စားဖိုဆောင်အတွင်းမှာ လူတွေပြည့်ကျပ်နေ ၏။ နေရာမှာ မာနယ်ပလော၊
လောခွါးလူတောင် ကုန်းရှိ ABSDF ဗဟိုကော်မတီဌာနချုပ်၏ စားဖို ဆောင်။သည်ကနေ့
ညစာထမင်းကျက်ချိန် နောက် ကျလို့ အားလုံးဗိုက်ဆာနေကြသည်။ ဟင်းအိုးက
ကျက်နေပြီ။ ထမင်းအိုးကမကျက်သေး။ သည်နေ့ ထမင်းချက်အလှည့် ကျသည့်သူတွေကို
ဝိုင်းပြီး မေတ္တာပို့နေကြ၏။ သည်နေ့ ထမင်းချက်အလှည့် ကျသည့်သူတွေက
နိုင်ငံရေးနှင့် စည်းရုံးရေးဌာနမှ ကိုမြင့်ဆွေနှင့်ကို ဖော်ထွန်းတို့အဖွဲ့။
နေ့လည် ကတည်းက ထမင်းချက်ရမှာမချက်ဘဲ ပျောက် ချက်သားကောင်းနေခဲ့ကြသည်။ ညနေ
သုံးနာရီ လောက်ကျမှ အူယားဖားယား ပြန်ရောက်လာကြ ပြီး အသည်းအသန်
ချက်ပြုတ်နေကြတာတွေ့ရ သည်။ နေ့ခင်းတုန်းက သူတို့ဘယ်ရောက်နေလဲ
လို့စုံစမ်းလိုက်တော့မှ ကရင်ဆေးရုံ ထူးဝါးလူ ဆေးရုံကို ရောက်နေခဲ့ကြတာကို
သိရတော့သည်။
ထူးဝါးလူဆေးရုံမှာက ကရင်သူနာပြုဆရာမ ချောချောကလေးတွေ အများကြီးရှိသည်။ ထူး
ဝါးလူဆေးရုံကိုတာဝန်ဖြင့် စေလွှတ်တော့မည်ဆို လျှင် အမောင်ကျောင်းသားများ
အရိုးကြေကြေ အရေခမ်းခမ်း ကျြေ>ွပန်စွာတာ ဝန်ထမ်းဆောင်ကြ ဖို့အသင့်။
အဲဒီဆေးရုံကိုပဲအကြောင်းမရှိ အကြောင်းရှာ သွားချင်နေကြသည်။
သူတို့ကိုမေးကြည့်တော့ ကရင်မြန်မာချစ်ကြည်ရေးအတွက် စည်းရုံးရေး
ဆင်းတာပါဟုဆိုသည်။ တပ်ရင်း ၂၁၂မှ တော ကြက်၊ အောင်ကျော်၊ ဝမ်းသာ၊
လိပ်ပုတို့အဖွဲ့ သံပန်းကန်ပြားလေးတွေ ကိုယ်စီကိုင်ပြီး ဗျစ်
တောက်ဗျစ်တောက်နှင့် မကျေမနပ်ဖြစ်နေကြပြီ။ သူတို့ အားလုံးတစ်နေ့ခင်းလုံး
ဝါးခုတ်၊ တော ရှင်းလုပ်ထားကြရလို့ မောမောပန်းပန်းနှင့် ဆာ
လောင်မွတ်သိပ်နေကြပါပြီ။
”နောက်ဆိုရင် မီးဖိုဆောင်ဘေးမှာ ကရင် ဆေးရုံလာဆောက်ထားရင် ကောင်းမယ်၊ ဒါမှ
ငါတို့ထမင်းစောစောစားရမှာ” အရပ်ငါးပေ မကျော်သည့် ဂျပုလေးအောင်ကျော် စူပွ
စူပွနှင့် မြည်တွန်တောက်တီးနေပါပြီ။ မီးဖိုဆောင်ထဲမှ
ငှက်ပျောအူဟင်းနံ့ကလေးကလည်း တသင်းသင်း နှင့် အနံ့ပေး၊ မြှူဆွယ်နေ၏။
ဟိုမှသည်မှ တဖွဲဖွဲ နှင့် ရောက်ရှိလာနေကြသည့် ရဲဘော်များအား
ပို၍ပို၍များများလာသည်။ စားဖိုဆောင်ထဲမှ ပွစိ ပွစိအသံတွေကလည်း
ပိုပိုပြီးကျယ်လာခဲ့သည်။
”ကျက်ပြီဟေ့ ဒေါင်”
ဇော်ထွန်း၏ အသံပြဲပြဲကြီးနှင့် ဒယ်အိုးကို ယောက်မဖြင့် တီးထည့်လိုက်သည့်
အသံတို့ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာချိန်မှာတော့ သမဝါယမဆိုင်မှာ
ရေနံဆီပေးတဲ့နေ့လိုပဲ ရဲဘော် တွေ ထမင်းအိုးနှင့်ဟင်းအိုးအနားသို့ အလုအယက်
စုပြုံတိုးလာကြသည်။ အောင်ကျော်တစ်ယောက် လူကြားထဲမှာ ညပ်နေ၏။ အသံပဲကြားရတော့သည်။ လူကို
မမြင်ရတော့။ ဟေး ဝါးနှင့် အသံတွေ ဆူညံနေ သည်။ ကိုမြင့်ဆွေတစ်ယောက်
လူအုပ်ကြားထဲမှ ပုဆိုးမနိုင်၊ ပုဝါမနိုင် ချွေးတရွှဲရွှဲဖြင့် ရုန်းထွက်လာ
သည်။ ကျွန်တော့်ကိုတွေ့တော့ စပ်ဖြဲဖြဲနှင့် ရယ် ပြသည်။ ”တန်းစီပါ တန်းစီပါ
နိုင်ငံကြီးသား ပီသပါ” စားဖိုအလှည့်ကျ တာဝန်ခံ ဇော်ထွန်း တစ်ယောက်
ခြေကားရား၊ လက်ကားရားဖြင့် အော်နေရှာ၏။ ထမင်းအိုးကိုကျောပေးပြီး သူက
အော်နေသည်။ နောက်က ဟင်းအိုးကိုနှိုက်သည့် သူကနှိုက်နေသည်။
”ဟိုမှာ မင်းအမေလင်က နှိုက်နေပြီ”
စိတ်တိုတိုနှင့် ကိုသိန်းနိုင် (ကျောင်းဆရာ) က လှမ်းအော်လိုက်၏။ အားလုံး
ဝါးကနဲ ပွဲကျ သွားသည်။ ကျွန်တော်လည်း ပန်းကန်အလွတ်ကို မြှောက်ပြီး
သူတို့ကြားထဲဝင်တိုးလိုက်သည်။ စတု ဒိသာအလှူမဏ္ဍပ်မှာ အလုအယက်ဝင်တိုးနေရ သလို
ပျော်ဖို့လည်းကောင်းသည်။
”စိတ်ချမ်းသာသလို လုပ်ကြတော့ဟေ့”
နိုင်ငံကြီးသားဇော်ထွန်း ဘာမှမတတ်နိုင် တော့။ စိတ်ပျက်
လက်ပျက်နှင့်မတတ်နိုင်သည့် အဆုံးလွှတ်ပေးလိုက်ရ၏။ ကြာလျှင် သူပါဟင်း အိုးထဲ
ရောက်သွားတော့မည်။
”နောက်ကျရင် ငတ်မှာပဲ တိုးထား”
ဤငှက်ပျောအူဟင်းရေကြဲလေးကိုပဲ နေ့စဉ် အလုအယက်တိုးဝှေ့ စားကြရသည်။ တခြားစား
စရာမရှိ။ကျွန်တော်တို့မှာ နံနက်စာ (Breakfast) ဆိုတာမရှိ။ နေ့စဉ်
နံနက်ဆယ်နာရီမှာ နေ့လည်စာ Lunch ကိုကြွေးသည်။ ညနေ လေးနာရီမှာ
ညစာကိြုေ<ွကးသည်။ သည်အချိန်မှာ ဗိုက်ဝအောင် စားထားရ၏။ တခြားဘာမှ
မလာတော့။ နေ့စဉ် ဒီထမင်းနှစ်နပ်ကိုပဲ အားထားစားကြရသည်။ ယခုရက်ပိုင်းအတွင်း ဗဟိုရုံး၊ ပုံမှန် တာဝန် ကျနေသူတွေအပြင်
တပ်ရင်းအသီးသီးမှ တာဝန် ကိုယ်စီဖြင့် ရောက်နေကြသူများလည်းရှိနေတာမို့
နောက်ကျလျှင် ငတ်နိုင်သည်။ လူ စာရင်းနှင့် တိတိကျကျတိုင်းချက်ပေမယ့်
ညနေစောင်းရောက် မှ တခြားနယ်မြေ အသီးသီးမှ ထပ်ရောက်လာသူ တွေ ရှိတတ်လို့
စိတ်မချရ။ နေ့စဉ် ဆယ်ယောက် စာလောက်တော့ပိုထည့်ချက်ကြပေမယ့် ရိက္ခာက
တာဝန်မှူးထံမှ လူစာရင်းအတိုင်း နေထိုင်မည့် ရက် ပိုင်းတို့ကိုကြည့်ပြီး
အတိအကျတွက် ချက် ထုတ်ပေးထားတာမို့ အပိုဆိုတာ မရှိ။
”ထမင်းက နပ်လည်းမနပ်ဘူး”
”သောက်စကားမများနှင့် စားမှာစား”
အသံတွေက မျိုးစုံထွက်နေ၏။ နောက်က နေပြီး တစ်စုံတစ်ယောက်က လက် လာကုတ်လို့
လှည့်ကြည့်လိုက်တော့ တပ်ရင်း ၂ဝ၇မှ တင်ဝင်း လေး(သူ့ကို နားပိတ်တင်ဝင်းလို့
ချစ်စနိုးခေါ်ကြ သည်။)
ကျွန်တော့်ကို အသာအယာ မျက်ရိပ်ပြပြီး ကျွန်တော့်လက်ကြားထဲ တစ်စုံတစ်ခုကို
ထိုးထည့် ပေးသည်။ ပထမတော့ ဘာမှန်းမသိ။ လက်ကို အသာ အယာဟကြည့်လိုက်တော့
အာပြဲခြောက် ကလေးတစ်ချောင်း။ မီးဖုတ်ပြီးသား။ ဒီကောင်ကြီး
ဘယ်ကရလာသလဲတော့မသိ။ လက်တစ် ထွာသာသာ အာပြဲခြောက်ကလေးကို ကျွန်တော့
ထမင်းပန်းကန်အောက်မှာ လက်ဖဝါးဖြင့်ညှပ်ပြီး ဖွက်ထားလိုက်သည်။ ကျွန်တော့်အလှည့် ထမင်းကို ပန်းကန်ထဲ ထည့်ပြီးတော့ ထမင်းတွေအောက် အာပြဲခြောက် ကလေးကို မသိမသာအလျင်အမြန်ထိုးသွင်းလိုက် ရသည်။ ဘယ်သူမှ မြင်မှာမဟုတ်လို့ဆို ပြီး ကိုယ့်ဖာသာ ကိုယ်တော့ ထင်လိုက်မိသည်။
ဒါပေမဲ့ တစ် ယောက်က မြင်သွားခဲ့၏။ ကျွန်တော်တို့ တပ်ရင်း မှ မောင်ခန့်ကြီး။
”အစ်ကိုကြီး”
မောင်ခန့် တစ်ယောက်အငြိမ်မနေ လှမ်းအော် လိုက်၏။ ကျွန်တော့်မှာ
သူခိုးလူမိဖြစ်သွားရ သလို ပြူးတူးပျာတာဖြင့် မောင်ခန့်ကြီးကို အသာ မျက်ရိပ်
လှမ်းပြရသည်။ မောင်ခန့်ကြီး ပြုံးဖြီး ဖြီးဖြင့် ကျွန်တော့်အနားကပ်လာ၏။
”ဟကောင်ကြီး ငြိမ်ငြိမ်နေ”
မောင်ခန့်ကို ကြိတ်ပြီးဆူလိုက်ရသေးသည်။ ဟင်းရည်ထည့်ပေးသူက
ကျွန်တော့်ထမင်းပန်း ကန်ထဲ ငှက်ပျောအူဟင်းကို ဆမ်းချလိုက်၏။ ပန်းကန်ထဲ
ပုံထားသည့် ထမင်းပုံလေးပုံပျက် သွားသည်။ အာပြဲခြောက်ကလေး ခေါင်းပြူထွက်
လာ၏။ လူမမြင်အောင် အသာအယာပြန်ဖိထည့် လိုက်ရသည်။ ထည့်ရင်းနှင့်
တစ်ဝက်ကိုဖဲ့ပြီး မောင်ခန့်ကိုပေးလိုက်ရသည်။ အာပြဲခြောက် တစ်ချောင်းနှင့် ကျွန်တော့်မှာလည်း တစ်ဒုက္ခ။ ထမင်း စားပွဲနှင့်
ခုံတန်းရှည်လွတ်သည့်နေရာမှာ ဝင်ထိုင်လိုက်ကြပြီး ထမင်းကို ဟန်မပျက်စပြီး
စားကြ သည်။ ဘေးဘီကိုလည်း အသာ အကဲခတ်ကြည့် ရသေးသည်။ တော်တော်ကြာ
မောင်မောင်ကြီးတို့၊ တင့်အောင်တို့၊ အောင်ကျော်တို့ အုပ်စုသိသွားလျှင်
မလွယ်၊ မောင်းခတ်ပြီးသား ဖြစ်သွားလိမ့်မည်။ ရှိစုမဲ့စု
ငါးခြောက်လက်ကျန်အပိုင်းလေးလည်း တစ်စစီဖြစ်ပြီး မြင်သာမြင်ရ၊
မကြင်လိုက်ရဆို တာမျိုးဖြစ်သွားနိုင်သည်။ ပြဿနာက ထမင်းပုံအောက်က ငါးခြောက် ကို လူမမြင်အောင် ထိန်းစားနေရခြင်းပင်။
ငါး ခြောက်လာပေးသော တင်ဝင်းတစ်ယောက်လည်း ကျွန်တော့်လိုပင်
သူ့ငါးခြောက်နှင့်သူဒုက္ခ ရောက် နေပါပြီ။
ဒုက္ခမှ ဒုက္ခ ကိုယ့်ငါးခြောက်တောင် ကိုယ်ထုတ်မစားဝံ့ သည့်ဒုက္ခ။ ကျွန်တော့်ဘေးမှ မောင်ခန့် ကျွန်တော့်အဖြစ် ကိုကြည့်ရင်း
ခွီးခနဲရယ်ချလိုက်သည်။ အဲဒီမှာ တင်မောင်ခန့်တို့ အဖြစ်ဆိုးခြင်း
ဇာတ်လမ်းစတော့ သည်။ ထမင်းပလုပ်ပလောင်းနှင့် မောင်ခန့်ရယ် ချလိုက်တော့
သူ့ပါးစပ်ထဲက ထမင်းလုံးတွေ ဖွာထွက်လာသည်။ ကျွန်တော့်ပန်းကန်ထဲ တချို့
ရောက်လာသည်။ ကံဆိုးချင်တော့ သူ့ ရှေ့တည့် တည့်မှာထိုင်စားနေသည့် တပ်ရင်း
၂ဝ၁ မှ ဆရာ ကိုအောင်ခင် ပန်းကန်ထဲ တချို့ရောက်သွား၏ မျက်မှန်ကြီးကိုပင့်ပြီး
ဆရာကိုအောင်ခင် မော့ ကြည့်သည်။ သူ့ကို ပမာမခန့် လုပ်လာသူကို သေသေချာချာ
စိုက်ကြည့်နေသည်။ အလေးမ၊ အားကစားလိုက်စားထားသော ဆရာ့လက်မောင်း
ကြွက်သားတွေကိုကြည့်ရင်း မောင်ခန့်အတွက် ရင်လေးမိသည်။
မောင်ခန့်တစ်ယောက် မီးပုံပေါ်မှာ ဖင်ခုထိုင် မိသလို ခြေမကိုင်မိ၊
လက်မကိုင်မိနှင့် အသည်း အသန် ဖြေရှင်းပြနေသည်။ တောင်းပန်နေသည်။
မျက်လုံးကြီးပြူးလျက်၊ ပါးစပ်ထဲမှာလည်း ထမင်းတွပလုပ်ပလောင်းနှင့် အသံက
ဝူးဝါးဝူးဝါးဆို ပြီးတော့ပဲ ကြားနေရသည်။ ရယ်ချင်တာကို မအောင့်နိုင်သော ရဲဘော် တချို့ ထိုင်စားနေရာမှ ထပြေးကြ၏။
မောင်ခန့် အဖြစ်ကို အားလုံးဝိုင်း အာရုံစိုက်နေကြတုန်း ကျွန် တော့်
ထမင်းပုံအောက်က ငါးခြောက်ကလေးကို ပါးစပ်ထဲ ကပျာကယာအမြန်ထိုး ထည့်လိုက်ရ
သည်။ ပြီးတော့ပန်းကန်ကိုမပြီး စားဖိုဆောင်ထဲမှ မသိမသာ
အသာလေးလစ်ထွက်လာခဲ့လိုက်၏။ မောင်ခန့်နှင့် ဆရာအောင်ခင်တို့ ဘာတွေဖြစ်ကျန်
ခဲ့သလဲတော့မသိ၊ အပြင်ဘက်သစ်ပင်အောက်မှာ ဆောင့် ကြောင့်ထိုင်ချလိုက်ပြီး
ကျန်နေသည့် ထမင်းကို ဆက်စားလိုက်သည်။ ပါးစပ်ထဲမှ ငါး ခြောက်အရသာလေး
ပျောက်မသွားမီ ထမင်းကို တစ်လုပ်ပြီး တစ်လုပ် အမြန်ထိုးထည့် စားလိုက် ရသည်။
တစိမ့်စိမ့်နှင့်ဝါးရင်း အခုမှ လူစင်စစ်ကနေ နွားဘဝရောက်ရတော့သည်။
စားမြုံ့ပြန် လို့ကို မပြီးနိုင်တော့။ ငတ်တော့လည်း သူများတွေ မမြင်အောင် ဖွက်စားရသည့် ငါးခြောက်ကလေးက တကယ့်ကို အရသာ ရှိလှသည်။ အဲဒါကတော့ ဖြစ်ရပ်မှန် ငါးခြောက်တစ်ချောင်းနှင့်
ကျွန်တော့်ဒုက္ခ။
သီရိညွန့်
ကိုးကား - street view journal
Tuesday, November 20, 2012
အာဗြဲခြောက်တစ်ချောင်းနှင့် ကျွန်တော့်ဒုက္ခ
Posted by
ကိုဈာန်
at
11:05 AM
0
comments
Labels: ဝတ္ထုတို
Tuesday, May 8, 2012
လိမ္မော်သီးတစ်လုံး...(ကိုဆွေ (ပြည်))
ကိုဆွေ ဆုံးပြီ...သူ့ရဲ့ Masterpiece ဝတ္ထုတိုကို ပြန်လည်ဖော်ပြလိုက်ပါတယ်...။
လိမ္မ်ာသီးတစ်လုံး
(၁)
လွန်ခဲ့သော ဆယ်နှစ်လောက်က
လိမ္မော်သီးလေး တစ်လုံးကို ကျွန်တော်သတိရနေမိသည်။ အဲဒီတုန်းက ဒီဇင်ဘာလရဲ့
ညတစ်ညမှာပါပဲ။ မြို့ရဲ့လမ်းပေါ်မှာ အရှုပ်အထွေးမရှိ၊ ပကတိ ရှင်းလင်းနေဆဲ၊
အသံဆူညံမှုလည်း ကင်းပလို့ပေါ့။
(၂)
ဆောင်း၏
မြောက်လေအေးဒဏ်သည် အနွေးထည်ကောင်းကောင်း မရှိသော ကျွန်တော့်တစ်ကိုယ်လုံးအား
ရိုးတွင်းခြင်ဆီခိုက်အောင် နှိပ်စက်နေတော့၏။ ညကား နှင်းတို့ဖြင့်ဖြူလျက်။
ဓာတ်တိုင်ခြေရင်း၌ မာကျူရီမီးလုံးမှ အလင်းရောင် လဲကျသေဆုံးနေ၏။
အိမ်တံခါးတွေလည်း ပိတ်ကုန်ကြပြီ။ တအားညှစ်အော်လိုက်တဲ့ ဟိုးအဝေးကြီးက
မော်တော်ကား စက်သံဟာ ကျယ်ရာကတိုး၊ တိုးရာကဝေး၊ ဝေးရာက ပျောက်သွားပေမယ့်
နောက်မီး နီရဲခြင်းကတော့ လင်းကြည်ဝင်းပလို့။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လိမ္မော်သီးလေးတစ်လုံးကို တွေ့ခဲ့တဲ့နေရာ ကျွန်တော်ပြန်ရောက်နေပြီ။
(၃)
ဟိုတုန်းကလိုပင် လမ်းချိုးကွေ့တစ်ခု၌ ဆိုက်ကားတစ်စီး ရပ်ထားလျက်။ ဒါပေမယ့်
ကျွန်တော်လမ်းလျှောက်လာတဲ့ ပလက်ဖောင်းဘေးမှာတော့ အမှိုက်တစ်စပင် မရှိ၊
လိမ္မော်သီးလေးရေ မင်းဘယ်မှာလဲ။
အခုတော့ တစ်ခုခုကို တမ်းတပေမယ့်
စိတ်အင်အားဟာ တည်ငြိမ်ရင့်ကျက်ခဲ့ပြီ။ “ရေစိုနေတဲ့ စာအုပ်တစ်အုပ်လို
ဒုက္ခတွေစွတ်စိုလာတဲ့အခါ ဘ၀ဟာ ပိုမိုလေးလံလာတယ်” - ဆိုတဲ့ အကြောင်းကိုလည်း
ကောင်းကောင်းကြီး သိခဲ့ပြီ။
လူနေအိမ်တွေရဲ့ အမိုးပေါ်မှာ
နှင်းတွေဝေလို့ပါလား၊ နှင်းတွေဝေမှဖြင့်ကွယ်။ လိမ္မော်သီးလေးရေ၊ ကျွန်တော်ဟာ
လိမ္မော်သီးကို ချစ်ခဲ့တယ်၊ ဒီဇင်ဘာကို ချစ်ခဲ့တယ်၊ ပြီးတော့
ကျွန်တော့်ကိုယ်ကျွန်တော် ချစ်ခဲ့တယ်။
အရောင်ဆိုတာ စားကြည့်လို့
မရသလို အချိန်ကိုလည်း ကျွန်တော်မပိုင်စိုးခဲ့။ ဤသို့ဖြင့် နေ့သစ်များသည်
မြန်မြန်ကြီး ရောက်လာတော့၏။ မနေ့တစ်နေ့ကလိုပင် သိပ်မကြာလိုက်ဟု တွေးနေရင်း
ကျွန်တော်တစ်ယောက်တည်း နှင်းပင်လယ်ပြင်ကြီးကို ကူးဖြတ်နေမိတော့သည်။
ကျွန်တော်နေတဲ့ မြို့ကလေးမှာတော့ ဆောင်းဟာလှပစွာ ကိုယ်ထင်ပြလာပြန်ပြီ။
မြမှိုင်းသောညမှာ စာအုပ်များမှတစ်ဆင့် သိရသော ၀င်ရိုးစွန်း ရာသီဥတုကဲ့သို့
အအေးပိုကဲလာ၏။
အံကိုကြိတ်ကာ ခံနေရပြီပေါ့။
နှလုံးသွေးများလည်း ခဲမတတ်ဘဲ။
ဂစ်တာတီးနေသော ကောင်လေးတစ်ယောက်၏ နှုတ်ခမ်းမှ ဖိတ်စဉ်လွင့်ကျလာသော
ခေတ်ပေါ်သီချင်းတစ်ပုဒ် အကြားအာရုံကို လာ၍ ရိုက်ခတ်သောအခါ အနွေးထည် မရှိသော
ကျွန်တော့်မျက်နှာ မဲ့တဲ့တဲ့ ဖြစ်သွား၏။ ပိုက်ဆံရှိရင်တော့ ဟောင်ကောင်လုပ်
ဆွယ်တာအဖြူလေးတစ်ထည် ၀ယ်ဝတ်ဦးမယ်။
(၄)
ပလက်ဖောင်းရဲ့
နောက်ဘက်ခပ်ကျကျ လက်ဖက်ရည်ဆိုင်ထဲက ထောင့်စွန်းနေရာ စားပွဲတစ်လုံးမှာတော့
ကျွန်တော့်သူငယ်ချင်းဟာ ကျွန်တော့်ကို စောင့်လို့။
လက်ဖက်ရည်အခါးအိုးမှ
ရေနွေးစီးကျသံမှာ ရပ်နားသွားလိုက်၊ ပြန်လည်ထွက်ပေါ်လာလိုက်၊ ဆောင်းတွင်း
ရေနွေးကြမ်းသောက်ခြင်းကား ကျွန်တော်၏ ကုသမှုတစ်မျိုးပင် ဖြစ်သည်။
စီးကရက်မှ နီကိုတင်ဓာတ်ငွေ့များမှာ လက်ဖက်ရည်ဆိုင် အခန်းကျဉ်းကလေး၏
မှောင်ရိပ်ကျသော ထောင့်ချိုးများသို့တိုင် ပျံ့နှံ့လျက်။ ကျွန်တော်ကား
ပြင်သစ်ကဖီးဆိုင်များ၌ ထိုင်တတ်သူ ပန်းချီဆရာများအကြောင်း သူငယ်ချင်းက
ရှင်းပြနေသည်ကို စိတ်ဝင်စားစွာ နားထောင်နေမိ၏။
လက်ဖက်ရည်ဆိုင်ရဲ့
အပြင်ဘက်မှာတော့ နှင်းတွေဝေလို့။ ကြည့်ရင်းကြည့်ရင်းမှာပင်
နှင်းများသည်လည်း ထူထပ်သိပ်သည်းစွာ ကျလာ၏။ ဆိုင်ပိုင်ရှင် မိန်းမကြီးက
ပျင်းရိစွာ သမ်းဝေလိုက်ရင်း ကက်ဆက်ခလုတ်ကို နှိပ်လိုက်ရာ လွန်ခဲ့သော
အနှစ်နှစ်ဆယ်က တေးတစ်ပုဒ် ဝေ့၀ဲ၍ ထွက်ပေါ်လာလေသည်။
“အလွန်အေးတဲ့ရာသီ ... အလွန်ချမ်းတဲ့ရာသီ”
(၅)
“လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ကွာ” - ဟု ကျွန်တော်က စကားစလိုက်၏။
“အဲဒီတုန်းက အခုလိုသိပ်အေးတဲ့ ဒီဇင်ဘာရဲ့ ညတစ်ညပေါ့၊ ငါလဲ အမေတော့
အိမ်ပြန်နောက်ကျလို့ စိတ်ပူနေမှာပဲလို့တွေးရင်း ခြေလှမ်းကို
ခပ်သွက်သွက်လှမ်းပြီး ပလက်ဖောင်းအတိုင်း လျှောက်လာမိတယ်။
အိမ်တံခါးတွေလဲပိတ်၊ လူလဲ တစ်ယောက်မှ မရှိ၊ လမ်းထောင့်မှာတော့
ဆိုက်ကားတစ်စီး ရပ်ထားတယ်၊ ဒါပေမယ့် ဆိုက်ကားဆရာကလဲ အိပ်ငိုက်လို့။
ပလက်ဖောင်း အောက်ခြေနားမှာ ကပ်နေတဲ့ လိမ္မော်သီးလေး တစ်လုံး တွေ့လိုက်ရတော့
ငါအရမ်းဝမ်းသာသွားတယ်။ လူဆိုလို့ အိပ်ငိုက်နေတဲ့ ဆိုက်ကားဆရာ တစ်ယောက်ပဲ
ရှိပေမယ့် သူသိမှာစိုးလို့ လိမ္မော်သီးလေးကို ဟန်မပျက် ခပ်ဆဆကန်ရင်း
လမ်းလျှောက်လာရတယ်၊ သူ့ကိုလဲကျော်ရော ဘာပြောကောင်းမလဲကွာ အခွံနွှာပြီး
စားပစ်လိုက်မိတယ်၊ လိမ္မော်သီးကလဲ အရမ်းချိုလိုက်တာ စားပြီး ငါ့စိတ်တွေဟာ
အရင်ကထက် ပိုလတ်ဆတ်လာတယ်လို့ ကိုယ့်ကိုယ်ကိုထင်ရင်း လမ်းလျှောက်ရတာလဲ
ပေါ့ပါးလာတယ်၊ လုပ်ချင်တာတစ်ခုကို ဟန်မဆောင်ဘဲ လုပ်လိုက်ရတာ
တကယ်အရသာရှိတယ်နော်၊ သိပ်လွတ်လပ်တာပဲ။”
နားထောင်နေသော သူငယ်ချင်းက သူ့ထင်မြင်ယူဆချက်တို့ကို ပြန်ပြော၏။
“ဒါပေါ့ကွာ၊ တို့ဗမာစကားပုံမှာ ငတ်မရှက်ဆိုတဲ့စကား ရှိသားပဲ၊ လူတွေဟာ
ငတ်လာရင် မရှက်တော့ဘူးကွ၊ မင်းစားခဲ့တဲ့ လိမ္မော်သီးလေးကို စားချင်ရက်နဲ့
ဟန်ဆောင်ပြီး မင်း မစားခဲ့ရင် နောက်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ငါတော့
မစားမိလေခြင်းလို့ နောင်တရနေမှာပေါ့၊ ငါတော့ မင်းလုပ်ရပ်ကို မှန်တယ်လို့
ဆိုချင်တယ်။
မြေကြီးပေါ်မှာ ကျနေတဲ့ လိမ္မော်သီး ကောက်စားတော့ ဘာဖြစ်လဲ၊
သူတစ်ပါးပစ္စည်း ခိုးတာလဲ မဟုတ်၊ ပိုပြီးတော့ ပံ့သကူတောင် ဖြစ်သေး၊
မင်းအခုလို ငါ့ကို ဖွင့်ပြောတာလဲ မင်းကို ငါချီးကျူးတယ်၊ တကယ်တော့ လူဆိုတာ
မသေခင်သာ ထင်ရာလုပ်ရတာ၊ သေပြီးတော့ ဘာမှ မလုပ်ရဘူး၊ ဒါပေမယ့်
သူများမထိခိုက်ဖို့ကတော့ အရေးကြီးတာပေါ့”
စကားကောင်းနေဆဲမှာပင် လက်ဖက်ရည်ဆိုင်ရှင် မိန်းမကြီးလည်း ဆိုင်ပိတ်ရန် ဟန်ပြင်နေပြီ။
အံဆွဲဖွင့်လိုက်၏။ ငွေစက္ကူများကို ရေတွက်နေသည်။ ဆိုင်ထဲမှာလည်း လူတွေကျဲပါးစပြုခဲ့ပြီ။
ကျွန်တော်တို့လည်း ပြန်ရန် ဟန်ပြင်လိုက်ကြ၏။ အပြင်ဘက်မှာတော့ နှင်းက
သိပ်သိပ်သည်းသည်း ထူထူထပ်ထပ် ကျနေဆဲ။ သူငယ်ချင်းလည်း
နှုတ်ဆက်လမ်းခွဲသွားပြီ။
(၆)
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က လိမ္မော်သီးလေး တစ်လုံးကို တွေ့ခဲ့တဲ့နေရာ ကျွန်တော်ပြန်ရောက်နေပြီ။
ဟိုတုန်းကလိုပင် လမ်းချိုးကွေ့တစ်ခု၌ ဆိုက်ကားတစ်စီး ရပ်ထားလျက်။ ဒါပေမယ့်
ကျွန်တော်လမ်းလျှောက်လာတဲ့ ပလက်ဖောင်းဘေးမှာတော့ အမှိုက်တစ်စပင် မရှိ။
“ဖေဖေ သမီးဖို့ လိမ္မော်သီးဝယ်ခဲ့နော်...”
အိမ်မှာ အိပ်ပျော်နေမည်ဖြစ်သော သမီးလေး၏ အသံလွင်လွင်လေး နားထဲမှာ ပြန်လည်ပဲ့တင်ထပ်လာသောအခါ လိမ္မော်သီးတစ်လုံးလောက်များ
ညကား... နှင်းတို့ဖြင့် ဖြူလျက်။ လိမ္မော်သီးရေ မင်း ဘယ်မှာလဲ။
ကိုဆွေ (ပြည်)
"လိမ္မော်သီးတစ်လုံးနှင့် ခေတ်ပေါ်အာရုံခံစားမှု ၀တ္ထုတိုများ"၊ ယွန်းရွှေအိမ် စာအုပ်တိုက်၊ ၁၉၉၅၊ မတ် မှ
မူရင်း - မိုးဝေ၊ ၁၉၇၈၊ အောက်တိုဘာလ
Posted by
Anonymous
at
5:18 PM
0
comments
Labels: ဝတ္ထုတို
Tuesday, August 16, 2011
ရသခါးခါး
“မထားခဲ့ ပါနဲ့  အမေရယ်”
“ကြောက်တယ်…သူတို့ ကိုကြောက်တယ်”
“တယောက်ထဲ မထားခဲ့ ပါနဲ့ …”
နှုတ်ဖျားက အသံကုန်ဟစ်အော်ရင်း အိုးစားကွဲ နေတဲ့ ခန္ဓာကိုယ်က စိတ်ဝိညာဉ်နဲ့ 
ပြန်ကပ်စပြုလာတယ်။ ပထမဆုံးသတိပြုမိတာက ခန္ဓာကိုယ်တခုလုံး နေရာလပ်မရှိအောင် နာကြင်နေမှု….ပြီးတော့ စိုရွှဲနေတဲ့ ခန္ဓာကိုယ်က အေးစက်စက် သံမံတလင်းတခုပေါ်မှာ ပုံရက်သားအနေအထားနဲ့ …လေးလံနေတဲ့ မျက်ခွံတစုံက ကြိုးစားအားယူဖွင့်နေခြင်းကို လစ်လျှူရှုလွန်ဆန်နေမှု…..ဘာတွေဖြစ်ခဲ့ ပြီလဲ…မရ..လုံးဝစဉ်းစားလို့ မရ..ဦးနှောက်ထဲက နာကြင်ခြင်းတရားတွေသာ ထွက်ကျလာတယ်..အခြေအနေနဲ့ အနေအထားအတွက် မှတ်မိခြင်းဆိုတဲ့ အသိတရားတို့ က ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုပဲ… ထပ်ကြိုးစားကြည့်တယ်..မရသေးဘူး..
“ဂျိန်း……”
ကြိုးစားမှုတို့ လန့် ပြီးထွက်ပြေးသွားကြတယ်..ဟုတ်တယ်..ကျယ်လောင်စွာထွက်ပေါ်လာတဲ့  သံတခါးတခုနဲ့ အုတ်နံရံတို့  ရိုက်ခတ်သံ။ အာရုံတွေကိုဆုဆည်းလို့  လေးလံနေတဲ့  မျက်ခွံတံခါးကို မရမကနဲ့ အခက်အခဲ တွေကြားက ငါတွန်းဖွင့်လိုက်ရတယ်။ ချက်ချင်းတော့မဟုတ်ဘူး။ မနဲအားယူပြီးတွန်းလိုက်မှ တွေ့ လိုက်တဲ့ မြင်ကွင်းက……...
မီးရောင်မှိန်မှိန်အောက်က အခန်းအပြင်ဖက်မှာ ယူနီဖောင်းတစုံနဲ့ လူတယောက်လို့  ယူဆရတယ်။ သူက ခေါင်းကိုငြိမ့်လို့  တစုံတယောက်ကိုအမူအရာနဲ့ လှမ်းခေါ်လိုက်တယ်။ မသဲမကွဲခြေသံတွေသာပေါ်ထွက်လာတယ်။ ခဏဆိုတဲ့ အချိန်တိုအတွင်းမှာတွေ့  လိုက်ရတာက..နောက်ထပ်လူနှစ်ယောက်..ငါရှိနေတဲ့အခန်းထဲကိုဝင်လာနေကြတယ်။ ခုချိန်ထိ တိတ်ဆိတ်မှုကိုဖြိုခွင်းနေတာက သူတို့ ရဲ့ ခြေသံတွေ…။
ခုချိန်ထိ တိတ်ဆိတ်မှုကိုဖြိုခွင်းနေတာက သူတို့ ရဲ့ ခြေသံတွေ…။ ငါ့အနားကိုရောက်တာနဲ့  တမဟုတ်ခြင်း ငါ့ကို ပုခုံးနှစ်ဖက်ဆီကို တယောက်တဖက်ဆီ ဟန်ချက်ညီညီနဲ့  ထိုင်လျက်အနေအထားရောက်တဲ့ အထိဆွဲထူ လိုက်ကြတယ်။ အချည်းနှီးပဲ….ငါ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အရုပ်ကြိုးပြတ် ပြုတ်ကျသွားတယ်..ငါ့နှလုံးသားက ခန္ဓာကိုယ်ရဲ့  နာကြင်မှုအတွက် အမေ့ကိုတမ်းတ မိသွားတယ် (နာလိုက်တာအမေရယ်) …
သူတို့  နောက်တကြိမ်ကြိုးစားကြတယ်။ အလကားပဲ။ ပြီးတော့…နောက်တခေါက်…
ဒီတကြိမ်တော့..စိတ်တိုလာပုံရတယ်။ ပုခုံးနှစ်ဖက်ဆီကဆောင့်ဆွဲလိုက်ကြတာမို့  မူးမိုက်မှုနောက်ဆက်တွဲကိုတမဟုတ်ခြင်းခံစားလိုက်ရတယ်။ ဒါပေမယ့် ဒီတခါတော့ ငါ့ပုခုံးတွေကို ကိုင်ထားကြတယ်…ခဏအကြာမှာ ခွေးသေတကောင်လို ငါ့ကို ရုတ်တရက် ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ အခန်းပြင်ကိုရောက်နေပြီ..ခုထိ ဘာစကားတခွန်းမှ မကြားရသေးဘူး။ နာကြင်နေတဲ့ ခန္ဓာကိုယ်က နာကြင်ရာကကျော်လွန်ပြီး ထုံကြင်လာကြတယ်။ ဘယ်ကွေ့ ညာချိုးနဲ့ သွားပြီးနောက်မှာ လှေခါးတခုကိုရောက်တယ်.. ညင်သာမယ်ထင်လား… တချက်ကလေးမှ တုံ့ ဆိုင်းမှုမရှိတဲ့ ခြေလှမ်းတွေက စက်ရုပ်တွေလို စည်းချက်ကျကျလှေခါးပေါ်က ဆွဲချသွားကြတယ်။ လှေကားပေါ်က ဒရွတ်တိုက်ဆွဲ ချခြင်းခံရတဲ့ငါ မျက်လုံးအစုံကိုမှိတ်ထားပေမယ့် အသိတရားက နာကြင်ခြင်းတွေကြားမှာ အိုးနင်းခွက်နင်းနဲ့ ပါလာတယ်။ လှေခါးပေါ်ကဆင်းပြီး ဒေါင့်ချိုးတခုကိုကျော်ပြီးချိန်မှာတော့ ခန္ဓာကိုယ်က လေထဲကိုမြောက်တက်သွားတယ်။ သံတခါးသံတခုနောက်ကွယ်မှာ စိတ်နဲ့ ကိုယ် အိုးစားကွဲသွားတယ်။ ခဏလေး..တကယ့်ကို ခဏဆိုမှ တကယ့်ခဏလေးအတွင်းမှာ အမှောင်ကမ္ဘာထဲ ငါပြိုလဲသွားပြန်တယ်။
………………………………………………………………….
အသိတရားက ဘယ်လောက်ကြာကြာခရီးထွက်သွားခဲ့ လဲမသိ။ ခြောက်ကပ်နေတဲ့  နှုတ်ခမ်းတစုံနဲ့ ရေဆာမှုဆိုတဲ့ ဒုက္ခတရားက ငါ့ကိုဒီဘ၀ထဲ ပြန်ဆွဲခေါ်လာကြတယ်။ ခန္ဓာကိုယ်တခုလုံးက နာကြင်မှု၊ စိုရွှဲနေတဲ့ အ၀တ်အစားတွေနဲ့ သံမံတလင်းပေါ်မှာအနေ
ကြာမှု၊ ဆာလောင်မွတ်သိပ်မှု၊ အားနည်းနုံးခွေမှု၊ ကြောက်ရွံ့ စိုးရိမ်မှုတွေနဲ့  တစပ်စပ်တုန်ရင်း ပြန်လည်အသက်ဝင်လာတယ်။ မျက်လုံးတွေကိုဖွင့်ကြည့်တယ်။ မမြင်ရ..ဘာဆို ဘာမှမမြင်ရ..။ အမြင်အာရုံတွေချို့ ယွင်းသွားပြီလားဆိုတဲ့  စိုးရိမ်စိတ်ကြောင့်မြန်လာတဲ့  နှလုံးခုန်သံတွေက တရုပ်နဂါးဆိုင်းတခုလို ဆူညံလို့ …။ ကြောက်လန့်  တကြား ငါ့မျက်လုံးတွေကိုလက်ဖ၀ါးနဲ့ အုပ်ထားလိုက်တယ်။ မျက်ရည်ပူတွေ အလိုလို ကျလာတဲ့  အထိ။
ဒီတခေါက်တော့ အသိတရားရဲ့ အကူအညီနဲ့ ပတ်ဝန်းကျင်ကိုလေ့လာဖို့  အာရုံတွေကို စုစည်းလိုက်တယ်…ကတုန်ကယင်ဖြစ်နေတဲ့ စိတ်ကိုငြိမ်သက်ဖို့  အချိန်တခု ပေးလိုက်တယ်.. လွယ်တော့မလွယ်ဘူး..ဒါပေမယ့် ကြိုးစားမှုရဲ့ ရလာဒ်တခုတော့  ရလိုက် တယ်…တခဏ အတွင်း စိတ်တို့ တဖြေးဖြေးခြင်းတည်ငြိမ်စပြုလာတယ်။ မျက်စိတွေကိုဖွင့်ခွင့်မပေးသေးပဲ အာရုံ ခံစားမှု ယူလိုက်တယ်။ ဟုတ်ပြီ…ရပြီ။
…………………………………………………………..
စစချင်းသတိထားမိတာက အခန်းကအေးစိမ့်စိမ့်နဲ့  သံမံတလင်းခင်းပဲ။ တိတ်ဆိတ်ငြိမ်သက်ခြင်းဆိုတာကို အတိုင်းသားကြားနေရတဲ့ အခန်း။ လေ၀င်လေထွက်ရှားပါးပြီး ညှီစို့ စို့ အနံ့ တခုနဲ့ ဖုန်နံ့ တွေရောထွေးနေတဲ့ အခန်း။ ငါ့လက်တွေကိုဆန့် တန်းလိုက်ပေမယ့် ဘာကိုမှတွေ့ ထိမှုမရှိပုံထောက်တော့ ငါဟာအခန်းရဲ့  အလယ်လောက်ခပ်ကျကျမှာရှိနေတယ်လို့ ယူဆရတယ်။ မျက်လုံးတွေကို ဖြေးဖြေးချင်း ဖွင့်နိုင်ဘို့ အားပေးလိုက်တယ်။ ဖြေးဖြေးဆိုမှ..တကယ့်ဖြေးဖြေးလေး…ဖွင့်ကြည့်လိုက်တယ်။
သေချာတယ် .. အလင်းရောင်လုံးဝမရှိတဲ့ အခန်း။ ဖြေးဖြေးဆိုမှ..တကယ့်ဖြေးဖြေးလေး…ဖွင့်ကြည့်လိုက်တယ်။ သေချာတယ် .. အလင်းရောင်လုံးဝမရှိတဲ့ အခန်း။ နေ့ မှန်းညမှန်းမသိနိုင်တဲ့ အခန်း။ အခန်းကိုလေ့လာနေစဉ်မှာ ခွေးတကောင်ရဲ့ စွဲစွဲငင်ငင်အူသံက အခန်းရဲ့ အထက်နားခပ်ကျကျ တနေရာကထွက်ပေါ်လာတယ်။ အဲဒီခွေးအူသံက ငါဟာမြေအောက်ခန်း တခုထဲမှာဆိုတာကို အသိပေးလိုက်သလိုပဲ။ ဟုတ်ပြီ…မှတ်ဥာဏ်တွေကမှတ်မိသလိုနဲနဲရှိလာတယ်။ ဇာတ်လမ်းရဲ့ အစပိုင်းလောက် ကိုကြိုးစားခန့်မှန်းရင်း ဇာတ်ရည်လည်လာသလိုပဲ။ မီးမောင်းထိုးထားတဲ့  အခန်း…ဟုတ်တယ်..ပြီးတော့ အခန်းထဲကမေးခွန်းပေါင်းများစွာနဲ့  အသံတချို့ ရယ်၊့  နာကြင်ခြင်းတရားတွေရယ်ကို ပြန်သတိရလာတယ်။ ထိတ်လန့်ကြောက်ရွံ့ မှု က တစထက်တစ လက်ရှိဘ၀ကို နားလည် လာစေတယ်။
ဒီအချိန်မှာခန္ဓာကိုယ်ကို အားယူ လို့  မရမက ငါထထိုင်လိုက်တယ်။ ဒီအခန်းကိုဒီထက်ပိုပြီး ငါလေ့လာဖို့ လိုပြီထင်လို့ ။ ပထမဆုံး … ထိုင်ရာမထ ညာဘက်ကိုရွှေ့ သွားဖို့  စဉ်းစားလိုက်တယ်။ စဉ်းစားထားတဲ့  အတိုင်းပဲနာကြင်မှုတွေကိုအံတုရင်း ငါ့ခန္ဓာကိုယ်ကို တရွေ့ ရွေ့  တိုးသွားလိုက်တာ သိပ်မသွားလိုက်ရဘူး..ညာဘက်လက်မောင်းနဲ့ အုတ်နံရံတို့ ထိ ကပ်သွားပြီးနောက်မှာ ခန္ဓာကိုယ်ကရပ်တန့် သွားတယ်။ တခဏနားနေပြီးမှ နံရံတောက် လျှောက်ညာဘက် ကိုပဲဆက်ရွေ့ သွားလိုက်တယ်။ သံမံတလင်းကိုလက်တွေက မမြင်မကန်းစမ်းရင်းနဲ့  တဖြေးဖြေးချင်းရွှေ့  သွားလိုက်တာအပ်ချည်ကြိုးတွေနဲ့ တူတဲ့  ချည်မျှင်တထွေးကိုကိုင်မိတဲ့  အထိ။ သိချင်စိတ်တွေက တားမနိုင်ဆီးမရဖြစ်လာတယ်.. တကယ်ဆို.. ဘာဆိုတာ မြင်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ…ဆိုတဲ့ ပြင်းပြတဲ့  ဆန္ဒ..အဲဒီဆန္ဒရဲ့  နောက်ဆက်တွဲကြောင့် ချည်မျှင်တွေကြားမှာ အလုပ်များသွားကြတဲ့ ငါ့ရဲ့  လက်ချောင်းများ။ မကြာလိုက်ပါဘူး ချည်မျှင်တချို့ ဘေး ရပ်တည်နေတဲ့  အေးစက်စက်အရာတခုကို စမ်းသပ်မိလိုက်တယ်။ ငါ့ခန္ဓာကိုယ်တခုလုံးက တုန့်  ကနဲရပ်သွားကြတယ်။ စူးစမ်းတဲ့ အသိနဲ့  အကြောက်တရား လွန်ဆွဲသွားကြတယ်။ ချက်ခြင်းဆိုသလိုပဲ အကြောက်တရားကို စူးစမ်းစိတ်က နှာတဖျား အသာရသွားတယ်။ အဲဒီနောက် ငါ့လက်နှစ်ဖက်လုံးက အေးစက်စက်အရာဝတ္ထုပေါ်မှာ သုတေသနတွေ စလုပ်တော့တာပဲ။ ဟာ…သွားပြီ….။ ဘာကိုမှပြန်မရနိုင်လောက်အောင် သွားပြီ။
လက်ဖျားခြေဖျားတွေက အေးစက်တုန်ရီလာကြတယ်။ အမှောင်ထဲမှာ ဘာမှမမြင်ရတဲ့  ကျမရဲ့မျက်လုံးအစုံဟာ ဗြုန်းကနဲဆိုသလို ပြာသွားတယ်။ ရင်ထဲကထောင်ပေါင်းများစွာသော လိပ်ပြာတို့  တမဟုတ်ချင်းထပျံသွားကြတယ်။ ပြီးတော့… ကျမခန္ဓာကိုယ်က အမှောင်ထဲမှာရှာဖွေတွေ့  ရှိလို့ သိလိုက်ရတဲ့ အေးစက်စက်အလောင်းတကောင်ရဲ့ ဘေးမှာ ပုံရက်သားလဲကျသွားတယ်။
အပြင်မှာတော့ လေးတွဲ့ တွဲ့ နဲ့  စွဲစွဲငင်ငင် ပေါ်ထွက်လာ နေဆဲဖြစ်တဲ့ ခွေးအူသံ။အတွေးတွေထဲမှာတော့ စစ်ကြောရေးစခန်း၊ အမှောင်ထဲကတိုက်ခန်း၊ ဘယ်အချိန်ကသေဆုံးနေမှန်းမသိတဲ့ အလောင်းကောင် နဲ့ကျမ၊ ပျံ့ လွင့်သွားတဲ့ စိတ်နဲ့ ကျမရဲ့  ခန္ဓာ …ဇဝေဇ၀ါ ပလူပျံနေကြ။
ထူးသျှား
Posted by
Anonymous
at
6:31 AM
0
comments
Labels: ဝတ္ထုတို
Thursday, August 4, 2011
အမည်မဲ့
သမုဒ္ဒရာက
ကျည်ဆံတစ်တောင့်ပစ်တင်လိုက်တယ်
ကောင်းကင်ကို ရောက်မရောက်တော့မသိဘူး။
ဘ၀တစ်လျှောက်လုံးမှာ မပိုင်ဆိုင်ခဲ့ရဖူးတဲ့
အပြာစစ်စစ်အရောင်တွေကို တိမ်တွေက သိပ်ကြိုက်သတဲ့
ကောင်းကင်ကို စစ်ထိုးဖို့
တိမ်မျိုးနွယ်စုတွေ ညီညွတ်ရမယ်တဲ့
အဝေးရောက်တိမ်တွေကို လေလွှတ်ခေါ်လိုက်တယ်။
ကြည့်စမ်းပါဦး
အတန်းလိုက် အတန်းလိုက်
အုပ်စုလိုက် အုပ်စုလိုက်
တိမ်တိုက်ကြီးတွေ တိမ်တပ်မတော်ကြီးတွေ
တော်လှန်စစ်လား ကျူးကျော်စစ်လား
စစ်ပြင်ထားတာတော့ သေချာတယ်။
သိပ်မကြာလိုက်ပါဘူး
တကယ်ကို သိပ်မကြာလိုက်ပါဘူး
တိမ်တွေရဲ့ လမ်းစဉ်မှားလို့လား
ဖောက်ပြန်တဲ့ တိမ်ပါမွှားလေးတွေကြောင့်လား
တိမ်တွေရဲ့ ညီညွတ်ရေးထဲ ဗုံးခွဲခံလိုက်ရတယ်။
ဝုန်း ဂျိန်း ပေါက်ကွဲ
မိုးသည်းသည်းထဲ လျှပ်စီးကြောင်းတွေ လန့်အော်ဖြတ်ပြေး
ဒါ တိမ်တွေရဲ့ သွေးတွေလား
တိမ်တွေရဲ့ မျက်ရည်လား
နှစ်မျိုးစလုံး ရောသွားတာလည်းဖြစ်နိုင်တယ်။
အခြေအနေတွေ ကြည်စင်သွားတဲ့အခါ
ကောင်းကင်က စာတစ်စောင်ကျလာတယ်
"တစ်ကောင်ကောင်ကများ
ငါ့အောက်မှာ ကောင်းကင်တစ်ခု ထပ်ဆောက်နိုင်ခဲ့ရင်
ငါ့ကောင်းကင် ငါပြန်ရုပ်သိမ်းသွားပါ့မယ် ချစ်သူရယ်" တဲ့...
ကမ္ဘာမြေက ဘာပြန်ပြောလိုက်တယ်ထင်လဲ
"မျက်ရည်ပဲ ပေးပေး
တံတွေးပဲ ထွေးထွေး
သေးပဲ ပေါက်ချပေါက်ချ
ချစ်ရတာ သူ့တစ်ယောက်ထဲပါ
စိုစွတ်ရတာ သိပ်ပျော်ပါတယ်" တဲ့။
တိမ်တွေကတော့ လုပ်စား ခံလိုက်ရတယ်။ ။
တစ်ယောက်ယောက်က အပေါ်က ကဗျာကို ခေါင်းစဉ်မပါ ဘာမပါနဲ့ ရေးခဲ့တယ်။ ကျနော် ဖတ်ကြည့် ခံစားပြီး အခုလို ချရေးတဲ့ အဆင့်အထိ၊ ရေးချင်စိတ်တွေ ပြင်းပြနေခဲ့လို့............
ကမ္ဘာပေါ်မှာ GREEN PEACE လိုအဖွဲ့ကြီးတွေက သစ်ပင်တွေကို ပို ပို စိုက်ပျိုးသလိုမျိုး လူတွေကလည်း လူတွေကို ပို ပို ပြီးမွေးဖွားနေကြတယ်။ အဲဒီသစ်ပင်နဲ့ အဲဒီလူတွေအတွက် လေကောင်းလေသန့်နဲ့ ရေကောင်းရေသန့်တွေ လုံလောက်ရေးဟာ သူ့မှာ အတိအကျတာဝန်ရှိတယ်လို့ ကောင်းကင်က ယုံကြည်တယ်။ တစ်ခုတည်းသော အကြောင်းပြချက်က ကမ္ဘာမြေဟာ သူ့ချစ်သူဆိုတာပါပဲ။ သူတာဝန်ယူထားတဲ့ကိစ္စ သူစတင် အကောင်အထည်ဖော်တော့တာပေါ့... ပထမဦးဆုံး သမုဒ္ဒရာ
တွေဆီကို အကြောင်းကြားခဲ့တယ်။ ကမ္ဘာမြေပေါ်က စုဆောင်းလို့ရသမျှ ရေဆိုးရေကောင်းတွေကို အသွင်တစ်မျိုးပြောင်းပြီး သူ့ထံတင်ပို့ပေးဖို့ပါ။ အဲဒါကြောင့်ပဲ သမုဒ္ဒရာဟာ ကမ္ဘာပေါ်က အကြီးမားဆုံး ရှေးအကျဆုံး RECYCLE စက်ရုံကြီးဖြစ်လာခဲ့တယ်။ အဲဒီစက်ရုံကြီးက ဘယ်လောက်ထိ နည်းပညာမြောက်သလဲဆိုရင် ဟောဒီလို မျက်မြင်ထင်ရှားတွေ့နေရတဲ့ရေတွေကို လေစီးကြောင်းထဲလွင့်ပါသွားတဲ့ အခိုးအငွေ့တွေဖြစ်အောင်ကို လုပ်နိုင်ခဲ့တာ။ လောင်စာတွေကိုတော့ တစ်နေရာရာက ရမှာပေါ့လေ။
ဒုတိယအဆင့်အနေနဲ့ ကောင်းကင်က သူ့ရဲ့ကျယ်ပြန့်သမျှ အရေပြားကြီးကို ပိုက်ကွန်သဖွယ်ဖြန့်ကား အုပ်မိုးထားလိုက်တယ်။ ရည်ရွယ်ချက်ကတော့ သမုဒ္ဒရာရဲ့ ပို့ကုန်မှန်သမျှ သူ့လက်ကမလွတ်စေရတဲ့။ ကဲ...သမုဒ္ဒရာကိုလည်း ကျောခိုင်းခဲ့ပြီ။ အပေါ်မှာကလည်း ကောင်းကင်က ဆီးလား မိုးလားနဲ့။ ဝေ့လည်ဝေ့လည် ဖြစ်နေတဲ့ အခိုးအငွေ့တွေဟာ သူတို့ချင်း နီးစပ်ရာ ချစ်ကြိုက်ကြ မျိုးပွားကြနဲ့ လေထုထဲမှာ တိမ် ကမ္ဘာကြီး ဖြစ်လာတော့တာပဲ။ အခုလို ထုနဲ့ ထည်နဲ့ တိမ်ဘ၀ကို မရခင်ကတည်းက ရေခိုးရေငွေ့တွေဟာ ကောင်းကင်ရဲ့ အပြာရောင်ကို မြင်ဖူးပြီး သိပ်လိုချင်ခဲ့ကြတယ်လေ။ တိုးတက်တဲ့ အတွေးအခေါ်ဆိုမလား မှားယွင်းတဲ့ အယူအဆ ဆိုမလားပဲ။ အဲဒီအတွေးအခေါ်ရှိနေတဲ့ တိမ်တွေဟာ တိမ်မှန်သမျှ ညီညွတ်ရေး၊ စစ်ထဲဝင်ရေးကို ဦးဆောင်စည်းရုံးပြီး တိမ်တပ်မတော်ကြီးကို တည်ထောင်၊ ကောင်းကင်ကိုသိမ်းပိုက်ရေးလမ်းစဉ်ကို ချတော့တာပဲ။ ဒါတွေဟာ တိမ်တွေဘက်ကအမြင်နဲ့ ပြင်ဆင်ချက်တွေပါ။ ကောင်းကင်ကတော့ တစ်မျိုး "တိမ်မှန်သမျှ ရေဖြစ်စေရမယ်တဲ့" ။ သူဆင်ထားခဲ့တဲ့ အကွက်လေ။ သူ့အရေပြားနဲ့ တိမ်တွေကို ယက် ယက်ပြီး စုထွေး။ အားမရတာနဲ့ လေတွေကိုပါ မုန်တိုင်းဖြစ်ခွင့်ပေးမယ်ဆိုပြီး တိမ်တွေကို စုထွေးရေး စီမံကိန်းမှာ ခိုင်းထားလိုက်တယ်။ ပြီးရောပေါ့...လေတွေက ဝှေ့တိုက်လိုက်။ ကောင်းကင်က ပွေ့ပိုက်လိုက်နဲ့။ သြော်...တိမ်တိုက်တွေ..တိမ်တိုက်တွေ၊ ညှစ်ချေခံရတော့မှာကို မသိရှာဘူး။ ညီညွတ်နေလိုက်ကြတာ။
အဲဒီလို ကောင်းကင်က အကွက်စေ့စေ့ အလုပ်ရှုပ်နေချိန်မှာ ကမ္ဘာမြေဟာ သူမကိုသူမ သစ်ရွက်ခြောက်တွေနဲ့ဖုံးပြီး (ခင်ပွန်းအဝေးရောက်နေတဲ့ ဇနီးတစ်ယောက်ရဲ့ ရုန်းကန်ရင်ဆိုင်မှုမျိုးနဲ့) နေပူဒဏ်ကို ခက်ခက်ခဲခဲ ကာကွယ်နေရတာပါ။ သေချာတာကတော့ ကောင်းကင်က ရေတွေ ပို့ပေးမှကို ဖြစ်တော့မှာလေ။ ဒီတော့ ကောင်းကင်ဟာ သူ့လက်သန်သန်ကြီးတွေနဲ့ တိမ်တွေကို စတင် ညှစ်ချေတော့တာပဲ။ အော်ကြီးဟစ်ကျယ်နဲ့ တိမ်တွေဟာ ကောင်းကင်ရဲ့ စနစ်တကျ တိုက်ခိုက်ညှစ်ချေမှုအောက်မှာ ရေဖြစ်သွားရတာပေါ့။ ကြည့်လေ..ကောင်းကင်ရဲ့ လက်မောင်းကြီးတွေ တစ်နေ့တစ်ခြား သန်မာထွားကျိုင်းလာလိုက်တာ ကမ္ဘာဦးထဲက ဆိုပါတော့။
မြေပြင်ကို ရေပို့ရေး ကိစ္စကြီးပြီးသွားတော့ လေတွေက ကောင်းကင်ရဲ့ကတိအတိုင်း မုန်တိုင်း ဖြစ်ခွင့်ကို တောင်းဆိုလာကြပြီ။ သိပ်သိတာပေါ့။ ကောင်းကင်ပဲဟာ။ အားလုံးထက်လည်လို့ အပေါ်ကနေ ကောင်းကင်လုပ်နေတာပေါ့။ ဒီအကွက်ကိုလည်း သူပဲဆင်ခဲ့တာလေ။ လေတွေရဲ့ ပါးစပ်ကနေ ဆန္ဒနဲ့ တောင်းဆိုလာတဲ့ အချိန်အထိကို အသာလေးကြည့်ကောင်းအောင် စောင့်နေခဲ့တာ။ တကယ်တော့ ကောင်းကင်ဟာ လေတွေ မုန်တိုင်း ဖြစ်ရေး/ မဖြစ်ရေးကို စိတ်မ၀င်စားဘူး။ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ကမ္ဘာမြေကို လေကောင်းလေသန့်တွေ ပို့ရေးမှာ မုန်တိုင်းသိပ်ဖြစ်ချင်နေတဲ့ လေထု မြောက်ကြွမြောက်ကြွလေးတွေကို အသုံးချလိုက်တာပါ။ သူ့ရဲ့လမ်းစဉ်ကိုက တစ်ဖက်လှည့်လမ်းစဉ်ပါ။ "လေတွေကို ချေမှုန်းရေး" တဲ့။
ကောင်းကင်ဟာ သူ့တောင်ပံနဲ့ လေထုကို တ၀ုန်းဝုန်ရိုက်ချ။ ပြီးတော့ ခြေသည်းတွေနဲ့ ပြန်ကုတ်တင်။ အဲဒီလို သုံးလေးခါလောက် လုပ်ပြီးရော ကမ္ဘာပေါ်က တောင်တန်းကြီးတွေဆီ တည့်တည့်ချိန်ရွယ်ပြီး လေထုကို တအားကုန် လွှဲပစ်ထုတ်လိုက်တယ်။ လေထုဟာ ကောင်းကင်ရဲ့ လက်ကအထွက်မှာ ဘာမှမဖြစ်သေးပေမယ့် လမ်းတစ်ဝက်မှာ မုန်တိုင်းဖြစ်သွားတယ်လေ။ မုန်တိုင်းတစ်ကောင်အနေနဲ့ တောင်တန်းကြီးတွေကို ပြေးခွပ်တာပဲဖြစ်ဖြစ်၊ တောင်တန်းကြီးတွေက မုန်တိုင်းရဲ့ ခန္ဓာကိုယ်ကို ရိုက်ချိုးတာပဲဖြစ်ဖြစ်၊ နောက်ဆုံး အရင်းစစ်လိုက်တော့ ကမ္ဘာမြေပေါ်မှာ လေကောင်းလေသန့်တွေ ဖြစ်ပေါ်လာတော့တာပေါ့။
(ကဲ..ဆိုကြပါစို့ဗျာ။ အဲဒီလို ရေ လေ အစုံအလင်နဲ့ ပျော်ရွှင်နေတဲ့ ကမ္ဘာမြေရဲ့ ခံစားချက်က ဘာနဲ့တူသလဲဆိုတာ သင်တို့ရဲ့ချစ်သူတွေက ပိုသိမှာပါ။ ကမ္ဘာမြေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အခါ ဆုံးရှုံးပျက်စီးခဲ့ရတာတွေ ရှိပါတယ်။ ရေကြီးတဲ့ ဒုက္ခ မုန်တိုင်းသင်တဲ့ဒုက္ခ စတဲ့ဒုက္ခဘေးကြီးတွေမှာ မြို့ ရွာ သစ်ပင် အဆောက်အအုံ တိရစ္ဆာန်အပါအ၀င် လူတွေပါ ဆုံးရှုံးခဲ့ရတာပါ။ ရောဂါတစ်ခုကို ကုသရာမှာ သွေးဖြူဥတွေ ကျဆုံးသွာသလိုမျိုး ဖြစ်မှာပါ။ ဒီတော့ မုန်တိုင်းတစ်ခုကို ရိုက်ချိုးဖို့ တောင်တန်းကြီးတွေ လိုအပ်သလိုမျိုး လေကောင်းလေသန့်တွေကို အသိအမှတ်ပြု လက်ခံကြိုဆိုတဲ့အနေနဲ့ ကျနော်တို့ရဲ့ စီးကရက်စက်ရုံတွေကိုရော မဖျက်ဆီးသင့်ပေဘူးလားလို့........ဒီဝါကျရဲ့အဆုံးမှာပဲ ကျနော်က စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်ပြီး ဒီစာတစ်ပုဒ်လုံးကို အစကနေ ပြန်ဖတ်ကြည့်တော့၊ စာ ကောင်း မကောင်းမသိပေမဲ့ စီးကရက်က တော်တော်သောက်လို့ကောင်းတာကို သေချာသိရှိ ခံစားလိုက်ရတယ်။ (လူဆိုတာ အခက်ခဲဆုံးပုစ္ဆာ) ဆိုတဲ့အချက်ကို (YES) or (NO) မှတ်တမ်းကောက်တဲ့ ဇယားထဲမှာ (YES) ဆိုတဲ့အကွက်လေးကို ကျနော် (အမှန်) ခြစ်ပေးလိုက်တယ်။
(မိတ်ဆွေအနေနဲ့ စာတစ်ပုဒ်ဟာ ခေါင်းစဉ်ရှိသင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံယုံကြည်ရင် ဒီစာတစ်ပုဒ်လုံးအတွက် "သောက်လို့ကောင်းတဲ့စီးကရက်" ဆိုတဲ့ ခေါင်းစဉ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ဆိုင်/ မဆိုင် မသိပါ။ ကျနော်ကတော့ အဲဒီအယူအဆကြီးကြောင့် ဘယ်တုန်းကမှ အိပ်ရေးမပျက်ခဲ့ဖူးတာ သိပ်သေချာကြောင်း ကောင်းကောင်းကြီး ယုံကြည်နေတုန်းမို့........။)
သုအိုင်စံ
၀၇/၀၄/၂၀၀၁
Posted by
Anonymous
at
2:13 AM
0
comments
Labels: ဝတ္ထုတို
Tuesday, June 14, 2011
အရေးမကြီးသော စကား ( ဟန်သစ် မဂ္ဂဇင်း၊ ဇွန် လ ၁၉၉၅ )
တစ်နေ့ သ၌ ဇော်မြင့်သည် ဘာလုပ်မည်ဟု မသိဘဲ ရည်ရွယ်ချက်မဲ့ လက်လျှောက်လာစဉ် မထင်မှတ်ဘဲ ကောင်းကင်တစ်ခွင်လုံး မည်းနက်လာကာ ရွာချလိုက်သည့်မိုးနှင့် ကြုံသဖြင့် မိုးခိုရန် နီးစပ်ရာ အဆောက်အအုံ တစ်ခုအတွင်း ၀င်လိုက်သောအခါ မတိုက်ဆိုင်စွာပင် ထိုအဆောက်အအုံမှာ ပန်းချီ ပြခန်းတစ်ခု ဖြစ်၍နေလေသည်။
" ကမ္လာကြီးရဲ့ မိတ္တူ" ပြပွဲ၏ အမည်ကို အပေါက်ဝတွင် ပိုစတာတစ်ချပ်နှင့် ရေးထောင်ထား၏ ။ ပုဏ္ဏကဟူသော ခပ်ဆန်းဆန်း အမည်ရှိသော ပန်းချီဆရာတစ်ယောက် ခင်းကျင်းပြသနေသည့် တစ်ကိုယ်တော် ပြပွဲပင်ဖြစ်သည်။ အရောင်းကောင်တာဟု ယူဆရသော ထောင့် စားပွဲဖြူတစ်လုံးတွင် မီးသေနေသော ဆေးပေါ့ လိပ်ကို လက်ကြားညှပ်ကာ အိပ်ငိုက်နေသော ခပ်ပွပွဘောင်းဘီရှည်နှင့် ခပ်ပိန်ပိန်လူတစ်ယောက်ကို တွေ့ ရ၏ ။ နောင်သောအခါ ထိုလူမှာ ဤပြခန်း (ဂလယ်ရီ)ပိုင်ရှင် ကိုတင်မောင်ဝင်း ဆိုသူဖြစ်ကြောင်း သိရလေသည်။
ပန်းချီပြခန်းများမှာ ချစ်တီးထမင်းဆိုင်များလိုပင် ဇော်မြင့် ၀င်ရောက်လေ့ မရှိသော နေရာများဖြစ်သော်လည်း မိုးစဲအောင် အချိန်ဖြုန်း သည့်အနေဖြင့် ပြခန်းကို လှည့်ပတ်ကြည့်မိလေသည်။ ဇော်မြင့်သည် ပန်းချီပြခန်းထဲတွင် တွေ့ ရသော ပုဏ္ဏက၏ ပန်းချီကားများမှာ ယခင်က သူ သိဖူးမြင်ဖူးသော ပန်းချီကားများနှင့် လုံးဝဆန့် ကျင်ကွဲပြားနေခြင်းက ဇော်မြင့်ကို အတန်ငယ် အံအားသင့်စေ၏ ။ ပန်းချီကားများဟု ဆိုသော်လည်း ထိုပန်းချီကားများတွင် အရုပ်ဟူ၍ လုံးဝမတွေ့ ရဘဲ ဆေးရောင်များ သက်သက်သာ သုတ်လိမ်းထားသည်ကို တွေ့ ရသောကြောင့် ဖြစ်သည်။ နောင် တွင် ဤပန်းချီကားများမှ စိတ္တဇနှင့် ရေးသားထားသော နည်းထဲမှ တစ်နည်းဖြစ်သည့် ဒြပ်မဲ့ ရောင်ခြယ်နည်း ဖြစ်ကြောင်း သိရလေသည်။
" ဒါ ပန်းချီကားတွေပေါ့ နော် "
သူ့ မေးခွန်းကြောင့် အိပ်ငိုက်နေသော ပန်းချီဆရာက မော်ဒန်ပန်းချီအုပ်စုမှာ အရောင်းရဆုံး ပန်းချီဆရာတစ်ယောက်ပဲ၊ ပြပွဲဖွင့်ထား တာ သုံးရက်ပဲရှိသေးတယ်။ ဒီထဲက ပန်းချီကား တစ်ဝက်ကျော်ကျော်လောက် ရောင်းပြီးသွားပြီ "
" ဒါတွေကို ပန်းချီကားလို့ ခေါ်ရင် ဒါမျိုးတွေကို ကျွန်တော်လည်း ရေးတတ်တယ် ထင်တယ် "
" ရေးတတ်ရင် ရေးပေါ့ "
သို့ ဖြင့် ဘာလုပ်ရမှန်းမသိဘဲ သင်္ဘောလိုက်သွားရာမှ သုံးနှစ်ကြာသောအခါ သင်္ဘောပေါ်မှ ပြန်ရောက်ပြီး၊ တစ်နှစ်ကျော်ကြာသည် အထိ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေသော ဇော်မြင့်သည် ပန်းချီဆရာလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
နောက်ခြောက်လကြာသောအခါ ဇော်မြင့်သည် အောင်မြင်စပြုနေသော ပန်းချီဆရာဖြစ်၍ လာလေသည်။ သူ့ ပန်းချီကားတွေကို ကိုတင်မောင်ဝင်းပိုင် ဂလယ်ရီတွင် တင်လိုက်ရာ ကားတိုင်းလောက်နီးပါးပင် ရောင်းခဲ့ ရလေသည်။ သူသည် အင်္ဂလိပ်လို ရေးထားသော ပန်းချီ စာအုပ်များကို ၀ယ်ယူကာ အချိန်ယူ ဖတ်ရှုခဲ့သည်။ အခုတော့ ဗင်ဂိုးနှင့် ဂေါ်ဂင်ကအစ၊ ဒါလီနှင့် ချာဂေါ် အလယ် ၊ ရိုချင်ဘတ်ဒိကူးနင်း၊ ဂျက်ဆင်ပူးလော့နှင့် အင်ဒီဝါးဟိုးအဆုံး သူ လေ့ လာတီးခေါက်မိသည့် အင်ပရက်ကားတွေအကြောင်း သူ နှုတ်တိုက်ရွရွ ရွတ်ဆိုတတ်လာပြီ။ ကိုတင်မောင်ဝင်းက ခင်ဗျား မဆိုးဘူးဟု ပြောသည်။ ကျွန်တော်ဆို ပန်းချီပြခန်းဖွင့်တာကြာပြီ။ ဒါပေမယ့် ရေဆေးကားနဲ့  ဆီဆေးကားကိုတောင် မကြာသေးခင်ကမှ ခွဲခြားတတ်တာဟု ပြောသည်။ " ခင်ဗျား ဘာလို့ ဒီအလုပ်ကို ရွေးချယ်ခဲ့တာလဲ" လို့ သူက မေးတော့ " တခြားလုပ်စရာ မရှိလို့ ပေါ့ ။ ဒီအလုပ်က မြွေအလမ္ပာယ်ဆရာထက်တော့ သာတာပဲ မဟုတ်လား။ ပန်းချီကားတွေအလယ်မှာ နေရတာ မြွေတွေအလယ်မှာ နေရတာထက် ပိုပြီး လုံခြုံမှုရှိတယ်လေ။ အင်း မျက်စိတော့ နည်းနည်းကျိန်းတာပေါ့ ဗျာ " ဟု ဖြေလေသည်။
*
တစ်နေ့ သ၌ ဇော်မြင့်သည် သူ ငှားရမ်းနေထိုင်ရာ တိုက်ဝါ၀ါကြီး၏ တတိယထပ် ၀ရန်တာမှ လမ်းမပေါ် ငုံ့ ကြည့်လိုက်ရာ၊ မထင်မှတ်ဘဲ ရွေ့ လျား နေသော အနီဝိုင်းလေးတစ်ခုကို မြင်ရကာ ချစ်ခင်သွားလေသည်။ ထိုဝိုင်းဝိုင်းနီနီကလေးမှာ မိန်းကလေးတစ်ယောက် ဆောင်းထားသော ခေါက်ထီး လေးတစ်လက်၏ အရောင်ပင်ဖြစ်လေသည်။ ခေါက်ထီးရှင်မှာ ဇော်မြင့် နေထိုင်သောလမ်း၏ တစ်ဘက်တွင် ရှိသည့် ရုံးကြီးတစ်ရုံးမှ ခင်မြင့်ကြီး အမည်ရှိ စာရေးမလေးဖြစ်၏ ။ ခင်မြင့်ကြီးနှင့် မျက်မှန်းတန်းမိသလောက် ရှိသောအခါ ဇော်မြင့်သည် မကြာမီ ဖွင့်လှစ်မည့် သူ့ တစ်ကိုယ်တော် ပန်းချီ ပြပွဲ၏ ဖိတ်စာတစ်စောင်ကို ကိုယ်တိုင် အရဲစွန့် ကာ ပေးခဲ့ လေသည်။
သူ့ တစ်ကိုယ်တော် ပန်းချီပြပွဲ၏ အမည်မှာ အမည်မဲ့ ဖြစ်လေသည်။ ခင်မြင့်ကြီးသည် ပန်းချီပြပွဲကို သူထင့်သည့်အတိုင်း လာရောက် ခဲ့ သည်။ သို့ သော် ခင်မြင့်ကြီးသည် သူ့ ပန်းချီကားများထက် သူဖိတ်ကျွေးသော ညစာစားပွဲမှ ဟင်းလျာများကိုသာ ပိုမို စိတ်ဝင်စားခဲ့၏ ။ နောက် သုံးလေးလအတွင်းမှာ သူသည် ခင်မြင့်ကြီးနှင့် ချိန်းဆိုကာ ရုပ်ရှင် ငါးခါ ကြည့်၍၊ ညစာ သုံးခါ အတူစားခဲ့ကြသည်။ သူက ခင်မြင့်ကြီးကို လက်ထပ် ခွင့် တောင်းရန် စိတ်ကူးနေဆဲ မထင်မှတ်သော ကိစ္စတစ်ခု ဖြစ်ပေါ်လာလေသည်။
တစ်ရက်တွင် သူ့ ထံသို့  သူစိမ်းနှစ်ယောက် ရောက်လာကာ သူ့ အမေသည် ကိုယ်ရေပြားရောဂါဖြင့်ပင် ကိုယ်ရေပြားရောဂါသည်များ စုပေါင်းနေထိုင်ကြသည့် ထောက်ကြံ့အနီး ရွာကလေးတွင် ဆုံးပါးသွားကြောင်း သတင်းပို့ လာ၏ ။ ထိုသူနှစ်ယောက်မှာလည်း ထိုရွာလေးတွင် နေထိုင်ကာ ကိုယ်ရေပြားရောဂါရှင်များပင်ဖြစ်၍၊ သူ သေပါက အသုဘကိစ္စအ၀၀အတွက် သွားရောက် သတင်းပေး ဆက်သွယ်ရန် မသေခင် မှာကြားခဲ့ သည်ဆိုသည်။
တကယ်တော့ ကိုကျော်မင်းဆိုသူမှာ လွန်ခဲ့ သော တစ်နှစ်ခန့် က သူ လက်လွှဲယူခဲ့သော ဤအခန်းပိုင်ရှင် မျက်နှာဖြူဖပ်ဖြူရော်နှင့် လူသာဖြစ်သည်။ သေဆုံးသွားသော အရေပြားရောဂါသည် အမေ၏ မြေကျကိစ္စအ၀၀ကို ဆောင်ရွက်ရန် ကိုကျော်မင်းကို ဘယ်နေရာတွင် လိုက်ရှာ ရမည်နည်း သူ မသိ။ မည်သူမျှလည်း သိလိမ့်မည်မထင်။ ကိုယ်ရေပြားရောဂါသည် အမေကို အသိမပေးဘဲ ပြောင်းရွှေ့ သွားခဲ့ ပုံကို ထောက်ချင့်၍ ကိုကျော်မင်းသည် ဤကိစ္စရပ်များကို ရှက်ရွံ့ ဖွယ်ဟု ယူဆကာ၊ ခြေရာဖျောက်လိုသော ဆန္ဒရှိပုံရကာ နောက်ဆုံးတော့ ဤကိစ္စများပင် ရှင်းမနေတော့ ဘဲ ကူညီသူ ကင်းမဲ့ နေသည့် ကိုယ်ရေပြားရောဂါသည် အဘွားကြီး၏ အသုဘတာဝန်ကို သူ ယူလိုက်လေသည်။ သူသည် ငယ်စဉ်ကပင် မိဘမဲ့ တစ်ယောက်အဖြစ် သာသနာပြု မိဘမဲ့ ကျောင်းတွင် ကြီးပြင်းလာခဲ့ ရသူဖြစ်၏ ။
ကိုဇော်မြင့်၏ အမေ ကိုယ်ရေပြားရောဂါသည် အမေကြီးသည် ထိုဝေဒနာဖြင့်ပင် ရောဂါသည်များ စုပေါင်းနေထိုင်ရာ ရွာတွင် သေဆုံး သွားသဖြင့်၊ ကိုဇော်မြင့်ကိုယ်တိုင် သင်္ဂြီုဟ်ခဲ့ကြောင်း သတင်းစကားမှာ ရက်ပိုင်းအတွင်းမှာပင်၊ သူနေထိုင်ရာ တိုက်ခန်းမှတစ်ဆင့် လမ်းတစ်လမ်းလုံး သို့  ကူးစက်ရောဂါ တစ်ခုနှယ် လျင်မြန်စွာ ပြန့် နှံ့ သွားလေသည်။
ယခင်က သူ့ ကို ပြုံးရွှင်စွာ နှုတ်ဆက်စကား ပြောခဲ့ သူများမှာ ယခု သူ့ တွေ့ လျှင်၊ မျက်နှာလွှဲကာသွားကြ၏ ။ ရွံတတ်သူ နာမည်ကြီး သော အရာရှိကြီး တစ်ဦးကမူ သူနှင့် လှေကား အတက်အဆင်းတွင် ကြုံသောအခါများ၌ သူ့ နှာခေါင်းကို လက်ကိုင်ပုဝါဖြင့်ပင် ပတ်၍သွားလေသည်။ ခင်မြင့်ကြီးကတော့ သူ့ ကို မျက်နှာချင်းဆိုင်ကာ မေးခဲ့၏ ။
" ကိုဇော်မြင့် ရှင့် အမေက ကိုယ်ရေးပြားရောဂါသည်ကြီးဆို၊ ဟုတ်သလား"
သူက မေးခွန်းတစ်ခုအား ပြန်လည်မေးခဲ့သည်။
" ဟုတ်တော့ရော ဘာဖြစ်သလဲ"
*
တစ်နေ့ သ၌ ဇော်မြင့်သည် ပန်းချီဆရာပုဏ္ဏက နေထိုင်ရာသို့ ထွက်လာခဲ့လေသည်။ ပုဏ္ဏက၏ အိမ်လိပ်စာကို ကိုတင်မောင်ဝင်းအိမ်မှ ရခဲ့ ခြင်း ဖြစ် သည်။ လွန်ခဲ့ သော တစ်လခန့် က သူသည် ပန်းချီကားတစ်ကားကို စတင်ရေးခဲ့ ရာ ယခုထက်တိုင်အောင်ပင် လက်စမသတ်နိုင်သေးသော ဒုက္ခနှင့် တွေ့ ကြုံနေရ၏ ။
ကြီးမားသော ကင်းဗတ်စကြီးကို မြေကြီးပေါ်တွင် အပြားလိုက်ချကာ သင်္ဘောဆေး ရောင်စုံဘူးတွေကို သွန်လောင်းချရင်း ရေးဆွဲတတ် သည့် ဂျက်ဆင်ပူးလော့ခ်က၊ သူ့ ပန်းချီကားပေါ်တွင် မတော်တဆ ကျသွားသော ဆေးစက်ဆို၍ တစ်စက်ကလေးမျှပင် မရှိခဲ့ ပါဟု ဆိုခဲ့ ဖူးလေသည်။ ထိုပန်းချီကားမျိုးမှာ လက်ဖြင့်ရေးရခြင်းမဟုတ်ဘဲ အာရုံဖြင့် ရေးရခြင်းဖြစ်၏ ။
ဤအမည်ပေးမထားသော ပန်းချီကားချပ်ကို ရေးခြင်းအကြောင်းမှာ မတွေ့ မြင်ရတာ ကြာပြီဖြစ်သည့် ခင်မြင့်ကြီးကို ညဘက်ပေးသော ပါတီတစ်ခုတွင် မထင်မှတ်ဘဲ ပြန်လည်တွေ့ ဆုံရခြင်းက လှုံ့ ဆော်မှုပြုခဲ့ ၍ဖြစ်၏ ။ ခင်မြင့်ကြီးသည် သူ့ ကို ကိုယ်ရေပြားရောဂါသည်ကြီး၏ သားဟု မှတ်ယူသွားကာ၊ ဆက်ဆံရေးကို ဖြတ်တောက်ပစ်ခဲ့လေသည်။ ထိုပွဲတွင် သူ့ ကို မြင်သော်လည်း ခင်မြင့်ကြီးက နှုတ်မဆက်ဘဲ၊ ထိုညက ခင်မြင့်ကြီး အပါးက မခွာဘဲ အရေးတယူ စကားပြောခဲ့ သူမှာ အနောက်တိုင်းဝတ်စုံကို အကျအန ၀တ်ဆင်ထားသည့် မျက်နှာဖြူဖတ်ဖြူရော်နှင့် လူတစ်ယောက် ဖြစ်ပါသည်။ ထိုသူသည် ကိုဇော်မြင့် လက်ရှိနေထိုင်လျက်ရှိသော အခန်း၏ မူလပိုင်ရှင်ဟောင်း ကိုကျော်မင်းဆိုသူ ဖြစ်လေသည်။
ထိုညက ပါတီပွဲမှ ပြန်လာခဲ့ ၍ အိမ်ရောက်လျှင် ရောက်ခြင်း၊ သူသည် ပန်းချီကားတစ်ချပ်ကို စတင်ရေးဆွဲခဲ့ လေသည်။ သို့ သော် တစ်လခန့် ကြာမြင့်သည့်တိုင်အောင်ပင် ထိုပန်းချီကားမှာ အဆုံးမသတ်နိုင်ဘဲရှိ၏ ။ ထို့ ကြောင့်သူ ပုဏ္ဏက အိမ်သို့ ထွက်လာခဲ့ခြင်းဖြစ်၏ ။ ပုဏ္ဏက က ပန်းချီရေးနေသော စတူဒီယို အခန်းထဲသို့  သူ့ ကို ခေါ်ဆောင်သွားခဲ့၏ ။ ဆိတ်ငြိမ်သော အခန်းထဲတွင် ပုဏ္ဏက ပန်းချီရေးနေသည်ကို သူ ထိုင်ရင်း ကြည့်နေခဲ့၏ ။ ဆေးရောင်သုံးစွဲပုံ စုတ်ချက်တို့ မှာ ရဲရင့်သည်နှင့်အမျှ တိကျသေသပ်လှသည်။ သူ ပိုအံ့သြမိသည်မှာ ပုဏ္ဏကသည် မျက်မှန် နက်နက်ကြီး တစ်လက်ကို တပ်ကာ ပန်းချီရေးနေသောအချက် ဖြစ်၏ ။ ပုဏ္ဏကက သူ့ ကို လှည့်မကြည်ဘဲ မေးသည်။
" ကျွန်တော် ဘာကူညီရမလဲ မိတ်ဆွေ "
" ခင်ဗျားရဲ့  ပန်းချီကားတွေဟာ ကျန်တဲ့ သူတွေ အံ့သြလောက်အောင် အောင်မြင်နေတယ် ကိုပုဏ္ဏက၊ အဲဒါ လျှို့ ဝှက်ချက်က ဘာလဲ "
ဇော်မြင့်က ထောက်လာသည့် သူ့ ရင်ထဲက ဖြစ်ပေါ်လာသော မေးခွန်းတစ်ခုမေးလိုက်၏ ။ ပုဏ္ဏကက လေသံဖြင့် ဖြေ၏ ။
" ဒီ ပန်းချီကားတွေလောက်ကတော့ ၀က်တစ်ကောင်ရဲ့ အမြီးမှာ စုတ်တံချည်ပေးလိုက်ရင်တောင် ဖြစ်နိုင်ပါတယ်။ အဲ . . . လျှို့ ဝှက် ချက်ဆိုတာကတော့ ရှိတာပေါ့ ဗျာ။ ကျွန်တော့်ရဲ့ လျှို့ ဝှက်ချက်ကတော့  ကျွန်တော်ဟာ မျက်စိမမြင်သူဖြစ်တယ်ဆိုတာ ကျွန်တော့ ပန်းချီကား ၀ယ်တဲ့ သူတွေ မသိအောင် ဖုံးဖိထားနိုင်တဲ့  အချက်ပဲဗျ "
ပုဏ္ဏကဆီမှ ပြန်လာပြီးနောက် ဇော်မြင့်သည် ရေးလက်စပန်းချီကားအား အပြီးသတ်အောင် ဆက်လက်ဆွဲရန် အလုပ်စတင်သည့် အနေဖြင့် သူ့ လက်ထဲက စုတ်တံကို ဆေးခွက်အနက်ထဲသို့ နစ်လိုက်လေသည်။
သစ္စာနီ
Posted by
Anonymous
at
2:53 AM
0
comments
Labels: ဝတ္ထုတို
Sunday, June 12, 2011
နွားနို့ သောက်သူများ(ဒဂုန် မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၅)
နွားများသည် အရောင်ကွဲသော်လည်း နွားနို့ တိုင်းသည် အဖြူဖြစ်သည်။
မနက်မိုးလင်းလျှင် သို့ မဟုတ် အိပ်ရာမှထလျှင် လူတို့ သည် နွားနို့ သောက်ကြသည်။
သို့ မဟုတ် လူတချို့ သည် နွားနို့ သောက်ကြသည်။
နေထွက်မလာသေး။
ပိတ်ထားသော တံခါးတစ်ချပ်ရှေ့ တွင် နွားနို့ ပုလင်းတစ်လုံး ရှိသည်။
ဝသော ဦးမြင့်သန်း၌ ကုပ်ပိုးနှစ်ထပ် ရှိသည်။
ထိုနွားကို စလေဦးပုည မပိုင်ပါ။
စူလဟူသော ဟိန္ဒူပိုင်၏။
သူ့ လက်ချောင်းမည်းမည်းများဖြင့် နို့ တိုင်ကို ညှစ်ဆွဲချလိုက်သောအခါ နို့ များသည် အောက်တွင် ခံထားသော သွပ်ပုံးထဲသို့  ပန်း၍ ကျ၏။ ဆရာဝန်က နားကျပ်ကို ဖြုတ်လိုက်သည်။ ခင်ဗျားမှာ ဘာရောဂါမှ မရှိဘူး၊ အားနည်းနေတာပဲ၊ နွားနို့ မှန်မှန်သောက်ရမယ်ဟု ပြော၏။ နေလောင်ထားသော အသားအရေနှင့် သူ့ ရှေ့ မှ ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူနာ၏အမည်မှာ ဒေါ်သိန်းကြွယ်ဖြစ်ကြောင်း သူ မသိပါ။ သီတာ သည် မီးဖိုပေါ်မှ နွားနို့ အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ မလိုင်မတက်ရန် ဖြစ်၏။ မလိုင် တက်သော နွားနို့ သည် ၀မ်းပျက်တတ်သဖြင့် ကလေးများနှင့် မသင့်လျော်။ နွားများသည် မြက်အပြင် တခြားအရာ အနည်းငယ်ကိုလည်း စားသုံးလေ့ ရှိသည်။ မောင်ရေ ရွှေဝါရယ် နွားနို့ ကုန်အောင် မသောက်နိုင်ဘူး။ ရုံးသွားရန်ပြင်နေသော ကိုအောင်ဝင်းသည် ကြောင်ကလေးတစ်ကောင်ကို ရင်ခွင်တွင်ပိုက်ထားသော ဇနီးချောအိကို လှမ်းကြည့်လိုက်သည်။ သူတို့  အိမ်ထောင်ကျခဲ့ သည်မှာ ဆယ်နှစ်နီးပါး ရှိပြီ။ သူတို့ တွင် ကလေးမရှိ။ ကျော်ကျော်၏ အမေတွင် ကလေးရှိ၏။ နွားတစ်ကောင်တွင် ခြေထောက်လေးချောင်း ရှိ၏။ စူလ နွားနို့  ညှစ်နေသည်။ နွားနို့ သံပုံးထဲကျသံမှာ တရှဲရှဲ မြည်နေသည်။ သို့ မဟုတ် တရှီးရှီး မြည်နေသည်။ စားပွဲပေါ်ရှိ နွားနို့ ဖန်ခွက်ရှေ့ တွင် ကျော်ကျော် ထိုင်မှိုင်နေသည်။ ထိုဖန်ခွက်ကို တရုတ်ပြည်တွင် ပြုလုပ်ခဲ့ သည်။ ကျောင်းကြိုကား လာတော့မည်။ " သား နွားနို့ ပူပူလေး သောက်လိုက်အုံးလေ" သူ့ အမေက ပြော၏။ နွားနို့ တစ်ခွက်ကို နံရံတွင် ကပ်ရိုက်ထားသော စင်ကလေးပေါ် သို့  ကိုဘခိုင် တင်လိုက်သည်။ ထိုစင်ပေါ်တွင် သူတို့ ကိုးကွယ်သော ယောဂီကြီး၏ ရုပ်တုရှိ၏။ နို့ ဆာသော နွားသားပေါက်ငယ် တစ်ကောင် ချည်တိုင်မှာ ရုန်းကန်ရင်း တဘူးဘူး အော်နေ၏။ တဗူးဗူးဟု ရေးရင်လည်း မှန်နိုင်ပါသည်။
*
အိမ်ရှင်တို့  အိပ်ရာမှ ထလာသောအခါ ပိတ်ထားသော တံခါးရှေ့ တွင် နွားနို့ ပုလင်းတစ်လုံးစီကို တွေ့ ရ၏။ နို့ သည်က ယူနေကျ ဖောက်သည်များ အိမ်ရှေ့ မှာ ချပေးသွားခြင်းဖြစ်သည်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၄၀၀၀ ကျော်လောက်က စတင်၍ အိန္ဒိယလူမျိုးများသည် နွားနို့ ကို သုံးစွဲလာကြ သည်။ ဦးမြင့်သန်း၏ ရှေ့ တွင် အငွေ့ တထောင်းထောင်း ထနေသော နွားနို့ တစ်ခွက်နှင့် ခေါက်ထားသော ယနေ့ ထုတ်သတင်းစာ တစ်စောင်ရှိ သည်။ ခင်ဗျား နွားနို့ မှန်မှန်သောက်ရမယ်။ ဒေါ်သိန်းကြွယ်၏ ချွေးခံအင်္ကျိအိတ်ထဲမှ ငါးကျပ်တန်အဟောင်း တစ်ရွက်သည် စမ်းသပ်ခအဖြစ် ဆရာဝန်ထံ ခုန်ထွက်သွားသည်။ ဆရာဝန်ထံမှ တစ်ဆင့် အာစူလာအင်းဒရက်ထံ ရောက်သွား၏။ နွားနို့ တွင် ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်း၊ ဓါတ်သတ္တုနှင့် ဗီတာမင်များ ပါဝင်ကြောင်း သူတို့ ကောင်းကောင်း မသိ။ ဆရာဝန်က သိ၏။ ကိုဘခိုင်အိမ်မှ ကြွက်ကလေးတစ်ကောင်ကလည်း သိ၏။ သံပုံးထဲတွင် နွားနို့ များ တစ်စထက် တစ်စ မြင့်တက်လာသည်။ စူလသည် အသားမည်း၏။ သို့ သော် နွားနို့ က ဖြူသည်။ သို့ သော် ပန်းချီဆွဲသော ကိုဘခိုင်က နွားနို့ သည် မဖြူဟု ပြော၏။ သီတာသည် မီးဖိုပေါ်မှ နွားနို့ အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ ထိုသို့ မွှေနေခြင်းမှာ လက်အားနေခြင်းကြောင့် မဟုတ်ပါ။ မလိုင်မတက်ရန် ဖြစ်၏။ နို့ ဆာနေသော နွားသားပေါက်ငယ်တစ်ကောင်သည် ချည်တိုင်တွင် တဘူးဘူးအော် နေသည်။ တချို့ က တဗူးဗူးဟု ကြားကြသည်။ ညနေကျရင် ရွှေဝါကို ဆေးသွားထိုးရအောင် မောင် ရုံးက စောစောပြန်ခဲ့ နော်ဟု ချောအိက မှာ၏။ ရွှေဝါဆိုသည်မှာ ကြောင်ကလေး တစ်ကောင်၏ အမည်ဖြစ်သည်။ ထိုကြောင်သည် ပိတောက်ပွင့်ကဲ့သို့  မ၀ါပါ။ ဖြူသန့် သော ကျော်ကျော်၏ ကျောင်းဝတ်စုံမှာ စိတ်အိုက်သဖြင့် ထွက်သော ချွေးနှင့် စွန်းကွက်နေသည်။ နေ့ တိုင်း ၀တ္တရားမပျက် သောက်နေရသော နွားနို့ ကို သူ မုန်း၏။ အက္ခရာသင်္ချာကိုလည်း မုန်း၏။ သူ့ နှာခေါင်းထဲတွင် စွဲနေသော နို့ ညှီနံ့ ပျောက်လိုပျောက်ငြား ယောင်ယမ်းကာ ကျော်ကျော် သူ့ နှာခေါင်းကို လက်ဖြင့် ပွတ်လိုက်၏။ ဒေါ်သိန်းကြွယ် ဘယ်လောက်ယူမလဲ။ ဒေါ်သိန်းကြွယ်သည် နို့ စားနွားမွေးသော စူလထံမှ ဖောက်သည်ယူကာ ရောင်းသူ ဖြစ်၏။ ဆရာဝန်သည် ရုပ်ရှင်ရုံတစ်ရုံရှေ့ တွင် ရပ်ကာ ရုပ်ရှင်ကြည့်ရန် စောင့်ဆိုင်းနေသည်။ ထိုရုပ်ရှင်ကားထဲတွင် အာစူလာအင်းဒရက် ပါ၏။ သူ့ ကို ဘီယာ မှန်မှန် သောက်ရမယ်ဟု ဘယ်သူမှ မပြောပါ။ သီတာသည် နွားနို့ အိုးကို မွှေနေသည်။ နှုတ်ခမ်းမွှေးတွင် ပေနေသော မလိုင်ဖတ်ကို ဦးမြင့်သန်းသည် လျှာဖြင့် သိမ်းသပ်လိုက်သည်။ သူသည် အိန္ဒိယ၌ လေမုန်တိုင်းမိ၍ လူနှစ်သောင်းကျော် သေကျေပျက်စီးသွားသည့် သတင်းကို နွားနို့ သောက်မပျက်ဘဲ ဖတ်နိုင်သူဖြစ်၏။ ကိုဘခိုင်တို့ အိမ် စင်ပေါ်မှ နွားနို့ ခွက်ကို ကြွက်ကလေးတစ်ကောင် ခိုးသောက်နေသည်။ ခင်ဗျား နွားနို့  မှန်မှန်သောက်ရမယ်ဟု ဆရာဝန်က သူ့ ကို ပြောခဲ့ သလား။ ညနေကျလျှင် ချောအိသည် ရွှေဝါကို တိရစ္ဆာန်ကုဆရာဝန်ထံ ခေါ်ဆောင်သွားလိမ့်မည်။ ရွှေဝါသည် နွားနို့ ကုန်အောင် မသောက်နိုင်သော ရောဂါ ရနေ၏။ ဒေါ်သိန်းကြွယ်၏ ခေါင်းပေါ်မှ တောင်းထဲတွင် နွားနို့ ငါးပိဿာ ဆံ့သော ပုံးတစ်ပုံး ရှိသည်။ ကျော်ကျော်သည် သူ့ အမေ အလစ်တွင် သူ့ ရှေ့ မှ နွားနို့ ခွက်ကို ဆတ်ခနဲ ကောက်ယူကာ သူ့ ဘေးရှိ ပြတင်းပေါက်မှ သွန်ချလိုက်၏။
*
ဦးမြင့်သန်းတို့ အိမ်၊ သီတာတို့ အိမ်၊ ချောအိတို့ အိမ်၊ ကျော်ကျော်တို့ အိမ်၊ ကိုဘခိုင်တို့ အိမ်။ ဒေါ်သိန်းကြွယ်သည် သူ့ ဖောက်သည်အိမ်များကို ထွက် ၀င် ကျော်လွန်လာခဲ့ ၏။ တိမ်ဖြူဖြူထဲမှ နေသည် နွားနို့ စိမ်ထားသော လိမ္မော်သီး တစ်လုံးနှင့်တူသည်။ ဦးမြင့်သန်းသည် မလိုင်စားသဖြင့် ၀မ်းမသွား ပါ။ ချည်တိုင်တွင် နို့ ဆာသော နွားငယ်တစ်ကောင် ရုန်းကန်နေ၏။ ပြတင်းပေါက် အပြင်ဘက်က မြက်ခင်းပေါ်တွင် နွားနို့ စက်များ ပြန့် ကျဲနေသည်။ စူလသည် အသားကိုသော်လည်းကောင်း၊ နို့ ဆမ်းထားသော မြက်ကိုသော်လည်းကောင်း မစားပါ။ ထွက်ခွာသွားသော ကျောင်းကြိုကားပေါ်၌ ပြုံးနေ သော ကျော်ကျော် ပါသွားသည်။ ဒေါ်သိန်းကြွယ်သည် နွားနို့ ယူကြဦးမလားဟု မအော်ဘဲ တဘူးဘူး (တဗူးဗူး) ဟုအော်ပါသည်။ နွားနို့ သောက်သူ များသည် နွားနို့ ပုလင်းများကို မဆေးကြောကြပါ။ ကြွက်တစ်ကောင်၏ အိပ်မက်သည် နို့ ညှီနံ့ နံနေသည်။ ကိုဘခိုင် ပန်းချီရေးရန် အဖြူရောင် ဆေးတောင့်ကို ညှစ်လိုက်သောအခါ အထဲမှ နွားနို့ ဖြူဖြူများ ထွက်လာလေသည်။ ကမ္ဘာပေါ်တွင် နွားမသည် အာစူလာအင်းဒရက်ထက် အရင်ဖြစ် ပေါ်ခဲ့ ၏။ ဒေါ်သိန်းကြွယ်သည် နွားနို့ အကျန်ကို အရပ်ထဲတွင် လည်ရောင်းနေသည်။ နွားနို့ တိုင်းသည် အဖြူဖြစ်သော်လည်း နွားများသည် အရောင် ကွဲ၏။
နွားနို့ တွင် ပရိုတိန်း ကောင်းကောင်းပါသည်။ ပရိုတိန်းဆိုသည်မှာ ဂရိဘာသာစကားဖြစ်၍ ပထမတန်းစားဟု အဓိပ္ပါယ်ရလေသည်။
သစ္စာနီ
Posted by
Anonymous
at
4:03 AM
0
comments
Labels: ဝတ္ထုတို
