Thursday, August 4, 2011

အမည်မဲ့

သမုဒ္ဒရာက
ကျည်ဆံတစ်တောင့်ပစ်တင်လိုက်တယ်
ကောင်းကင်ကို ရောက်မရောက်တော့မသိဘူး။

ဘ၀တစ်လျှောက်လုံးမှာ မပိုင်ဆိုင်ခဲ့ရဖူးတဲ့
အပြာစစ်စစ်အရောင်တွေကို တိမ်တွေက သိပ်ကြိုက်သတဲ့
ကောင်းကင်ကို စစ်ထိုးဖို့
တိမ်မျိုးနွယ်စုတွေ ညီညွတ်ရမယ်တဲ့
အဝေးရောက်တိမ်တွေကို လေလွှတ်ခေါ်လိုက်တယ်။

ကြည့်စမ်းပါဦး
အတန်းလိုက် အတန်းလိုက်
အုပ်စုလိုက် အုပ်စုလိုက်
တိမ်တိုက်ကြီးတွေ တိမ်တပ်မတော်ကြီးတွေ
တော်လှန်စစ်လား ကျူးကျော်စစ်လား
စစ်ပြင်ထားတာတော့ သေချာတယ်။

သိပ်မကြာလိုက်ပါဘူး
တကယ်ကို သိပ်မကြာလိုက်ပါဘူး
တိမ်တွေရဲ့ လမ်းစဉ်မှားလို့လား
ဖောက်ပြန်တဲ့ တိမ်ပါမွှားလေးတွေကြောင့်လား
တိမ်တွေရဲ့ ညီညွတ်ရေးထဲ ဗုံးခွဲခံလိုက်ရတယ်။

ဝုန်း ဂျိန်း ပေါက်ကွဲ
မိုးသည်းသည်းထဲ လျှပ်စီးကြောင်းတွေ လန့်အော်ဖြတ်ပြေး
ဒါ တိမ်တွေရဲ့ သွေးတွေလား
တိမ်တွေရဲ့ မျက်ရည်လား
နှစ်မျိုးစလုံး ရောသွားတာလည်းဖြစ်နိုင်တယ်။

အခြေအနေတွေ ကြည်စင်သွားတဲ့အခါ
ကောင်းကင်က စာတစ်စောင်ကျလာတယ်
"တစ်ကောင်ကောင်ကများ
ငါ့အောက်မှာ ကောင်းကင်တစ်ခု ထပ်ဆောက်နိုင်ခဲ့ရင်
ငါ့ကောင်းကင် ငါပြန်ရုပ်သိမ်းသွားပါ့မယ် ချစ်သူရယ်" တဲ့...

ကမ္ဘာမြေက ဘာပြန်ပြောလိုက်တယ်ထင်လဲ
"မျက်ရည်ပဲ ပေးပေး
တံတွေးပဲ ထွေးထွေး
သေးပဲ ပေါက်ချပေါက်ချ
ချစ်ရတာ သူ့တစ်ယောက်ထဲပါ
စိုစွတ်ရတာ သိပ်ပျော်ပါတယ်" တဲ့။

တိမ်တွေကတော့ လုပ်စား ခံလိုက်ရတယ်။ ။

တစ်ယောက်ယောက်က အပေါ်က ကဗျာကို ခေါင်းစဉ်မပါ ဘာမပါနဲ့ ရေးခဲ့တယ်။ ကျနော် ဖတ်ကြည့် ခံစားပြီး အခုလို ချရေးတဲ့ အဆင့်အထိ၊ ရေးချင်စိတ်တွေ ပြင်းပြနေခဲ့လို့............

ကမ္ဘာပေါ်မှာ GREEN PEACE လိုအဖွဲ့ကြီးတွေက သစ်ပင်တွေကို ပို ပို စိုက်ပျိုးသလိုမျိုး လူတွေကလည်း လူတွေကို ပို ပို ပြီးမွေးဖွားနေကြတယ်။ အဲဒီသစ်ပင်နဲ့ အဲဒီလူတွေအတွက် လေကောင်းလေသန့်နဲ့ ရေကောင်းရေသန့်တွေ လုံလောက်ရေးဟာ သူ့မှာ အတိအကျတာဝန်ရှိတယ်လို့ ကောင်းကင်က ယုံကြည်တယ်။ တစ်ခုတည်းသော အကြောင်းပြချက်က ကမ္ဘာမြေဟာ သူ့ချစ်သူဆိုတာပါပဲ။ သူတာဝန်ယူထားတဲ့ကိစ္စ သူစတင် အကောင်အထည်ဖော်တော့တာပေါ့... ပထမဦးဆုံး သမုဒ္ဒရာ
တွေဆီကို အကြောင်းကြားခဲ့တယ်။ ကမ္ဘာမြေပေါ်က စုဆောင်းလို့ရသမျှ ရေဆိုးရေကောင်းတွေကို အသွင်တစ်မျိုးပြောင်းပြီး သူ့ထံတင်ပို့ပေးဖို့ပါ။ အဲဒါကြောင့်ပဲ သမုဒ္ဒရာဟာ ကမ္ဘာပေါ်က အကြီးမားဆုံး ရှေးအကျဆုံး RECYCLE စက်ရုံကြီးဖြစ်လာခဲ့တယ်။ အဲဒီစက်ရုံကြီးက ဘယ်လောက်ထိ နည်းပညာမြောက်သလဲဆိုရင် ဟောဒီလို မျက်မြင်ထင်ရှားတွေ့နေရတဲ့ရေတွေကို လေစီးကြောင်းထဲလွင့်ပါသွားတဲ့ အခိုးအငွေ့တွေဖြစ်အောင်ကို လုပ်နိုင်ခဲ့တာ။ လောင်စာတွေကိုတော့ တစ်နေရာရာက ရမှာပေါ့လေ။

ဒုတိယအဆင့်အနေနဲ့ ကောင်းကင်က သူ့ရဲ့ကျယ်ပြန့်သမျှ အရေပြားကြီးကို ပိုက်ကွန်သဖွယ်ဖြန့်ကား အုပ်မိုးထားလိုက်တယ်။ ရည်ရွယ်ချက်ကတော့ သမုဒ္ဒရာရဲ့ ပို့ကုန်မှန်သမျှ သူ့လက်ကမလွတ်စေရတဲ့။ ကဲ...သမုဒ္ဒရာကိုလည်း ကျောခိုင်းခဲ့ပြီ။ အပေါ်မှာကလည်း ကောင်းကင်က ဆီးလား မိုးလားနဲ့။ ဝေ့လည်ဝေ့လည် ဖြစ်နေတဲ့ အခိုးအငွေ့တွေဟာ သူတို့ချင်း နီးစပ်ရာ ချစ်ကြိုက်ကြ မျိုးပွားကြနဲ့ လေထုထဲမှာ တိမ် ကမ္ဘာကြီး ဖြစ်လာတော့တာပဲ။ အခုလို ထုနဲ့ ထည်နဲ့ တိမ်ဘ၀ကို မရခင်ကတည်းက ရေခိုးရေငွေ့တွေဟာ ကောင်းကင်ရဲ့ အပြာရောင်ကို မြင်ဖူးပြီး သိပ်လိုချင်ခဲ့ကြတယ်လေ။ တိုးတက်တဲ့ အတွေးအခေါ်ဆိုမလား မှားယွင်းတဲ့ အယူအဆ ဆိုမလားပဲ။ အဲဒီအတွေးအခေါ်ရှိနေတဲ့ တိမ်တွေဟာ တိမ်မှန်သမျှ ညီညွတ်ရေး၊ စစ်ထဲဝင်ရေးကို ဦးဆောင်စည်းရုံးပြီး တိမ်တပ်မတော်ကြီးကို တည်ထောင်၊ ကောင်းကင်ကိုသိမ်းပိုက်ရေးလမ်းစဉ်ကို ချတော့တာပဲ။ ဒါတွေဟာ တိမ်တွေဘက်ကအမြင်နဲ့ ပြင်ဆင်ချက်တွေပါ။ ကောင်းကင်ကတော့ တစ်မျိုး "တိမ်မှန်သမျှ ရေဖြစ်စေရမယ်တဲ့" ။ သူဆင်ထားခဲ့တဲ့ အကွက်လေ။ သူ့အရေပြားနဲ့ တိမ်တွေကို ယက် ယက်ပြီး စုထွေး။ အားမရတာနဲ့ လေတွေကိုပါ မုန်တိုင်းဖြစ်ခွင့်ပေးမယ်ဆိုပြီး တိမ်တွေကို စုထွေးရေး စီမံကိန်းမှာ ခိုင်းထားလိုက်တယ်။ ပြီးရောပေါ့...လေတွေက ဝှေ့တိုက်လိုက်။ ကောင်းကင်က ပွေ့ပိုက်လိုက်နဲ့။ သြော်...တိမ်တိုက်တွေ..တိမ်တိုက်တွေ၊ ညှစ်ချေခံရတော့မှာကို မသိရှာဘူး။ ညီညွတ်နေလိုက်ကြတာ။

အဲဒီလို ကောင်းကင်က အကွက်စေ့စေ့ အလုပ်ရှုပ်နေချိန်မှာ ကမ္ဘာမြေဟာ သူမကိုသူမ သစ်ရွက်ခြောက်တွေနဲ့ဖုံးပြီး (ခင်ပွန်းအဝေးရောက်နေတဲ့ ဇနီးတစ်ယောက်ရဲ့ ရုန်းကန်ရင်ဆိုင်မှုမျိုးနဲ့) နေပူဒဏ်ကို ခက်ခက်ခဲခဲ ကာကွယ်နေရတာပါ။ သေချာတာကတော့ ကောင်းကင်က ရေတွေ ပို့ပေးမှကို ဖြစ်တော့မှာလေ။ ဒီတော့ ကောင်းကင်ဟာ သူ့လက်သန်သန်ကြီးတွေနဲ့ တိမ်တွေကို စတင် ညှစ်ချေတော့တာပဲ။ အော်ကြီးဟစ်ကျယ်နဲ့ တိမ်တွေဟာ ကောင်းကင်ရဲ့ စနစ်တကျ တိုက်ခိုက်ညှစ်ချေမှုအောက်မှာ ရေဖြစ်သွားရတာပေါ့။ ကြည့်လေ..ကောင်းကင်ရဲ့ လက်မောင်းကြီးတွေ တစ်နေ့တစ်ခြား သန်မာထွားကျိုင်းလာလိုက်တာ ကမ္ဘာဦးထဲက ဆိုပါတော့။

မြေပြင်ကို ရေပို့ရေး ကိစ္စကြီးပြီးသွားတော့ လေတွေက ကောင်းကင်ရဲ့ကတိအတိုင်း မုန်တိုင်း ဖြစ်ခွင့်ကို တောင်းဆိုလာကြပြီ။ သိပ်သိတာပေါ့။ ကောင်းကင်ပဲဟာ။ အားလုံးထက်လည်လို့ အပေါ်ကနေ ကောင်းကင်လုပ်နေတာပေါ့။ ဒီအကွက်ကိုလည်း သူပဲဆင်ခဲ့တာလေ။ လေတွေရဲ့ ပါးစပ်ကနေ ဆန္ဒနဲ့ တောင်းဆိုလာတဲ့ အချိန်အထိကို အသာလေးကြည့်ကောင်းအောင် စောင့်နေခဲ့တာ။ တကယ်တော့ ကောင်းကင်ဟာ လေတွေ မုန်တိုင်း ဖြစ်ရေး/ မဖြစ်ရေးကို စိတ်မ၀င်စားဘူး။ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ကမ္ဘာမြေကို လေကောင်းလေသန့်တွေ ပို့ရေးမှာ မုန်တိုင်းသိပ်ဖြစ်ချင်နေတဲ့ လေထု မြောက်ကြွမြောက်ကြွလေးတွေကို အသုံးချလိုက်တာပါ။ သူ့ရဲ့လမ်းစဉ်ကိုက တစ်ဖက်လှည့်လမ်းစဉ်ပါ။ "လေတွေကို ချေမှုန်းရေး" တဲ့။

ကောင်းကင်ဟာ သူ့တောင်ပံနဲ့ လေထုကို တ၀ုန်းဝုန်ရိုက်ချ။ ပြီးတော့ ခြေသည်းတွေနဲ့ ပြန်ကုတ်တင်။ အဲဒီလို သုံးလေးခါလောက် လုပ်ပြီးရော ကမ္ဘာပေါ်က တောင်တန်းကြီးတွေဆီ တည့်တည့်ချိန်ရွယ်ပြီး လေထုကို တအားကုန် လွှဲပစ်ထုတ်လိုက်တယ်။ လေထုဟာ ကောင်းကင်ရဲ့ လက်ကအထွက်မှာ ဘာမှမဖြစ်သေးပေမယ့် လမ်းတစ်ဝက်မှာ မုန်တိုင်းဖြစ်သွားတယ်လေ။ မုန်တိုင်းတစ်ကောင်အနေနဲ့ တောင်တန်းကြီးတွေကို ပြေးခွပ်တာပဲဖြစ်ဖြစ်၊ တောင်တန်းကြီးတွေက မုန်တိုင်းရဲ့ ခန္ဓာကိုယ်ကို ရိုက်ချိုးတာပဲဖြစ်ဖြစ်၊ နောက်ဆုံး အရင်းစစ်လိုက်တော့ ကမ္ဘာမြေပေါ်မှာ လေကောင်းလေသန့်တွေ ဖြစ်ပေါ်လာတော့တာပေါ့။

(ကဲ..ဆိုကြပါစို့ဗျာ။ အဲဒီလို ရေ လေ အစုံအလင်နဲ့ ပျော်ရွှင်နေတဲ့ ကမ္ဘာမြေရဲ့ ခံစားချက်က ဘာနဲ့တူသလဲဆိုတာ သင်တို့ရဲ့ချစ်သူတွေက ပိုသိမှာပါ။ ကမ္ဘာမြေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အခါ ဆုံးရှုံးပျက်စီးခဲ့ရတာတွေ ရှိပါတယ်။ ရေကြီးတဲ့ ဒုက္ခ မုန်တိုင်းသင်တဲ့ဒုက္ခ စတဲ့ဒုက္ခဘေးကြီးတွေမှာ မြို့ ရွာ သစ်ပင် အဆောက်အအုံ တိရစ္ဆာန်အပါအ၀င် လူတွေပါ ဆုံးရှုံးခဲ့ရတာပါ။ ရောဂါတစ်ခုကို ကုသရာမှာ သွေးဖြူဥတွေ ကျဆုံးသွာသလိုမျိုး ဖြစ်မှာပါ။ ဒီတော့ မုန်တိုင်းတစ်ခုကို ရိုက်ချိုးဖို့ တောင်တန်းကြီးတွေ လိုအပ်သလိုမျိုး လေကောင်းလေသန့်တွေကို အသိအမှတ်ပြု လက်ခံကြိုဆိုတဲ့အနေနဲ့ ကျနော်တို့ရဲ့ စီးကရက်စက်ရုံတွေကိုရော မဖျက်ဆီးသင့်ပေဘူးလားလို့........ဒီဝါကျရဲ့အဆုံးမှာပဲ ကျနော်က စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်ပြီး ဒီစာတစ်ပုဒ်လုံးကို အစကနေ ပြန်ဖတ်ကြည့်တော့၊ စာ ကောင်း မကောင်းမသိပေမဲ့ စီးကရက်က တော်တော်သောက်လို့ကောင်းတာကို သေချာသိရှိ ခံစားလိုက်ရတယ်။ (လူဆိုတာ အခက်ခဲဆုံးပုစ္ဆာ) ဆိုတဲ့အချက်ကို (YES) or (NO) မှတ်တမ်းကောက်တဲ့ ဇယားထဲမှာ (YES) ဆိုတဲ့အကွက်လေးကို ကျနော် (အမှန်) ခြစ်ပေးလိုက်တယ်။

(မိတ်ဆွေအနေနဲ့ စာတစ်ပုဒ်ဟာ ခေါင်းစဉ်ရှိသင့်တယ်ဆိုတဲ့ အယူအဆကို လက်ခံယုံကြည်ရင် ဒီစာတစ်ပုဒ်လုံးအတွက် "သောက်လို့ကောင်းတဲ့စီးကရက်" ဆိုတဲ့ ခေါင်းစဉ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ဆိုင်/ မဆိုင် မသိပါ။ ကျနော်ကတော့ အဲဒီအယူအဆကြီးကြောင့် ဘယ်တုန်းကမှ အိပ်ရေးမပျက်ခဲ့ဖူးတာ သိပ်သေချာကြောင်း ကောင်းကောင်းကြီး ယုံကြည်နေတုန်းမို့........။)

သုအိုင်စံ
၀၇/၀၄/၂၀၀၁

0 comments: