စားဖိုဆောင်အတွင်းမှာ လူတွေပြည့်ကျပ်နေ ၏။ နေရာမှာ မာနယ်ပလော၊
လောခွါးလူတောင် ကုန်းရှိ ABSDF ဗဟိုကော်မတီဌာနချုပ်၏ စားဖို ဆောင်။သည်ကနေ့
ညစာထမင်းကျက်ချိန် နောက် ကျလို့ အားလုံးဗိုက်ဆာနေကြသည်။ ဟင်းအိုးက
ကျက်နေပြီ။ ထမင်းအိုးကမကျက်သေး။ သည်နေ့ ထမင်းချက်အလှည့် ကျသည့်သူတွေကို
ဝိုင်းပြီး မေတ္တာပို့နေကြ၏။ သည်နေ့ ထမင်းချက်အလှည့် ကျသည့်သူတွေက
နိုင်ငံရေးနှင့် စည်းရုံးရေးဌာနမှ ကိုမြင့်ဆွေနှင့်ကို ဖော်ထွန်းတို့အဖွဲ့။
နေ့လည် ကတည်းက ထမင်းချက်ရမှာမချက်ဘဲ ပျောက် ချက်သားကောင်းနေခဲ့ကြသည်။ ညနေ
သုံးနာရီ လောက်ကျမှ အူယားဖားယား ပြန်ရောက်လာကြ ပြီး အသည်းအသန်
ချက်ပြုတ်နေကြတာတွေ့ရ သည်။ နေ့ခင်းတုန်းက သူတို့ဘယ်ရောက်နေလဲ
လို့စုံစမ်းလိုက်တော့မှ ကရင်ဆေးရုံ ထူးဝါးလူ ဆေးရုံကို ရောက်နေခဲ့ကြတာကို
သိရတော့သည်။
ထူးဝါးလူဆေးရုံမှာက ကရင်သူနာပြုဆရာမ ချောချောကလေးတွေ အများကြီးရှိသည်။ ထူး
ဝါးလူဆေးရုံကိုတာဝန်ဖြင့် စေလွှတ်တော့မည်ဆို လျှင် အမောင်ကျောင်းသားများ
အရိုးကြေကြေ အရေခမ်းခမ်း ကျြေ>ွပန်စွာတာ ဝန်ထမ်းဆောင်ကြ ဖို့အသင့်။
အဲဒီဆေးရုံကိုပဲအကြောင်းမရှိ အကြောင်းရှာ သွားချင်နေကြသည်။
သူတို့ကိုမေးကြည့်တော့ ကရင်မြန်မာချစ်ကြည်ရေးအတွက် စည်းရုံးရေး
ဆင်းတာပါဟုဆိုသည်။ တပ်ရင်း ၂၁၂မှ တော ကြက်၊ အောင်ကျော်၊ ဝမ်းသာ၊
လိပ်ပုတို့အဖွဲ့ သံပန်းကန်ပြားလေးတွေ ကိုယ်စီကိုင်ပြီး ဗျစ်
တောက်ဗျစ်တောက်နှင့် မကျေမနပ်ဖြစ်နေကြပြီ။ သူတို့ အားလုံးတစ်နေ့ခင်းလုံး
ဝါးခုတ်၊ တော ရှင်းလုပ်ထားကြရလို့ မောမောပန်းပန်းနှင့် ဆာ
လောင်မွတ်သိပ်နေကြပါပြီ။
”နောက်ဆိုရင် မီးဖိုဆောင်ဘေးမှာ ကရင် ဆေးရုံလာဆောက်ထားရင် ကောင်းမယ်၊ ဒါမှ
ငါတို့ထမင်းစောစောစားရမှာ” အရပ်ငါးပေ မကျော်သည့် ဂျပုလေးအောင်ကျော် စူပွ
စူပွနှင့် မြည်တွန်တောက်တီးနေပါပြီ။ မီးဖိုဆောင်ထဲမှ
ငှက်ပျောအူဟင်းနံ့ကလေးကလည်း တသင်းသင်း နှင့် အနံ့ပေး၊ မြှူဆွယ်နေ၏။
ဟိုမှသည်မှ တဖွဲဖွဲ နှင့် ရောက်ရှိလာနေကြသည့် ရဲဘော်များအား
ပို၍ပို၍များများလာသည်။ စားဖိုဆောင်ထဲမှ ပွစိ ပွစိအသံတွေကလည်း
ပိုပိုပြီးကျယ်လာခဲ့သည်။
”ကျက်ပြီဟေ့ ဒေါင်”
ဇော်ထွန်း၏ အသံပြဲပြဲကြီးနှင့် ဒယ်အိုးကို ယောက်မဖြင့် တီးထည့်လိုက်သည့်
အသံတို့ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာချိန်မှာတော့ သမဝါယမဆိုင်မှာ
ရေနံဆီပေးတဲ့နေ့လိုပဲ ရဲဘော် တွေ ထမင်းအိုးနှင့်ဟင်းအိုးအနားသို့ အလုအယက်
စုပြုံတိုးလာကြသည်။ အောင်ကျော်တစ်ယောက် လူကြားထဲမှာ ညပ်နေ၏။ အသံပဲကြားရတော့သည်။ လူကို
မမြင်ရတော့။ ဟေး ဝါးနှင့် အသံတွေ ဆူညံနေ သည်။ ကိုမြင့်ဆွေတစ်ယောက်
လူအုပ်ကြားထဲမှ ပုဆိုးမနိုင်၊ ပုဝါမနိုင် ချွေးတရွှဲရွှဲဖြင့် ရုန်းထွက်လာ
သည်။ ကျွန်တော့်ကိုတွေ့တော့ စပ်ဖြဲဖြဲနှင့် ရယ် ပြသည်။ ”တန်းစီပါ တန်းစီပါ
နိုင်ငံကြီးသား ပီသပါ” စားဖိုအလှည့်ကျ တာဝန်ခံ ဇော်ထွန်း တစ်ယောက်
ခြေကားရား၊ လက်ကားရားဖြင့် အော်နေရှာ၏။ ထမင်းအိုးကိုကျောပေးပြီး သူက
အော်နေသည်။ နောက်က ဟင်းအိုးကိုနှိုက်သည့် သူကနှိုက်နေသည်။
”ဟိုမှာ မင်းအမေလင်က နှိုက်နေပြီ”
စိတ်တိုတိုနှင့် ကိုသိန်းနိုင် (ကျောင်းဆရာ) က လှမ်းအော်လိုက်၏။ အားလုံး
ဝါးကနဲ ပွဲကျ သွားသည်။ ကျွန်တော်လည်း ပန်းကန်အလွတ်ကို မြှောက်ပြီး
သူတို့ကြားထဲဝင်တိုးလိုက်သည်။ စတု ဒိသာအလှူမဏ္ဍပ်မှာ အလုအယက်ဝင်တိုးနေရ သလို
ပျော်ဖို့လည်းကောင်းသည်။
”စိတ်ချမ်းသာသလို လုပ်ကြတော့ဟေ့”
နိုင်ငံကြီးသားဇော်ထွန်း ဘာမှမတတ်နိုင် တော့။ စိတ်ပျက်
လက်ပျက်နှင့်မတတ်နိုင်သည့် အဆုံးလွှတ်ပေးလိုက်ရ၏။ ကြာလျှင် သူပါဟင်း အိုးထဲ
ရောက်သွားတော့မည်။
”နောက်ကျရင် ငတ်မှာပဲ တိုးထား”
ဤငှက်ပျောအူဟင်းရေကြဲလေးကိုပဲ နေ့စဉ် အလုအယက်တိုးဝှေ့ စားကြရသည်။ တခြားစား
စရာမရှိ။ကျွန်တော်တို့မှာ နံနက်စာ (Breakfast) ဆိုတာမရှိ။ နေ့စဉ်
နံနက်ဆယ်နာရီမှာ နေ့လည်စာ Lunch ကိုကြွေးသည်။ ညနေ လေးနာရီမှာ
ညစာကိြုေ<ွကးသည်။ သည်အချိန်မှာ ဗိုက်ဝအောင် စားထားရ၏။ တခြားဘာမှ
မလာတော့။ နေ့စဉ် ဒီထမင်းနှစ်နပ်ကိုပဲ အားထားစားကြရသည်။ ယခုရက်ပိုင်းအတွင်း ဗဟိုရုံး၊ ပုံမှန် တာဝန် ကျနေသူတွေအပြင်
တပ်ရင်းအသီးသီးမှ တာဝန် ကိုယ်စီဖြင့် ရောက်နေကြသူများလည်းရှိနေတာမို့
နောက်ကျလျှင် ငတ်နိုင်သည်။ လူ စာရင်းနှင့် တိတိကျကျတိုင်းချက်ပေမယ့်
ညနေစောင်းရောက် မှ တခြားနယ်မြေ အသီးသီးမှ ထပ်ရောက်လာသူ တွေ ရှိတတ်လို့
စိတ်မချရ။ နေ့စဉ် ဆယ်ယောက် စာလောက်တော့ပိုထည့်ချက်ကြပေမယ့် ရိက္ခာက
တာဝန်မှူးထံမှ လူစာရင်းအတိုင်း နေထိုင်မည့် ရက် ပိုင်းတို့ကိုကြည့်ပြီး
အတိအကျတွက် ချက် ထုတ်ပေးထားတာမို့ အပိုဆိုတာ မရှိ။
”ထမင်းက နပ်လည်းမနပ်ဘူး”
”သောက်စကားမများနှင့် စားမှာစား”
အသံတွေက မျိုးစုံထွက်နေ၏။ နောက်က နေပြီး တစ်စုံတစ်ယောက်က လက် လာကုတ်လို့
လှည့်ကြည့်လိုက်တော့ တပ်ရင်း ၂ဝ၇မှ တင်ဝင်း လေး(သူ့ကို နားပိတ်တင်ဝင်းလို့
ချစ်စနိုးခေါ်ကြ သည်။)
ကျွန်တော့်ကို အသာအယာ မျက်ရိပ်ပြပြီး ကျွန်တော့်လက်ကြားထဲ တစ်စုံတစ်ခုကို
ထိုးထည့် ပေးသည်။ ပထမတော့ ဘာမှန်းမသိ။ လက်ကို အသာ အယာဟကြည့်လိုက်တော့
အာပြဲခြောက် ကလေးတစ်ချောင်း။ မီးဖုတ်ပြီးသား။ ဒီကောင်ကြီး
ဘယ်ကရလာသလဲတော့မသိ။ လက်တစ် ထွာသာသာ အာပြဲခြောက်ကလေးကို ကျွန်တော့
ထမင်းပန်းကန်အောက်မှာ လက်ဖဝါးဖြင့်ညှပ်ပြီး ဖွက်ထားလိုက်သည်။ ကျွန်တော့်အလှည့် ထမင်းကို ပန်းကန်ထဲ ထည့်ပြီးတော့ ထမင်းတွေအောက် အာပြဲခြောက် ကလေးကို မသိမသာအလျင်အမြန်ထိုးသွင်းလိုက် ရသည်။ ဘယ်သူမှ မြင်မှာမဟုတ်လို့ဆို ပြီး ကိုယ့်ဖာသာ ကိုယ်တော့ ထင်လိုက်မိသည်။
ဒါပေမဲ့ တစ် ယောက်က မြင်သွားခဲ့၏။ ကျွန်တော်တို့ တပ်ရင်း မှ မောင်ခန့်ကြီး။
”အစ်ကိုကြီး”
မောင်ခန့် တစ်ယောက်အငြိမ်မနေ လှမ်းအော် လိုက်၏။ ကျွန်တော့်မှာ
သူခိုးလူမိဖြစ်သွားရ သလို ပြူးတူးပျာတာဖြင့် မောင်ခန့်ကြီးကို အသာ မျက်ရိပ်
လှမ်းပြရသည်။ မောင်ခန့်ကြီး ပြုံးဖြီး ဖြီးဖြင့် ကျွန်တော့်အနားကပ်လာ၏။
”ဟကောင်ကြီး ငြိမ်ငြိမ်နေ”
မောင်ခန့်ကို ကြိတ်ပြီးဆူလိုက်ရသေးသည်။ ဟင်းရည်ထည့်ပေးသူက
ကျွန်တော့်ထမင်းပန်း ကန်ထဲ ငှက်ပျောအူဟင်းကို ဆမ်းချလိုက်၏။ ပန်းကန်ထဲ
ပုံထားသည့် ထမင်းပုံလေးပုံပျက် သွားသည်။ အာပြဲခြောက်ကလေး ခေါင်းပြူထွက်
လာ၏။ လူမမြင်အောင် အသာအယာပြန်ဖိထည့် လိုက်ရသည်။ ထည့်ရင်းနှင့်
တစ်ဝက်ကိုဖဲ့ပြီး မောင်ခန့်ကိုပေးလိုက်ရသည်။ အာပြဲခြောက် တစ်ချောင်းနှင့် ကျွန်တော့်မှာလည်း တစ်ဒုက္ခ။ ထမင်း စားပွဲနှင့်
ခုံတန်းရှည်လွတ်သည့်နေရာမှာ ဝင်ထိုင်လိုက်ကြပြီး ထမင်းကို ဟန်မပျက်စပြီး
စားကြ သည်။ ဘေးဘီကိုလည်း အသာ အကဲခတ်ကြည့် ရသေးသည်။ တော်တော်ကြာ
မောင်မောင်ကြီးတို့၊ တင့်အောင်တို့၊ အောင်ကျော်တို့ အုပ်စုသိသွားလျှင်
မလွယ်၊ မောင်းခတ်ပြီးသား ဖြစ်သွားလိမ့်မည်။ ရှိစုမဲ့စု
ငါးခြောက်လက်ကျန်အပိုင်းလေးလည်း တစ်စစီဖြစ်ပြီး မြင်သာမြင်ရ၊
မကြင်လိုက်ရဆို တာမျိုးဖြစ်သွားနိုင်သည်။ ပြဿနာက ထမင်းပုံအောက်က ငါးခြောက် ကို လူမမြင်အောင် ထိန်းစားနေရခြင်းပင်။
ငါး ခြောက်လာပေးသော တင်ဝင်းတစ်ယောက်လည်း ကျွန်တော့်လိုပင်
သူ့ငါးခြောက်နှင့်သူဒုက္ခ ရောက် နေပါပြီ။
ဒုက္ခမှ ဒုက္ခ ကိုယ့်ငါးခြောက်တောင် ကိုယ်ထုတ်မစားဝံ့ သည့်ဒုက္ခ။ ကျွန်တော့်ဘေးမှ မောင်ခန့် ကျွန်တော့်အဖြစ် ကိုကြည့်ရင်း
ခွီးခနဲရယ်ချလိုက်သည်။ အဲဒီမှာ တင်မောင်ခန့်တို့ အဖြစ်ဆိုးခြင်း
ဇာတ်လမ်းစတော့ သည်။ ထမင်းပလုပ်ပလောင်းနှင့် မောင်ခန့်ရယ် ချလိုက်တော့
သူ့ပါးစပ်ထဲက ထမင်းလုံးတွေ ဖွာထွက်လာသည်။ ကျွန်တော့်ပန်းကန်ထဲ တချို့
ရောက်လာသည်။ ကံဆိုးချင်တော့ သူ့ ရှေ့တည့် တည့်မှာထိုင်စားနေသည့် တပ်ရင်း
၂ဝ၁ မှ ဆရာ ကိုအောင်ခင် ပန်းကန်ထဲ တချို့ရောက်သွား၏ မျက်မှန်ကြီးကိုပင့်ပြီး
ဆရာကိုအောင်ခင် မော့ ကြည့်သည်။ သူ့ကို ပမာမခန့် လုပ်လာသူကို သေသေချာချာ
စိုက်ကြည့်နေသည်။ အလေးမ၊ အားကစားလိုက်စားထားသော ဆရာ့လက်မောင်း
ကြွက်သားတွေကိုကြည့်ရင်း မောင်ခန့်အတွက် ရင်လေးမိသည်။
မောင်ခန့်တစ်ယောက် မီးပုံပေါ်မှာ ဖင်ခုထိုင် မိသလို ခြေမကိုင်မိ၊
လက်မကိုင်မိနှင့် အသည်း အသန် ဖြေရှင်းပြနေသည်။ တောင်းပန်နေသည်။
မျက်လုံးကြီးပြူးလျက်၊ ပါးစပ်ထဲမှာလည်း ထမင်းတွပလုပ်ပလောင်းနှင့် အသံက
ဝူးဝါးဝူးဝါးဆို ပြီးတော့ပဲ ကြားနေရသည်။ ရယ်ချင်တာကို မအောင့်နိုင်သော ရဲဘော် တချို့ ထိုင်စားနေရာမှ ထပြေးကြ၏။
မောင်ခန့် အဖြစ်ကို အားလုံးဝိုင်း အာရုံစိုက်နေကြတုန်း ကျွန် တော့်
ထမင်းပုံအောက်က ငါးခြောက်ကလေးကို ပါးစပ်ထဲ ကပျာကယာအမြန်ထိုး ထည့်လိုက်ရ
သည်။ ပြီးတော့ပန်းကန်ကိုမပြီး စားဖိုဆောင်ထဲမှ မသိမသာ
အသာလေးလစ်ထွက်လာခဲ့လိုက်၏။ မောင်ခန့်နှင့် ဆရာအောင်ခင်တို့ ဘာတွေဖြစ်ကျန်
ခဲ့သလဲတော့မသိ၊ အပြင်ဘက်သစ်ပင်အောက်မှာ ဆောင့် ကြောင့်ထိုင်ချလိုက်ပြီး
ကျန်နေသည့် ထမင်းကို ဆက်စားလိုက်သည်။ ပါးစပ်ထဲမှ ငါး ခြောက်အရသာလေး
ပျောက်မသွားမီ ထမင်းကို တစ်လုပ်ပြီး တစ်လုပ် အမြန်ထိုးထည့် စားလိုက် ရသည်။
တစိမ့်စိမ့်နှင့်ဝါးရင်း အခုမှ လူစင်စစ်ကနေ နွားဘဝရောက်ရတော့သည်။
စားမြုံ့ပြန် လို့ကို မပြီးနိုင်တော့။ ငတ်တော့လည်း သူများတွေ မမြင်အောင် ဖွက်စားရသည့် ငါးခြောက်ကလေးက တကယ့်ကို အရသာ ရှိလှသည်။ အဲဒါကတော့ ဖြစ်ရပ်မှန် ငါးခြောက်တစ်ချောင်းနှင့်
ကျွန်တော့်ဒုက္ခ။
သီရိညွန့်
ကိုးကား - street view journal
Tuesday, November 20, 2012
အာဗြဲခြောက်တစ်ချောင်းနှင့် ကျွန်တော့်ဒုက္ခ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment