Sunday, June 12, 2011

နွားနို့ သောက်သူများ(ဒဂုန် မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၅)

နွားများသည် အရောင်ကွဲသော်လည်း နွားနို့ တိုင်းသည် အဖြူဖြစ်သည်။
မနက်မိုးလင်းလျှင် သို့ မဟုတ် အိပ်ရာမှထလျှင် လူတို့ သည် နွားနို့ သောက်ကြသည်။
သို့ မဟုတ် လူတချို့ သည် နွားနို့ သောက်ကြသည်။
နေထွက်မလာသေး။
ပိတ်ထားသော တံခါးတစ်ချပ်ရှေ့ တွင် နွားနို့ ပုလင်းတစ်လုံး ရှိသည်။
ဝသော ဦးမြင့်သန်း၌ ကုပ်ပိုးနှစ်ထပ် ရှိသည်။
ထိုနွားကို စလေဦးပုည မပိုင်ပါ။
စူလဟူသော ဟိန္ဒူပိုင်၏။
သူ့ လက်ချောင်းမည်းမည်းများဖြင့် နို့ တိုင်ကို ညှစ်ဆွဲချလိုက်သောအခါ နို့ များသည် အောက်တွင် ခံထားသော သွပ်ပုံးထဲသို့  ပန်း၍ ကျ၏။ ဆရာဝန်က နားကျပ်ကို ဖြုတ်လိုက်သည်။ ခင်ဗျားမှာ ဘာရောဂါမှ မရှိဘူး၊ အားနည်းနေတာပဲ၊ နွားနို့ မှန်မှန်သောက်ရမယ်ဟု ပြော၏။ နေလောင်ထားသော အသားအရေနှင့် သူ့ ရှေ့ မှ ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူနာ၏အမည်မှာ ဒေါ်သိန်းကြွယ်ဖြစ်ကြောင်း သူ မသိပါ။ သီတာ သည် မီးဖိုပေါ်မှ နွားနို့ အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ မလိုင်မတက်ရန် ဖြစ်၏။ မလိုင် တက်သော နွားနို့ သည် ၀မ်းပျက်တတ်သဖြင့် ကလေးများနှင့် မသင့်လျော်။ နွားများသည် မြက်အပြင် တခြားအရာ အနည်းငယ်ကိုလည်း စားသုံးလေ့ ရှိသည်။ မောင်ရေ ရွှေဝါရယ် နွားနို့ ကုန်အောင် မသောက်နိုင်ဘူး။ ရုံးသွားရန်ပြင်နေသော ကိုအောင်ဝင်းသည် ကြောင်ကလေးတစ်ကောင်ကို ရင်ခွင်တွင်ပိုက်ထားသော ဇနီးချောအိကို လှမ်းကြည့်လိုက်သည်။ သူတို့  အိမ်ထောင်ကျခဲ့ သည်မှာ ဆယ်နှစ်နီးပါး ရှိပြီ။ သူတို့ တွင် ကလေးမရှိ။ ကျော်ကျော်၏ အမေတွင် ကလေးရှိ၏။ နွားတစ်ကောင်တွင် ခြေထောက်လေးချောင်း ရှိ၏။ စူလ နွားနို့  ညှစ်နေသည်။ နွားနို့ သံပုံးထဲကျသံမှာ တရှဲရှဲ မြည်နေသည်။ သို့ မဟုတ် တရှီးရှီး မြည်နေသည်။ စားပွဲပေါ်ရှိ နွားနို့ ဖန်ခွက်ရှေ့ တွင် ကျော်ကျော် ထိုင်မှိုင်နေသည်။ ထိုဖန်ခွက်ကို တရုတ်ပြည်တွင် ပြုလုပ်ခဲ့ သည်။ ကျောင်းကြိုကား လာတော့မည်။ " သား နွားနို့ ပူပူလေး သောက်လိုက်အုံးလေ" သူ့ အမေက ပြော၏။ နွားနို့ တစ်ခွက်ကို နံရံတွင် ကပ်ရိုက်ထားသော စင်ကလေးပေါ် သို့  ကိုဘခိုင် တင်လိုက်သည်။ ထိုစင်ပေါ်တွင် သူတို့ ကိုးကွယ်သော ယောဂီကြီး၏ ရုပ်တုရှိ၏။ နို့ ဆာသော နွားသားပေါက်ငယ် တစ်ကောင် ချည်တိုင်မှာ ရုန်းကန်ရင်း တဘူးဘူး အော်နေ၏။ တဗူးဗူးဟု ရေးရင်လည်း မှန်နိုင်ပါသည်။



*



အိမ်ရှင်တို့  အိပ်ရာမှ ထလာသောအခါ ပိတ်ထားသော တံခါးရှေ့ တွင် နွားနို့ ပုလင်းတစ်လုံးစီကို တွေ့ ရ၏။ နို့ သည်က ယူနေကျ ဖောက်သည်များ အိမ်ရှေ့ မှာ ချပေးသွားခြင်းဖြစ်သည်။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၄၀၀၀ ကျော်လောက်က စတင်၍ အိန္ဒိယလူမျိုးများသည် နွားနို့ ကို သုံးစွဲလာကြ သည်။ ဦးမြင့်သန်း၏ ရှေ့ တွင် အငွေ့ တထောင်းထောင်း ထနေသော နွားနို့ တစ်ခွက်နှင့် ခေါက်ထားသော ယနေ့ ထုတ်သတင်းစာ တစ်စောင်ရှိ သည်။ ခင်ဗျား နွားနို့ မှန်မှန်သောက်ရမယ်။ ဒေါ်သိန်းကြွယ်၏ ချွေးခံအင်္ကျိအိတ်ထဲမှ ငါးကျပ်တန်အဟောင်း တစ်ရွက်သည် စမ်းသပ်ခအဖြစ် ဆရာဝန်ထံ ခုန်ထွက်သွားသည်။ ဆရာဝန်ထံမှ တစ်ဆင့် အာစူလာအင်းဒရက်ထံ ရောက်သွား၏။ နွားနို့ တွင် ကာဘိုဟိုက်ဒရိတ်၊ အဆီ၊ ပရိုတိန်း၊ ဓါတ်သတ္တုနှင့် ဗီတာမင်များ ပါဝင်ကြောင်း သူတို့ ကောင်းကောင်း မသိ။ ဆရာဝန်က သိ၏။ ကိုဘခိုင်အိမ်မှ ကြွက်ကလေးတစ်ကောင်ကလည်း သိ၏။ သံပုံးထဲတွင် နွားနို့ များ တစ်စထက် တစ်စ မြင့်တက်လာသည်။ စူလသည် အသားမည်း၏။ သို့ သော် နွားနို့ က ဖြူသည်။ သို့ သော် ပန်းချီဆွဲသော ကိုဘခိုင်က နွားနို့ သည် မဖြူဟု ပြော၏။ သီတာသည် မီးဖိုပေါ်မှ နွားနို့ အိုးကို သံဇွန်းကြီးဖြင့် အဆက်မပြတ် မွှေနေ၏။ ထိုသို့ မွှေနေခြင်းမှာ လက်အားနေခြင်းကြောင့် မဟုတ်ပါ။ မလိုင်မတက်ရန် ဖြစ်၏။ နို့ ဆာနေသော နွားသားပေါက်ငယ်တစ်ကောင်သည် ချည်တိုင်တွင် တဘူးဘူးအော် နေသည်။ တချို့ က တဗူးဗူးဟု ကြားကြသည်။ ညနေကျရင် ရွှေဝါကို ဆေးသွားထိုးရအောင် မောင် ရုံးက စောစောပြန်ခဲ့ နော်ဟု ချောအိက မှာ၏။ ရွှေဝါဆိုသည်မှာ ကြောင်ကလေး တစ်ကောင်၏ အမည်ဖြစ်သည်။ ထိုကြောင်သည် ပိတောက်ပွင့်ကဲ့သို့  မ၀ါပါ။ ဖြူသန့် သော ကျော်ကျော်၏ ကျောင်းဝတ်စုံမှာ စိတ်အိုက်သဖြင့် ထွက်သော ချွေးနှင့် စွန်းကွက်နေသည်။ နေ့ တိုင်း ၀တ္တရားမပျက် သောက်နေရသော နွားနို့ ကို သူ မုန်း၏။ အက္ခရာသင်္ချာကိုလည်း မုန်း၏။ သူ့ နှာခေါင်းထဲတွင် စွဲနေသော နို့ ညှီနံ့ ပျောက်လိုပျောက်ငြား ယောင်ယမ်းကာ ကျော်ကျော် သူ့ နှာခေါင်းကို လက်ဖြင့် ပွတ်လိုက်၏။ ဒေါ်သိန်းကြွယ် ဘယ်လောက်ယူမလဲ။ ဒေါ်သိန်းကြွယ်သည် နို့ စားနွားမွေးသော စူလထံမှ ဖောက်သည်ယူကာ ရောင်းသူ ဖြစ်၏။ ဆရာဝန်သည် ရုပ်ရှင်ရုံတစ်ရုံရှေ့ တွင် ရပ်ကာ ရုပ်ရှင်ကြည့်ရန် စောင့်ဆိုင်းနေသည်။ ထိုရုပ်ရှင်ကားထဲတွင် အာစူလာအင်းဒရက် ပါ၏။ သူ့ ကို ဘီယာ မှန်မှန် သောက်ရမယ်ဟု ဘယ်သူမှ မပြောပါ။ သီတာသည် နွားနို့ အိုးကို မွှေနေသည်။ နှုတ်ခမ်းမွှေးတွင် ပေနေသော မလိုင်ဖတ်ကို ဦးမြင့်သန်းသည် လျှာဖြင့် သိမ်းသပ်လိုက်သည်။ သူသည် အိန္ဒိယ၌ လေမုန်တိုင်းမိ၍ လူနှစ်သောင်းကျော် သေကျေပျက်စီးသွားသည့် သတင်းကို နွားနို့ သောက်မပျက်ဘဲ ဖတ်နိုင်သူဖြစ်၏။ ကိုဘခိုင်တို့ အိမ် စင်ပေါ်မှ နွားနို့ ခွက်ကို ကြွက်ကလေးတစ်ကောင် ခိုးသောက်နေသည်။ ခင်ဗျား နွားနို့  မှန်မှန်သောက်ရမယ်ဟု ဆရာဝန်က သူ့ ကို ပြောခဲ့ သလား။ ညနေကျလျှင် ချောအိသည် ရွှေဝါကို တိရစ္ဆာန်ကုဆရာဝန်ထံ ခေါ်ဆောင်သွားလိမ့်မည်။ ရွှေဝါသည် နွားနို့ ကုန်အောင် မသောက်နိုင်သော ရောဂါ ရနေ၏။ ဒေါ်သိန်းကြွယ်၏ ခေါင်းပေါ်မှ တောင်းထဲတွင် နွားနို့ ငါးပိဿာ ဆံ့သော ပုံးတစ်ပုံး ရှိသည်။ ကျော်ကျော်သည် သူ့ အမေ အလစ်တွင် သူ့ ရှေ့ မှ နွားနို့ ခွက်ကို ဆတ်ခနဲ ကောက်ယူကာ သူ့ ဘေးရှိ ပြတင်းပေါက်မှ သွန်ချလိုက်၏။



*



ဦးမြင့်သန်းတို့ အိမ်၊ သီတာတို့ အိမ်၊ ချောအိတို့ အိမ်၊ ကျော်ကျော်တို့ အိမ်၊ ကိုဘခိုင်တို့ အိမ်။ ဒေါ်သိန်းကြွယ်သည် သူ့ ဖောက်သည်အိမ်များကို ထွက် ၀င် ကျော်လွန်လာခဲ့ ၏။ တိမ်ဖြူဖြူထဲမှ နေသည် နွားနို့ စိမ်ထားသော လိမ္မော်သီး တစ်လုံးနှင့်တူသည်။ ဦးမြင့်သန်းသည် မလိုင်စားသဖြင့် ၀မ်းမသွား ပါ။ ချည်တိုင်တွင် နို့ ဆာသော နွားငယ်တစ်ကောင် ရုန်းကန်နေ၏။ ပြတင်းပေါက် အပြင်ဘက်က မြက်ခင်းပေါ်တွင် နွားနို့ စက်များ ပြန့် ကျဲနေသည်။ စူလသည် အသားကိုသော်လည်းကောင်း၊ နို့ ဆမ်းထားသော မြက်ကိုသော်လည်းကောင်း မစားပါ။ ထွက်ခွာသွားသော ကျောင်းကြိုကားပေါ်၌ ပြုံးနေ သော ကျော်ကျော် ပါသွားသည်။ ဒေါ်သိန်းကြွယ်သည် နွားနို့ ယူကြဦးမလားဟု မအော်ဘဲ တဘူးဘူး (တဗူးဗူး) ဟုအော်ပါသည်။ နွားနို့ သောက်သူ များသည် နွားနို့ ပုလင်းများကို မဆေးကြောကြပါ။ ကြွက်တစ်ကောင်၏ အိပ်မက်သည် နို့ ညှီနံ့ နံနေသည်။ ကိုဘခိုင် ပန်းချီရေးရန် အဖြူရောင် ဆေးတောင့်ကို ညှစ်လိုက်သောအခါ အထဲမှ နွားနို့ ဖြူဖြူများ ထွက်လာလေသည်။ ကမ္ဘာပေါ်တွင် နွားမသည် အာစူလာအင်းဒရက်ထက် အရင်ဖြစ် ပေါ်ခဲ့ ၏။ ဒေါ်သိန်းကြွယ်သည် နွားနို့ အကျန်ကို အရပ်ထဲတွင် လည်ရောင်းနေသည်။ နွားနို့ တိုင်းသည် အဖြူဖြစ်သော်လည်း နွားများသည် အရောင် ကွဲ၏။

နွားနို့ တွင် ပရိုတိန်း ကောင်းကောင်းပါသည်။ ပရိုတိန်းဆိုသည်မှာ ဂရိဘာသာစကားဖြစ်၍ ပထမတန်းစားဟု အဓိပ္ပါယ်ရလေသည်။

သစ္စာနီ

0 comments: