“မထားခဲ့ ပါနဲ့  အမေရယ်”
“ကြောက်တယ်…သူတို့ ကိုကြောက်တယ်”
“တယောက်ထဲ မထားခဲ့ ပါနဲ့ …”
နှုတ်ဖျားက အသံကုန်ဟစ်အော်ရင်း အိုးစားကွဲ နေတဲ့ ခန္ဓာကိုယ်က စိတ်ဝိညာဉ်နဲ့ 
ပြန်ကပ်စပြုလာတယ်။ ပထမဆုံးသတိပြုမိတာက ခန္ဓာကိုယ်တခုလုံး နေရာလပ်မရှိအောင် နာကြင်နေမှု….ပြီးတော့ စိုရွှဲနေတဲ့ ခန္ဓာကိုယ်က အေးစက်စက် သံမံတလင်းတခုပေါ်မှာ ပုံရက်သားအနေအထားနဲ့ …လေးလံနေတဲ့ မျက်ခွံတစုံက ကြိုးစားအားယူဖွင့်နေခြင်းကို လစ်လျှူရှုလွန်ဆန်နေမှု…..ဘာတွေဖြစ်ခဲ့ ပြီလဲ…မရ..လုံးဝစဉ်းစားလို့ မရ..ဦးနှောက်ထဲက နာကြင်ခြင်းတရားတွေသာ ထွက်ကျလာတယ်..အခြေအနေနဲ့ အနေအထားအတွက် မှတ်မိခြင်းဆိုတဲ့ အသိတရားတို့ က ကမ္ဘာ့အပြင်ဘက်ရောက်နေသလိုပဲ… ထပ်ကြိုးစားကြည့်တယ်..မရသေးဘူး..
“ဂျိန်း……”
ကြိုးစားမှုတို့ လန့် ပြီးထွက်ပြေးသွားကြတယ်..ဟုတ်တယ်..ကျယ်လောင်စွာထွက်ပေါ်လာတဲ့  သံတခါးတခုနဲ့ အုတ်နံရံတို့  ရိုက်ခတ်သံ။ အာရုံတွေကိုဆုဆည်းလို့  လေးလံနေတဲ့  မျက်ခွံတံခါးကို မရမကနဲ့ အခက်အခဲ တွေကြားက ငါတွန်းဖွင့်လိုက်ရတယ်။ ချက်ချင်းတော့မဟုတ်ဘူး။ မနဲအားယူပြီးတွန်းလိုက်မှ တွေ့ လိုက်တဲ့ မြင်ကွင်းက……...
မီးရောင်မှိန်မှိန်အောက်က အခန်းအပြင်ဖက်မှာ ယူနီဖောင်းတစုံနဲ့ လူတယောက်လို့  ယူဆရတယ်။ သူက ခေါင်းကိုငြိမ့်လို့  တစုံတယောက်ကိုအမူအရာနဲ့ လှမ်းခေါ်လိုက်တယ်။ မသဲမကွဲခြေသံတွေသာပေါ်ထွက်လာတယ်။ ခဏဆိုတဲ့ အချိန်တိုအတွင်းမှာတွေ့  လိုက်ရတာက..နောက်ထပ်လူနှစ်ယောက်..ငါရှိနေတဲ့အခန်းထဲကိုဝင်လာနေကြတယ်။ ခုချိန်ထိ တိတ်ဆိတ်မှုကိုဖြိုခွင်းနေတာက သူတို့ ရဲ့ ခြေသံတွေ…။
ခုချိန်ထိ တိတ်ဆိတ်မှုကိုဖြိုခွင်းနေတာက သူတို့ ရဲ့ ခြေသံတွေ…။ ငါ့အနားကိုရောက်တာနဲ့  တမဟုတ်ခြင်း ငါ့ကို ပုခုံးနှစ်ဖက်ဆီကို တယောက်တဖက်ဆီ ဟန်ချက်ညီညီနဲ့  ထိုင်လျက်အနေအထားရောက်တဲ့ အထိဆွဲထူ လိုက်ကြတယ်။ အချည်းနှီးပဲ….ငါ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အရုပ်ကြိုးပြတ် ပြုတ်ကျသွားတယ်..ငါ့နှလုံးသားက ခန္ဓာကိုယ်ရဲ့  နာကြင်မှုအတွက် အမေ့ကိုတမ်းတ မိသွားတယ် (နာလိုက်တာအမေရယ်) …
သူတို့  နောက်တကြိမ်ကြိုးစားကြတယ်။ အလကားပဲ။ ပြီးတော့…နောက်တခေါက်…
ဒီတကြိမ်တော့..စိတ်တိုလာပုံရတယ်။ ပုခုံးနှစ်ဖက်ဆီကဆောင့်ဆွဲလိုက်ကြတာမို့  မူးမိုက်မှုနောက်ဆက်တွဲကိုတမဟုတ်ခြင်းခံစားလိုက်ရတယ်။ ဒါပေမယ့် ဒီတခါတော့ ငါ့ပုခုံးတွေကို ကိုင်ထားကြတယ်…ခဏအကြာမှာ ခွေးသေတကောင်လို ငါ့ကို ရုတ်တရက် ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ အခန်းပြင်ကိုရောက်နေပြီ..ခုထိ ဘာစကားတခွန်းမှ မကြားရသေးဘူး။ နာကြင်နေတဲ့ ခန္ဓာကိုယ်က နာကြင်ရာကကျော်လွန်ပြီး ထုံကြင်လာကြတယ်။ ဘယ်ကွေ့ ညာချိုးနဲ့ သွားပြီးနောက်မှာ လှေခါးတခုကိုရောက်တယ်.. ညင်သာမယ်ထင်လား… တချက်ကလေးမှ တုံ့ ဆိုင်းမှုမရှိတဲ့ ခြေလှမ်းတွေက စက်ရုပ်တွေလို စည်းချက်ကျကျလှေခါးပေါ်က ဆွဲချသွားကြတယ်။ လှေကားပေါ်က ဒရွတ်တိုက်ဆွဲ ချခြင်းခံရတဲ့ငါ မျက်လုံးအစုံကိုမှိတ်ထားပေမယ့် အသိတရားက နာကြင်ခြင်းတွေကြားမှာ အိုးနင်းခွက်နင်းနဲ့ ပါလာတယ်။ လှေခါးပေါ်ကဆင်းပြီး ဒေါင့်ချိုးတခုကိုကျော်ပြီးချိန်မှာတော့ ခန္ဓာကိုယ်က လေထဲကိုမြောက်တက်သွားတယ်။ သံတခါးသံတခုနောက်ကွယ်မှာ စိတ်နဲ့ ကိုယ် အိုးစားကွဲသွားတယ်။ ခဏလေး..တကယ့်ကို ခဏဆိုမှ တကယ့်ခဏလေးအတွင်းမှာ အမှောင်ကမ္ဘာထဲ ငါပြိုလဲသွားပြန်တယ်။
………………………………………………………………….
အသိတရားက ဘယ်လောက်ကြာကြာခရီးထွက်သွားခဲ့ လဲမသိ။ ခြောက်ကပ်နေတဲ့  နှုတ်ခမ်းတစုံနဲ့ ရေဆာမှုဆိုတဲ့ ဒုက္ခတရားက ငါ့ကိုဒီဘ၀ထဲ ပြန်ဆွဲခေါ်လာကြတယ်။ ခန္ဓာကိုယ်တခုလုံးက နာကြင်မှု၊ စိုရွှဲနေတဲ့ အ၀တ်အစားတွေနဲ့ သံမံတလင်းပေါ်မှာအနေ
ကြာမှု၊ ဆာလောင်မွတ်သိပ်မှု၊ အားနည်းနုံးခွေမှု၊ ကြောက်ရွံ့ စိုးရိမ်မှုတွေနဲ့  တစပ်စပ်တုန်ရင်း ပြန်လည်အသက်ဝင်လာတယ်။ မျက်လုံးတွေကိုဖွင့်ကြည့်တယ်။ မမြင်ရ..ဘာဆို ဘာမှမမြင်ရ..။ အမြင်အာရုံတွေချို့ ယွင်းသွားပြီလားဆိုတဲ့  စိုးရိမ်စိတ်ကြောင့်မြန်လာတဲ့  နှလုံးခုန်သံတွေက တရုပ်နဂါးဆိုင်းတခုလို ဆူညံလို့ …။ ကြောက်လန့်  တကြား ငါ့မျက်လုံးတွေကိုလက်ဖ၀ါးနဲ့ အုပ်ထားလိုက်တယ်။ မျက်ရည်ပူတွေ အလိုလို ကျလာတဲ့  အထိ။
ဒီတခေါက်တော့ အသိတရားရဲ့ အကူအညီနဲ့ ပတ်ဝန်းကျင်ကိုလေ့လာဖို့  အာရုံတွေကို စုစည်းလိုက်တယ်…ကတုန်ကယင်ဖြစ်နေတဲ့ စိတ်ကိုငြိမ်သက်ဖို့  အချိန်တခု ပေးလိုက်တယ်.. လွယ်တော့မလွယ်ဘူး..ဒါပေမယ့် ကြိုးစားမှုရဲ့ ရလာဒ်တခုတော့  ရလိုက် တယ်…တခဏ အတွင်း စိတ်တို့ တဖြေးဖြေးခြင်းတည်ငြိမ်စပြုလာတယ်။ မျက်စိတွေကိုဖွင့်ခွင့်မပေးသေးပဲ အာရုံ ခံစားမှု ယူလိုက်တယ်။ ဟုတ်ပြီ…ရပြီ။
…………………………………………………………..
စစချင်းသတိထားမိတာက အခန်းကအေးစိမ့်စိမ့်နဲ့  သံမံတလင်းခင်းပဲ။ တိတ်ဆိတ်ငြိမ်သက်ခြင်းဆိုတာကို အတိုင်းသားကြားနေရတဲ့ အခန်း။ လေ၀င်လေထွက်ရှားပါးပြီး ညှီစို့ စို့ အနံ့ တခုနဲ့ ဖုန်နံ့ တွေရောထွေးနေတဲ့ အခန်း။ ငါ့လက်တွေကိုဆန့် တန်းလိုက်ပေမယ့် ဘာကိုမှတွေ့ ထိမှုမရှိပုံထောက်တော့ ငါဟာအခန်းရဲ့  အလယ်လောက်ခပ်ကျကျမှာရှိနေတယ်လို့ ယူဆရတယ်။ မျက်လုံးတွေကို ဖြေးဖြေးချင်း ဖွင့်နိုင်ဘို့ အားပေးလိုက်တယ်။ ဖြေးဖြေးဆိုမှ..တကယ့်ဖြေးဖြေးလေး…ဖွင့်ကြည့်လိုက်တယ်။
သေချာတယ် .. အလင်းရောင်လုံးဝမရှိတဲ့ အခန်း။ ဖြေးဖြေးဆိုမှ..တကယ့်ဖြေးဖြေးလေး…ဖွင့်ကြည့်လိုက်တယ်။ သေချာတယ် .. အလင်းရောင်လုံးဝမရှိတဲ့ အခန်း။ နေ့ မှန်းညမှန်းမသိနိုင်တဲ့ အခန်း။ အခန်းကိုလေ့လာနေစဉ်မှာ ခွေးတကောင်ရဲ့ စွဲစွဲငင်ငင်အူသံက အခန်းရဲ့ အထက်နားခပ်ကျကျ တနေရာကထွက်ပေါ်လာတယ်။ အဲဒီခွေးအူသံက ငါဟာမြေအောက်ခန်း တခုထဲမှာဆိုတာကို အသိပေးလိုက်သလိုပဲ။ ဟုတ်ပြီ…မှတ်ဥာဏ်တွေကမှတ်မိသလိုနဲနဲရှိလာတယ်။ ဇာတ်လမ်းရဲ့ အစပိုင်းလောက် ကိုကြိုးစားခန့်မှန်းရင်း ဇာတ်ရည်လည်လာသလိုပဲ။ မီးမောင်းထိုးထားတဲ့  အခန်း…ဟုတ်တယ်..ပြီးတော့ အခန်းထဲကမေးခွန်းပေါင်းများစွာနဲ့  အသံတချို့ ရယ်၊့  နာကြင်ခြင်းတရားတွေရယ်ကို ပြန်သတိရလာတယ်။ ထိတ်လန့်ကြောက်ရွံ့ မှု က တစထက်တစ လက်ရှိဘ၀ကို နားလည် လာစေတယ်။
ဒီအချိန်မှာခန္ဓာကိုယ်ကို အားယူ လို့  မရမက ငါထထိုင်လိုက်တယ်။ ဒီအခန်းကိုဒီထက်ပိုပြီး ငါလေ့လာဖို့ လိုပြီထင်လို့ ။ ပထမဆုံး … ထိုင်ရာမထ ညာဘက်ကိုရွှေ့ သွားဖို့  စဉ်းစားလိုက်တယ်။ စဉ်းစားထားတဲ့  အတိုင်းပဲနာကြင်မှုတွေကိုအံတုရင်း ငါ့ခန္ဓာကိုယ်ကို တရွေ့ ရွေ့  တိုးသွားလိုက်တာ သိပ်မသွားလိုက်ရဘူး..ညာဘက်လက်မောင်းနဲ့ အုတ်နံရံတို့ ထိ ကပ်သွားပြီးနောက်မှာ ခန္ဓာကိုယ်ကရပ်တန့် သွားတယ်။ တခဏနားနေပြီးမှ နံရံတောက် လျှောက်ညာဘက် ကိုပဲဆက်ရွေ့ သွားလိုက်တယ်။ သံမံတလင်းကိုလက်တွေက မမြင်မကန်းစမ်းရင်းနဲ့  တဖြေးဖြေးချင်းရွှေ့  သွားလိုက်တာအပ်ချည်ကြိုးတွေနဲ့ တူတဲ့  ချည်မျှင်တထွေးကိုကိုင်မိတဲ့  အထိ။ သိချင်စိတ်တွေက တားမနိုင်ဆီးမရဖြစ်လာတယ်.. တကယ်ဆို.. ဘာဆိုတာ မြင်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ…ဆိုတဲ့ ပြင်းပြတဲ့  ဆန္ဒ..အဲဒီဆန္ဒရဲ့  နောက်ဆက်တွဲကြောင့် ချည်မျှင်တွေကြားမှာ အလုပ်များသွားကြတဲ့ ငါ့ရဲ့  လက်ချောင်းများ။ မကြာလိုက်ပါဘူး ချည်မျှင်တချို့ ဘေး ရပ်တည်နေတဲ့  အေးစက်စက်အရာတခုကို စမ်းသပ်မိလိုက်တယ်။ ငါ့ခန္ဓာကိုယ်တခုလုံးက တုန့်  ကနဲရပ်သွားကြတယ်။ စူးစမ်းတဲ့ အသိနဲ့  အကြောက်တရား လွန်ဆွဲသွားကြတယ်။ ချက်ခြင်းဆိုသလိုပဲ အကြောက်တရားကို စူးစမ်းစိတ်က နှာတဖျား အသာရသွားတယ်။ အဲဒီနောက် ငါ့လက်နှစ်ဖက်လုံးက အေးစက်စက်အရာဝတ္ထုပေါ်မှာ သုတေသနတွေ စလုပ်တော့တာပဲ။ ဟာ…သွားပြီ….။ ဘာကိုမှပြန်မရနိုင်လောက်အောင် သွားပြီ။
လက်ဖျားခြေဖျားတွေက အေးစက်တုန်ရီလာကြတယ်။ အမှောင်ထဲမှာ ဘာမှမမြင်ရတဲ့  ကျမရဲ့မျက်လုံးအစုံဟာ ဗြုန်းကနဲဆိုသလို ပြာသွားတယ်။ ရင်ထဲကထောင်ပေါင်းများစွာသော လိပ်ပြာတို့  တမဟုတ်ချင်းထပျံသွားကြတယ်။ ပြီးတော့… ကျမခန္ဓာကိုယ်က အမှောင်ထဲမှာရှာဖွေတွေ့  ရှိလို့ သိလိုက်ရတဲ့ အေးစက်စက်အလောင်းတကောင်ရဲ့ ဘေးမှာ ပုံရက်သားလဲကျသွားတယ်။
အပြင်မှာတော့ လေးတွဲ့ တွဲ့ နဲ့  စွဲစွဲငင်ငင် ပေါ်ထွက်လာ နေဆဲဖြစ်တဲ့ ခွေးအူသံ။အတွေးတွေထဲမှာတော့ စစ်ကြောရေးစခန်း၊ အမှောင်ထဲကတိုက်ခန်း၊ ဘယ်အချိန်ကသေဆုံးနေမှန်းမသိတဲ့ အလောင်းကောင် နဲ့ကျမ၊ ပျံ့ လွင့်သွားတဲ့ စိတ်နဲ့ ကျမရဲ့  ခန္ဓာ …ဇဝေဇ၀ါ ပလူပျံနေကြ။
ထူးသျှား
Tuesday, August 16, 2011
ရသခါးခါး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment