယ် တရားမရှိတဲ့ ခေါင်းဆောင်တွေလည်း ခြစားနေတယ်။
(၆) တိုင်းပြည်ထဲမှာ ဆေးကျောင်းက ဆရာဝန်တွေ မွေးထုတ်ပြီး နိုင်ငံက ဆေးဝါးမထုတ်တော့ နိုင်ငံခြား အငှားလိုက်ကုန်တယ်။
(၇) တိုင်းပြည်ထဲမှာ သံဃာတော်တွေဟာ အပျင်းကြီပြီး တရားဂေါက် ဂေါက်ကာ မျိုးစောင့်ဥပဒေတွေ လျှောက်လုပ်ကုန်တယ်။
(၈) တိုင်းပြည်ထဲမှာ စစ်သားတွေဟာ စစ်မတိုက်ပဲ အပျင်းကြီပြီး အာဏာသုံး အချောင်ရမဲ့ အကွက်တွေကိုပဲ ဂွင်ရှာနေတော့တယ်။
(၉) တိုင်းပြည်ထဲမှာ တိုးတက်တဲ့ ပညာရေးမလုပ်ရတဲ့ လူလေကျောင်းသားက တိုးတက်တဲ့ နိုင်ငံရေးလုပ်တယ် သူပုန်လုပ်တယ်။
(၁၀) တိုင်းပြည်ထဲမှာ အာဏာရထားသူက အာဏာပဲပြတယ် အတိုက်အခံက တိုက်ပဲတိုက်တယ် အလုပ်မလုပ်ပဲ ညာနေကြတယ်။

အထက်ပါတို့သည် စစ်အစိုးရ ပစ်ချချိုးထားရစ်သာ အနှစ်ဆိုး ၂၀ ကျော် မြန်မာပြည်ဖြစ်၍
အောက်ပါတို့သည် အသစ်အစိုးရ ချစ်မြတ်နိုးသွားသင့်သော အကျင့်မျိုး ၁ အနာဂတ် ဖြစ်သည်။

(၁)
ကြီးပွားရေးဖြစ်မဲ့ စီးပွားရေးစနစ်မျိုး ကျန်းမာရေးစစ်တဲ့ ကျန်းမာရေးစနစ်မျိုး
ဒီနိုင်ငံ ဒီလူမျိုးအတွက် အစချပျိုးပါ တည်ဆောက်ပါ
ဒီနိုင်ငံ ဒီလူမျိုးရဲ့ ဘဝကဆိုးတာ ဒီလောက်မှာပဲ ရပ်ပစ်ပေးပါ
ချစ်နိုင်ငံကြီးခွေးဖြစ်ခဲ့တဲ့ စစ်နိုင်င်ငံရေးစနစ်ကြီးရဲ့ အသုဘမှာ
လူ့ဘဝသစ်တခု စမယ် (တည်တည်ကြည်ကြည်) (မှန်မှန်ကန်ကန်) (စိမ်းစိမ်းလန်းလန်း) (ငြိမ်းငြိမ်းချမ်းချမ်း)
အရမ်းလိုအပ်လာရင်
ပြည်သူ့ရဟန်းတို့ သင်္ကန်းချွတ် အလုပ်လုပ်ကြမှာလား ပြည်သူ့စစ်သားတို့ ယူနီဖောင်းချွတ်
အလုပ်လုပ်ကြမှာလား
တရားသဖြင့်။   ။

သုအိုင်စံ
၃၁-၀၈-၂၀၁၃

အပြည့်အစုံသို့...

Wednesday, August 28, 2013

ရေငုတ်သဘာင်္များ နှင့် သမုဒ္ဒရာ

ရေငုတ်သဘာင်္တစ်စီးရဲ့ ဝမ်းဗိုက်ထဲကနေ
သမုဒ္ဒရာတစင်းရဲ့ ဝမ်းဗိုက်ထဲကို ကြည့်လိုက်တာ
ဟာ...ငမန်းသိုက်ကြီးပြေးနေတာကို (( မြင်နေရတယ်))
သူတို့ ကိုက်၏ မကိုက်၏ ဆိုတာ မသေချာတဲ့ အချက်
သူတို့ ကိုက်တယ် ကိုက်မယ် ဆိုတာ ထင်လိုက်တဲ့ အချက်
သူတို့ ကိုက်ချင်တယ် မကိုက်ချင်ဘူး ဆိုတာ မသိနိုင်တဲ့ အချက်
သြော်...
ငါးမန်းတွေဟာ ရေကူးမှ မသင်ယူခဲ့ပဲ
ငါးမန်းတွေဟာ ရေမှမငတ်ခဲ့ဖူးပဲ
ငါးမန်းတွေဟာ ရေမှ မနစ်ဖူးပဲ
((လေထဲက မျက်လုံးက မြင်တယ်))

သမုဒ္ဒရာတစ်စင်းရဲ့ ဝမ်းဗိုက်ထဲကနေ
ရေငုတ်သဘာင်္တစ်စီးရဲ့ဝမ်းဗိုက်ထဲကို ကြည့်လိုက်တာ
ဟာ...လေမုန်တိုင်းကြီးတိုက်နေတာကို ((မမြင်ရဘူး))
သဘောင်္သားတွေ သေကြေပျက်စီးသွားကြမလား ဆိုတာ မသေချာတဲ့ အချက်
သဘောင်္သားတွေ ထွက်ပြေးလွတ်မြောက်နိုင်မယ် ဆိုတာ ထင်လိုက်တဲ့ အချက်
သဘောင်္သားတွေ ဆက်နေထိုင်ချင်ကြသလား ဆိုတာ မသိနိုင်တဲ့ အချက်
သြော်...
ဒီလူတွေဟာ အောက်ဆီဂျင်ရှူတာမှ မသင်ယူခဲ့ပဲ
ဒီလူတွေဟာ အောက်ဆီဂျင်မှ မငတ်ခဲ့ဖူးပဲ
ဒီလူတွေဟာ လေမှမလွင့်ဖူးပဲ
((ရေထဲက မျက်လုံးက မမြင်ဘူး))

လေကြမ်းလို့ ရေခမ်းသွားတဲ့ ဒဿနဟာ
ဘီယာတခွက်ထဲမှာ သိပ်ပြီးမှန်ကန်နေတာ
သမုဒ္ဒရာက လေ့လာတွေ့ထားပေမဲ့ အဲဒါကို မေ့ထားတယ်

မိုးလုံလေလုံ အားကစားကွင်းထဲမှာ
ရေထိုးလို့ လေကျိုးသွားတဲ့ သီအိုရီဟာ
ရေငုတ်သဘောင်္အတွက် ရီစရာပါပဲ သူက ပေါက်ကွဲရဲတယ်လေ

လူဆိုတာ ရေငုတ်သဘောင်္ပါ
ရေငုတ်ရတယ်
ရေငုတ်သဘောင်္ရဲ့ သဘာဝအစစ်တရားက ရေပေါ်လျှပ်မသွားရဘူး
ရေငုတ်သဘောင်္ဟာ လေနဲ့လုပ်ထားတော့ ရေနက်နက်ထဲကိုလည်း သွားမရပြန်ဘူး
လူတို့ သိထား မြင်ထားတဲ့ လောကတရားဟာ
((ငါးမန်းသိုက်လောက် သေးသေးလေး ရတနာပုံပါ အဲဒါတောင် ကိုက်/မကိုက် မသေချာဘူး))
လူတို့ ပတ်သက်ထားရတဲ့ ရေအောက်ကမ္ဘာဟာ ကျယ်ဝန်းတယ်၊ နက်နဲတယ်၊ ရှုပ်ထွေးတယ်၊
လူ့စိတ်နဲ့ တွေးသိနိုင်တာထက်ကို ပိုတယ်
လူတစ်ယောက်သေသလို ရေငုတ်သဘောင်္တစ်စီး ပေါက်ကွဲပျက်စီးသွားတာက အရေးမကြီးပါဘူး
((သမုဒ္ဒရာကနေကြည့်လည်း မမြင်ရဘူးလေ))
လေကြမ်းလို့ ရေခမ်းသွားတဲ့ ဒဿနဟာ
ဟောဒီ သမုဒ္ဒရာခွက်ကြီးထဲမှာ လာမှန်ကန်မဲ့ တနေ့နေ့ဟာ ပြဿနာ
အချိန်ဟာ သွား/လာနေတာ သေချာနေတော့ကာ
လူတို့ တွေ့ထားတယ် မေ့ထားတယ် ဆိုတဲ့ အဓိပ္ပါယ်စစ်တရားတွေဟာ ဘာများ စောက်ရေးပါလို့လဲကွာ

ရေငုတ်သဘောင်္ဆိုတာ
စူပါပါဝါနိုင်ငံတွေရဲ့ နယူးကလီးယားဗုံးတွေကို
ခန္ဒာကိုယ်ထဲ ထည့်သိမ်းထားရတဲ့ ယာဉ်ပဲ
((သိပ်ကြောက်စရာကောင်းတဲ့ သိပ်ရွံစရာကောင်းတဲ့ လူတွေပေါ့ကွာ))။   ။

သုအိုင်စံ
၂၇-၀၈-၂၀၁၃

အပြည့်အစုံသို့...

Saturday, August 24, 2013

အမှောင်နက်နက်ထဲမှာ ဘုရားသခင်ဟာ ခွေကနဲ ခွေးသေ ဝက်သေ သေသွားသည်...ငရဲတံခါးကြီး ပွင့်ခဲ့ပြီဟေ့။

ရှေ့ဆုံးစာမျက်နှာ၏ ပထမဆုံးဝါကျ မတိုင်မှီက ဘုရားသခင်သည် အတော်လေး စိတ်ကောင်းဝင်နေခဲ့တာ ဖြစ်နေနိုင်သလို၊ ဖခင်နှင့်မိခင်တို့ရဲ့ စေးပျစ်ရှည်လျှားသော အနမ်းများစွာထဲ၌ သပ်ရပ်ချစ်ဖွယ်ကောင်းသော လူပြုလုပ်ရေး ရည်ရွယ်ချက်ကောင်းလေး တခုခု ရှိနေနိုင်သလို၊ နှစ်မျိုးစလုံးလည်း လုံးဝ မဖြစ်နိုင်သည့်၊ ကျနော်သည် ဘယ်သူက စ ရေးခဲ့မှန်းမသိသော အမည်မဲ့ စာအုပ်လေးတစ်အုပ်သာ ဖြစ်ပါသည်။

စစခြင်းပင် စဉ်းစားလို့မရခဲ့သည်မှာ အူဝဲလို့ ကျနော် အော်ဟစ်ပြီး ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်သောအခါ ဝလုံးတလုံးဟာ ကျနော့် ဦးနှောက်နှင့် ဝင်တိုက်မိ၍ ထိုမှ ဆက်ပြီး (ကကြီး၊ ခခွေး၊ ဂငယ်၊)တို့ ဆက်တိုက်ဝင်လာကာ (၁ ၂ ၃ ၄) တို့ကိုပါထပ်ထည့်ပေါင်း၍ (နာမ်၊ နာမ်စား၊ တြိယာ) စသော စကားလုံးများ တည်ထောင်ရခြင်းသည် ဘဝအစပိုင်းဟုဆိုပါလျှင်၊ ကျနော့်စာအုပ်၏ ဟိုမှာဘက်အပိုင်းတွင် ဘာဝါကျ စာသားများမှ မရှိနိုင်ဟု ယူဆနိုင်ဖွယ်ရာရှိသော်လည်း၊ ၄င်းမှာ မှားယွင်းတွေးဆချက်တခုသာဖြစ်ကြောင်း တနည်းနည်းနှင့် ဘလိုင်းကြီး လက်ခံလိုက်ရပြီးနောက်၊ ကျနော့်စာအုပ်၏ ဟိုး အရှေ့ဘက်မှာ ဘယ်လိုဝါကျတွေကို ဘယ်လိုရေးထားမှန်းမသိရ၊ ဘယ်သူက ဘယ်ကစရေးခဲ့မှန်း မသိရသော ကျနော့်စာအုပ်ထဲက ဝါကျတို့ကို ကျနော်က ကြားဖြတ်ပြီး ဆက်လက်ရေးသားရချိန်တွင် (ကြားလား၊ ကြားလား)၊ (လိုက်ဆို၊လိုက်ဆို)၊ (ဟုတ်ကဲ့၊ ဟုတ်ကဲ့)၊ဟု အစရှိသော စကားလုံးတို့သည် ကျနော့် သိမှုအခန်းငယ်တွေထဲ ဗိုင်းရပ်တစ်ကောင်လို အတင်းတိုးဝင်ကာ ကျနော့် ဦးနှောက်ကို လက်ကကိုင်၍ ရေးစေခိုင်းခြင်းအား ကျနော့်မှာ မငြယ်းပယ်နိုင်စွာ သဘောထားမဲ့ လိုက်လံရေးသားဖွဲ့ဆိုလာခဲ့ရရာမှ ကျနော်သည် စာမျက်နှာသက်တမ်းလေး အနည်းငယ်ရ၍လာကာ သူငယ်တန်းကဗျာလိုလို ကလေးကာရန်များကို ကျောင်းဝန်းထဲ မုန့်ဝယ်စားသလို ဝါကျအထာယဉ်ပါးလာကာ လူ့အဓိပ္ပါယ်ကို ဘာမှန်းမသိ ညာမှန်းမသိပဲ၊ မှန်သလိုလိုရှိသော ကာရန်သံများ နားထဲစွဲကာ ကိုယ်မပိုင်သော လူ့ဘဝကို ကိုယ်ပိုင်သလိုလို လုပ်လာကာ စာပါးဝဟန်နဲ့ သူငယ်တန်းစာရေးဆရာ အလုပ်ကို လုပ်ချင်သလိုလို မလုပ်ချင်သလိုလို အလိုလို လုပ်လာနေမိခဲ့တော့သည်မှာ သေရာပါ မီးလျှံဝဋ်ကျွေးတခုရဲ့ ယမ်းမီးချစ်ဆံငယ်လေလား၊ ချိုမြိန်သော အမှားအယွင်းမြစ်တခုရဲ့ ရေစိမ့်စမ်းအိုင်လေးလေလား၊ လူလေးကား မစဉ်းစားတတ်ခဲ့ပေမဲ့ ကျနော်သည် လူမူလတန်းအောင်ခဲ့ရချေပြီ။

လူစကားလုံးများ ဖြစ်သော (နာမ်၊နာမ်စား၊တြိယာ)တို့အား စနစ်ကျသော လူ့ညီမျှခြင်းတခုအတွင်းသို့ အတင်းဖိ ထိုးသွင်းလိုက်သောအခါ (ကတ္တား+ကံ+တြိယာ=ဝါကျ) စသော အနည်းငယ် အဆင်မြင့်လာသည့် လူ့ရေးလူ့ရာတို့အား ပတ်သက်ဖွဲ့နွဲ့လာရသောအခါ (လူသည် ရှိ/ရှိနှင့်ပြီးသော အမှန်အမှားတို့အား လိုက်နာပါမည်။) (လူသည် အသင့်ပြင်/ပြင်ထားသော အဆိပ်ရေတို့အား သောက်သုံးပါသည်။) စသော အနည်းငယ် ပိုရှည်လျှားလာသော ဝါကျတို့ကို စာအုပ်ထဲ၌ ခဲတံသုံး၍ စာရွက်ပေါ်တွင် ရေးသားလာရသောအခါ အစပြုခြင်းတို့ရဲ့သဘောသဘာဝ ဖြစ်သော အမှားအယွင်းများကို ထိန်းချုပ်ရန် ခဲတံတွင် ခဲဖျက်ကို တွဲစပ်ထည့် တီထွင်ပေးထားခဲ့သော်လည်း အရာရာတို့၏သီအိုရီအရ ခဲဖျက်တွေသာ မြန်မြန်ကုန်သွားကြကာ ကျနော့် စာအုပ်ထဲမှာ ဘဝအရေခွံပေါ်မှ ဆေးအပ်နှင့်မချုပ်သီနိုင်သော ဒဏ်ရာတို့အား ဒီအတိုင်းပစ်ထားရပြီး အနာကျက်စေခဲ့ရပါများသော အမာရွတ်တို့သည် စနစ်မကျ မလှပစွာ စွန်းထင်းလာခြင်းတို့အား မရှင်းထုတ်နိုင်အားပဲ လူသည် နေ့စဉ်ရှူသွင်းနေရသော အဆိပ်ခဲကို အချိန်မှီ အစာချေနိုင်ရန် ကြိုးပမ်းရင်း (ငြင်းပယ်ခြင်းမဲ့လေရသော) ဝဋ်ဒုက္ခတို့ကို နမ်းရှိုက်ကာ၊ ဝါကျတွေ တသိုက်ပြီးတသိုက် တည်ဆောက်လိုက်ပါမျောလွင့် ကူးခပ်လာရင်း ထိုမှတဆင့် စာပိုဒ်တွေ တပိုဒ်ပြီး တပိုဒ်ကို ကူးပြောင်းယူကာ ဦးခေါင်းပူလာသော (ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာများသည် ဘဝမှာ ခါးသည်။) ဟူသော စာသားများ၏ အဓိပ္ပါယ်အနက်ကို ခက်ဆစ်ဖွင့်ဆိုလာတတ်သော တိုးတက်သော လူ့ရေးလူ့ရာများ၏ လုပ်ဆောင်ချက်များမှာ (အဖြေတခု၊ မေးခွန်း ၁၀ခု)နှုန်းနဲ့ ပြဿနာပေါ်ပြဿနာ ထပ်ဆင့်တက်ခဲ့ရသော လူ့အတွေးအခေါ် ပုစ္ဆာများသာ ကျနော်၏ စာအုပ်ထဲမှာ တဝဲလည်လည် ဖောင်းပွပေါများလာကာ ကိုယ့်နှုပ်ခမ်းမွှေးကို ကိုယ်တိုင် မရိပ်ဖြစ်ခဲ့တော့သလိုပဲ၊ အမျိုးသားပန်းခြံထဲက ပန်းပင်တို့အားလည်း ငယ်ငယ်ကလို ရေသွားမလောင်းဖြစ်တော့ခဲ့ပေမဲ့လည်း ကျနော်ဟာ လူဘဝအလယ်တန်းကို ရမှတ်၄၀ကျော်နဲ့ ကပ်အောင်လာကာ၊ စာအုပ်ထဲက စာမျက်နှာအချို့ကို ဆွဲဖြဲပြီး အထက်တန်းကျောင်းသားအဆင့် ရည်းစားစာတို့ကို လက္ဘက်ရည် အလကားသောက်ရ၍ အငှားရေးပေးလာနေမိလေတော့သည်။

ဘဝရဲ့ အထက်တန်းမှာ လူတခုရဲ့ဆယ်တန်းအောင်မှတ်ဟာ ဘယ်လောက် အရေးပါကြောင်း ခပ်ချောချာ ခပ်လှလှ ခပ်ဝဝ ဆရာမတို့၏ ပါးစပ်ဖြားတွင် အာဘောင်အာရင်းသန်သန် အရသာခံ ပြောတတ်သော အလေ့အကျင့်များကို  ကူးစက်ရောဂါရနေသော ကျောင်းသူတစ်ဦးသည် မိမိ ရည်းစားဖြစ်လာသောအခါ၊ ကျနော့် ကိုယ် ကျနော် လူတစ်ယောက်အဖြစ်မှ အသွင်ပြောင်းကာ အဆင့်ဆင့်တွက်ရတဲ့ သချာင်္အကွက်ဇယားလိုလို၊ စာအံချိန်တွေ ပိုထိုးထည့်ထားတဲ့ စာကြည့် အချိန်ဇယားလိုလို ပြန်မြင်လာခဲ့ရာမှ၊ လူ့ပညာရေးအဖြစ်ကို အံ့သြကာ ကျောင်းပြေးတတ်၊ ဆေးခြောက်ရှူတတ်လာသော ကျနော်သည် ကျောင်းပြေးစဉ် လူမဲ့သော အရပ်တို့၌ စာကို လူသံနဲ့မတူအောင် အသံထွက် ကြိုးစားလေ့ကျက်တတ်လာခဲ့ပြီး ဆရာမချပေး၍ဖြစ်စေ မေးခွန်းထဲမှာ ဖော်ပြပါဝင်နေ၍ဖြစ်စေ ဖြေဆိုရသော စာစီစာကုံးတို့ရဲ့ လူ့ခေါင်းစဉ်ဟာ လူ့အတွေးအခါ် နိမ့်ပါးလှသည်ဟု ယူဆကာ လုံးဝမဖြေဆိုပဲ ကျနော့်စာအုပ်ထဲက စာမျက်နှာတွေကို ကြကိခြေခတ်ပစ်ကာ ကိုယ့် အတွေး ခံစားချက် လှိုင်းတို လှိုင်းရှည်တွေမှာ လာလာ ငြိနေသည့် ဝတ္ထုတိုတွေကို ရေးဖွဲ့လာတတ်သည့် အကျင့်ရလာပါများသောအခါ၊ ကျနော့်ကိုယ် ကျနော် ကျောင်းစာသင်ခန်းထဲမှာ ရှာမတွေ့ရတတ်တော့ပဲ၊ ကျောင်းလောကစာကြည်တိုက်ထောင့်ထဲက ချောင်တချောင်ရဲ့ စားပွဲတခုခုပေါ်မှာ ခေါင်းစိုက်ငိုက်လွဲကာ ကျနော့်စာအုပ်ထဲ တစုံတရာကို ရေးချထည့်နေသလိုလို၊ အကြောင်းအရာတခုခုကို နှလုံးတိုက်အလွတ်ကျက်ယူနေသလိုလို၊ ဒီလိုပဲ အခါခါ၊ မနက်ခင်းမှာ ကော်ဖီသောက်လိုက်၊ ညနေခင်းမှာ အရက်ဆိုင်ရောက်လိုက် လူ့ပညာရေးအထက်တန်းမြစ်ကို ဒေါင်လိုက်ကြီး စိတ်ပျက်လက်ပျက် လက်ပစ်ကူးနေလိုက်တဲ့အခါ ကျနော့်စာအုပ်ထဲကစာတွေဟာ ကျနော့်ဦးနှောက်ထဲက အတွေးတွေလို ဖျားနာလာခဲ့ပေမဲ့ စာကြည့်တိုက်ဘက်သို့ ကျနော် အသွားအလာ မပျက်ခဲ့သောအကျိုးအမှုများကြောင့် အရပ်သား စာဂျပိုးတွေကစောင့်ကြည့်ရင်း အသိအမှတ်ပြုခြင်းအလို့ငှာ (ဘဝရဲ့ ဘာစာတွေ ရေးဖွဲ့ခဲ့ပြီးပြီလဲဟေ့၊ ဘဝရဲ့ ဘာကဗျာတွေ ရေးဖွဲ့ခဲ့ပြီးပြီလဲ ဟေ့) ဟု တွေ့တွေ့တိုင်းမေးလေ့ရှိသော လူ့မင်္ဂလာတရားတို့အား (သင်တို့ ပြောချင်ရာ ပြောကြားဖို့ ကျွန်ုပ်တို့ မှာ နားတစ်စုံ မရှိပါ) ဟု ပြန်ဖြေကြားတတ်လာတဲ့ အခါ ကျနော်ဟာ စာကြည့်တိုက်ထဲက စာအုပ်တအုပ်အဖြစ် တရားဝင်ခဲ့သော်လည်း၊ ဘာစာအုပ်နဲ့မှလည်း တွဲမထိုင်၊ မပတ်သက်သော ခပ်ကြောင်ကြောင် ခပ်ရူးရူးကဗျာစာအုပ်တအုပ်အဖြစ် သင်းခွဲ နေထိုင် ဥပေက္ခာပြုထားရတာ မလွယ်ကူလှသောလူစာအုပ် သိပ်မထူတထူကို လူတချို့က ကွမ်းယာထုပ်ချင်ကြ၍ လူတချို့က မစင်သုပ် သန့်စင်ချင်ကြသည့် သဘောထားတို့အား ကျနော့်ကား စာမျက်နှာတွေ တရွက်ပြီးတရွက် ဆွဲဆုတ်ပြ၍ ဟားတိုက်ပျက်ရယ်ပြု လှောင်ပြောင်ခဲ့ရာ သညာရွေးပွဲတခု၏ လူအထက်တန်းလွှာကို အပြင် စာမေးပွဲ ၂ ခု ဖြေဆိုပြီးအောင်ခဲ့တဲ့ နှစ်က အများဆုံး ဂုဏ်ထူးထားရတဲ့ဆုတွေကို သွားမယူပဲ ငြင်းပယ်ကာ အားလုံး အကုန်ရူးခဲ့ကြတဲ့ တက္ကသိုလ်ထဲကို သူလိုကိုယ်လိုပဲ သာမန်ဝေဖဲတချပ်လို ရောက်လာခဲ့ပြီးတော့ ဒီလူ့ဘဝဆိုတာ ဘွဲ့တခု မဟုတ်မှန်း ကြိုသိနေလည်း ကိုယ့် အလင်းဟာ နေကဲ့သို့ မကြီးမြတ် မလင်းထင်းနိုင်ခဲ့လေတော့ လူရဲ့စောက်ကြီးစောက်ကျယ်တွေ စောက်ရေးစောက်ရာတွေကို ဝေးဝေးနှင်ထုတ်ကာ၊ ကျနော့် ရင်ခွင်ဆီမှာ အုပ်ဂူဖြူလေးတည်ဆောက်ထားလိုက်တာ လူကြိုက်များလျှက် ပျော်ကြတဲ့ကျောင်းတော်ရဲ့သုသာန်မှာ လူမိုက်တရားနဲ့ကျနော့်ဘဝရဲ့အလောင်းတော်ကို ဘယ်တော့မှ မမြှုပ်နှံနိုင်လို့ပဲပေါ့၊ ဒီ လူဝဲကတော့ထဲက၊ ဒီ မူခွဲထွက်ထားတဲ့ရေလို ကျနော် ရမ်းလျှောက်နေချင်လို့၊ ကျနော်ခမ်းခြောက်သေချင်လို့၊ ကောင်းကင်ထပ်ကို ခေါင်းတင်ချရင်း၊ ကိုယ့်ငှက် ဠင်းတရေ...ချက်ချင်း သုတ်ချီပါတော့လား။

လူ့ကျောင်းခန်းတခုထဲကဘွဲ့ဟာ
သူ့အလောင်းသူထမ်းပြီးထွက်လာစဉ်
တခါမှ တရားမဝင်ခဲ့တဲ့ အမှန်တရားတွေဟာ
ထာဝရကားစင်ထက်မှာ ပြန်နားသေခဲ့တာပဲ
တရားစွာ ခွဲထွက်ဖို့ကြိုးစားတဲ့ လူ့ပြည်နယ်လေးတခုအား
အားသာ ရက်စက်တဲ့ လူ့ပြည်ထောင်စုကြီးက ဝင်တိုက်တဲ့စစ်ပွဲ
ဘုရားသခင် ဘက်လိုက်ထားတဲ့ ချိန်ခွင်လျှာတဖက်စောင်းအားတို့နဲ့
အလိမ်ပညာကျောင်းသားတို့နဲ့ ဝေးလွင့်တဲ့လမ်းမှာ
ဆေးပစ်လျှက် ကျနော့်ဘဝလက်ကျန် ဝမ်းစာရှာနေဆဲမှာ
တရားအရှင်မည်တဲ့ ဘုရားသခင် ဒီ ရဲဆိုးက အသက်ရန်ရှာ လာဖမ်းတဲ့အခါ
ကျနော်ဟာ စာအုပ်ကိုအသာဆွဲတုတ် ဓါးလုပ်ရင်း
သူ့ ဗိုက်သားထဲ တစိုက်အားမြုပ်သွင်း လိုက်မိတယ်
လွန်တာရှိရင် ဝန်တာမိပါ ငမိုက်သား၊ လူ့ဇတ်ညွှန်းကိုရေးစပ်တဲ့ကောင်
တောက်...အခု ဇတ်ညွှန်းကိုပေးဖတ်စမ်း ဟေ့ရောင်
လူဘဝစာအုပ်များရဲ့ ကိုယ်မမြင်ထားတဲ့ တဖက်က ဝါကျပြတ်စာသားတွေဟာ
သူပြဿနာလုပ်ထားလျှက် ကြိုဆင်ထားတဲ့ ကြွက်ကျ အာဏာပြထားချက်
မတရားဆင်တဲ့ရက်စက်မှုသွေးကြွေးတွေ
ဘုရားသခင်ရဲ့ အသက်တခုနဲ့ ပေး ပေးချေထားလှည့်
ငရဲလားမဲ့ ကောင်းကင်ဘုံအလောင်းကြီးကို
ကျနော်ကိုယ်တိုင် ဓါး မောင်းပြီး လိုက်ပို့ခဲ့ပါတယ်
ခံထားခဲ့ရတဲ့ လူ့ဝဋ်ကောင်များညီကြ
ဟောဒီ လူ့ဘုံတွင် ဘယ်ဘူရားသခင်မှ မတည်ရှိစေရ...
ဤဥပဒေရပ်၊
အခုကစ တည်မြဲစမ်းလေ၊...ကမ္ဘာအလီလီ ငရဲပန်းတွေ....
ဝေဆာလို့
သို့...ခေတ်လွန်သမ္မာကျမ်းစာထဲက ဘုရားသခင်ကိုသတ်တဲ့ စာရေးသူမာဃများ
လူစာပေကို ငရဲဘာသာစကားနဲ့ပဲ ရေးသားဖွဲ့နွဲ့ကြ
အမှောင်ဟာ ဒဿန ဖြစ်တယ်။   ။

သုအိုင်စံ
၂၄-၀၈-၂၀၁၃

အပြည့်အစုံသို့...

ဗလာကား

လူ့အမှိုက်ဆိုတဲ့ ရောင်စုံမှုတ်ဆေးဗူးတွေကို
ကျောပိုးပြီး
ကောင်းကင်ကို ကျနော် ထိုးပျံတက်ခဲ့တယ်။

ကောင်းကင်
ဒီမျက်နှာပြင်ဟာ
တခါတခါ အပြာရင့်ရင့်
တခါတခါ မဲနက်မှောင်
တခါတခါ ငွေတိမ်တောင်ကျယ်
ဒြပ်မဲ့ပင်လယ်ပဲ။

ဒီဘဝအဓိပ္ပါယ်ဆိုတဲ့ မျက်နှာပြင်ဟာ
ကိုင်ကြည့်ရင် မထိဘူး
ထိုင်ကြည့်ရင် မရှိဘူး
ငေးကြည့်ရင် မြင်နိုင်တယ်
တွေးကြည့်ရင် ထင်နိုင်တယ်
ဒီမျက်နှာပြင်ပေါ်မှာ
ကျနော်ဟာ လူ့အဓိပ္ပါယ်ပုံတူ မှုတ်ဆေးပန်းချီ ဆွဲမယ်လေ။

ကျနော့်ကျောပိုးအိပ်ထဲက
လူ့အမှိုက်ဆိုတဲ့ ရောင်စုံဗူးတွေထဲမှာ
လူ့အကြိုက်အားလုံးပါတယ်
ဒုစရိုက်အားလုံးပါတယ်
လူ့စရိုက်အားလုံးပါတယ်
လူ့လောကအကောင်း အကုန်ပါတယ်
လူ့လောကအကြောင်း အစုံပါတယ်
လူ့လောကအဆိုး အကုန်ပါတယ်
လူ့လောက မျိုးစုံပါတယ်
တခုခုရဲ့ အားလုံးပါတယ်
အားလုံးရဲ့ တခုခုပါတယ်
လူ့သမိုင်း အပြည့်အစုံဟာ
သူ့အတိုင်း အပြည့် အကုန်ပါတယ်။

ဆေးဗူးတွေ တဗူးပြီးတဗူးဖွင့်
လူအဖြစ်ဆုံး အရောင်တွေ ညှစ်ဖြန်းတယ်
လူအစစ်ပုံစံ အရောင်တွေ ညှစ်ဖြန်းတယ်
မရှိတဲ့ မျက်နှာပြင်ဟာ တုန်ခါရွေ့လျှားနေတယ်
မရှိတဲ့ မျက်နှာပြင်ဟာ တည်ငြိမ်ကျောက်ချနေတယ်
ဆေးဗူးတွေ တဗူးပြီးတဗူးဖွင့်
တဘဝလုံး ဆက်ကူး ညှစ်ဖြန်း ပုံဆွဲပါတယ်
ဘာပုံ ဘာအရောင်မှလည်း ပေါ်မလာဘူး။

ခင်ဗျားဟာ
ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ
ပုံရိပ်အရောင် တခုတခု မြင်ရတဲ့အခါ ဖြစ်ဖြစ်
ပုံရိပ်အရောင် တခုခုမှ မမြင်ရတဲ့အခါ ဖြစ်ဖြစ်
အဲဒါဟာ လူ့အဓိပ္ပါယ်စစ်စစ်ရဲ့ ပုံတူပဲ
ခင်ဗျား နားလည်သလိုပဲ ဖြစ်နေတယ်။

ကျနော်ဟာ ဘုရားသခင်ပါ
ကိုယ်ရေးတဲ့ပန်းချီကို ကိုယ်တိုင်နားမလည်ရှာခဲ့ဘူး
မှုတ်ဆေးဗူးတွေမကုန်မချင်း
အပြင်းအထန်  ဆေးမှုတ် ညှစ် ဖြန်း ဆွဲနေလိုက်တာ
လူဆိုတဲ့ အမှိုက်ပုံးဟာ
ယူလို့ နှိုက်သုံးလို့မှ မကုန်တဲ့ ဆေးရောင်တွေပါ
ဘာမှလည်း မမြင်ခဲ့ရပြီလား...ထာဝရပန်းချီကားဟာ
ကြည့်...အဲဒီ ကောင်းကင်မှာ။   ။

သုအိုင်စံ
၂၄-၀၈-၂၀၁၃

အပြည့်အစုံသို့...

ကဗျာဟာ ၆၆%နဲ့ ၁၀၀ ဖြစ်နေခဲ့ ထူးထူးခြားခြား

တခုခုရဲ့ အတွေးများက ထုနဲ့ထည်နဲ့ အားပြင်းတယ်
တခုခုအတွက် အရေးအသားတခုရဲ့ နယ်က တအားကျဉ်းတယ်

အတွေးအားက ထွက်ပြေးခဲ့ စကြဝဠာကျယ်သည့် အညွှန်းအတိုင်း သွားရောက်ခဲ့
အရေးအသားက အထွက်နှေးလျှက် တသက်စာကဗျာနယ်၏ အဝန်းအဝိုင်းအား ဖောက်မထွက်ရဲ
ကဗျာမှိုင်းထဲ နစ်သေကြ
ကဗျာတိုင်းပဲ ဖြစ်နေရတယ်။

အတွေးမကောင်းတဲ့ ကဗျာဟာ
ဈေးမကောင်းတဲ့ ဖာလိုပါပဲ
စာကိုဖတ်ချင်သူ ရှားပြီး
တဏှာဗိုလ်ကျချင်သူ များတယ်
ဤသို့နှယ်...
ကဗျာအကောင်းတွေဟာ
ဖာအကောင်းလို ရှားခဲ့ရှာတယ်...။

ရသကို ဝတ်ပြီး ဒဿနပဲ ချွတ်ချွတ်
ဒဿနကို ချွတ်ပြီး ရသပဲ ဝတ်ဝတ်
ကဗျာရဲ့ ဗလဟာ အကွပ်အနားမဲ့ ရှင်းလင်းရင်ခွင်လို ကြွက်သားဟိန်းထနေလည်း
ကဗျာရဲ့ အစဟာ အဝတ်အစားမဲ့ ဟင်းလင်းလွင်ပြင်လို မြက်များယိမ်းကနေလည်း
ကဗျာဟာ
စကားလုံး စာသားတွေ
အားသုံး ရှာထားပေတဲ့ နိဗ္ဗာန်ဘုံပဲ
ဒါဟာ
တွေးဆချက်တွေကို
ထွေးထပ်ထည့်ထားတဲ့ တရိစ္ဆာန်ရုံ မဟုတ်ဘူး
စိတ်အတွင်းတွေးဆချက်ကို
အရိပ်နင်း ရေးစပ်ဖွဲ့ဆိုမဲ့ စကားလုံးတွေဟာ
အားလုံးသော ဘာသာစကားတွေမှာ ချို့တဲ့ အရေးအသားလို ရှားပါး
အဲဒီချို့ငဲ့အရေးအသားရဲ့အားများနဲ့အာနိသင်ကို ဆက်စည်းခြုံလျှက် ရေးဖွဲ့ပြီးရတဲ့ ကဗျာတိုင်းမှာ
ကဗျာ၏ ပင်ကိုယ် ဖွဲ့စည်းပုံနဲ့ သွေးလှည့်စီးပုံမှာ တသံ သံဟာ အမြဲလိုနေခဲ့မယ်
ဘယ်တော့မှ မရှိခဲ့တဲ့ အဲဒီအသံဟာ ဘာကီးနဲ့မှ ညှိလို့မရဘူးပေါ့
ဒါပေမဲ့ အတွေးထူးပြီးကြည့်ရုံသက်သက်နဲ့တော့ အနှစ်နဲ့ပုံသဏ္ဍာန်တူကို ကြားမြင်နိုင်ပေရဲ့...
ဒီ..စိတ်အတွေးလှိုင်းရဲ့ပုံတူဟာ ကဗျာတိုင်းထဲမှာ ပါးပါးလေးပဲ ပါလာခဲ့တော့တယ်။    ။

သုအိုင်စံ
၂၄-၀၈-၂၀၁၃

အပြည့်အစုံသို့...

Thursday, August 15, 2013

မီးပြတ်နေတဲ့ နဂါးငွေ့တန်းများ

ဗိုလ်ချုပ်အဆင့် ရာထူးပြုတ်သွားသည့်  ရဲဘော် စိတ်အားငယ်သလို
နဂိုအလုပ်နှင့် သာယာဖူးသည့် လူ့ အဓိပ္ပါယ်များကို ဘာမှ မလုပ်ကိုင်ချင်တော့ဘူး
ကိုယ်တိုင်စားမဲ့ အသက်ရှူထမင်းဗူးလေးတောင် မချက်တတ်တဲ့ခေါင်းဆောင်သည်
ဤဘဝမှာ လူကောင်းသူကောင်းနဲ့ တူအောင် ပြုလုပ်ရ ပြုနေရခက်ပြီ
စုချည်ထားတဲ့ ရယ်သံတွေကို နားမထောင်ပေမဲ့၊ နံဘေးနားမှာ
တအားဟောင်နေတဲ့ခွေးများနဲ့ စစ်သင်တန်းမှာ အတူတက်ခဲ့ရစဉ်
အသစ် ရွှင်လန်းစွာ လူနှင့်တူရေးအတွက်၊ သူ့အမြင်နဲ့
ထူပြစ်ဆူထွေးတဲ့ လူ့ဘဝင်ကို ငှက်ဖျားဆေး အတင်းပေး ကုသတိုက်ခဲ့
အဆင်းပြေး အနှေးဆု ရလိုက်တဲ့ မာရသွန် ခြေအစုံဟာ
နေအကုန်မှာ အိပ်တန်းတက်စရာမရှိတဲ့ မဟာရွှေငှက်မျိုးဂျစ်ပစီတွေရဲ့
ကြာရှည်ပျက်သိုး ညစ်ညှီနေတဲ့ လေဝတ်ရုံလွှာ ယူနီဖောင်းကိုထုတ်ခါ
လူသည်ခေါင်းကိုကုတ်ကာ၊ အတွေးအခေါ်အပုတ်အသိုးကိုပဲ ညစာလုပ်ရင်း အသာ ဆေးလိပ်ဖွာနေလျှက်
ဘယ်အလုပ်မျိုးမဆိုလည်း လစာထုတ်ပျင်းစွာ မေးအိပ်လာပေမဲ့ မျက်တွင်းသားချိုင့်နက် ဟောက်ပက်အိပ်ပျက်
အသက်ခင်းထားလိုက်တဲ့ ဂယောက်ဂယက်စိတ်ရဲ့ ချည်တိုင်များကို
စ တုန်းမှာ အခြေခိုင်သွားအောင် စိုက်ပျိုးတော့ ချက်ချင်းခိုင်မာရန်  အတူတည့်စွာ ဖွဲ့စည်းအား မဲ့တယ်
ဘဝအဆုံးဟာ ခွေယိုင်သွားအောင် ရိုက်ချိုးတော့ ပျက်ယွင်းယိုင်လာရန် အကူမဲ့စွာ ပျက်စီးသွားခဲ့တယ်
နေ့ဘဝဟာ နေဦးခေါင်းအရှိန်အဟုန် တိုးထွက်ရတော့ အပြေးသွက်လန်းဆန်းတောက်ပ တစ်ကောင်တစ်ခုရဲ့အားနဲ့ချီ
နေ့အလှဟာ နေကူးပြောင်းအချိန်ကုန် ကျိုးပျက်ကျတော့ သွေးပျက်ခမ်းနွမ်းခြောက်ရ အမှောင်ထုရဲ့အားသွက်ပြီ
ထိုထို ဤဤ ရသရဲ့ အရေးအသား တောင့်တင်းကြွယ်ဝသော မူလအဖွဲ့အနွဲ့စကားဟာ ငါတို့မပိုင်ခဲ့ဘူး
ထိုထို ဤဤ ဒဿနရဲ့ အတွေးအား ဖြောင့်စင်းသွယ်လျသော ယူဆအတွက်အချက်များမှာ ငါတို့မခိုင်ခဲ့ဘူး
ထိုထို ဤဤ အနတ္တရဲ့ အမေးများကြောင့် ငြင်းပယ်ချသော အတူတကွအချက်အလက်များစွာ ငါတို့မနိုင်ခဲ့ဘူး
အနှေးထွက်မရတဲ့ ငါတို့ပြိုင်ခဲ့ဖူးသော နေ့မှာတော့ အလင်းကွယ်စွာ ထာဝရဆန်ဆန် နောက်ဆုံးဆုနဲ့ ဘိတ်ရှုံးထွက်
ပြေးတက်မရတဲ့ ငါတို့ပြိုင်ခဲ့ဖူးသော ညမှာတော့ အမှောင်မဲ့စွာ မကြာခဏမှန်မှန် ပျောက်ဆုံးမှုနဲ့ ဆိတ်သုန်းခဲ့
အတိတ်သုံးထားတဲ့ အနာဂတ်ယာဉ်ဟာ အကြမ်းမောင်းထားတဲ့ အချိန်တခုရဲ့ ပြေးနှုန်းယိုင် ဆောင့်အားနဲ့
ဆိတ်သုန်းသွားမဲ့ ကမ္ဘာပတ်စဉ်မှာ လမ်းကြောင်းမှားတဲ့ အရှိန်တစ်ခုနဲ့ အဝေးဆုံးတိုင် ရောက်သွားတဲ့ ဆွဲအားဟာ
တရွေ့ရွေ့ မှိန်--မှိန် စွာ ကွဲ--ကွဲသွားကာနေတဲ့ သုံညတို့ရဲ့ ငရဲဆိုက် သီအိုရီပဲ
တကွေ့ကွေ့ တိမ်--တိမ် ကာ နဲ--နဲသွားရှာလေတဲ့ အမှန်အစတို့ရဲ့ အတွဲလိုက် မယ်လိုဒီလို တိတ်ဆိတ်သံသာ
ကြိတ်မှိတ်ခံလာရလေသော ဒီဘဝရှိ ပျော်ကျအသံဝင်သွားတဲ့ ပြီးဆုံးသွားမှုများရဲ့ နောက်ကျန်ကွေ့များဟာ
ဖိတ်--ဖိတ်လျှံကာကျနေသော ဂီတ၏ မတော်တဆသံစဉ်များရဲ့ တီးလုံးများပြုစားတဲ့ ရောက်ရန်နေ့များစွာအထိ
လူ့ ရင်ဗလာရှိ အော်ငတ် ကခုန်ကာ ကျူးရင့်နေတဲ့ ဝိညာဉ်ဟာ ပေါက်ကွဲပွင့်ထွက်တယ်
အနုပညာ၏ မှော်နတ်တုန်ခါပူးလွင့်လျှက် အသိအမြင်ဟာ ချောက်ထဲနစ်လျှက်မျောပြီ--တစ်ခုတစ်စတို့စီ
တစ်ယောက်တည်းဖြစ်ခဲ့သော ဤ လူ့ဘဝတို့သည်..............။    ။

သုအိုင်စံ
၁၅-၀၈-၂၀၁၃

အပြည့်အစုံသို့...

စစ်နှင့်ပဋိပက္ခများ

လွန်ခဲ့သော တချိန်ချိန်က
ဘော်လုံးပွဲကို စခဲ့ကြတယ်
အကြိတ်အနယ် ကန်ကြတယ်
ပထမပိုင်းပြီးလို့ တခါ ပြန်စတယ်
သူနိုင်ကိုယ်နိုင် ဆက်ကန်ကြတယ်
ကွင်းလယ်ဒိုင်ကို ဘောလုံးမှန်တယ်
အရှိုက်ကိုထိတော့ ချက်ချင်းသေတယ်
ဒိုင် မရှိတော့ ပွဲကို ရပ်လို့ မရတော့ဘူး
ကမ္ဘာကြီးမှာ ငါတို့ ဆက်ကန်နေကြဆဲ
(မိုက်မိုက်မဲမဲ) ဂိုးမရှိ၊ ပွဲမပြီး
ဘုရားသေဟာ အခုထိ မီးမသဂြိုလ်ရသေးဘူး။   ။

သုအိုင်စံ
၁၅-၀၈-၂၀၁၃

အပြည့်အစုံသို့...

Sunday, August 11, 2013

မြန်မာပြည်လို့ အသံထွက်ကြည့်ရင် ဒီအသံ ရလား

တိုင်းပြည်ကို ၁၄ ပုံ မက ခုတ်ဖဲ့ ပုံတယ်
အနှစ် ၆၀ ကျော်ကြာ ခုတ်ဖဲ့ ပုံတယ်
ကြည့်လေ....
လုံးလုံး ပုံ မပျက်ပေမဲ့ လုံးဝ ပုံ မကောင်းတော့ဘူး
အရူးရောဂါကို ရေရှည် အမြစ်ချ မွေးမြူတယ်
မွေးသမျှလူကို အရောင်မျိုးစုံ တံဆိပ်ရိုက်တယ်
ဖားအံနားကကောင် ကရင် ဖြစ်စမ်း
တောင်ကြီးနားကကောင် ရှမ်း ဖြစ်စမ်း
ရေးနားကကောင် မွန် ဖြစ်စမ်း
ဟားခါးနားကကောင် ချင်း ဖြစ်စမ်း
မြစ်ကြီးနားနားကကောင် ကချင် ဖြစ်စမ်း
စစ်တွေနားကကောင် ရခိုင် ဖြစ်စမ်း
နေစမ်းပါဦး...
လူတွေဆိုတာ အလေ့ကျပေါက်ပင် မဟုတ်ဘူးလား
လူတွေကို ဖျားယောင်းသင်ပို့ချပြီး နွားကျောင်းချင်လို့ရမလား
ကိုယ်ခန္ဓာထဲမှာ သွေး ၄မျိုးနဲ့ ကောင်က ဘာဖြစ်ရမလဲ
ဟော...ဘာသာကြီး ၄ ရပ်က အရပ် ၄ မျက်နှာမှာ မင်းမူလို့
ကဲ...သာသာမဲ့သူတို့ကို ဘယ်သုသာန်မှာ သွားမြှုပ်နှံရမလဲ
မြန်မာပြည်ဆိုတာ လူအများ နာလည်ထားတဲ့ နိုင်ငံအမည် မဟုတ်တော့ဘူးလား
မြန်မာပြည်သားဆိုတာ လူအများ လက်ခံထားတဲ့ လူမျိုး မဟုတ်တော့ဘူးလား
ဒိထက်ပိုပြီး ဘာတွေကို ဘယ်လို ဖြည့်စွက် ပြည့်ဝပေးရဦးမှာလဲ
တောင်ပတ်လည်ဝိုင်းနေတဲ့ သြစတေးလျကလွဲရင် ဘယ်ကျွန်းမှ တိုက် မဖြစ်ခဲ့ပါ
မပီသတဲ့ အသံမျှင်ဟာ ဂီတရဲ့သံစဉ် မဟုတ်မှန်း နားတွေ ပိုသိတယ်
စာသားတွေ ပိုသိတယ်၊ လူသားတွေ ပိုသိတယ်၊ ကမ္ဘာသူ/သားတွေ ပိုသိတယ်၊
မြန်မာပြည်ဆိုတာ မြန်မာလို အတိုကောက် လုံးဝ ရေးလို့မရတဲ့ တိုင်းပြည်ပဲ
အဆုံးအစ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် ခွဲခြားရေးလို့ မဖြစ်တဲ့ ပြည်ထောင်စုပဲ
မြန်မာပြည်လို့ပဲ အသံမှန်မှန်တင်း မာန်ထန်ထန်သွင်း ရွတ်ဆိုသင့်တိုင်းပြည်ပဲ
ဒီရင်ခွင်မှာပဲ အသံအားလှိုင်း ကြည်သာပီသတဲ့ လူ့ အဓိပ္ပါယ်အစစ်ကို
ဒီရင်ပြင်မှာပဲ အမှန်တရားတိုင်း ညီညာညီမျှတဲ့ သူ့ အဓိပ္ပါယ်ဖွင့်ဆိုကြတာ
မြန်မာပြည်ဆိုတာ မင်္ဂလာပါလို့ ပြောတတ်အောင်သင်ယူရရဲ့
မသင်ချင်တဲ့သူကလည်း ထွက်ခွာခွင့်ကိုင်ပြီး အပြီးထွက်ခွာသွားနိုင်တာပဲ ဟေ့လူရာ
ပျူစာနဲ့ ရေးသားတဲ့ အချစ်ဘွဲ့ဒဿန ဧချင်း တစ်ပုဒ်ဟာ
လူတကာအတွက် ရေးထားတဲ့ စစ်ထွက်အညတြတေးသီချင်းမှ မဟုတ်ပဲ
ပျူစာပေနဲ့ ပျူအုပ်ချုပ်ရေးနည်းလမ်းစဉ်ရပ်ဟာ
လူတကာအတွက် သူထုတ်လုပ်ပေးပြီး လမ်းထွင်ပြတာမှာ မဟုတ်ပဲ
ပျူများနဲ့ ပျူယဉ်ကျေးမှုတွေဟာ ပျက်စီးပေးခဲ့တာပဲ ရာဇဝင်ထဲမှာ
လူသားနဲ့ လူယဉ်ကျေးမှုတွေဟာ ဆက်ပြီးပြေးထွက်ခွာမြဲ ကမ္ဘာရင်ထဲမှာ
လူ့အခွင့်အရေးဆိုတာ သူ့ဝဋ်ကြွေးနဲ့ သူလာတာပဲ၊ သူ့ အပြစ်ဘေးနဲ့ သူပါတာပဲ၊
သူ့ အချိန်အခါနဲ့သူဖြစ်တာပဲ၊ သူ့ အရှိန်အဝါနဲ့ သူပွင့်တာပဲ၊ သူ့ကျိန်စာနဲ့ သူသင့်တာပဲ
ဖဲခိုးရိုက်တဲ့ကောင်ဟာ လူတိုင်း ဖြစ်နေတဲ့အခါ တရားဥပဒေဟာ သေတာပဲ
တရားတယ်ထင်ရင်လည်း ဒီတိုင်းပြည်လေးကို ၁၄ ပုံမက ခုတ်ပိုင်း ပုံ ကြည့်ပါ
ခင်ဗျားသချိုင်းကုန်းတောင် ခင်ဗျားမှာ မရှိတော့ဘူး တွေ့တယ်မဟုတ်လား
ဒီတိုင်းပြည်ဟာ တစ်ယောက်တစ်ပန်းကန် လုယက်စားရမဲ့အလှူအိမ်မှ မဟုတ်တာ
ဒီနိုင်ငံဆိုတာ တစ်ဖွဲ့လုံးတစ်အိုးထဲ အတူစားရမဲ့ တစ်နပ်တည်းသောရိက္ခာပါ
ဒါကတော့ ဘုန်းကြီးကျောင်းအတွက်ပဲ၊ ဒါကတော့ စစ်တပ်အတွက်ပဲ၊
ခေါင်းစဉ်တွေတပ်၊ ခွဲ၊ ခွဲခြားမနေပါနဲ့
အဲဒီ နှစ်လွှာစလုံးပဲ ပြည်သူ့ဆန်ကို မျှဝေ စားကြတာချင်း အတူတူ
လှပတဲ့လူအစစ် ဖြစ်ရန် မျှတတဲ့လူအကျင့်ကို ကျင့်ကြံပါ
၁ ခိုင် ၁၄ ပွင့် ဆိုတာဟာ အဖြေမှန် မဖြစ်နိုင်ပေဘူး
၁၄ ပွင့် ၁ ခိုင် ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်
ဒီ အမိမြေဖဲဝိုင်းထဲ ဆက်ထိုင်နေချင်သေးတယ် ဆိုရင်တော့
အားလုံးပဲ ကိုယ် ခိုးထားတဲ့ ဖဲချပ်တွေကို အခု ပစ်တင်လိုက်ကြစမ်းပါ
မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ဗမာ၊ ရခိုင်၊ ချင်း၊ စသော ပြည်တွင်းဖြစ် မှန်သမျှ
ဘုံပိုင်အနာဂတ်ကို အကုန်တေ့ဆိုင် တွဲဖက်လျှက် စိုက်ပျိုးဖူးဝေပွင့်ကြဖို့
ခွဲထွက်တဲ့ ၁ ခုံ ၁၄ ပုံ ဝါဒကို ရိုက်ချိုးတူးချေပစ်ကြစို့
ပြည်တွင်းဖြစ်တို့ သွေးမှန်သမျှ ရဲမက်နီစွေးမြဲ တွဲလက်ညီကြေးပဲပေါ့
ပြီးတော့ဗျာ...
ဧည့်သည်တွေဟာ ဧည့်သည်တွေလိုနေစမ်းပါ တိုင်းပြည်ဟာ သူ့တာဝန်သူ ထမ်းနေပါတယ်။   ။

သုအိုင်စံ
၁၁-၀၈-၂၀၁၃

အပြည့်အစုံသို့...

Monday, August 5, 2013

ဆုံဆည်းရာစာပေမှ ပထမဆုံး ထုတ်ဝေတဲ့ စာအုပ် ၃ အုပ်


အပြည့်အစုံသို့...

Sunday, August 4, 2013

၈၈မိုင်ရှုခင်း



၈၈မိုင်ရှုခင်း

 မြင်ကွင်းကို
နတ်သံနဲ့ ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းနဲ့စဖွင့်တယ်
မြင်ကွင်းက
လက်ဖျံရိုးထဲက ဖောက်ထွက်လာတဲ့
လောက်တကောင်နဲ့စဖွင့်တယ်
မြင်ကွင်းက
မင်းနန္ဒာကြိမ်လုံးသံကြားရင်
ချစ်သူ့ရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီဦးခိုက်ဖို့အရောက်သွားတဲ့
ငမိုးရိပ်ရဲ့သစ္စာစောင့်သိမှုနဲ့စဖွင့်တယ်
၈၈မိုင်ရှုခင်းမှာ
ခံစစ်ကုန်းတွေတလုံးပြီးတလုံး အပေါင်ဆုံးလို့
၈၈မိုင်ရှုခင်းမှာ
နာယကပလ္လင်ထက်
အောင်နက်တောင် နတ်လမ်းဂွေ့ခ်ျနဲ့ဟောင်လို့
၈၈မိုင်ရှုခင်းမှာ ကွင်းပြင်ထဲ ငြိမ်းချမ်းရေးလင်းတတွေဝဲလို့
၈၈မိုင်ရှုခင်းမှာ
ကျီးကန်းတအုပ်
ခွေးသေကောင်ပုပ်ကို ရေစုန်မှာဖောင်လုပ်စီးလို့
၈၈မိုင်ရှုခင်းမှာ
ရန်သူကဝါရှင်တန်ဒီစီအထိတက်သိမ်းထားပြီး
သူရဲကောင်းတွေက ကမ္ဘာလှည့်လို့
သူတော်ကောင်းတွေက ရွှေတိဂုံဘုရားဖူးထွက်လို့
၈၈မိုင်ရှုခင်းမှာ
တောင်ကွယ်နေစွယ်ချိန်
တိမ်အိုတိမ်မင်းတွေ လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့
ဂျော့ဆိုးရောစ်နဲ့သားများကုမဏ္ဍီမှာ
သုမနကျောကအရေပြားကို တလက်မချင်းလှီးဖြတ်
ဆယ်လီဗျစ်တီတွေကလက်မှတ်ထိုးရောင်းလို့
ဆိုင်းသံဗုံသံတွေအောက်မှာ
အတိတ်ကို လူသတ်အလောင်းဖျောက်လို့
ပစ္စုပ္ဗန်ငရဲပျက်ကို တိတ်တိတ်ပုန်းကိုယ်ဝန်ဖျက်လို့
အနာဂတ်ကို လက်ပြန်ကြိုးတုပ် အနောက်မုခ်ကထုတ်လို့
၈၈မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
ဖက်ဆစ်တော်လှန်ရေးသမားတွေကနေ
ဖက်ဆစ်တပ်မတော်ကြီး အများပြည်သူသဘောမတူ
အမိန့်အာဏာဟူသမျှဖီဆန်ကြကနေ မီးလောင်ဗုံးမဟုတ်ဘူး မီးခုံးဗုံး
၈၈မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့ မျှော်ရလှချည်လား
ညောင်ရမ်းမင်းမှသည် ဒေါ်အောင်ဆန်းစုကြည်
မျှော်ရလှချည်လား ရေနန်းယာဉ်သာသင်္ဘော
ပြီးတော့
စကြာဝတေးဘုရင်ရဲ့ဗုံးကြဲလေယာဉ်
မျှော်ရလှချည်လား ၁၉၉၀မှသည် ၂၀၁၅
မျှော်ရလှချည်လား
စုတ်ဖြဲထားတဲ့ လက်ထပ်စာချုပ်တစောင်လို
ကျကွဲသွားတဲ့ထွေးခံတလုံးလို
အစိတ်စိတ်အမွှာမွှာ
၈၈မိုင်ရှုခင်းရဲ့
အနာတရမြေပုံကို တစချင်းဆက်စပ်ကြည့်မိတော့
သမိုင်းပါမက ပထဝီပါကွေးလို့ . . . .. ။ ။

သစ်ကောင်းအိမ် (၃။ သြဂတ်စ်။ ၂၀၁၃)

အပြည့်အစုံသို့...

Saturday, August 3, 2013

သူ့သက်တမ်းက ၂၅၊ သူ့ရဲ့လမ်းက ဆက်သွားနေတယ်။

ပုံမှန်ရဲ့ အသက် အားဖြင့်တော့
ပုန်ကန်တဲ့ နှစ်ဆယ့် ငါး နှစ်ပေါ့လေ.....
ပုန်ကန်မှု တန်ဖိုးအားဖြင့်တော့
အကုန်ပြန်စု ပြန်ကြိုးစားသင့်မလား လို့
ခင်ဗျားတို့...ကျုပ်တို့...သူတို့...အားလုံးသို့....။

--------------------------------------------

သူ့သမိုင်းစဉ် တော်လဲကကွက်နဲ့
သူ့အတိုင်းပင် ချော်လဲကျခဲ့တဲ့နိုင်ငံ။

တစ်ယောက်နဲ့တစ်ယောက် မခေါ်ပဲထထွက်ခဲ့
တစ်ယောက်နဲ့တစ်ယောက် အဖော်တွဲထချခဲ့တဲ့နိုင်ငံ။

အတူတွဲဖက်နေရမဲ့ နိုင်ငံပိုင် တစ်ခုထဲ အတွင်းက
မတူခွဲထွက်လေကြတဲ့ နိုင်ငံပြိုင်လုပွဲ ကျင်းပတဲ့နိုင်ငံ။

သခင်၊မဟာ ရန်/ငါ များနဲ့ အတိအကျ စိုးမိုးပိုင်စံလာ
အစဉ်အလာ မြန်မာများရဲ့ အမိအဖ မျိုးရိုးနိုင်ငံမှာ။

ကြီးပွားရေးအတွက် အားကိုးရတဲ့ အလုပ်သမားတွေ
စီးပွားရေးပျက် ခါးကျိုးကျလျှက် အလုပ်ရှားလေသောအခါ။

အလုပ်အကြမ်းဆုံး လယ်သမားတွေ လယ်ပိုင်တွေ
လုပ်ငန်းသုံး ထယ်သွားတွေ မဝယ်နိုင်လေသောအခါ။

အာဏာရ လာဘ်စား အစိုးရ အုပ်ချုပ်ရေးဘက်အရာရှိများ
မကြာခဏနား အစိုးမရ အလုပ်ပြုတ်ရေးလက္ခဏာ ရှိသောအခါ။

လူ့ပြဿနာ တရားရေးဌာနဆိုင်ရာများဟာ
ဥပသကာ အများကျွေးလာသမျှ ထိုင်ကာစားလာသောအခါ။

ငမွဲဇတ်များရိုက်တဲ့ ရုပ်ရှင်ကားထဲ
ရဲတပ်သားတစ်သိုက် အလုပ်ဝင်သွားတဲ့အခါ။

အခြေခံ ကျန်းမာရေးနဲ့ သူနာပြု ဆရာမတွေ
အဖြေမှန် ဝမ်းစာရေးနဲ့ ပူဆာမှု ကွာဟနေတဲ့အခါ။

မိမိ အလုပ် မပြုတ်ရေး နည်းလမ်းများနဲ့ အကွက်ရှာ
ရှိသည့် အုပ်ချုပ်ရေး စည်းကမ်းများ ပျက်လာတဲ့အခါ။

ရေ/လေ/ကြည်း တပ်တွင်းထဲက စစ်သည်တွေ ဘဝ
တေလေပြီး ဘဝဆင်းရဲကျ အဆင့်မမှီကြတဲ့အခါ။

တစ်လခဟာ တစ်လမစားလိုက်ရ ကုန်ခမ်းငတ်နွမ်း စုတ်ပြုတ်
ဘဝတကာ ခဏအငှားလိုက်ကြ ကုန်ထမ်းကျဘမ်း လုပ်ရတဲ့အခါ။

နှစ်စဉ် စပါးထွက်တာ မစွံပေ တကယ်အကောင်းမရသော်လည်း
နှစ်စဉ် အများအတွက် တာဝန်ကြေ ဝယ်ရောင်းချရလေသောအခါ။

ကျောင်းဆရာရဲ့ ကျူရှင်များ တိုးချဲ့ ပညာရေး အယောင်ပြထားလျှက်
ကျောင်းမှာထက် လူအင်အား တိုးတက် ဝင်လာရေး အချောင်ပြစားတဲ့အခါ။

ဆိုးဆိုးဝါးဝါး ခိုးထုတ်သွားတဲ့ ဘိန်းဆေးသမားကို ဖွင့်ပေးလျှက်
ရိုးရိုးသားသား ခိုးလုပ်စားသော မိန်းခလေးများကို စစ်ဆေးတဲ့အခါ။

အပြစ်ပေး တရားမှန်နဲ့အမှုတွေ ရှားပါးလာပြီး
အကျင့်ဆွေး အမှားဥာဏ်နက် ဥပဒေ ပွားများလာတဲ့အခါ။

လူထုရဲ့စိတ်မှာ ပုန်ကန်မုန်တိုင်းမျိုးပွင့်ကြွေကျ
မူတစ်ခုနဲ့အတိတ်ဟာ စုန်ဆန်သမိုင်းဆိုးသင့်နေရတဲ့အခါ။

တိုက်ရဲတဲ့တိုင်းပြည်မှာ မိစ္ဆာအရိုင်းတံပိုးနင့်နေကြ
တိုက်ပွဲလက်တိုင်းညီညာ စိတ်နာလှိုင်းတန်ခိုးသင့်လေကြတဲ့အခါ။

ဇုံရပ်အလီလီမှာ
ဆုံကြအချီချီခါ။

ညီညာစွာစည်းလုံးထား
ချီလာပါခရီးအဆုံးသွား။

ထက်မြက်သော မဟာမာန်စွမ်းအားများကိုစိုက်ပျိုးလျှက်
ရက်စက်သော အာဏာရန်ယန္တယားများကိုရိုက်ချိုးဖျက်။

ခိုင်ခံ့တဲ့ မျိုးဆက်အသစ်ရဲ့ဆက်တိုက် ကတိပြုလာမှုအစစ်နဲ့
နိုင်ငံ့ရဲ့အကျိုးဆက်အစစ်ကို ပနက်ရိုက် ဗိသုကာထုဆစ်လျှက်။

သွေးစည်းလုံးသော ဒီမိုကရကစီ နိုင်ငံတော်သစ်တည်ကာ
အရေးကြီးဆုံးသော ဒီမိုကရက်တစ် မြန်မာပြည်မှာ။

ဒီကဗျာကို ပြီးခဲ့တဲ့နှစ်က ရေးခဲ့ပါသည်
ဒီကဗျာကို ဒီနှစ်မှာလည်း ရေးဖွဲ့ပါသည်
ဒီကဗျာကို နောင်နှစ်မှာလည်း ရေးနေပါမည်။

ဤကမ္ဘာဂြိုလ်က
မတရားဗိုလ်ကျ မမှန်ကန်တဲ့ အမိုက်အမဲတွေ ရှိနေသမျှ
တရားအလိုအရ တန်ပြန်တဲ့ တိုက်ပွဲတွေ ရှိနေရမှာဖြစ်ပြီး
တစ်နှစ်ပြီး တစ်နှစ် မြှင့်လို့
တစ်ဆင့်ပြီးတစ်ဆင့် သစ်လို့
တော်လှန်လို့ လျှောက်ကြတဲ့ ကမ္ဘာဆီ
ကျနော်တို့ ရောက်ရမဲ့ မြန်မာပြည်သစ်ဟာ။

ဤသစ္စာတည်သူများ ကျန်းမာရှေ့ဆောင် ဇွဲသန်မာစေသား
ဤမေတ္တာကြည်ဖြူအား လန်းဖြာတွေ့အောင် မြဲမြံစေသား
ဤခေတ်မှာပြည်သူများ ချမ်းသာ၍ အောင်ပွဲခံစေသား။

--------------------------------------------------------

ပုံမှန်ရဲ့ အသက် အားဖြင့်တော့
ပုန်ကန်တဲ့ နှစ်ဆယ့် ငါး နှစ်ပေါ့လေ.....
ပုန်ကန်မှု တန်ဖိုးအားဖြင့်တော့
အကုန်ပြန်စု ပြန်ကြိုးစားသင့်မလား လို့
ခင်ဗျားတို့...ကျုပ်တို့...သူတို့...အားလုံးသို့....။   ။

သုအိုင်စံ
၀၃-၀၈-၂၀၁၃

အပြည့်အစုံသို့...