Saturday, August 24, 2013

အမှောင်နက်နက်ထဲမှာ ဘုရားသခင်ဟာ ခွေကနဲ ခွေးသေ ဝက်သေ သေသွားသည်...ငရဲတံခါးကြီး ပွင့်ခဲ့ပြီဟေ့။

ရှေ့ဆုံးစာမျက်နှာ၏ ပထမဆုံးဝါကျ မတိုင်မှီက ဘုရားသခင်သည် အတော်လေး စိတ်ကောင်းဝင်နေခဲ့တာ ဖြစ်နေနိုင်သလို၊ ဖခင်နှင့်မိခင်တို့ရဲ့ စေးပျစ်ရှည်လျှားသော အနမ်းများစွာထဲ၌ သပ်ရပ်ချစ်ဖွယ်ကောင်းသော လူပြုလုပ်ရေး ရည်ရွယ်ချက်ကောင်းလေး တခုခု ရှိနေနိုင်သလို၊ နှစ်မျိုးစလုံးလည်း လုံးဝ မဖြစ်နိုင်သည့်၊ ကျနော်သည် ဘယ်သူက စ ရေးခဲ့မှန်းမသိသော အမည်မဲ့ စာအုပ်လေးတစ်အုပ်သာ ဖြစ်ပါသည်။

စစခြင်းပင် စဉ်းစားလို့မရခဲ့သည်မှာ အူဝဲလို့ ကျနော် အော်ဟစ်ပြီး ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်သောအခါ ဝလုံးတလုံးဟာ ကျနော့် ဦးနှောက်နှင့် ဝင်တိုက်မိ၍ ထိုမှ ဆက်ပြီး (ကကြီး၊ ခခွေး၊ ဂငယ်၊)တို့ ဆက်တိုက်ဝင်လာကာ (၁ ၂ ၃ ၄) တို့ကိုပါထပ်ထည့်ပေါင်း၍ (နာမ်၊ နာမ်စား၊ တြိယာ) စသော စကားလုံးများ တည်ထောင်ရခြင်းသည် ဘဝအစပိုင်းဟုဆိုပါလျှင်၊ ကျနော့်စာအုပ်၏ ဟိုမှာဘက်အပိုင်းတွင် ဘာဝါကျ စာသားများမှ မရှိနိုင်ဟု ယူဆနိုင်ဖွယ်ရာရှိသော်လည်း၊ ၄င်းမှာ မှားယွင်းတွေးဆချက်တခုသာဖြစ်ကြောင်း တနည်းနည်းနှင့် ဘလိုင်းကြီး လက်ခံလိုက်ရပြီးနောက်၊ ကျနော့်စာအုပ်၏ ဟိုး အရှေ့ဘက်မှာ ဘယ်လိုဝါကျတွေကို ဘယ်လိုရေးထားမှန်းမသိရ၊ ဘယ်သူက ဘယ်ကစရေးခဲ့မှန်း မသိရသော ကျနော့်စာအုပ်ထဲက ဝါကျတို့ကို ကျနော်က ကြားဖြတ်ပြီး ဆက်လက်ရေးသားရချိန်တွင် (ကြားလား၊ ကြားလား)၊ (လိုက်ဆို၊လိုက်ဆို)၊ (ဟုတ်ကဲ့၊ ဟုတ်ကဲ့)၊ဟု အစရှိသော စကားလုံးတို့သည် ကျနော့် သိမှုအခန်းငယ်တွေထဲ ဗိုင်းရပ်တစ်ကောင်လို အတင်းတိုးဝင်ကာ ကျနော့် ဦးနှောက်ကို လက်ကကိုင်၍ ရေးစေခိုင်းခြင်းအား ကျနော့်မှာ မငြယ်းပယ်နိုင်စွာ သဘောထားမဲ့ လိုက်လံရေးသားဖွဲ့ဆိုလာခဲ့ရရာမှ ကျနော်သည် စာမျက်နှာသက်တမ်းလေး အနည်းငယ်ရ၍လာကာ သူငယ်တန်းကဗျာလိုလို ကလေးကာရန်များကို ကျောင်းဝန်းထဲ မုန့်ဝယ်စားသလို ဝါကျအထာယဉ်ပါးလာကာ လူ့အဓိပ္ပါယ်ကို ဘာမှန်းမသိ ညာမှန်းမသိပဲ၊ မှန်သလိုလိုရှိသော ကာရန်သံများ နားထဲစွဲကာ ကိုယ်မပိုင်သော လူ့ဘဝကို ကိုယ်ပိုင်သလိုလို လုပ်လာကာ စာပါးဝဟန်နဲ့ သူငယ်တန်းစာရေးဆရာ အလုပ်ကို လုပ်ချင်သလိုလို မလုပ်ချင်သလိုလို အလိုလို လုပ်လာနေမိခဲ့တော့သည်မှာ သေရာပါ မီးလျှံဝဋ်ကျွေးတခုရဲ့ ယမ်းမီးချစ်ဆံငယ်လေလား၊ ချိုမြိန်သော အမှားအယွင်းမြစ်တခုရဲ့ ရေစိမ့်စမ်းအိုင်လေးလေလား၊ လူလေးကား မစဉ်းစားတတ်ခဲ့ပေမဲ့ ကျနော်သည် လူမူလတန်းအောင်ခဲ့ရချေပြီ။

လူစကားလုံးများ ဖြစ်သော (နာမ်၊နာမ်စား၊တြိယာ)တို့အား စနစ်ကျသော လူ့ညီမျှခြင်းတခုအတွင်းသို့ အတင်းဖိ ထိုးသွင်းလိုက်သောအခါ (ကတ္တား+ကံ+တြိယာ=ဝါကျ) စသော အနည်းငယ် အဆင်မြင့်လာသည့် လူ့ရေးလူ့ရာတို့အား ပတ်သက်ဖွဲ့နွဲ့လာရသောအခါ (လူသည် ရှိ/ရှိနှင့်ပြီးသော အမှန်အမှားတို့အား လိုက်နာပါမည်။) (လူသည် အသင့်ပြင်/ပြင်ထားသော အဆိပ်ရေတို့အား သောက်သုံးပါသည်။) စသော အနည်းငယ် ပိုရှည်လျှားလာသော ဝါကျတို့ကို စာအုပ်ထဲ၌ ခဲတံသုံး၍ စာရွက်ပေါ်တွင် ရေးသားလာရသောအခါ အစပြုခြင်းတို့ရဲ့သဘောသဘာဝ ဖြစ်သော အမှားအယွင်းများကို ထိန်းချုပ်ရန် ခဲတံတွင် ခဲဖျက်ကို တွဲစပ်ထည့် တီထွင်ပေးထားခဲ့သော်လည်း အရာရာတို့၏သီအိုရီအရ ခဲဖျက်တွေသာ မြန်မြန်ကုန်သွားကြကာ ကျနော့် စာအုပ်ထဲမှာ ဘဝအရေခွံပေါ်မှ ဆေးအပ်နှင့်မချုပ်သီနိုင်သော ဒဏ်ရာတို့အား ဒီအတိုင်းပစ်ထားရပြီး အနာကျက်စေခဲ့ရပါများသော အမာရွတ်တို့သည် စနစ်မကျ မလှပစွာ စွန်းထင်းလာခြင်းတို့အား မရှင်းထုတ်နိုင်အားပဲ လူသည် နေ့စဉ်ရှူသွင်းနေရသော အဆိပ်ခဲကို အချိန်မှီ အစာချေနိုင်ရန် ကြိုးပမ်းရင်း (ငြင်းပယ်ခြင်းမဲ့လေရသော) ဝဋ်ဒုက္ခတို့ကို နမ်းရှိုက်ကာ၊ ဝါကျတွေ တသိုက်ပြီးတသိုက် တည်ဆောက်လိုက်ပါမျောလွင့် ကူးခပ်လာရင်း ထိုမှတဆင့် စာပိုဒ်တွေ တပိုဒ်ပြီး တပိုဒ်ကို ကူးပြောင်းယူကာ ဦးခေါင်းပူလာသော (ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာများသည် ဘဝမှာ ခါးသည်။) ဟူသော စာသားများ၏ အဓိပ္ပါယ်အနက်ကို ခက်ဆစ်ဖွင့်ဆိုလာတတ်သော တိုးတက်သော လူ့ရေးလူ့ရာများ၏ လုပ်ဆောင်ချက်များမှာ (အဖြေတခု၊ မေးခွန်း ၁၀ခု)နှုန်းနဲ့ ပြဿနာပေါ်ပြဿနာ ထပ်ဆင့်တက်ခဲ့ရသော လူ့အတွေးအခေါ် ပုစ္ဆာများသာ ကျနော်၏ စာအုပ်ထဲမှာ တဝဲလည်လည် ဖောင်းပွပေါများလာကာ ကိုယ့်နှုပ်ခမ်းမွှေးကို ကိုယ်တိုင် မရိပ်ဖြစ်ခဲ့တော့သလိုပဲ၊ အမျိုးသားပန်းခြံထဲက ပန်းပင်တို့အားလည်း ငယ်ငယ်ကလို ရေသွားမလောင်းဖြစ်တော့ခဲ့ပေမဲ့လည်း ကျနော်ဟာ လူဘဝအလယ်တန်းကို ရမှတ်၄၀ကျော်နဲ့ ကပ်အောင်လာကာ၊ စာအုပ်ထဲက စာမျက်နှာအချို့ကို ဆွဲဖြဲပြီး အထက်တန်းကျောင်းသားအဆင့် ရည်းစားစာတို့ကို လက္ဘက်ရည် အလကားသောက်ရ၍ အငှားရေးပေးလာနေမိလေတော့သည်။

ဘဝရဲ့ အထက်တန်းမှာ လူတခုရဲ့ဆယ်တန်းအောင်မှတ်ဟာ ဘယ်လောက် အရေးပါကြောင်း ခပ်ချောချာ ခပ်လှလှ ခပ်ဝဝ ဆရာမတို့၏ ပါးစပ်ဖြားတွင် အာဘောင်အာရင်းသန်သန် အရသာခံ ပြောတတ်သော အလေ့အကျင့်များကို  ကူးစက်ရောဂါရနေသော ကျောင်းသူတစ်ဦးသည် မိမိ ရည်းစားဖြစ်လာသောအခါ၊ ကျနော့် ကိုယ် ကျနော် လူတစ်ယောက်အဖြစ်မှ အသွင်ပြောင်းကာ အဆင့်ဆင့်တွက်ရတဲ့ သချာင်္အကွက်ဇယားလိုလို၊ စာအံချိန်တွေ ပိုထိုးထည့်ထားတဲ့ စာကြည့် အချိန်ဇယားလိုလို ပြန်မြင်လာခဲ့ရာမှ၊ လူ့ပညာရေးအဖြစ်ကို အံ့သြကာ ကျောင်းပြေးတတ်၊ ဆေးခြောက်ရှူတတ်လာသော ကျနော်သည် ကျောင်းပြေးစဉ် လူမဲ့သော အရပ်တို့၌ စာကို လူသံနဲ့မတူအောင် အသံထွက် ကြိုးစားလေ့ကျက်တတ်လာခဲ့ပြီး ဆရာမချပေး၍ဖြစ်စေ မေးခွန်းထဲမှာ ဖော်ပြပါဝင်နေ၍ဖြစ်စေ ဖြေဆိုရသော စာစီစာကုံးတို့ရဲ့ လူ့ခေါင်းစဉ်ဟာ လူ့အတွေးအခါ် နိမ့်ပါးလှသည်ဟု ယူဆကာ လုံးဝမဖြေဆိုပဲ ကျနော့်စာအုပ်ထဲက စာမျက်နှာတွေကို ကြကိခြေခတ်ပစ်ကာ ကိုယ့် အတွေး ခံစားချက် လှိုင်းတို လှိုင်းရှည်တွေမှာ လာလာ ငြိနေသည့် ဝတ္ထုတိုတွေကို ရေးဖွဲ့လာတတ်သည့် အကျင့်ရလာပါများသောအခါ၊ ကျနော့်ကိုယ် ကျနော် ကျောင်းစာသင်ခန်းထဲမှာ ရှာမတွေ့ရတတ်တော့ပဲ၊ ကျောင်းလောကစာကြည်တိုက်ထောင့်ထဲက ချောင်တချောင်ရဲ့ စားပွဲတခုခုပေါ်မှာ ခေါင်းစိုက်ငိုက်လွဲကာ ကျနော့်စာအုပ်ထဲ တစုံတရာကို ရေးချထည့်နေသလိုလို၊ အကြောင်းအရာတခုခုကို နှလုံးတိုက်အလွတ်ကျက်ယူနေသလိုလို၊ ဒီလိုပဲ အခါခါ၊ မနက်ခင်းမှာ ကော်ဖီသောက်လိုက်၊ ညနေခင်းမှာ အရက်ဆိုင်ရောက်လိုက် လူ့ပညာရေးအထက်တန်းမြစ်ကို ဒေါင်လိုက်ကြီး စိတ်ပျက်လက်ပျက် လက်ပစ်ကူးနေလိုက်တဲ့အခါ ကျနော့်စာအုပ်ထဲကစာတွေဟာ ကျနော့်ဦးနှောက်ထဲက အတွေးတွေလို ဖျားနာလာခဲ့ပေမဲ့ စာကြည့်တိုက်ဘက်သို့ ကျနော် အသွားအလာ မပျက်ခဲ့သောအကျိုးအမှုများကြောင့် အရပ်သား စာဂျပိုးတွေကစောင့်ကြည့်ရင်း အသိအမှတ်ပြုခြင်းအလို့ငှာ (ဘဝရဲ့ ဘာစာတွေ ရေးဖွဲ့ခဲ့ပြီးပြီလဲဟေ့၊ ဘဝရဲ့ ဘာကဗျာတွေ ရေးဖွဲ့ခဲ့ပြီးပြီလဲ ဟေ့) ဟု တွေ့တွေ့တိုင်းမေးလေ့ရှိသော လူ့မင်္ဂလာတရားတို့အား (သင်တို့ ပြောချင်ရာ ပြောကြားဖို့ ကျွန်ုပ်တို့ မှာ နားတစ်စုံ မရှိပါ) ဟု ပြန်ဖြေကြားတတ်လာတဲ့ အခါ ကျနော်ဟာ စာကြည့်တိုက်ထဲက စာအုပ်တအုပ်အဖြစ် တရားဝင်ခဲ့သော်လည်း၊ ဘာစာအုပ်နဲ့မှလည်း တွဲမထိုင်၊ မပတ်သက်သော ခပ်ကြောင်ကြောင် ခပ်ရူးရူးကဗျာစာအုပ်တအုပ်အဖြစ် သင်းခွဲ နေထိုင် ဥပေက္ခာပြုထားရတာ မလွယ်ကူလှသောလူစာအုပ် သိပ်မထူတထူကို လူတချို့က ကွမ်းယာထုပ်ချင်ကြ၍ လူတချို့က မစင်သုပ် သန့်စင်ချင်ကြသည့် သဘောထားတို့အား ကျနော့်ကား စာမျက်နှာတွေ တရွက်ပြီးတရွက် ဆွဲဆုတ်ပြ၍ ဟားတိုက်ပျက်ရယ်ပြု လှောင်ပြောင်ခဲ့ရာ သညာရွေးပွဲတခု၏ လူအထက်တန်းလွှာကို အပြင် စာမေးပွဲ ၂ ခု ဖြေဆိုပြီးအောင်ခဲ့တဲ့ နှစ်က အများဆုံး ဂုဏ်ထူးထားရတဲ့ဆုတွေကို သွားမယူပဲ ငြင်းပယ်ကာ အားလုံး အကုန်ရူးခဲ့ကြတဲ့ တက္ကသိုလ်ထဲကို သူလိုကိုယ်လိုပဲ သာမန်ဝေဖဲတချပ်လို ရောက်လာခဲ့ပြီးတော့ ဒီလူ့ဘဝဆိုတာ ဘွဲ့တခု မဟုတ်မှန်း ကြိုသိနေလည်း ကိုယ့် အလင်းဟာ နေကဲ့သို့ မကြီးမြတ် မလင်းထင်းနိုင်ခဲ့လေတော့ လူရဲ့စောက်ကြီးစောက်ကျယ်တွေ စောက်ရေးစောက်ရာတွေကို ဝေးဝေးနှင်ထုတ်ကာ၊ ကျနော့် ရင်ခွင်ဆီမှာ အုပ်ဂူဖြူလေးတည်ဆောက်ထားလိုက်တာ လူကြိုက်များလျှက် ပျော်ကြတဲ့ကျောင်းတော်ရဲ့သုသာန်မှာ လူမိုက်တရားနဲ့ကျနော့်ဘဝရဲ့အလောင်းတော်ကို ဘယ်တော့မှ မမြှုပ်နှံနိုင်လို့ပဲပေါ့၊ ဒီ လူဝဲကတော့ထဲက၊ ဒီ မူခွဲထွက်ထားတဲ့ရေလို ကျနော် ရမ်းလျှောက်နေချင်လို့၊ ကျနော်ခမ်းခြောက်သေချင်လို့၊ ကောင်းကင်ထပ်ကို ခေါင်းတင်ချရင်း၊ ကိုယ့်ငှက် ဠင်းတရေ...ချက်ချင်း သုတ်ချီပါတော့လား။

လူ့ကျောင်းခန်းတခုထဲကဘွဲ့ဟာ
သူ့အလောင်းသူထမ်းပြီးထွက်လာစဉ်
တခါမှ တရားမဝင်ခဲ့တဲ့ အမှန်တရားတွေဟာ
ထာဝရကားစင်ထက်မှာ ပြန်နားသေခဲ့တာပဲ
တရားစွာ ခွဲထွက်ဖို့ကြိုးစားတဲ့ လူ့ပြည်နယ်လေးတခုအား
အားသာ ရက်စက်တဲ့ လူ့ပြည်ထောင်စုကြီးက ဝင်တိုက်တဲ့စစ်ပွဲ
ဘုရားသခင် ဘက်လိုက်ထားတဲ့ ချိန်ခွင်လျှာတဖက်စောင်းအားတို့နဲ့
အလိမ်ပညာကျောင်းသားတို့နဲ့ ဝေးလွင့်တဲ့လမ်းမှာ
ဆေးပစ်လျှက် ကျနော့်ဘဝလက်ကျန် ဝမ်းစာရှာနေဆဲမှာ
တရားအရှင်မည်တဲ့ ဘုရားသခင် ဒီ ရဲဆိုးက အသက်ရန်ရှာ လာဖမ်းတဲ့အခါ
ကျနော်ဟာ စာအုပ်ကိုအသာဆွဲတုတ် ဓါးလုပ်ရင်း
သူ့ ဗိုက်သားထဲ တစိုက်အားမြုပ်သွင်း လိုက်မိတယ်
လွန်တာရှိရင် ဝန်တာမိပါ ငမိုက်သား၊ လူ့ဇတ်ညွှန်းကိုရေးစပ်တဲ့ကောင်
တောက်...အခု ဇတ်ညွှန်းကိုပေးဖတ်စမ်း ဟေ့ရောင်
လူဘဝစာအုပ်များရဲ့ ကိုယ်မမြင်ထားတဲ့ တဖက်က ဝါကျပြတ်စာသားတွေဟာ
သူပြဿနာလုပ်ထားလျှက် ကြိုဆင်ထားတဲ့ ကြွက်ကျ အာဏာပြထားချက်
မတရားဆင်တဲ့ရက်စက်မှုသွေးကြွေးတွေ
ဘုရားသခင်ရဲ့ အသက်တခုနဲ့ ပေး ပေးချေထားလှည့်
ငရဲလားမဲ့ ကောင်းကင်ဘုံအလောင်းကြီးကို
ကျနော်ကိုယ်တိုင် ဓါး မောင်းပြီး လိုက်ပို့ခဲ့ပါတယ်
ခံထားခဲ့ရတဲ့ လူ့ဝဋ်ကောင်များညီကြ
ဟောဒီ လူ့ဘုံတွင် ဘယ်ဘူရားသခင်မှ မတည်ရှိစေရ...
ဤဥပဒေရပ်၊
အခုကစ တည်မြဲစမ်းလေ၊...ကမ္ဘာအလီလီ ငရဲပန်းတွေ....
ဝေဆာလို့
သို့...ခေတ်လွန်သမ္မာကျမ်းစာထဲက ဘုရားသခင်ကိုသတ်တဲ့ စာရေးသူမာဃများ
လူစာပေကို ငရဲဘာသာစကားနဲ့ပဲ ရေးသားဖွဲ့နွဲ့ကြ
အမှောင်ဟာ ဒဿန ဖြစ်တယ်။   ။

သုအိုင်စံ
၂၄-၀၈-၂၀၁၃

2 comments:

Unknown said...

အားပေးသွားပါတယ်။

Unknown said...

ပွင့်လင်းတဲ့ခံစားချက် ပါပဲ လေးစာူပါတယ်