Tuesday, December 30, 2008

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

ဧရာဝတီ-အေးချမ်းမြေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

မြန်မာသစ်မဂ္ဂဇင်းတွင် ယခင်လက လယ်တီဆရာတော်ကြီး အကြောင်း၊ ယခင်လမတိုင်မီက ဦးမေအောင် အကြောင်း စသည်ဖြင့် ထင်ရှားသူ ရှေးမြန်မာများ၏ မျက်နှာဖုံးဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုတပတ်တွင်မူ မြန်မာပြည်အတွက် ထင်ရှားဂုဏ်ယူဖွယ် ဖြစ်သော ကုလအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆောင်းပါး ဝေဝေဆာဆာဖြင့် ဖော်ပြရန် ဖြစ်သော်လည်း မျက်နှာဖုံး ဓာတ်ပုံခွင့်ပြုချက်မရသဖြင့် တခြားပုံတပုံ လွှဲပြောင်းတင်ပြရတော့မည် ဖြစ်ကြောင်း သိရသည်။

[ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် (ဓာတ်ပုံ - UN/Grunbaum)]

ဦးသန့်အကြောင်းနှင့် ပတ်သက်၍ ထုတ်ဝေမည့် ၄ ကြိမ်မြောက် မြန်မာသစ်မဂ္ဂဇင်း အတွက် ကဗျာစုစုပေါင်း ၁၀ ပုဒ် ရွေးချယ် တင်ပြထားရာ စိစစ်ရေးက ၇ ပုဒ်ပယ်ခဲ့ပြီး ဆောင်းပါး ၅ ပုဒ်ကိုပါ ဖြုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ အနှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပြီး ဦးသန့် နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း တာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်းနှင့် ကွန်ဂို ပြည်တွင်းစစ်ပြဿနာများ ဖြေရှင်းခဲ့သည်။

အာရှ၏ ပထမဆုံးသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ မြန်မာပြည်အတွက် ဂုဏ်ယူဖွယ် ဦးသန့်၏ ဈာပန အခမ်းအနားကို ဦးနေဝင်းအစိုးရက ဖြစ်သလို ဆောင်ရွက်ခဲ့သဖြင့် ထိုစဉ်က တက္ကသိုလ်ကျောင်းသား များက ဦးသန့်ရုပ်အလောင်းကို လုကာ ရန်ကုန်တက္ကသိုလ်အတွင်း မြေချရန် ကြံစည်ရာမှစ၍ မြန်မာ့သမိုင်းတွင် ယနေ့တိုင် ထင်ရှားသော “ဦးသန့်အရေးအခင်း” ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က အရေးအခင်းကို ဦးနေဝင်းအစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သောကြောင့် ကျောင်းသား၊ ပြည်သူ ဒါဇင်ပေါင်းများစွာ ကျဆုံးသူများ၊ အရေးယူ ထောင်ချခံရသူများ ရှိခဲ့သည်။

ဦးသန့်အကြောင်း ဖော်ပြမည့် မြန်မာသစ်မဂ္ဂဇင်းသည် မြန်မာပြည်တွင် ထင်ရှားလူသိများကာ မြန်မာနိုင်ငံ၏ အကျိုးကို သယ်ပိုးခဲ့သူ ရှေးမြန်မာကြီးများအကြောင်းကို တဦးချင်းစီ လစဉ်ဖော်ပြသွားမည့် မဂ္ဂဇင်းဖြစ်သည်ဟု အယ်ဒီတာအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောပြသည်။

“ဒီမဂ္ဂဇင်းမှာ ရေးတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ စိစစ်ရေးကို တင်ပြရတယ်” ဟု မြန်မာသစ် နှင့် နီးစပ်သူကပြောပြသည်။

မကြာသေးမီအချိန်က မဂ္ဂဇင်းများအားလုံးတွင် ရေးသားသူ စာရေးဆရာ၊ ကဗျာဆရာများ၏ ကိုယ်ရေးအချက် အလက်များကို စိစစ်ရေးသို့ တင်ပြရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တရားဝင်အကြောင်းမကြား သေးကြောင်း ရန်ကုန်မဂ္ဂဇင်း အသိုင်းအဝန်းမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းများ၏ အနေအထားမှာ ပုံစံပြောင်းကာ တိုးတက်မှုရှိလာပြီး စာပေပုံသဏ္ဍန်မဂ္ဂဇင်းများ၊ ပညာပေးမဂ္ဂဇင်းများ သုံး၊ လေးလအတွင်း နေရာရလာသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကပြောပြသည်။

ယခင်ကဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ပေါ့ပ် (Popular) မဂ္ဂဇင်းများကိုသာ ထုတ်ဝေကြသော် လည်း ယခုနောက်ပိုင်းတွင် လူထုကို အသိဥာဏ်၊ အတွေးအခေါ်၊ အနုပညာ မြှင့်တင်ပေးမည့် မဂ္ဂဇင်းပုံစံများအား စီးပွားရေးအရ အမြတ်အစွန်းမရှိသလောက်ဖြင့် ထုတ်ဝေလာသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။

သာဓက အနေဖြင့် မြန်မာသစ်၊ ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ နွယ်နီ၊ ရနံ့သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများ ဖြစ်သည်။

အပြည့်အစုံသို့...

နိုင်ငံရေးသမား နောက်တဦး သေဆုံး

ဧရာဝတီ၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈

ပဲခူးထောင်မှ နိုင်ငံရေး အကျဉ်းသား တဦး သေဆုံးပြီး ရက်အနည်းငယ် အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေး သမားတဦး ယမန်နေ့က သေဆုံး သွားသည်။ သေဆုံးသူ ဦးဌေးလွင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး တီဘီရောဂါဖြင့် ကွန်လွန်သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်က ပြောပြသည်။

“ကိုဌေးလွင်ဦး တနင်္ဂနွေနေ့မနက်က အစောကြီး ဆုံးသွားပြီ။ မန္တလေးထောင်မှာ ဆုံးတယ်။ အဆုတ်ရောဂါဖြစ်နေတာ ခြောက်လ ရှိပြီ။ တခြားရောဂါတွေလည်း ရှိတယ်” ဟု ဒေါ်ခင်လှမြင့်က ဧရာဝတီသို့ ရှင်းပြသည်။

ဦးဌေးလွင်ဦး ခံစားခဲ့ရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ မည်သည့်ဆေးကုသမှုမျှ မရရှိခဲ့ကြောင်း ဒေါ်ခင်လှမြင့်ကဆိုသည်။

ကျောင်းဆရာတဦးဖြစ်သူ ဦးဌေးလွင်ဦး (အသက် ၄၅နှစ်)သည် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အတူ ၂၀၀၃ ခုနှစ်တွင် ထိန်းသိမ်းခံခဲ့ရသည်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ မန္တလေးမြို့တွင်ဖမ်းဆီးခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ် ခံခဲ့ရသည်။

ဦးဌေးလွင်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက စစ်အစိုးရသည် လူသတ်မှုများကို စနစ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း စွပ်စွဲလိုက်သည်။
“အဆုတ်ရောဂါဆိုတာ ကုလို့ရတဲ့ ရောဂါပဲ။ ကုလို့ရပေမယ့် အာဏာပိုင်တွေက သူ့ကို ဆေးမကုပေးခဲ့ဘူး”ဟု အေအေပီပီအသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပြသည်။

အေအေပီပီအသင်းက ဦးဌေးလွင်ဦး သေဆုံးမှုအကြောင်းကို ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ နအဖစစ်အစိုးရလက်ထက်တွင် ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း အနည်းဆုံး ၁၃၈ ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ပြီးခဲ့သည့်အပတ်က ပဲခူးထောင်တွင် သေဆုံးခဲ့သူ ကိုမောင်စန်းသည် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးဌေးလွင်ဦး၏ဈာပနကို မန္တလေးမြို့ ကြာနီကန်သုသာန်တွင် ယနေ့ ပြုလုပ်မည်ဟု သိရသည်။ ဦးဌေးလွင်ဦး ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်လှမြင့် နှင့် ၈ နှစ်အရွယ် သားတဦး ကျန်ရစ်ခဲ့သည်။

အပြည့်အစုံသို့...

မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီအဆိုပြု

NEJ/ ၃၀ ဒီဇင်ဘာ ၂ဝဝ၈

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့်လက ကုလအတွင်းရေးမှူးချုပ် ဘမ်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် ဂမ်ဘာရီ၏ အဆိုပြုချက်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဂမ်ဘာရီ မြန်မာနိုင်ငံသွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့်ရော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါ တွေ့ခွင့်မပေးခဲ့သဖြင့် မအောင်မြင်ခဲ့သည့် ကုလသံတမန်ရေးနည်းလမ်းကို ကယ်တင်ရန်ကြိုးပမ်းချက်တရပ်အဖြစ် ဝေဖန်သူများက ထောက်ပြသည်။

ဂမ်ဘာရီသည် ဒီမိုကရေစီရေး ပြောင်းလဲချင်စိတ်မရှိသည့် စစ်အစိုးရကို ကိုင်လှုပ်ရာ၌ တိုးတက်မှုရှိပါသည်ဆိုပြီး ပြရန်သက်သက် ရည်ရွယ်သည်ဟုလည်း ဝေဖန်ကြသည်။

မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။

ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီများများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြူထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့် နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို လာမည့် ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဖြစ်သည်။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြူသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့်အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ မတ်လခရီးစဉ်၌ ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ငြင်းပယ်ခဲ့သည်။

ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည် အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆွေးနွေးရေးကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေ ညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း က ပြောခဲ့သည်။

အပြည့်အစုံသို့...

ထိုင်းလွှတ်တော်ကို ဆန္ဒပြသူများဝိုင်း ထိုင်းအစိုးရသစ် ပေါ်လစီ မကြေညာနိုင်

NEJ/ ၂၉ ဒီဇင်ဘာ ၂ဝဝ၈
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများက ထိုင်းလွှတ်တော်ရုံးဝင်ပေါက်များကို ၀ိုင်းထားသည့်အတွက် လွှတ်တော်မှာ အစိုးရပေါ်လစီသစ် စတင်ကြေညာမည့်အစီအစဉ်ကို ၀န်ကြီးချုပ် အာဘီဆစ်က ရွှေ့ဆိုင်းလိုက်ရသည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထက်လွှတ်တော်၊ အောက်လွှတ်တော် (၂) ရပ်လုံး စုံညီစွာတက်ရောက်မည့် လွှတ်တော်တွင် အစိုးရပေါ်လစီသစ် ကြေညာချက်ကို မထုတ်ပြန်မချင်း ထိုင်းအစိုးရသစ်အနေဖြင့် တရားဝင်လုပ်ငန်းများ စတင်လုပ်ကိုင်ခွင့်မရှိပေ။

သောင်းနှင့်ချီသည့် တပ်ဆင်ထောက်ခံသူများ တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဆနမ်းလွမ် ကွင်းပြင်တွင် စုဝေးပြီး အာဘီဆစ် အစိုးရသစ်အား ဆန္ဒပြပြီးနောက် တနင်္လာနေ့မနက်ပိုင်းတွင် အစိုးရသစ်ပေါ်လစီ မကြေညာနိုင်အောင် လွှတ်တော်ကို ၀ိုင်းထားခဲ့ခြင်း ဖြစ်သည်။

အစိုးရဆန့်ကျင်သည့် အင်္ကျီအနီဝတ် ဆန္ဒပြသူများကိစ္စကို မစိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ်က ပြောသော်လည်း လိုအပ်လျှင် ဆန္ဒပြသူများအား လူစုခွဲရန်အတွက် ရဲနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမှတ် (၁) စစ်တိုင်း တပ်မှူး ဒု-ဗိုလ်ချုပ်ကြီး ကာနစ်က ပြောသည်။

ဝန်ကြီးချုပ် အာဘီဆစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စီးပွားရေးနာလန်ထူအောင်လုပ်မည့် အစိုးရဖြစ်စေရမည်ဟု ကတိပေးသော်လည်း ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၀၉ ခုတွင် (၀) ရာခိုင်နှုန်းနှင့် (၂) ရာခိုင်နှုန်းကြားသာရှိမည်ဟု ဘဏ္ဍာရေးဝန်ကြီး ကွန်း ချတ်တီကာဗန်းနစ်က မှန်းထားသည်။

အပြည့်အစုံသို့...

နေပြည်တော်ပျဉ်းမနားမှာ ဘူတာသစ် ထပ်တည်မည် အိမ်ခြေ (၂၀,၀၀၀) ကျော် မြို့ပြင် ထုတ်ဖို့ပြင်

ခေတ်ပြိုင်-ခိုင်မင်း/ ၂၉ ဒီဇင်ဘာ ၂၀၀၈

ပျဉ်းမနားမြို့မှာ နောက်ထပ် ဘူတာရုံသစ်တခု တည်ဆောက်ရန်အတွက် ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်အချို့ နေရာပြောင်းရွှေ့ပေးရမည်ဖြစ်သည့်အတွက် အိမ်ခြေ (၂) သောင်းကျော် အခက်အခဲဖြစ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

နေပြည်တော်ဘူတာရုံကြီးကို ၂၀၀၆ ခုနှစ်က ရွာတော်ကျေးရွာအနီးတွင် တည်ဆောက်ခဲ့သည်မှာ ယခုအခါ အပြီး သတ်လုဖြစ်သော်လည်း ဘူတာတည်ဆောက်ရာ မြေနေရာမှာ လယ်မြေဖြစ်ပြီး စမ်းပေါက်နေသည့်အတွက် ဘူတာအဖြစ် အသုံးပြုရန်မဖြစ်နိုင်ဘဲ စမ်းသပ်မောင်းနှင်သည့် မီးရထားစက်ခေါင်းများ (၃) ကြိမ်ခန့် တိမ်းမှောက်ခဲ့သည်။

ထို့ကြောင့် နေပြည်တော်ဘူတာသစ် နောက်တခုတည်ဆောက်ရန်စီစဉ်နေခြင်းဖြစ်ပြီး အေးရှားဝေါ ကုမ္ပဏီက ကံထရိုက်ရရှိထားသည်ဟု စုံစမ်းသိရသည်။

ရွှေ့ပြောင်းရမည့်ရပ်ကွက်များမှာ ပျဉ်းမနားဘူတာအနီးတ၀ိုက်တွင်ရှိသည့် ရန်အောင် (၂) ရပ်ကွက်အုပ်စု အတွင်းပါဝင်သော ဂုဏ်တန်ရပ်ကွက်၊ ရန်နိုင်ဟူစိန်ရပ်ကွက်နှင့် တောင်သာအုပ်စုတွင်ပါဝင်သည့် ဂွကြားရပ်ကွက်များ ဖြစ်သည်ဟု သိရသည်။

အဆိုပါရပ်ကွက်များ၌ ၀န်ထမ်းနှင့် လက်လုပ်လက်စားအများစုပါဝင်ပြီး ဂွကြားရပ်ကွက်မှာမူ ပန်းပဲလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး အိမ်ခြေနှစ်သောင်းကျော်ရှိကြောင်း၊ ယင်းရပ်ကွက်မှလူများကို ပျဉ်းမနား နေပြည်တော် နယ်မြေတွင်ရှိသည့် လေတွင်းတောင်ခြေ အနီးနှင့် ပျဉ်းမနားအရှေ့ ဘက် (၇) မိုင် အကွာရှိ ဆင်ဖြူတောင်ခြေအနီးတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။

လေတွင်းတောင်သည် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်အနီးတည်ရှိပြီး ရှမ်းရိုးမနှင့်လည်းနီးကာ ငှက်ဖျားရောဂါထူပြောသည့်အပြင် ပေါင်းလောင်းရေကာတာ၏ အောက်ခြေဘက်တွင် တည်ရှိသောကြောင့် အန္တရာယ်အလွန်များသည်ဟု ဆည်မြောင်းကျွမ်းကျင်သူများက ပြောသည်။

ထို့အပြင် အစားထိုးပြန်ပေးမည့် တန်ဖိုးနည်းအိမ်ရာများမှာ ကျဉ်းမြောင်းပြီးသေးငယ်သည့်အတွက် မိသားစုဝင်များ နေထိုင်ရန်အတွက် မလုံလောက်ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါဒေသများသည် ပျဉ်းမနားမြို့နှင့် အလွန်အလှမ်းကွာသည့်အတွက် အလုပ်အကိုင်ရှားပါးပြီး ရောဂါဘယများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

“ဒီဇင်ဘာ (၁၅) ရက်နေ့က လာတိုင်းတယ်။ သူတို့ပြောတာကတော့ နေပြည်တော်ဘုရားကြီးပတ်လမ်း ဖောက်ဖို့လို့ ပြောသွားတယ်။ အခုတော့ မှတ်တိုင်တွေ၊ အမှတ်အသားတွေစိုက်ပြီးသွားပြီ။ မကြာခင် ရွှေ့ရမယ်လို့ ပြောတယ်။ ဒီလိုဆိုရင်တော့ ကျမတို့ မိသားစုတော့ ဒုက္ခပါပဲ။ ကျမက လက်လုပ်လက်စား၊ သားက၀န်ထမ်းဆိုတော့ ပြောင်းရွှေ့မယ့်နေရာရောက်ရင် ဘာလုပ်ကိုင်စားပြီး ဘယ်လိုနေရမှန်းတောင် မသိပါဘူး” ဟု ပြောင်းရွှေ့ခံရမည့်အထဲတွင် ပါဝင်သူဒေသခံတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

အပြည့်အစုံသို့...

ဘီဘီစီ ဘန်ကောက် နိုင်ငံခြားသတင်းထောက် ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုကြောင့် ထောင်ကျနိုင်

NEJ/ ၂၉ ဒီဇင်ဘာ ၂ဝဝ၈

ထိုင်းနိုင်ငံ ဘန်ကောက် ဘီဘီစီ အင်္ဂလိပ်လူမျိုး သတင်းထောက် ဂျွန်နသန်ဟက်ဒ်ကို ထိုင်းဘုရင်အား ပုတ်ခတ်ရေးသားမှုဖြင့် ထိုင်းရဲအရာရှိတဦးက စွဲချက်တင်ထားရာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁၅) နှစ်ထိ ကျခံရဖွယ်ရှိသည်။

ဂျွန်နသန်ဟက်ဒ်သည် ထင်ရှားသည့် ဘီဘီစီ သတင်းထောက်ဖြစ်ရုံမက ဘန်ကောက် ဘီဘီစီရုံး၏ အကြီးအကဲလည်း ဖြစ်သည်။
၎င်းအား တိုင်တန်းထားသည့် စွဲချက် (၃) ခုအနက် ဘန်ကောက် ဆူဝမ်နဖုန် လေဆိပ်ကို ပီအေဒီ ဆန္ဒပြသူများ သိမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနန်းတော်နှင့် ပီအေဒီ ဆက်နွယ်မှုကို ရေးသားခဲ့သည့် How did Thai protesters manage it? ဆောင်းပါးလည်း ပါဝင်သည်။

အဆိုပါ စွဲချက်များကို ထိုင်းရဲအရာရှိ ၀ါတာနာဆတ်က စွဲချက်တင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုင်းအာဏပိုင်များအနေဖြင့် ဂျွန်နသန်ဟက်ဒ်အား တရားဝင် စွဲချက်တင်မည် မတင်မည်ကို မဆုံးဖြတ်ရသေးပေ။ ထိုအတောအတွင်း ဂျွန်နသန်ဟက်ဒ်အပေါ် စွဲချက်များ ဖယ်ရှားပေးရန် နယူးယော့ခ်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီက တောင်းဆိုထားသည်။

အပြည့်အစုံသို့...

Monday, December 29, 2008

ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

ခေတ်ပြိုင်-မင်းနိုင်သူ/ ၂၈ ဒီဇင်ဘာ ၂၀၀၈

အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကပါ ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင် အန်အယ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီးတခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကမှာ လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက် တဦးက ပြောသည်။

ဒီပီအေ ရန်ကုန် သတင်းထောက်ကို တာဝန်ခံသည့် ဒီပီအေ အယ်ဒီတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရုံးထိုင်သည့်အတွက် နိုင်ငံတကာ အတိုက်အခံများက ဦးဝင်းတင်၏စာကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဘန်ကောက်မြို့ရှိ DPA သတင်းဌာနခွဲရုံး အယ်ဒီတာထံ သို့ bangkok@dpa.com အီးမေးဖြင့် ဆက်လက် ပေးပို့ ကန့်ကွက်သင့်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့ကလည်း ယူဆသည်။

အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ နိုင်ငံရေးရပ်တည်ချက် ၄ ရပ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်းပါ အဆိုပါ စာ၌ ဖော်ပြထားသည်။

၁။ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉၀ လွှတ်တော်ခေါ်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဆိုသည့် စု-လွှတ်-တွေ့ လမ်းစဉ်ကို ကိုင်စွဲသည်။
၃။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံ။
၎။ ၂၀၁၀ ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားခြင်းမပြု ဟူ၍ဖြစ်သည်။

ဦးဝင်းတင် လက်မှတ်ရေးထိုးထားပြီး ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့်ခဲ့သည့် မူရင်း စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

အပြည့်အစုံသို့...

Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

ဧရာဝတီ-အေးလဲ့၊ ဒီဇင်ဘာလ ၂၆ ရက် ၁၀၀၈

ကမ္ဘာ့ ရုပ်ရှင်နေ့ အထိမ်း အမှတ် အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ခန်းမ၌ ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ပြသ ကြည့်ရှု၍ လေ့လာ ဆွေးနွေးမည် ဖြစ်ကြောင်း နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ တဦးက ပြောသည်။

ရုပ်ရှင်ခေတ်ဦးနှင့် ယနေ့ခေတ်ရုပ်ရှင် မည်သို့ ကွာခြားသည်ကို မျိုးဆက်သစ်ရုပ်ရှင်သမားများ လေ့လာနိုင် ရန် ၁၉၂၂ခုနှစ် က ရိုက်ကူးခဲ့သည့် ကမ္ဘာ့ပထမဆုံး မှတ်တမ်းရုပ်ရှင် Nanook of The North ဇာတ်ကား ကို ပြသမည်ဖြစ်သည်ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။

ဦးကြည်စိုးထွန်းက “စက်မှုတွေ ကလည်း ဆန်းသစ် လာပြီလေ၊ ဒီနေ့ အနုပညာ မျိုးဆက်သစ်တွေ အနေနဲ့က ကွန်ပျူတာ နည်းပညာအရ ကောင်းကောင်း နာလည်ရမယ်၊ ပြသပုံ ပြသနည်း ကလည်း ဦးတို့ ငယ်တုန်းက ခေတ်နဲ့ ကွာခြားသွားပြီလေ၊ ရှေ့က ဟာလည်းကြည့် အခုခေတ် နည်းပညာလည်း လိုက်ရမှာ ပေါ့နော်၊ အဟောင်းရော အသစ်ရော လေ့လာရပါမယ်” ဟုပြောသည်။

ယင်း Nanook of The North ဇာတ်ကားသည် အဖြူအမည်း အသံတိတ် ရူပ်ရှင်ဇာတ်ကားဖြစ်ပြီး
Robert J . Flaherty ဆိုသူက ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဓာတ်ပုံသမားအဖြစ် ကနေဒါ မြောက်ပိုင်းရှိ အက်စ်ကီးမိုး လူမျိုးများ၏ နေထိုင်မှု သဘာဝကို ကိုယ်တိုင်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း သိရသည်။ Nanook ဆိုသည်မှာ ဇာတ်ကားတွင်ပါဝင်သည့် အက်စ်ကီးမိုး လူမျိုးနာမည်ဖြစ်သည်။

၁၈၉၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ပြင်သစ်လူမျိုး လူမီးယားညီအစ်ကိုနှစ်ဦးက ပဲရစ်မြို့ရှိ Grand ကော်ဖီဆိုင်တွင် ပရိသတ် ၃၃ယောက် နှင့် စတင်၍ တမိနစ်စာ ရုပ်ရှင်အပိုင်းအစများ ပြသခဲ့သည့်နေ့ကို ကမ္ဘာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ယခု မှတ်တမ်းရုပ်ရှင်ကားကို ပြသရခြင်းဖြစ်သည်ဟု ဒါရိုက်တာ ဦးကြည်စိုးထွန်း က ပြောသည်။

ထိုကမ္ဘာ့ရုပ်ရှင်နေ့တွင် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသားများ၊ ရုပ်ရှင်ပညာလေ့လာနေသော ကျောင်း သားများ၊ အနုပညာသည် တချို့နှင့် စာနယ်ဇင်းသမားများတက်ရောက်ရန်ဖိတ်ကြားထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဦးကြည်စိုးထွန်းကဆက်လက်ပြီး“ကမ္ဘာကိုလည်း ဗမာအကြောင်းသိစေချင်တယ်၊ ဗမာကိုလည်း ကမ္ဘာ့ အကြောင်း သိစေချင်တယ်၊ အဲဒါပါပဲ၊ တခြားနိုင်ငံတွေက တအားကို ဖွံ့ဖြိုး တိုးတက်ပြီးတော့မှ ကျနော်တို့ နိုင်ငံမှာတော့ အများကြီးကျန်ရစ် နေတာပေါ့နော်၊ စက်မှုပညာဆိုတာ ကတော့ နိုင်ငံတော်ကပံ့ပိုးမှ ရမယ့် ကိစ္စပါ” ဟုပြောသည်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားများအနနှင့် နိုင်ငံတကာ ထိုးဖောက်နိုင်ရန် နည်းပညာပိုင်း၊ စိတ်ကူးစိတ်သန်း၊ တင်ဆက်ပုံများနှင့်ပတ်သက်ပြီး များစွာကြိုစားရမည်ဟုလည်း ၎င်းကပြောသည်။

ဦးကြည်စိုးထွန်းက “ဥပမာပေးရရင်တော့ တိုင်တန်းနစ်(Titanic) ရုပ်ရှင်ကားဆိုပါတော့၊ ဒီကားက ပိုက်ဆံ သောက်သောက်လဲ ရတဲ့ကားဖြစ်တယ်၊ ကွန်ပျူတာနည်းစနစ် တွေပါတယ်၊ ဒီကားဇာတ်လမ်းလိုပဲ ရှေးခေတ် အဖြူအမည်းခေတ်က ရိုက်ကူးခဲ့တဲ့ A night to remember ဆိုတဲ့ ဇာတ်ကားနှစ်ကား ယှဉ်ကြည့်ရင် အရ သာ က တမျိုးစီပေါ့နော်၊ ဒီခေတ်မှာပြန်ကြည့်ရင်တော့ ရိုးသလိုလိုနဲ့ တကယ်ကို ထိထိမိမိရှိတဲ့ တချို့ပြပုံ လေးတွေ က သိပ်ကောင်းတာပဲ၊ ဒီကားနှစ်ကားရဲ့ ကွာခြားပုံအရ ရှေးကကား တွေကိုလည်း လက်လွတ် လို့မရဘူးဆိုတဲ့သဘောပေါ့” ဟုပြောသည်။

ပထမဦးဆုံး မြန်မာ့ရုပ်ရှင် “မေတ္တာနဲ့သူရာ” အမည်ရှိအသံတိတ် ဇာတ်ကားကို မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖခင်ကြီး ဒါရိုက်တာ ဦးအုန်းမောင်က ရိုက်ကူးခဲ့ပြီး ၁၉၂၀ အောက်တိုဘာလ ၁၃ရက်နေ့က ရုံတင်ပြသခဲ့ သည်။

မြန်မာ့ရုပ်ရှင်သမိုင်းသည် ၁၉၂၀ ခုနှစ် ကစပြီး လာမည့်၂၀၂၀ ခုနှစ်တွင် ရာပြည့်နှစ်ဖြစ်မည်။

အပြည့်အစုံသို့...

HIV/ AIDS ဝေဒနာသည်များကို စောင့်ရှောက်သူတို့ ကြပ်တည်းနေ

ဧရာဝတီ-အေးချမ်းမြေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၁၀၀၈

ပြည်တွင်းရှိ HIV/ AIDS ဝေဒနာ ရှင်များကို စောင့်ရှောက် ပေးနေသော အန်ဂျီအိုများက လူနာသစ်များ လက်မခံတော့ သဖြင့် ၎င်း ဝေဒနာ သည်များကို စောင့်ရှောက် ပေးနေသော မဖြူဖြူသင်းတို့ထံသို့ ဝေဒနာရှင်များစွာ ရောက်ရှိလာရာ ဆေးဝါးနှင့် စရိတ်စက အခက်အခဲများ ကြုံတွေ့နေရကြောင်း ကြားသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ကိုယ်ခံအား ကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ပေးနေသော မဖြူဖြူသင်း၏ အဆိုအရ ၎င်းတို့ထံသို့ လူနာသစ်များ နေ့စဉ် ၄ ဦးမှ ၅ ဦးထိ ဝင်လာလျှက်ရှိကြောင်း သိရသည်။

“လာသမျှလူနာတိုင်းကို မလုပ်ပေးနိုင်ဘူးလို့ ငြင်းဖို့ကလည်း မလုပ်ချင်ဘူး။ တချို့ဆို ညဘက်ကြီး ရောက်လာ တာ။ နေဖို့၊ စားဖို့ကအစ ကျမတို့ အစစတာဝန်ယူပေးရတာ” ဟု ၎င်းက ပြောပြသည်။

လုပ်ရိုးလုပ်စဉ်အရ မဖြူဖြူသင်းဦးဆောင်သော HIV/ AIDS ဝေဒနာသည်များ စောင့်ရှောက်သည့် အဖွဲ့သည် ယခင်က ဝေဒနာသည် တဦးရောက်လာလျှင် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ နယ်မှ ဝေဒနာရှင်များ နေစရာ မရှိလျှင် နေစရာ စီစဉ်ပေးခြင်းတို့ ပြုလုပ်ပေးသည်။ ၎င်းလူနာများ ဆေးစစ်ရန်လိုအပ်ပါက ပီအက်စ် အိုင် နှင့် ချိတ်ဆက်ပေးပြီး ဆေးသောက် ရန်လိုအပ်လာပါက အေဇက်ဂျီ ဆေးခန်းများသို့ ညွှန်ပြခြင်းတို့သာ ဆောင်ရွက် ပေး ခဲ့သော်လည်း ယခုအခါ လူနာများလာပြီး အစစအရာရာ တာဝန်ယူနေရသဖြင့် အခက်အခဲရှိနေသည်ဟု သိရသည်။

“လူနာတွေက ဆေးခန်းတွေမှာ တယောက်နဲ့ တယောက် တွေ့ရင် သတင်းဖလှယ်ပြီး ကျမတို့ဆီသွားလို့ရတယ် လို့ အချင်းချင်း လမ်းညွှန်ကြရာက တဆင့်စကားနဲ့သိပြီး ရောက်လာတာ နေ့တိုင်း လူနာအဝင်အထွက်ရှိပေမယ့် အမြဲတမ်း လူနာက အယောက် ၄၀ လောက်က မလျော့ဘူး” ဟု မဖြူဖြူသင်းက ပြောပြသည်။

မဖြူဖြူသင်းနှင့် အဖွဲ့က တာမွေမြို့နယ်ရှိနေအိမ်တလုံးနှင့် တောင်ဒဂုံမြို့နယ်ရှိ ၎င်း၏ မိသားစုပိုင် နေအိမ်တို့တွင် လူနာများကို စောင့်ရှောက်ပေးလျှက်ရှိရာ ရေရှည်တွင် လူနာများနေရေးစားရေးနှင့် ဆေးရရှိရေးအတွက် အခက်အခဲရှိကြောင်း မဖြူဖြူသင်းနှင့်အတူ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်နေသော ကိုရာဇာကလည်း ပြောပြသည်။

“အစိုးရက ဒီဝေဒနာသည်တွေအတွက် ဖွင့်ပေးထားတဲ့ ဆေးရုံတွေမှာလည်း အေအာဗီမပြောနဲ့ သာမန် ဘာမီတွန်လို သာမန်အခွင့်အရေးယူရောဂါတွေအတွက် ဆေးတွေတောင် အလကား မပေးနိုင်ဘူး” ဟု ကိုရာဇာကဆက်ပြောသည်။

သာမန်အခွင့်အရေးယူရောဂါဆိုသည်မှာ ခုခံအားကျဆင်းချိန်တွင် ဝင်လာတတ်သော ဖျားနာ၊ မှဲ့ခရု၊ ရေယုန် အစရှိသည့် ရောဂါဝေဒနာများဖြစ်သည်။ အစိုးရက HIV/ AIDS ဝေဒနာသည်များအတွက် ဝေဘာဂီဆေးရုံနှင့် မင်္ဂလာဒုံဆေးရုံ ၂ ရုံဖွင့်လှစ်ပေးထားသည်။

အေဇက်ဂျီက ၂၀၀၆ ခုနှစ်ကတည်းက အေအာဗီဆေးပေးခြင်းကို ရပ်နားထားလိုက်သော်လည်း လူနာသစ်များ လက်ခံပေးနေသေးသည်။ ယခုအခါ လူနာသစ် လက်ခံခြင်းကိုပါ လုံးဝ ရပ်နားထားလိုက်ပြီဖြစ်သည်။ မဖြူဖြူသင်း ဦးဆောင်သော အဖွဲ့က လက်ရှိ အေအာဗီဆေးတိုက်ကျွေးနေသော လူနာအရေအတွက်မှာ ၈၀ မှ ၁၀၀ အတွင်းရှိနေရာ ရေရှည် ဆေးတိုက်ကျွေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“ခုဆေးပုံမှန်စားနေတော့ အရင်လိုလူကောင်းအတိုင်းပဲ နေလို့ စားလို့ တော်တော်ကောင်းတယ်။ ကျန်းမာနေ ပါတယ်” ဟု မဖြူဖြူသင်းတို့ထံတွင် နေထိုင်ကာ အေအာဗီဆေး စားခွင့်ရနေသော ဝေဒနာရှင် ကိုမျိုးက ပြောပြသည်။ ၎င်းသည် ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး ရန်ကုန်ရောက်၍ မဖြူဖြူသင်းတို့၏ အစောင့်အရှောက် ခံနေသည်မှာ ၃ လခန့်ရှိပြီဖြစ်သည်။

ယခုလက်ရှိတွင် မဖြူဖြူသင်းနှင့်အဖွဲ့သည် HIV/ AIDS ပညာပေးအစီအစဉ်အဖြစ် လက်ကမ်းစာစောင် ထုတ်ဝေရန် စီစဉ်လျှက်ရှိသော်လည်း ငွေကြေးအခက်အခဲကြောင့် မထုတ်နိုင်သေးကြောင်း ကြားသိရသည်။

“တချို့ဆို ဒီရောဂါကို လုံးဝမသိဘူး။ နယ်ကလူတွေ ဒီရောဂါအကြောင်း မသိဘဲ သေသွားတဲ့သူတွေ ရှိတယ်။ တချို့က သိတာနဲ့ ပိုက်ဆံလည်း ရှိတော့ အေအာဗီဆေးသောက်ပြီး ကျန်းမာလာကြတာရှိတယ်” ဟု မဖြူဖြူသင်းက ရှင်းပြသည်။

လက်ကမ်းစာစောင်များကို ယခင်က အန်ဂျီအိုများထံမှရရှိသော်လည်း ယခုနောက်ပိုင်း မရနိုင်တော့ရာ လျှောက်လွှာစာရွက်ပေါ်တွင် လက်ရေးနှင့် နိုင်သလောက်ရေး၍ ဝေဒနာသည်များကို ဖတ်ခိုင်းသည့် အစီအစဉ်သာ ပြုလုပ်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်ပေါင်း ၃ သိန်း ၆ သောင်းကျော်ရှိပြီး အေအာဗီဆေး စားခွင့် ရရှိသူမှာ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) က ကြေညာထားသည်။

မဖြူဖြူသင်းနှင့်အဖွဲ့သည် ၎င်းဝေဒနာရှင်များကို ၂၀၀၂ ခုနှစ်မှ စတင်စောင့်ရှောက်ခဲ့ခြင်း ဖြစ်ပြီး စတင်ချိန်မှ ရေတွက်လျှင် ယခုထိ လူနာပေါင်း ၂၅၀၀ ဝန်းကျင်ကို စောင့်ရှောက်ခဲ့ကြောင်း ကိုရာဇာကပြောသည်။

“အေအာဗီဆေးက ပျောက်တဲ့ဆေး မပေါ်မချင်း မသေမချင်းသောက်နေရမှာ။ ရေရှည်မှာ လူနာတွေအတွက် ကျနော်စိုးရိမ်တယ်” ဟု ကိုရာဇာက ပြောသည်။

အပြည့်အစုံသို့...

ဆူနာမီ လေးနှစ် မြန်မာ အလုပ်သမားတွေရဲ့ စိတ်ဒဏ်ရာတွေ မပျယ်သေး

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၀၈

အိန္ဒိယ သမုဒ္ဒယာထဲမှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ ငလျင်လှိုင်းတွေကြောင့် ပြီးခဲ့တဲ့ လေးနှစ်က အာရှနိုင်ငံတွေမှာ လူတွေ သိန်းချီသေဆုံးခဲ့တာ ဒီနေ့ လေးနှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီ ဆူနာမီလှိုင်းတွေကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေ ထောင်နဲ့ချီ သေဆုံးခဲ့ပေမယ့် ဒီအလုပ်သမားတွေရဲ့ မိသားစုတွေကို ကူညီ စောင့်ရှောက်ရေးတွေမှာ အားနည်းချက်တွေ ရှိနေဆဲပဲလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ လှိုင်းကြောင့် အိန္ဒိယ သမုဒ္ဒရာ အတွင်းက နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ လူ ၂၃၀,၀၀၀ ကျော်လောက် သေဆုံးခဲ့ရပြီး ၄၅,၀၀၀ လောက် ပျောက်ဆုံးခဲ့ရတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဆူနာမီလှိုင်း ရိုက်ခတ်တာကြောင့် ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေဒေသမှာ လာရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ထောင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ က သတင်းထုတ်ပြန်ခဲ့ပါတယ်။


မိသားစုဝင်တွေ သေဆုံးခဲ့ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့နေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အခုချိန်ထိ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်တာ မရှိသေးဘူးလို့ ဆူနာမီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူ ဦးထူးချစ် က ပြောပါတယ်။

“အဓိက ကတော့ဗျာ ကျနော်တို့ အနေနဲ့ လုပ်ဖို့ကျန်ခဲ့တာတော့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးတဲ့ ဒီ trauma ဖြစ်နေတဲ့ အလုပ်သမားတွေကိုတော့ ကျနော်တို့တွေလည်း မလုပ်လိုက်နိုင်ဘူးပေါ့နော်။ သူတို့ရဲ့ မိသားစုဝင်တွေ ဥပမာ သူတို့ရဲ့ သားမယားတွေ၊ သားသမီးတွေ ဆုံးရှုံးသွားတဲ့ သူတွေပေါ့ဗျာ။ အဓိက ကျနော်တို့ အနေနဲ့ သိပ်ပြီးတော့ မသိသာပေမယ့် ကျနော်တို့ တွေ့ဖူးတဲ့ စိတ်ပညာရှင်တွေက သူတို့ဟာ တခုခု ချို့ယွင်းနေတယ် ဆိုတဲ့ဟာမျိုးပေါ့။ တချို့ဆိုရင် အရက် အလွန်အကျွံ သောက်နေတာတို့ လက်ရှိ သာမန်လူတွေထက် ထူးခြားနေတာမျိုးတွေ ကျနော်တို့ တွေရတာရှိတယ်ဗျ။ အမျိုးသမီးတွေ ကျတော့လည်း စိုးရိမ်ကြောက်လန့်မှု လွန်ကဲတာဗျ။ တချို့တွေက အဲဒီ ခါးသီးတဲ့ဟာတွေ တွေ့ခဲ့ရတော့ တခုခု လေမုန်တိုင်း ဖြစ်တယ်။ မိုးကြီးတယ်ဆိုလို့ရှိရင် ပြေးဖို့ ရှောင်ဖို့တွေကိုပဲ အမြဲတမ်း စဉ်းစားတယ်။ ဘယ်လိုမှ သူတို့ကို နှစ်သိမ့်လို့ မရဘူး။ အဲလိုပုံစံမျိုးတွေ ကျနော်တို့ တွေ့ရတယ်။”

ထိုင်းအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တခြား ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် ဆူနာမီ ဒုက္ခသည်တွေနဲ့ နှိုင်းစာရင် ကယ်ဆယ်ရေး အဖွဲ့တွေ က အင်အားနည်းလွန်းနေတယ်၊ အထူးသဖြင့် မြန်မာ အလုပ်သမား တွေအတွက် အလုပ်အကိုင် ရှာဖွေရေးနဲ့ အိမ်ယာပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနိုင်တာမရှိခဲ့ဘူးလို့ ကိုထူးချစ် က ထောက်ပြပါတယ်။

ဆူနာမီလှိုင်း အတွင်းမှာ ဇနီးနဲ့အတူ ပိုင်ဆိုင်တာတွေ အားလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးနှစ်ယောက် ဖခင် ကိုလှစိုးကတော့ သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြပါတယ်။

“ကျနော်လိုက်ရှာတဲ့အခါ ရှာမတွေ့ဘူးဗျာ။ ကျနော့် သားကြီးဆိုရင် အော်ငိုတာ အမေ အမေနဲ့ ငယ်သံပါသွားတာပေါ့။ အမေ အမေ သားတို့ကို ထားခဲ့ပြီလား အော်တာ။ ကျနော်လည်း အဲဒီမှာ မျက်ရည်တွေ တအားကျတာပေါ့၊ တို့မိသားစုဘ၀ဆုံးပြီ။ ဘ၀ကွဲပြီပေါ့။ ကျနော့်သမီး ၁၂ နှစ်က သူ့အမေဆုံးပြီး ၁ နှစ်အကြာမှာ သူ့အမေလွမ်းတဲ့ စိတ်နဲ့ပဲ ရောဂါရပြီး ဆုံးသွားတာပဲ။ အခုလည်း ကျနော် အခုထက်ထိ ဆူနာမီ ဖြစ်ပြီးနောက်ပိုင်းမှာ ပင်လယ်ကမ်း ဆင်းတာလည်း မရှိ။ ပင်လယ်ကမ်းသွားပြီး စိတ်ကူးယဉ်တာလည်း မရှိ။ ကြောက်လန့်သွားတာပေါ့။ အခုလည်း ကျနော် အလုပ်လုပ်ရင် ကမ်းနားပေါ်မှာ အကာအကွယ်ရှိတဲ့ နေရာတွေမှာ လိုက်လုပ်တယ်။ ပင်လယ်ကမ်းဆိုတာ ကြောက်ကို ကြောက်သွားတာ မျက်စိထဲ မြင်ကို မမြင်ချင်တာ။”

ကိုလှစိုးဟာ သူ့ရဲ့ ဇနီး အလောင်းကိုလည်း ပြန်မရခဲ့ပါဘူး။ အခုအချိန်ထိ အမည်မသိ အလောင်းပေါင်း ၄၀၀ နီးပါး ကျန်ရှိနေပြီး ပျောက်ဆုံးစာရင်း အနေနဲ့ ၄၄၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီပျောက်ဆုံး စာရင်းထဲမှာ ၉၅ ယောက်ဟာ မြန်မာအလုပ်သမားတွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆူနာမီ ဖြစ်ပွားချိန်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး အခုလည်း ဆူနာမီလှိုင်းဒဏ်သင့်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ဖန်င ဒေသမှာ မြန်မာအလုပ်သမားတွေရဲ့ အရေးကို ဆောင်ရွက်နေတဲ့ ကိုထူးချစ် က မြန်မာပြည်မှာ တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ ဆူနာမီလှိုင်းနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ နာဂစ် မြန်မာပြည်မှာ ဖြစ်တာနဲ့ ဆူနာမီ ထိုင်းမှာဖြစ်တာနဲ့ဆို နှိုင်းယှဉ်လို့မရတဲ့ ကွာဟမှုတွေ ဖြစ်လိမ့်မယ်လို့ မြင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဆူနာမီ ဖြစ်ပြီးတော့ ရက်ပိုင်းအတွင်း တပတ်လောက်ပဲ ကြာတယ်။ တတ်နိုင်သလောက် ကျနော်တို့ အဲန်ဂျီအို တွေရော ဒီ ထိုင်းအစိုးရရဲ့ ဌာနဆိုင်ရာတွေရော ထိုင်းလူမျိုးတွေကရော တကယ့်ကို တတပ်တအားနဲ့ နိုင်တဲ့ဘက်ကနေ အရေးပေါ်လုပ်ငန်းတွေ လုပ်ပေးကြတော့ ဘာပဲပြောပြော သူတို့အနေနဲ့ လုပ်ပေးထားနိုင်တယ်ပေါ့။ နာဂစ်မှာကျတော့ နိုင်ငံတကာရော နိုင်ငံတကာက တသီးပုဂ္ဂလ အလှူရှင်တွေပါ လွတ်လွတ်လပ်လပ် လှူခွင့်မပေးတာမျိုးတွေ ဘာတွေ ရှိတာဆိုတော့လေ အင်မတန်မှ ကွာဟနေတယ်လို့ ကျနော့်အနေနဲ့ မြင်တယ်ဗျ။”

ထိုင်းအာဏာပိုင်တွေက ဆူနာမီ လှိုင်းအတွင်း ထိုင်းနိုင်ငံမှာ သေဆုံးသူပေါင်း ၅,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး နာဂစ်မုန်တိုင်းအတွင်းမှာတော့ ကွယ်လွန်သူနဲ့ ပျောက်ဆုံးသူပေါင်း ၁၃၀,၀၀၀ ကျော်ရှိမယ်လို့ မြန်မာစစ်အစိုးရ က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၄) နှစ်မြောက် ဆူနာမီ နှစ်ပတ်လည်အခမ်းအနားကို ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င မြို့နယ် ဘန်နယန်း မှာ ဆူနာမီ ပြခန်းဖွင့်ပွဲ ကျင်းပခဲ့သလို ညနေဖက်မှာ ဆုတောင်းပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။

အပြည့်အစုံသို့...

Saturday, December 27, 2008

ကမ်းတတ်တိုက်ပွဲ

ညိုထက်(လမ်းသစ်ဦး)

လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြက်ပြက်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)

အပြည့်အစုံသို့...

Thursday, December 25, 2008

မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ

မဇ္ဈိမ-မျိုးကြီး၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

ရွှေလီ (မဇ္ဈိမ)။ ။ ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်မြို့တွင် ပြီးခဲ့သည့် တနင်္လာနေ့က လုယက်မှု၌ တရက်အတွင်း လူနှစ်ဦး သေဆုံးခဲ့သည်။

လုယက်သူများ လက်ချက်ဖြင့် သေဆုံးသူများမှာ မူဆယ်မြို့ မန်မိုင်ရွာသား ကချင်အမျိုးသား ကိုခေါင်ဇယ် (ခ) လနုတ် (၃၈ နှစ်) နှင့် ခရစ်ယာန်ရပ်ကွက်မှ အိမ်ဖော် အမျိုးသမီးတို့ဖြစ်သည်။

''မနက် ၈ နာရီနဲ့ ၉ နာရီကြားမှာ မန်မိုင်ကနေ ကောင်းမှုကို ကလေးကျောင်း သွားပို့အပြန်မှာ ရေချောင်းလေး ရှိတယ်။ အဲဒီလမ်းမှာပဲ လူနှစ်ယောက်၊ ကုလားလိုလို လူတယောက်ပါတယ်၊ ခေါင်းကို ဒုတ်နဲ့ ရိုက်ထည့်လိုက်တယ်။ ခဏလေးပဲ အသက်ရှင်ပြီး သေသွားတယ်'' ဟု သေဆုံးသွားသူ ကိုခေါင်ဇယ်၏ ယောက်ဖက မဇ္ဈိမကို ပြောသည်။

လုယက်သူများက ဦးခေါင်းကို ရိုက်လိုက်ပြီးနောက် စီးလာသည့် မော်တော်ဆိုင်ကယ်ကို ယူသွားကြသည်။

ကျောင်းဆရာမ နှစ်ဦးက အခင်းဖြစ်ပွားမှုကို တွေ့မြင်ရသောကြောင့် ရဲစခန်းသို့ ဖုန်းဆက်တိုင်သဖြင့် ရဲများ လာရောက်ခဲ့ကြောင်းနှင့် ထိုနေ့ ညနေပိုင်း၌ပင် ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့ပြီး ယမန်နေ့က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။

အလားတူပင် ထိုနေ့ ည ၁၁ နာရီခန့်က ခရစ်ယာန်ရပ်ကွက်မှ နေအိမ်တအိမ်ကို လူတစုက မှောင်ရိပ်ခိုနေရာ အိမ်ဖော် အမျိုးသမီးတဦးက အိမ်သာတက်ရန် အိမ်အပြင်ထွက်စဉ် တွေ့ရှိအော်ဟစ်သဖြင့် လည်ပင်းကို ဓားဖြင့် ထိုးနှက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။

''နာမည်ကတော့ အတိအကျ မသိဘူး။ ဒီနေ့ပဲ သင်္ဂြိုဟ်တယ်။ အိမ်ဖော်အမျိုးသမီး လည်ပင်းကို ဓားနဲ့လှီးလို့ သွေးကြောပြတ် သေသွားတယ်။ အိမ်ကို လူကပ်ထားတာ၊ အိမ်သာအတက် လူတွေ့လို့ အော်တော့ အဲလို သတ်သွားတာ'' ဟု မူဆယ်ဒေသခံ နောက်တဦးက မဇ္ဈိမကို ပြောသည်။

ယခုလို ခိုးဆိုးလုယက်မှုများသည် နေ့စဉ်နီးပါး ဖြစ်နေကြောင်း အဆိုပါ ဒေသခံကပင် ယခုလို ဆက်ပြောသည်။

''ဆိုင်ကယ် accident (မတော်တဆမှု) မပါဘူး။ အသတ်ခံရပြီး သေတာ။ ဒီရက်ပိုင်းအတွင်း ၃ လောင်းရှိပြီ။ ၁၀၅ မိုင်နဲ့ မူဆယ်ကြားထဲမှာ အေးဂျင့်တယောက် ဆိုင်ကယ်အလုခံရပြီး အသတ်ခံရသေးတယ်။ ခိုးဆိုးလုယက်မှုက နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဒီကြားထဲမှာ ခရစ်ယာန်ရပ်ကွက်မှာပဲ အိမ်တအိမ် အဖောက်ခံရပြီး ရွှေ ၂၀ ကျပ်သား ပါသွားသေးတယ်'' ဟု သူက ပြောသည်။

လွန်ခဲ့သည့် ၃ လခန့်မှ စတင်ကာ မှုခင်းဖြစ်ပွားမှုများ သိသာစွာ တိုးပွားလာသော်လည်း ဒေသခံ ရဲတပ်ဖွဲ့က လက်သည်တရားခံများအား ဖမ်းဆီးနိုင်မှု မရှိလှကြောင်း ဒေသခံများက ဆိုသည်။

ယခုလို အခြေအနေများနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန်အတွက် မူဆယ်ရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိပါ။

အပြည့်အစုံသို့...

စစ်အစိုးရက ဘိန်းစိုက်ခိုင်းနေဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောဆို

မဇ္ဈိမ၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်တပ်က ဒေသခံ ကျေးရွာသားများကို အခွန်အကောက် ရရှိရန်အတွက် ဘိန်း အတင်းအကျပ် စိုက်ပျိုးခိုင်းနေသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးမှု များပြားလာနေသည်ဟု ထိုဒေသတွင်း လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတစုက ပြောသည်။

ဒေသခံကျေးရွာသားများကို အတင်းအကျပ် စိုက်ပျိုးခိုင်းနေသဖြင့် မြန်မာစစ်တပ်သည် အဆိုပါ ဘိန်းစိုက်ပျိုးရေး လုပ်ငန်းတွင် တိုက်ရိုက် ပါဝင်ပတ်သက် လာနေကြောင်းဖြင့် လားဟူ ဒီမိုကရက်တစ်တပ်ဦး (LDF) ဥက္ကဋ္ဌ အိုက်လုံခမ်းမွယ် (Ailong Khammwe) က ပြောသည်။

မြန်မာစစ်တပ်က ပါဝင်ပတ်သက်ပြီး အားပေးအားမြှောက် လုပ်နေ၍ ဒေသခံကျေးရွာသားများ ဘိန်းစိုက်ပျိုးမှုမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်ဒေသအတွင်း တိုးပွားလာနေသည်ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ခမ်းမွယ်က မဇ္ဈိမကို ပြောကြားသည်။

“မြန်မာစစ်တပ်က ဒေသခံလူထုကို ဘိန်း အတင်းအကျပ် စိုက်ခိုင်းနေပြီး၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာလည်း အကူအညီပေးနေတယ်” ဟု ခမ်းမွယ်က ပြောသည်။

ဒေသခံလူထု ဤသို့ဘိန်းစိုက်ပျိုးခြင်းလုပ်ငန်းမှ အခွန်အကောက်များ ကောက်ယူနေခြင်းဖြင့် မြန်မာစစ်တပ်သည် အမြတ်အစွန်းများ ရရှိနေသည်ဟု သူက ဆိုသည်။

ဤသို့ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွင် မြန်မာစစ်တပ် ပါဝင်ပတ်သက်နေမှုနှင့် ဒေသခံ ကျေးရွာသားများအား အတင်းအကျပ် ဘိန်းစိုက်ပျိုးခိုင်းနေသည့် သတင်းကို သီးခြား လွတ်လပ်သော အတည်ပြုချက် မရယူနိုင်သော်လည်း၊ ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းအေဂျင်စီ (S.H.A.N) မှ အယ်ဒီတာ ဦးခွန်ဆိုင်းဂျိုင်ယန် (Khuensai Jaiyen) ကမူ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် ၂ဝဝ၅ ခုနှစ်ကတည်းက စတင်၍ ဘိန်းစိုက်ပျိုးမှု တစတစ တိုးလာခဲ့ရာ ယခုနှစ် ၂ဝဝ၈ သည် အများဆုံးနှစ်ဖြစ်ကြောင်း ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း အထူးသဖြင့် ဝ နှင့် ကိုးကန့် အထူးဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့ကျသွားပြီးနောက် ဘိန်းစိုက်ပျိုးမှု လုပ်ငန်းသည် ပြည်နယ်တောင်ပိုင်း ဒေသများသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်ဟု ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေကို အသေးစိတ် လေ့လာရေးသား တင်ပြနေသော ဦးခွန်ဆိုင်းက ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ၂ဝဝ၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဘိန်းစိုက်ပျိုးမှု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နှိုင်းယှဉ်ချက်အရ လျော့နည်းကျဆင်းသွားခဲ့သော်လည်း ဤလုပ်ငန်းသည် ပြည်နယ်တောင်ပိုင်းသို့ ရွှေ့ပြောင်းရောက်ရှိသွားခဲ့သည်ဟု ဦးခွန်ဆိုင်းက ပြောသည်။

“စီးပွားရေး မပြေလည်တာရယ်၊ နေထိုင်စားသောက်ရေးအတွက် လုံလုံလောက်လောက် ဝင်ငွေရဖို့ ခက်တာရယ်တို့ကြောင့် ဘိန်းမစိုက်ချင်ဘဲ စိုက်ရတယ်လို့ ဒေသခံလူထုက ပြောပါတယ်” ဟု ဦးခွန်ဆိုင်းက ပြောသည်။ ထို့ပြင် စစ်တပ် အပါအဝင် ဒေသခံအာဏာပိုင်များက အတင်းအကျပ် အခွန်အကောက်များ ကောက်ခံသည့်အတွက် အခြေအနေမှာ ပို၍ဆိုးသွားရသည်ဟုလည်း သူက ဆက်ပြောသည်။

သို့သော် မိုင်းဆတ်မြို့နယ်ရှိ ဒေသခံ ကျေးရွာသားတဦးကမူ LDF ၏ ပြောဆိုချက်အတိုင်း မဟုတ်ဘဲ မြန်မာစစ်တပ်က ကျေးရွာသားများကို ဘိန်း အတင်းအကျပ် စိုက်ပျိုးခိုင်းသည် ဆိုသည်ကို သူ မသိကြောင်း မဇ္ဈိမကို ပြောကြားသွားပြီး၊ မကြာသေးမီနှစ်များအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသာစွာ တိုးလာသည်ဆိုခြင်းကိုမူ ဝန်ခံ ပြောကြားသွားခဲ့သည်။

“အာဏာပိုင်တွေက အတင်းအကျပ် စိုက်ခိုင်းတယ်ဆိုတာတော့ ကျနော်မသိဘူး။ အဲဒီလိုပဲ ဘိန်းစိုက်ပျိုးတာကို တားမြစ်တာ၊ ကန့်သတ်တာတွေ လုပ်တာလည်း ကျနော် မသိဘူး၊ မကြားဖူးဘူး။ ဒီတော့ အာဏာပိုင်တွေက လူထုကို စိုက်ခွင့်ပေးထားတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တာပေါ့” ဟု အမည်မဖော်လိုသူ အဆိုပါ ကျေးရွာသားက ပြောသည်။

လွန်ခဲ့သော ၁ဝ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုလုပ်ငန်း အကြီးအကျယ် တိုးများလာသည်ကို ကိုယ်တိုင်တွေ့ရှိသော်လည်း မြန်မာစစ်တပ်က ဒေသခံကျေးရွာသားများကို အတင်းအကျပ် စိုက်ပျိုးခိုင်းနေသည် ဆိုခြင်းကိုမူ မိမိ မသိကြောင်း ငြင်းဆိုပြောကြားသွားသည်။

အာဏာပိုင်များသည် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသဖြင့် အပြန်အလှန် အကျိုးရှိခြင်းကြောင့် ဒေသခံကျေးရွာသားများကို ဘိန်းစိုက်ရန် အတင်းအကျပ် ခိုင်းစေရန် မလိုကြောင်းဖြင့် အဆိုပါ ကျေးရွာသားက ပြောသည်။

မည်သို့ပင်ဖြစ်စေ ခမ်းမွယ်ကမူ သူ့ပြောဆိုချက်ကို မှန်ကန်ကြောင်း သက်သေပြရန်အတွက် စိတ်ဝင်စားသူ မည်သူမဆိုကို မိုင်းတုံ၊ မိုင်းဆတ်ရှိ ဒေသခံကျေးရွာသားများနှင့် ပေးတွေ့ပြီး ကိုယ်တိုင်ကြည့်စေလိုကြောင်းနှင့် အထူးသဖြင့် လားဟူတိုင်းရင်းသားများကို ဤသို့ ဘိန်း အတင်းအကျပ် စိုက်ခိုင်းလေ့ရှိကြောင်း ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကိုယ်တိုင် ဒီကိစ္စတွေကို ကိုယ့်မျက်စေ့နဲ့ ကိုယ်တိုင် မြင်ချင်တယ်ဆိုရင်လည်း ကျနော်တို့ လားဟူ LDF အဖွဲ့အနေနဲ့ ‘နအဖ’ ရဲ့ ဘိန်းခင်းတွေရှိတဲ့ မိုင်းဆတ်၊ မိုင်းတုံနယ်မြေကို ခေါ်သွားပြီးပြဖို့ အဆင်သင့် ရှိပါတယ်” ဟု မြန်မာစစ်အစိုးရ၏ တရားဝင် အမည်ဖြစ်သော ‘နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ’ (SPDC) ဟူသော အမည်ကို ရည်ညွှန်း၍ ခမ်းမွယ်က ပြောကြားသွားသည်။

(ဆော်လမွန် သတင်းပေးပို့၍ မုံပီးရေးသားသည်)

အပြည့်အစုံသို့...

မြန်မာနိုင်ငံမှာ ဖမ်းခံထားရတဲ့ မြောက်ကိုရီယား နိုင်ငံသားတွေ အမှုကိစ္စ တောင်ကိုရီယား ရှေ့နေ့များ ကူညီမည်

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

မြန်မာနိုင်ငံထဲကို တရားမ၀င်ပဲ ဖြတ်ကျော်ရောက်လာတဲ့ မြောက်ကိုရီယားနိုင်ငံသား ထွက်ပြေး လာတဲ့ အုပ်စုတစုကို မြန်မာနိုင်ငံမှာ တရားရုံးတင်ဖို့ ပြင်ဆင်နေတာ အပေါ် ဒီလူတွေကို အကူအညီပေးဖို့ တတ်နိုင် သလောက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တောင်ကိုရီယား ရှေ့နေအဖွဲ့တခုက ပြောပါတယ်။ ဒီအုပ်စုထဲမှာ တောင်ကိုရီယားဖက်ကို ခိုလှုံရောက်ရှိနှင့်ပြီးသား မြောက်ကိုရီယား နိုင်ငံသားတွေရဲ့ ကလေးငယ်တွေလည်း ပါဝင် နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ တောင်ကိုရီယား ဆိုးလ်းမြို့တော်ကနေ ဗီအိုအေ သတင်းထောက် Kurt Achin သတင်းရေးသားပေးပို့ထားတာကို - ကိုသားညွန့်ဦးက အပြည့်အစုံ ပြောပြပါမယ်။

အခု မြန်မာနိုင်ငံမှာ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြောက်ကိုရီးယား နိုင်ငံသား ၁၉ဦး ပြန်လည် လွတ်မြောက်လာရေး လိုက်ပါ ကူညီဆောင်ရွက်ဖို့ သူတို့ကို စွဲချက်တဲ့ တရားရုံးကို တင်ပြ သွားမယ်လို့ တောင်ကိုရီယားက လူ့အခွင့်အရေး ရှေ့နေ့ အဖွဲ့အစည်းက ပြောပါတယ်။ ဒီအဖွဲ့ အမည်ကတော့ တောင်ကိုရီယား လူ့အခွင့်အရေး ရှေ့နေ့များ အဖွဲ့ပါ။ ရှေ့နေတွေဟာ လိုအပ်မယ်ဆိုရင် မြန်မာနိုင်ငံထိ သွားရောက်ဖို့ ပြင်ဆင်ထားတယ်လို့ ဒီအဖွဲ့ရဲ့ ရှေ့နေတဦးဖြစ်တဲ့ Park Min-Jae က ပြောပါတယ်။

တရားမ၀င် နိုင်ငံတွင်း ၀င်ရောက်မှုနဲ့ ဒီလူတွေကို တရားစွဲဆိုထားပြီး၊ ဘယ်လို ရလဒ် ထွက်လာ မလဲဆိုတာတော့ ခန့်မှန်းရ ခက်တယ်လို့ သူက ကိုရီယား ဘာသာစကားနဲ့ ပြောသွားတာပါ။

အခု မြန်မာ အာဏာပို်င်တွေက ဖမ်းဆီးထားတဲ့ မြောက်ကိုရီယား နိုင်ငံသား ခိုလှုံသူ ၁၉ဦးဟာ သူတို့တိုင်းပြည်တွင်းမှာ ဆင်းရဲ ဒုက္ခတွေနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေကို နှစ်အတန်ကြာ ခံစားခံကြရတာကြောင့် တိုင်းပြည်က ထွက်ပြေးလာသူတွေ ဖြစ်ကြပါတယ်။ ဒီလို ထွက်ပြေးသူတွေဟာ ထုံးစံအားဖြင့်တော့ အန္တရာယ် ကြီးကြီးနဲ့ တရုတ်နိုင်ငံကို တရားမ၀င် ကျော်ဖြတ် ဒီကနေ အခြားအရှေ့တောင်အာရှနိုင်ငံတွေကို သွား ခုံလှုံခွင့် တောင်းပြီး တောင်ကိုရီယား နိုင်ငံမှာ အခြေချနိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ တရုတ်ကတော့ မြောက်ကိုရီယား ကနေ အခုလို ထွက်ပြေးလာသူတွေကို ဒုက္ခသည်တွေလို့ မသတ်မှတ်ပါဘူး။ ဒါကြောင့်လည်း ဒီလူတွေဟာ တရုတ်ကနေ ပြန်ပို့ခံရပြီး သူတို့နိုင်ငံ အရောက်မှာတော့ ပြင်းထန်တဲ့ ပြစ်ဒဏ်စီရင်မှုတွေ အချို့ အသက်ပါ ဆုံးရှုံးတဲ့အထိ ခံကြရပါတယ်။

အခု ၁၉ဦးပါ မြောက်ကိုရီယားက ထွက်ပြေးလာသူတွေဟာ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံကို အသွား မြန်မာနိုင်ငံကို အဖြတ် တာချီလိတ် အနီး တာချီလိတ် ရဲတပ်ဖွဲ့ကနေ ဖမ်းမိတာလို့ သိရပါတယ်။ သူတို့ကို မြန်မာနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ကျိုင်းတုံ တရားရုံးကို ရုံးတင်လိုက်တယ် လို့လည်း သိရပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက မြန်မာနိုင်ငံအရှေ့ဖက်ခြမ်းမှာ တရားမ၀င် နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို လာမယ့် နှစ်မကူးခင်မှာ တရားရုံးတင် စစ်ဆေးမယ်လို့ သတင်းတွေမှာ ဖော်ပြပေမယ့်လို့ သီးခြား အတည်ပြုချက်တော့ မရခဲ့ပါဘူး။

အခု ကိစ္စမှာ စိတ်ဝင်စားစရာ အချက်ကတော့ အခု ဖမ်းဆီးခံရသူ ၁၉ဦးအထဲမှာ ကလေးငယ် လေးဦး ပါဝင်ပုံရပြီး၊ သူတို့မိခင်တွေဟာ တောင်ကိုရီယားမှာ အခြေကျနေကြသူတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သူက တောင်ကိုရီယား သတင်းဌာနတွေကို ပြောရာမှာ - ဒီအုပ်စုဟာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ရှိပြီး ဒါကို လျို့ဝှက် ပွဲစားတဦးက စီစဉ်ပေးခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ထိုင်းမရောက်ပဲ မြန်မာနိုင်ငံကို အပို့ခံလိုက်ရတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ မြောက်ကိုရီယားတွေ အဖို့တော့ တောင်ကိုရီယားကို သွားဖို့ အခုလို တဆင့်ခံ ခိုလှုံ ရောက်ရှိနိုင်မယ့် နိုင်ငံရေးအရ သင့်လျော်တဲ့ အခြေအနေရှိတယ်လို့ ယူဆရပါတယ်။ မြန်မာအစိုးရဟာ မြောက်ကိုရီယား အစိုးရနဲ့ ပြီးခဲ့တဲ့နှစ်မှာ သံအဆက်အသွယ် ပြန်လုပ်ခဲ့တာကြောင့် ဒီ မြောက်ကိုရီယား နိုင်ငံသား ၁၉ ဦးကို သူတို့နေရပ် အတင်းပြန်ပို့မယ့် အလားအလာ ရှိနေပါတယ်။

တောင်ကိုရီယား တာဝန်ရှိသူတွေဖက်ကတော့ ဒီအုပ်စုတွေကို အကူအညီပေးဖို့ အကောင်းဆုံး ဆောင်ရွက် နေတယ်လို့ တောင်ကိုရီးယားရှေ့နေ Park က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလူတွေရဲ့ ကံကြမ္မာဟာ မြန်မာအစိုးရ လက်ထဲမှာ ရောက်နေတယ်လို့ ပြောပါတယ်။

တတိယနိုင်ငံက အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတရပ် လိုမျိုးအနေနဲ့ကတော့ ဒီအမှုကို အကောင်းဆုံး လုပ်နိုင်တာဟာ သူတို့ရဲ့ နိုင်ငံသား ရပိုင်ခွင့် အပေါ် တည်ပြီး ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ သူမက ကိုရီယားစကားနဲ့ ပြောတာပါ။ နိုင်ငံတကာ ဥပဒေအတိုင်း တရားဝင် ဒုက္ခသည် အဆင့်အတန်းနဲ့ အကာအကွယ် ရနိုင်မှာတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

တောင်ကိုရီယားမှာတော့ မြောက်ကိုရီယားနိုင်ငံသား ၁၄၀၀၀ လောက် ရွှေ့ပြောင်းခိုလှုံခဲ့ကြပါတယ်။ တောင်ကိုရီယား နိုင်ငံ ဖွဲ့စည်းပုံ ဥပဒေအရ ဒီလူတွေကို နိုင်ငံသားအဖြစ် အလိုအလျောက်ကို အသိအမှတ် ပြုထားတာပါ။ အခုလက်ရှိမှာကို မြောက်ကိုရီယားကနေ တောင်ကိုရီယားကို ရောက်နိုင်ဖို့ ကြား တရုတ်နိုင်ငံမှာ တရားမ၀င် ရှိနေတဲ့ အရည်အတွက်ဟာ သောင်းဂဏန်းရှိမယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

အပြည့်အစုံသို့...

အမေရိကန်မှာ အလုပ်လက်မဲ့နှုန်း ၂၆နှစ်အတွင်း အမြင့်ဆုံး

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၈

အလုပ်တွေကနေ အနားပေးခံရတာကြောင့် အလုပ်လက်မဲ့ အထောက်အပံ့ တောင်းခံကြတဲ့ အရည်အတွက် ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၆နှစ်အတွင်း အမြင့်ဆုံးဖြစ်လာပါတယ်။ အစီရင်ခံစာ အတော်များများ မှာလည်း အမေရိကန်စီးပွားရေးဟာ ကျဆင်းမှုနဲ့ ရင်ဆိုင်ကြုံနေရပြီလို့ ဖော်ပြပါတယ်။

အလုပ်သမားရေးဌာနက ဒီကနေထုတ်တဲ့ အစီရင်ခံစာမှာတော့ အခုလို အလုပ်လက်မဲ့ အထာက်အပံ့ တောင်းခံမှုဟာ ပြီးခဲ့တဲ့အပတ်အတွင်းမှာ လူဦးရည် ၅သိန်း၈သောင်း၆ထောင်ရှိနေပြီး အခု ဒီတောင်းခံမှုဟာ ၃သောင်း ထပ်တိုးလာတယ်လို့ ဆိုပါတယ်။

အခြား အစီရင်ခံစာ တခုမှာတော့ အမေရိကန်ပြည်ထောင်စုအတွင်း သုံးစွဲမှုတွေဟာ ၅လ ဆက်တိုက် ကျဆင်းနေပြီး။ ဒါဟာ ရာစုနှစ်ဝက်အတွင်း အဆိုးဆုံးပဲလို့ ဖော်ပြထားပါတယ်။

အခြားအစီရင်ခံစာတခုမှာလည်း အမေရိကန်ပြည်ထောင်စုအတွင်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်အော်ဒါ လက်ခံရရှိမှုဟာ နိုဝင်ဘာလထဲမှာ ၁ရာခိုင်နှုန်းကျဆင်းသွားပြီး ဒါဟာလည်း ဒီမတိုင်ခင်က အခြေအနေထက် ပိုနည်းလာတာလို့ သိရပါတယ်။

အပြည့်အစုံသို့...

ထိုင်းနိုင်ငံမှာ ဘက်ငွေ တထောင်တန် အတုများ ထွက်ပေါ်နေ

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၀၈

ထိုင်းနိုင်ငံမှာ အခု လတ်တလော တထောင်တန် အတုတွေ ထွက်ပေါ်နေတဲ့အတွက် ထိုင်းနိုင်ငံအတွင်းမှာ သွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေကြား ထောင်တန်အတုနဲ့ မိမှာစိုးရိမ်စိတ်တွေ ဖြစ်ပေါ် နေကြပါတယ်။ ဒေသခံတွေကို ထောင်တန် အတုနဲ့ အစစ်ခွဲခြားနိုင်အောင် ပညာပေးလုပ်ငန်းတွေ လုပ်နေကြပါပြီ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် အေးအေးမာက တင်ပြပေးပါတယ်။

ထိုင်းနိုင်ငံမှာ ထွက်နေတဲ့ ဘက် တထောင် အတု ပြဿနာ နဲ့ ပက်သက်ပြီး ထိုင်းနယ်စပ်မှာ အလုပ်လုပ်နေတဲ့ ဗမာတွေ အကြားမှာ အတုအစစ် ခွဲခြားနိုင်အောင် ဗဟုသုတတွေ မရှိသေးတဲ့အတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။ ထိုင်းမြန်မာ နယ်စပ်မှာ အလုပ်လုပ်နေတဲ့သူ တဦး ပြောပြတာကတော့

“ကိုယ် ကိုင်လိုက်တဲ့ အချပ်ကလေးမှာပဲ အမြဲတမ်း ထိတွေ့နေတယ်ဆိုရင်တော့ ခွဲခြားလို့ ရတာပေါ့။ ကိုယ်က ရံဖန်ရံခါ ကိုင်တယ်ဆိုတော့ ဘယ်လိုမှ ခွဲခြားလို့ မတတ်ဘူး။ ကိုယ့်ထဲက သိတဲ့ သူတွေကို မေးရမြန်းရမှာပေါ့။ စက်ရုံသမား ဆိုရင်လည်း လခထုတ်တဲ့ အချိန်လေး ကိုင်တာပါ။ ကျန်တဲ့အချိန်မှာတော့ ထောင်တန် မကိုင်ပါဘူး။ ကိုယ်ကိုင်တာကတော့ အများဆုံး ၂ရွက်ပါပဲ။ ၂ရွက် ၃ ရွက်ပေမယ့်လည်း ပါနိုင်တာပဲလေ။”

ကုန်သည်တွေ ကြားမှာတော့ အရင်တုန်းကလည်း တထောင်တန် အတု ရှိခဲ့ဘူးတဲ့အတွက် အတွေ့အကြုံတွေ ရှိတယ်လို့ ဆိုပါတယ်။ ကုန်သည်တဦးပြောပြတာက

“အမြဲတမ်း ပိုက်ဆံကိုင်တဲ့သူက သတိရှိတယ်လေ။ အဲဒီ အများကြီးကြားထဲက အတုကို ဆွဲထုတ်နိုင်တယ်။ ကုန်သည်တွေ ပိုင်းမှာ ပြဿနာ မတက်ဘဲ၊ စားသုံးသူပိုင်းမှာ ပြဿနာတက်တယ်။

တထောင်တန်အတုနဲ့ အစစ်ဟာ နီးစပ်စွာတူနေတဲ့အတွက် ခွဲခြားရခက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေက ဈေးရောင်း ဈေးဝယ်သမားတွေကို ဘက်တထောင်တန်နဲ့ ငါးရာတန်တွေကို ယူတယ်ဆိုရင် မယူခင် စစ်ဆေးဖို့၊ မသင်္ကာ ဘူးဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားဖို့ နိုးဆော်နေပါတယ်။

အခုဆိုရင် ထိုင်းအစိုးရကလည်း တထောင်တန် အတုအစစ်တွေကို ခွဲခြားနိုင်ဖို့အတွက် နယ်မြေ အသီးသီးမှာ လူထု ပညာပေး လုပ်ငန်းတွေကို လုပ်ဖို့အတွက် အစည်းအဝေးတွေ လုပ်နေပါတယ်။ လောလောဆယ်တော့ ထိုင်းနိုင်ငံမှာ ဘက်တထောင်အတုနဲ့ ဖမ်းမိတာကတော့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်း ဆရာဟောင်းတဦးနဲ့ စမုတ်ပရာဟန် နေရာက လူငယ်တဦးစီမှာ အများအပြား ဖမ်းဆီးရခဲ့ပါတယ်။ ဒီငွေတွေဟာ နယ်စပ်တွေအထိ ပြန့်နှံ့သွားပြီလို့လည်း အာဏာပိုင် တွေက ပြောနေပါတယ်။

တထောင်တန် အတု ပြဿနာဟာ ထိုင်းအစိုးရအသစ် တက်လာပြီးနောက်ပိုင်းမှာ ကမ္ဘောဒီးယားနယ်စပ်နဲ့ ချင်းမိုင်၊ ချင်းရိုင်ဘက်မှာ တွေ့ရှိလာရတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ်ကတော့ ဘန်ကောက်မြို့ ပါလီမန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့အနေနဲ့ ဒီကိစ္စဟာ ပြဿနာအဖြစ် မယူဆကြောင်း စုံစမ်းစစ်ဆေးပြီးတော့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သူတို့အနေနဲ့ စီးပွားရေး မူဝါဒတွေကို စီမံချက် ချထားပြီး ဖြစ်တဲ့အတွက် ဒီကိစ္စမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်မယ်လို့ ပြောသွားပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဘဏ်အတော်များများကတော့ ဘဏ်တွေမှာ သေချာစီစစ်ထားတဲ့အတွက် သူတို့ ဘဏ်က ထုတ်တဲ့ ဘက် တထောင်တန်တွေဟာ ခိုင်မာမှုရှိတယ်။ ပြည်သူတွေ အနေနဲ့ စိတ်ချစွာ သုံးစွဲနိုင်တယ်လို့ ပြောဆိုနေပါတယ်။

အပြည့်အစုံသို့...

နအဖ ပြည်ထဲရေး ၀န်ကြီးရဲ့  ထိုးဖောက်မှု အစီအစဉ်

ပြည်ထဲရေး အရာရှိတဦး (ခေတ်ပြိုင်၊ ၂၄-၁၂-၀၈)

နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ စီမံကွပ်ကဲမှုအရ ရဲမှူးသန်းထွန်း ဦးစီးသည့် အောက်ဖော်ပြပါ အဖွဲ့ဝင် (၂၀) ဦးဟာ ရန်ကုန်မှ မြ၀တီ၊ မြ၀တီမှ မဲဆောက်သို့ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါအဖွဲ့၏ ဦးတည်ချက်များမှာ ပြည်တွင်းမှ လာရောက်မည့် နယ်စပ်ဒေသရှိ အတိုက်အခံ အဖွဲ့အစည်းများ တချို့ က ဖွင့်လှစ်မည့် သင်တန်းပေါင်းစုံ တက်ရောက်မည့်သူများအား ထောက်လှမ်းရန်၊ ရရှိသည့် အချက်အလက်များကို ပြည်တွင်းသို့ အချိန်မီ သတင်းပို့ရန်၊ သင်တန်းဖွင့်လှစ်မည့် အဖွဲ့အစည်းများ ရုံး၊ နေရာ၊ သင်တန်း ကျင်းပသည့် နေရာထိ ထိုးဖောက်သွားရေး စီမံဆောင်ရွက်ရန် ဖြစ်ပါသည်။

နောက်ဦးတည်ချက်မှာ နယ်စပ်ဒေသတွင် UG (Underground) လုပ်သူများ လျှို့ဝှက်စွာ ပြည်တွင်းသို့ ၀င်ရောက်မည့် အစီအစဉ်လမ်းကြောင်းနှင့် ရည်ရွယ်ချက်များကို ဖော်ထုတ် ထောက်လှမ်းသွားရန်၊ အတိုက်အခံ အဖွဲ့အစည်း ရုံးများတွင် ပြည်တွင်းက တရားမ၀င် လာရောက်လုပ်ကိုင်နေသူများ၏ လှုပ်ရှားမှု သတင်းများကိုပါ ဖော်ထုတ်သွားရန် စသည့် ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။ ထိုးဖောက်ရေးအဖွဲ့၌ ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။သန်းထွန်း
၂။ဇော်မင်းထွန်း
၃။တင်ထွန်းအောင်
၎။ထွန်းထွန်းဝင်း
၅။စောကျော်ထွေး
၆။ညီမင်းသူ
၇။မောင်ထွေး
၈။အောင်ထွေး
၉။နေလင်း
၁၀။သူရအောင်
၁၁။ကျော်နိုင်
၁၂။စိုးစိုးထွေး
၁၃။မိုးပပအောင်
၁၄။မိအေးမာ
၁၅။ဆွေဆွေဝင်း
၁၆။သီသီအောင်
၁၇။မသန်းအေး
၁၈။နိုင်နိုင်ဇော်
၁၉။သက်မာ
၂၀။ဆင့်ဆင့်အေးတို့ ဖြစ်ကြသည်။

အဖွဲ့ခေါင်းဆောင် ရဲမှူးသန်းထွန်းဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်မတော် အရာရှိတဦးဖြစ်ပြီး မှော်ဘီ ရဲတပ်ရင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ရဲမှူးသန်းထွန်းဟာ ထူးချွန်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ်မြ၏ သားအငယ်ဆုံးကို စည်းရုံးနိုင်စွမ်း ရှိခဲ့သူ ဖြစ်ကာ DKBA အဖွဲ့၏ ပံ့ပိုးမှုဖြင့် မြ၀တီမှ မဲဆောက်ကို ထိုးဖောက်နိုင်အောင် စီစဉ်နေသူ ဖြစ်သည်။ ရဲမှူး သန်းထွန်းနှင့် အဖွဲ့ကို လှုပ်ရှားနိုင်ရန် အောက်ပါအတိုင်း နေရာချ စီမံဆောင်ရွက်ခဲ့ပါသည်။

၁။ မယ်တော်ဆေးခန်းတွင် တာဝန်ချထားသူ (၅) ဦး
၂။ စက်ရုံ အလုပ်ရုံများတွင် တာဝန်ချထားသူ (၃) ဦး
၃။ မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ (၇) ဦး
၎။ မြ၀တီမြို့ တွင် အရေးပေါ် စစ်ဆင်ရေးအတွက် အရန်အင်အား (၅) ဦး

မယ်တော်ဆေးခန်း၊ စက်ရုံ အလုပ်ရုံနှင့် မဲဆောက်မြို့ ပေါ်တွင် တာဝန်ချထားသူ စုစုပေါင်း (၁၅) ဦးတို့ကို ထိုင်း လက်ကိုင်ဖုန်းများ ကိုယ်စီ ပေးထားပြီး မြ၀တီကို စဉ်ဆက်မပြတ် သတင်းပို့ဆက်သွယ်ရေးအတွက် အထူးမှာကြားထားခဲ့သည်ဟု သိရသည်။ သူတို့ကို မြ၀တီသို့ နေ့ချင်းပြန် မသွားခိုင်းဘဲ မဲဆောက်မြို့  တ၀ိုက်တွင် အခြေပြုကာ လှည့်လည်လှုပ်ရှားခိုင်းပါ သည်။ သူတို့ရဲ့  လုံခြုံရေးအတွက် နာမည်ဝှက်များကို အောက်ပါ အတိုင်း အသီးသီးပေး ထားသည်။

အဖွဲ့ခေါင်းဆောင် သန်းထွန်းအား (ဗိုက်ကြီး)၊ ထွန်းထွန်းဝင်းအား (ခေါင်းပြောင်)၊ ဇော်မင်းထွန်း အား (ဒီကေး)၊ တင်ထွန်းအောင်အား (ကုလားလေး) ၊ စောကျော်ထွေးအား (ကိုသွက်)၊ ညီမင်းသူ အား (မောင်ချွန်)၊ မောင်ထွေးအား (မယက)၊ အောင်ထွေးအား (ကိုရှုတ်)၊ နေလင်းအား (ဂျော်နီ)၊ သူရအောင်အား (သိန်းသိန်း)၊ ကျော်နိုင်အား (ကောက်ကောက်)၊ စိုးစိုးထွေးအား (ပေါက်စီ)၊ မိုးပပအောင် အား (ငကန်း)၊ မိအေးမာအား (မမွန်)၊ ဆွေဆွေဝင်းအား (ဒေါ်ကြီး)၊ သီသီအောင်အား (ဒေါက်တို)၊ မသန်းအေးအား (ဒွေးလေး)၊ နိုင်နိုင်ဇော်အား (မိဇော်)၊ သက်မာအား (ငကြောက်)၊ ဆင့်ဆင့်အေး အား (ဒေါ်အေး) ဟု အသီးသီး ဖုန်းထဲမှာ ခေါ်ပြောကြရန် မှာကြားထားသည်။

သူတို့ (၂၀) ဦးထဲမှာ ကရင်လူမျိုးများနဲ့ မွန်လူမျိုးများကို ထည့်ထားခြင်းကြောင့် နယ်စပ်ဒေသတွင် ရှိသော တိုင်းရင်းသား လူမျိုးစုထဲထိ ထိုးဖောက်ဝင်ရောက်မည် ဖြစ်ပြီး လိုအပ်ပါက ဘာသာစကား ကန့်သတ်ချက်ကို ကျော်လွှား ထောက်လှမ်းနိုင်မည် ဖြစ်သည်။ စိုးရိမ်စရာ ကောင်းသည့်အချက်တခုက မိန်းကလေး အင်အားစု တ၀က်နီးပါး ပါဝင်နေ၍ အတိုက်အခံ အဖွဲ့အစည်းများ အနေဖြင့် လျှော့တွက်ပြီး မိမိ၏ အတွင်းစည်းထဲကို အလွယ်တကူ ၀င်ခွင့်ပေးသွားမည့် အလားအလာ ဖြစ်နေသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦး မှာထားချက်က အခု လွှတ်ထားသည့် ထောက်လှမ်းရေး အဖွဲ့အား အတိုက်အခံ အဖွဲ့အစည်းများက ရိပ်မိသိရှိသွားခဲ့ပါက ချက်ချင်း ပြန်လာခဲ့ရန် မှာကြားထားသည်ဟု သိရသည်။

ယခုအခါမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး မရှိတော့သည့်အတွက် ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် SB (Special Branch) အထူးရဲတပ်ဖွဲ့ကို အမာခံထားကာ CID မှုခင်းတပ်ဖွဲ့နှင့် BSI အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များကို ထုတ်နုတ်ပြီး အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်နေရသည်။

ထောက်လှမ်းရေးများက ၎င်းတို့၏ အမာခံ သတင်းပေးများနှင့် အချက်အလက်များကို ဖျက်ဆီးခဲ့ခြင်းကြောင့် စမ်းတ၀ါးဝါးဖြင့် မြေစမ်းခရမ်းပျိုး လုပ်နေရသည့် အနေအထား ရှိပါသည်။ လက်ရှိ လွှတ်လိုက်သည့် ထောက်လှမ်းရေး အဖွဲ့၏ အားထားရာ အမာခံ သတင်းပေးမှာ DKBA ဖြစ်ပြီး DKBA တို့၏ မဲဆောက်မြို့ အခြေစိုက် နေရာများကို အမှီပြုပြီး လှုပ်ရှားကြမည့် အနေအထားမျိုး ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် ထောက်လှမ်းရေး တပ်ဖွဲ့ကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၏ ပါဝါကို အသုံးပြုပြီး မြ၀တီ မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ ကူညီပေးရေး ညွှန်ကြား တိုက်တွန်းထားသည်ကို တွေ့ရသည်။

မည်သို့ဆိုစေ အတိုက်အခံ အဖွဲ့အစည်းများအနေဖြင့် မဲဆောက်တခွင်တွင် ဖထီး ပဒိုမန်းရှာ လုပ်ကြံခံရမှုနှင့် မယ်ပတွင် (UG) ကိုရဲ အား ပြန်ပေးဆွဲခံရမှုများကို သင်ခန်းစာယူပြီး လုံခြုံရေးအထူးသတိဖြင့် အတွင်းစည်းကို တင်းကျပ်ကာ အဆိုပါ အဖွဲ့ဝင်များကို ဖော်ထုတ် ချေမှုန်းကြရန် စေတနာကောင်းဖြင့် တိုက်တွန်း ရေးသားလိုက်ရပါသည်။

အပြည့်အစုံသို့...

လှိုင်သာယာမှာ ယနေ့ထပ်လောင် သိန်းထောင်ကျော်ဆုံးရှုံး

NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၈

လှိုင်သာယာစက်မှုဇုန် (၂) တွင် ယနေ့နံနက် (၁၀) နာရီခန့်က မီးလောင်မှုဖြစ်ပွားသည်။ အမှတ် (၁၅၇) ဗြဲဝန် ဦးအောင်သူလမ်းရှိ The Peak အမည်ရှိ “၀” ဥ အမှုန့်ကြိတ်စက်ရုံတွင် ဖြစ်ပွားရာ သိန်းထောင်ကျော်ဖိုးဆုံးရှုံး သွားသည်။

အမှုန့်ကြိတ်သည့်စက်မှာ ဘီးမလည်ဘဲနေရာမှ အပူလွန်ကာ လောင်ခြင်းဖြစ်သည်ဟု သိရသည်။ ဘီးမလည်ခြင်းမှာ လျှပ်စစ်ဓာတ်အားအပြည့်မရရှိသဖြင့် လျှပ်စစ်ဓာတ်အား မနိုင်၍ဖြစ်ကြောင်း စက်မှုဇုန် (၂) ၏ လုပ်ငန်းရှင်တဦးက ပြောသည်။

“မီးကပြတ်တော့ ကိုယ်ပိုင်ထရန်စဖော်မာနဲ့ စက်တွေလည်ရတယ်။ သူတို့ရဲ့ လျှပ်စစ်က ရပြန်တော့ မီးအားမနိုင်၊ ဘာပဲလုပ်လုပ် ရှော့ခ်ရှိနိုင်တာပဲ။ စိတ်ချလို့ မရတော့ဘူး” ဟု အဆိုပါ စက်မှုဇုန်ရှိ လုပ်ငန်းရှင်တဦးက ပြောသည်။

လှိုင်သာယာမြို့နယ် အာဏာပိုင်တဦးက “ကိုယ်လုပ်နေတဲ့အလုပ်ကို သေသေချာချာ စစ်ဆေးနေဖို့လိုတယ်။ စက်လည်နေတာကို လည်နေတာပဲဆိုပြီး ဒီအတိုင်း လက်မလွှတ်ထားသင့်ဘူး။ လူတွေက ပေါ့ကို ပေါ့တယ်” ဟု ဆိုသည်။

အမှုန့်ကြိတ်စက်ရုံတွင် ပုံသေ၀န်ထမ်း (၅၀) ကျော်ရှိပြီး အဆိုပါအမှုန့်ကြိတ်စက်ကို မှီခိုနေထိုင်ကြသူချည်းဖြစ်ကြောင်း၊ စက်ပြန်လည်ပတ်နိုင်ရန် လ၀က်ခန့် အချိန်ယူပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် စက်ရုံ (၅၀'x ၂၀၀') RC သွပ်မိုး တထပ်အဆောက်အအုံတလုံးနှင့် အမှုန့်ကြိတ်စက်၊ “၀” ဥ ကုန်ကြမ်းအိတ်များ၊ အသုံးအဆောင်ပစ္စည်းများ စုစုပေါင်း တန်ဖိုး သိန်းထောင်ကျော် ဆုံးရှုံးခဲ့သည်။

အပြည့်အစုံသို့...

Tuesday, December 23, 2008

၂၀၀၈ ခု ဒီမိုကရေစီရေးညွှန်းကိန်း ဆန်းစစ်ချက် မြန်မာနောက်ဆုံးနီးပါးရ

ခေတ်ပြိုင်၊ ဒီဇင်ဘာ ၂၂ ရက် ၂၀၀၈

ကမ္ဘာတလွှားရှိ (၁၆၇) နိုင်ငံကို ဒီမိုကရေစီရေးပီပြင်မှုရှိမရှိ လန်ဒန်အခြေစိုက် အီးအိုင်ယူအဖွဲ့က စစ်တမ်းကောက်ပြီး ညွန်းကိန်းတည်ဆောက်ကြည့်ခဲ့ရာ မြန်မာနိုင်ငံက အဆင့် (၁၆၃) မှာသာရှိသည်။

ကမ္ဘာ့နိုင်ငံများ၏ ထက်ဝက်ခန့်ကို ဒီမိုကရေစီနိုင်ငံများဟု တွက်ဆနိုင်သော်လည်း ဒီမိုကရေစီ အပြည့်အ၀ရှိသည့် နိုင်ငံအရေအတွက်မှာ (၃၀) ရာခိုင်နှုန်းခန့်သာရှိပြီး (၅၀) ရာခိုင်နှုန်းမှာ ဒီမိုကရေစီရေး ပြဿနာရှိသည့် နိုင်ငံများဟု သတ်မှတ်ထားသည်။ ကျန်ရှိနေသော နိုင်ငံ (၈၇) နိုင်ငံအနက် (၅၁) နိုင်ငံတွင် အာဏာရှင် နိုင်ငံများဖြစ်ပြီး (၃၆) နိုင်ငံမှာမူ တ၀က်တပျက်ဒီမိုကရေစီနိုင်ငံများဖြစ်သည်။ ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံများအဆင့်တွင် OECD အဖွဲ့ဝင် ဖွံ့ဖြိုးပြီးနိုင်ငံ အများစု ပါဝင်ပြီး အာရှမှ ဂျပန်နှင့် တောင်ကိုရီးယား (၂) နိုင်ငံသာပါဝင်သည်။

အပြည့်အစုံသို့...

ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြ

မဇ္ဈိမ-မြင့်မောင်၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုသက်ဇော်သည် မော်လမြိုင်ထောင် အာဏာပိုင်များက ဖိနှိပ်နေသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်။

မွန်ပြည်နယ် မော်လမြိုင်ထောင်တွင်း၌ အာဏာပိုင်များက သူ့ကို သံခြေကျင်းခတ်ထားသည့်အပေါ် မကျေနပ်သဖြင့် အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၄ ရက်ရှိနေပြီဖြစ်ကြောင်း သိရခြင်းဖြစ်သည်။

"မော်လမြိုင်ထောင်မှာ ရောက်နေတဲ့ ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရတယ်။ ထောင်အာဏာပိုင်တွေကို မကျေနပ်လို့ ဆန္ဒပြနေတယ်လို့ ကြားတယ်။ အကြောင်းစုံကိုတော့ ကျနော်တို့ တိတိကျကျ မသိရသေးပါဘူး" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြတယ်လို့ ကြားတယ်။ သူ့အဖေက ၂ ကြိမ် တွေ့ခဲ့ပြီးပြီ။ ကျနော် သူနဲ့ တွေ့လို့ မေးကြည့်တော့၊ လာမယ့် စနေနေ့မှာ ထပ်တွေ့ဖို့ ကြိုးစားနေတယ်" ဟု ပြောသည်။

လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ကိုသက်ဇော် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၁၃ ဦး စတင်ဖမ်းဆီးခံခဲ့ရသည်။

ယခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းစိန် သီးသန့်တရားရုံးက ကျောင်းသားခေါင်းဆောင် ၃၅ ဦးအား ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် နယ်စွန်နယ်ဖျား ဒေသများရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရာတွင် ကိုသက်ဇော်သည် မော်လမြိုင်ထောင်သို့ ရောက်ရှိသွားခဲ့သည်။

ဆန္ဒပြနေသည့် အခြေအနေ အသေးစိတ်ကို ပိုမိုသိရှိနိုင်ရန် ဖခင်ဖြစ်သူထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

အပြည့်အစုံသို့...

မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့

မဇ္ဈိမ-နန်းဒေ၀ီ၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

နယူးဒေလီ (မဇ္စျိမ)။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နှင့် နာရေး အခမဲ့ ကူညီပေးနေသူ ဦးကျော်သူက စစ်အစိုးရ ၀ါဒဖြန့်ဇာတ်ကားများ ရိုက်ကူးတော့မည် မဟုတ်ကြောင်း ယနေ့ ပြောဆိုသည်။

သံဃာတော်များ ဦးဆောင်ဆန္ဒပြရာတွင် ဆွမ်းကပ်နှင့် ရေ ကပ်လှူခဲ့သဖြင့် အာဏာပိုင်များက ရက်သတ္တပတ် ၃ ပတ်ကြာ ထိန်းသိမ်းခံခဲ့ရသူ သူက လူထုအကျိုးပြု ရုပ်ရှင်ကားများကိုသာ ရိုက်ကူးသွားမည်ဖြစ်ကာ၊ အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများအတွက် ရိုက်ကူးတော့မည် မဟုတ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

"အစိုးရ ၀ါဒဖြန့် ဇာတ်ကားတွေဆို လုံးဝ မရိုက်တော့ဘူး။ အနုပညာကို ပီပြင်ပုံဖော်နိုင်တဲ့ ဇာတ်လမ်းတွေ၊ လူထုကို အကျိုးပြုနိုင်မယ့် ဇာတ်လမ်းမျိုး၊ သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲ ရိုက်တော့မယ်။ မဟုတ်ရင်တော့ မရိုက်တော့ဘူး" ဟု သူက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် ဆန္ဒပြသံဃာတော်များကို ရေနှင့် ဆွမ်း ကပ်လှူခဲ့ရာ ဦးဆောင်သူ အမျိုးသားရေး ဦးဝင်းနိုင် အပါအ၀င် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာနှင့် စာရေးဆရာများ ပါဝင်ခဲ့သည်။

၃ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွတ်လာရာတွင် သူ ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ကားကြီး ၂ ကား အပါအ၀င် ဗွီဒီယိုကားပေါင်း ၂၀ ခန့်ကို ရုံတင်ပြသခွင့် ပိတ်ပင်ခဲ့သည်သာမက၊ HIV ပညာပေး ဇာတ်လမ်းဖြစ်သည့် 'အကြွင်းမဲ့ လုံခြုံရာ' ဇာတ်လမ်းကိုပါ ဆင်ဆာအဖွဲ့မှ ပြသခွင့် ပိတ်ပင်ခဲ့သည်။

အစိုးရ ၀ါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းများတွင် ရိုက်ကူးတော့မည် မဟုတ်သော်လည်း ရုပ်ရှင်လုပ်ငန်းမှ အပြီးအပိုင် ထွက်ခွာသွားမည် မဟုတ်ကြောင်းနှင့် စစ်အာဏာပိုင်များက ရိုက်ကူးခွင့်ပေးပါက လွတ်လပ်သည့် ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာတင်းကျပ်မှုများ မရှိမှသာ ရိုက်ကူးတော့မည်ဖြစ်ကြောင်း သူက ပြောသည်။

"အပြီးအပိုင် ထွက်မယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရိုက်ခွင့် ဖွင့်ပေးခဲ့ရင်တောင် ကျနော် ရိုက်ချင်မှ ရိုက်တော့မယ်။ ရုပ်ရှင်ဇာတ်လမ်းတွေ လွတ်လွတ်လပ်လပ် ရိုက်ခွင့်ရတဲ့အခါ၊ ဆင်ဆာတင်းကျပ်မှုတွေ မရှိတော့မှဘဲ ရိုက်တော့မယ်" ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး "နာရေးကူညီမှုအသင်း လုပ်ငန်းကိုပဲ ကျနော် လုပ်သွားမယ်။ အဲဒါတွေကိုပဲ ဇောက်ချ လုပ်သွားမယ်" ဟု သူက ပြောသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဦးကျော်သူသည် အားလပ်ရက်များတွင် ပန်းချီဆွဲလာခဲ့ရာ ယခုဆိုလျှင် ပန်းချီကားပေါင်း ၁၈ ကား ရေးဆွဲပြီးခဲ့ပြီဖြစ်သည်။

အပြည့်အစုံသို့...

မြန်မာ့အလုပ်သမားအရေး ပြဿနာများနှင့်ကြုံ

မဇ္ဈိမ-မိုးသူနှင့် ထက်ဝင်း၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

ရန်ကုန် (မဇ္ဈိမ)။ ။ ဥပဒေကို မလိုက်နာခြင်း၊ တိကျသေချာသော အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံမှ အလုပ်သမား အားလုံးနီးပါးသည် အလုပ်ရှင်များခိုင်းသမျှ လုပ်နေရသည့်ဘဝသို့ ရောက်နေသည်။

ပျက်စီးယိုယွင်းနေသော စီးပွားရေး၊ စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ ရှည်ကြာခဲ့သော စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ အလုပ်သမားအခွင့်အရေး ကိစ္စများကို သိရှိနားလည်မှု မရှိခြင်းကြောင့် မြန်မာအလုပ်သမားများမှာ ရွေးချယ်စရာဟူ၍ မရှိဘဲ အလုပ်ရှင်များ ခိုင်းသမျှ လက်ခံလုပ်ကိုင်ရသည့် အနေအထားသို့ ဆိုက်ရောက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အဓိက စီးပွားရေးအချက်အခြာနှင့် မြို့ပြအဆန်ဆုံး ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများ၊ စက်မှု လုပ်ငန်းများ တည်ရှိရာ စက်မှုဇုံများဖြစ်သည့် လှိုင်သာယာနှင့် ရွှေပြည်သာရှိ မြန်မာအလုပ်သမားများလည်း သူတို့၏ လုပ်ငန်းခွင် သာယာရေးနှင့် အခြေခံ အလုပ်သမားအခွင့်အရေးများ ဆိတ်သုဉ်းမှု ပြဿဿနာတို့နှင့် ပတ်သက်၍ သူတို့၏ အလုပ်ရှင်များနှင့် ပြဿဿနာများ ဖြစ်နေသည်ဟု သိရသည်။

ဤသို့ အခွင့်အရေးချိုးဖောက် စော်ကားခံရခြင်းများအတွက် စက်မှုဇုံများရှိ စက်ရုံအများအပြားတွင် မကြာခဏ ပြဿဿနာများ ဖြစ်ပွားနေရသည်ဟု ဆိုသည်။ အဆိုပါ စက်မှုဇုံများတွင် အနည်းဆုံးစက်မှုလုပ်ငန်း ၁၉ ခုရှိသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလကလည်း လှိုင်သာယာစက်မှုဇုံရှိ အိုပါးလ် (Opal) အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခမှန်မှန် မရခြင်း၊ အလုပ်သမားအခွင့်အရေး ရုပ်သိမ်းခံရခြင်းကြောင့် အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့သည်ဟု ဆိုသည်။ ယင်းသည် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဖြစ်ပေါ်နေသော ကြုံနေကျ ပြဿဿနာ၏ နမူနာတခုဖြစ်သည်။

နောက်တပတ်အကြာတွင် ကုမ္ပဏီက အလုပ်သမားများအား မူရင်းလစာ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ကျပ်ငွေ ၅ဝဝဝ စီ တိုးပေးလိုက်မှ အလုပ်သမားများက အလုပ်ပြန်ဆင်းရန် သဘောတူခဲ့ကြသည်။

လက်လှုပ်မှ ပါးစပ်လှုပ်ရသူ လုပ်ခစား မြန်မာအလုပ်သမားများအတွက် အကြုံရဆုံး ပြဿဿနာမှာ သူတို့၏ လစာစနစ်ဖြစ်သည်။ သူတို့မှာ တပတ်လျှင် ၆ ရက် လုပ်ကြရပြီး၊ အခြေခံလစာအဖြစ် တရက်လျှင် ကျပ် ၂ဝဝ (အမေရိကန်ဒေါ်လာ ၁၆ ဆင့်) သာ ရကြသည်။ ကျန်ငွေမှာ အလုပ်ပျက်ရက် မရှိခြင်း၊ ခွင့်မယူခြင်းအတွက် ဘောနပ်စ် အဖြစ် ရရှိခြင်းဖြစ်သည်။

အမှန်စင်စစ် ဘောနပ်စ်ဆုငွေ (Bonus) မှာ သူတို့လုပ်ခ၏ အဓိကအစိတ်အပိုင်း ဖြစ်နေသည်။ ယင်းဆုငွေမှာ တလလျှင် ကျပ် ၂ သောင်းကျော် ရလေ့ရှိသည်။ သို့သော် ဤဆုကြေးစနစ်သည် တရက်ပျက်လျှင်ပင် အဖြတ်ခံရသည်။ တရက်ပျက်၍ အဖြတ်ခံရသော ဆုကြေးငွေသည် သူတို့ရသော နေ့စားလုပ်ခထက် များသည်။ ထို့ကြောင့် အလုပ်သမားများမှာ ဆုကြေးရရန် အလုပ်ကို အပြင်းအထန် ပင်ပန်းဆင်းရဲစွာ ကြိုးစားလုပ်ကြရသည်။

တရက်ခွင့်ယူလျှင် ဆုကြေးမရသောကြောင့် မူရင်းလစာ မလုံမလောက်နှင့် အလုပ်သမားများမှာ အလွန်ကျပ်တည်းသော အခြေအနေနှင့် ရင်ဆိုင်ကြရသည်။

အသဲအသန် ရုန်းကန်ရပ်တည်နေရသော စီးပွားရေးလုပ်ငန်းများ၏ တူညီသော အသံကို ရောင်ပြန်ဟပ်သည့် အနေဖြင့် သူတို့စက်ရုံပိုင်ရှင် ထုတ်လုပ်သူများအနေဖြင့် လစာတိုးပေးရန် မတတ်နိုင်ကြောင်းဖြင့် အိုပါးလ်စက်ရုံမှ အကြီးတန်း စီမံခန့်ခွဲ့ရေး ဝန်ထမ်းတဦးက ပြောသည်။

အခြား စီးပွားရေးသမားများ၊ စက်ရုံပိုင်ရှင်များ၊ စက်ရုံမန်နေဂျာများကလည်း သူတို့ စီးပွားရေးလုပ်ငန်းများကို အမြဲတစေ ခြိမ်းခြောက်နေသည့် အခက်အခဲ အကျပ်အတည်းများ ဖြစ်ကြသော ငွေလဲလှယ်နှုံး မတည်ငြိမ်ခြင်း၊ ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာနေခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ လောင်စာဆီဈေးနှုံးများ မြင့်တက်ခြင်းနှင့် မကြာမီက ကြုံခဲ့ရသော မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ စသည်တို့ကို ပြောပြကြသည်။

ယခုလို အခြေအနေပေါင်းစုံ ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းများအနေဖြင့် အလုပ်သမားများ၏ လစာများ တိုးမြှင့်ပေးခြင်း၊ အလုပ်သမားများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆီးပေးခြင်း ဆိုသည်တို့မှာ လုံးဝနီးပါး မဖြစ်နိုင်ကြောင်း အဆိုပါ ဝန်ထမ်းက ပြောသည်။

ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင်တဦးကမူ မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ လုပ်ခမှာ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထက်ပင် နည်းသေးကြောင်း ပြောသည်။

ဤလုပ်ခလစာကိစ္စအပြင် မြန်မာအလုပ်သမားများအတွက် အခြား အဓိက စိုးရိမ်ပူပန်ဖွယ်ရာများမှာ လုပ်ငန်းခွင် အခြေအနေ အလွန်အမင်း ဆိုးဝါးအောက်တန်းကျခြင်းဖြစ်သည်။ အလုပ်ရှင်များက ခေတ်မီနည်းပညာသစ်များ အသုံးပြု၍ ပိုလျှံအလုပ်သမားဟူ၍ မရှိအောင်၊ အလုပ်သမားများ၏ လုပ်အားကို အစွမ်းကုန်နှိုက်ထုတ် အသုံးချရန် ကြိုးစားကြသည်။ ဤတွင် အလုပ်သမားများအတွက် လုပ်ငန်းခွင်အခြေအနေမှာ အလွန်ဆိုးရွား နိမ့်ကျသော အဖြစ်နှင့် ရင်ဆိုင်ကြရသည်။

အချို့စက်ရုံများဆိုလျှင် အိမ်သာသွားရန်ပင် ကဒ်ပြားစနစ် တီထွင်ပြုလုပ်ထားသည်။ ဤနည်းဖြင့် အိမ်သာသွားနေသည့် အလုပ်သမားဦးရေ မည်သည့်အချိန်တွင်ပင်မဆို အနည်းဆုံး ရှိနေစေရန် လုပ်ဆောင်ထားသည်။ အိမ်သာထဲတွင် စကားဖောင်ဖွဲ့ အချိန်ဖြုန်းမနေရန် လုပ်ဆောင်ထားသော စနစ်ကြောင့် အလုပ်သမားများအတွက် အလွန် အဆင်မပြေ ဖြစ်ရသည့်အပြင် သိက္ခာလည်း အလွန်ကျသည့် အခြေအနေကို ရင်ဆိုင်ရသည်။ အိမ်သာတက်ခွင့်ကဒ်ပြား အရေအတွက်ကို ကန့်သတ်ထားပုံမှာလည်း အလွန်ရယ်စရာ ကောင်းလှသည်။ အလုပ်သမား ၇ဝ ခန့်ရှိသော စက်ရုံတရုံတွင် ထိုကဒ်ပြားမျိုး ၃ ခုသာ ရှိသည်။

နောက်ထပ် အထည်ချုပ်စက်ရုံ အလုပ်သမားများ တိုင်တန်းပြောဆိုကြသည့် သူတို့အတွက် အဆင်မပြေသည့် ကိစ္စမှာ စက်ရုံထဲတွင် ဖိနပ်စီးခွင့် မပေးခြင်းဖြစ်သည်။ တနေကုန် မတ်တပ်ရပ်၍ လုပ်ရသော သူတို့အလုပ်အတွက် ဤသို့ စီးခွင့်မပေးခြင်းကြောင့် ခြေထောက်များ နာကျင်ရကြောင်း ပြောဆိုသည်။ သို့သော် အလုပ်ရှင်များကလည်း ဖိနပ်စီးပါက သူတို့စက်ရုံမှ ထုတ်လုပ်နေသော အထည်များကို ပျက်စီးမှုများ ဖြစ်စေသည်ဟု ပြန်ပြောကြသည်။

နောက်ထပ် အဓိက အခက်အခဲတရပ်မှာ အပိုဝင်ငွေရှာရန်အတွက် အခြားအလုပ်အကိုင်များ လုပ်ရန် အချိန်ပိုဟူ၍ မရှိခြင်းဖြစ်သည်။ သူတို့ပေးသော အချိန်ပိုကြေးမှာလည်း သူတို့ရသော တနေ့တွက်လုပ်ခ၏ နှစ်ဆသာ ဖြစ်သဖြင့် အလွန်နည်းသည်ဟု သူတို့က ဆိုသည်။

မြန်မာနိုင်ငံ၏ တည်ဆဲအလုပ်သမား ဥပဒေများအရ အချိန်ပြည့် စက်ရုံလုပ်သားတယောက်သည် တပတ်လျှင် ၄၄ နာရီ လုပ်ခွင့်ရှိပြီး၊ အချို့စက်ရုံများကို ခြွင်းချက်ဖြင့် ၂၄ နာရီ လည်ပတ်ခွင့် ပေးထားသည့် စက်ရုံများတွင် တပတ် ၄၈ နာရီ လုပ်ခွင့်ရှိသည်။ အချိန်ပိုလုပ်ခွင့်မှာ တနှစ်လျှင် နာရီ ၆ဝ ထက် မပိုစေရဘဲ ပုံမှန်လစာနှုံး၏ ၂ ဆပေးရသည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတွင် ထိုကဲ့သို့သော လုပ်ငန်းခွင် အခြေအနေမျိုးများ မရှိပါ။

မြန်မာနိုင်ငံမှ အလုပ်သမားများနှင့် စီမံခန့်ခွဲရေးအပိုင်းတို့က မြန်မာနိုင်ငံ၏ အလုပ်သမား ဥပဒေများသည် ယခုထက်ပို၍ ပြောင်းလွယ်ပြင်လွယ် ရှိသင့်ကြောင်း သဘောရကြသော်လည်း သူတို့အနေဖြင့် လောလောဆယ်တွင် ဤအလုပ်သမား ဥပဒေများကို ခေတ်နှင့်အမီ ပြင်ဆင်ရန်သော်၎င်း၊ ပြန်လည်ထိန်းညှိရန်သော်၎င်း အစီအစဉ် မရှိပါကြောင်းဖြင့် အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ဆက်ဆံရေးရုံးတရုံး မြန်မာနိုင်ငံတွင်း ဖွင့်လှစ်ခွင့်ကို ၂ဝဝ၂ ခုနှစ် ကတည်းက ခွင့်ပြုထားခဲ့သော်လည်း သူတို့၏ လုပ်ပိုင်ခွင့်မှာ အဓ္ဓမလုပ်အားပေး ကိစ္စရပ်များ၊ ကလေးစစ်သား ကိစ္စများနှင့် လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အခွင့်အရေးများ စသည်တို့ကိုသာ လုပ်ကိုင်ရန် သူတို့၏ လုပ်ပိုင်ခွင့်ဘောင်ကို ကန့်သတ်ထားခြင်း ခံရသည်။ မည်သို့ပင်ဖြစ်စေ အခြား အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင်မူ ဤအဖွဲ့၏ လုပ်ပိုင်ခွင့်မှာ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စများကိုပါ လုပ်ကိုင်ခွင့်ရသော်လည်း မြန်မာနိုင်ငံတွင်မူ ထိုသို့ ရရှိခြင်း မရှိပါ။

မြန်မာနိုင်ငံတွင်မူ ဤသို့ စက်မှုလုပ်ငန်းဆိုင်ရာ အငြင်းပွားမှုများ ကိုင်တွယ်ခွင့်မှာ သူတို့၏ လုပ်ပိုင်ခွင့်ဘောင် အပြင်ဘက်သို့ ရောက်ရှိနေသည်။ ယင်းသည် ကုလသမဂ္ဂ အေဂျင်စီတခုအတွက် စံနှစ်ခု ကျင့်သုံးရာရောက်နေပြီး၊ စစ်အစိုးရအနေဖြင့် အခြား ကုလသမဂ္ဂ အေဂျင်စီများကို ဘာကြောင့် ဂရုမစိုက် ဘေးချိတ်ထားနိုင်သည့် အကြောင်းတရပ်လည်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် တည်ဆဲဥပဒေများကို ဆက်လက် အာဏာတည်စေရန် လုပ်ဆောင်လေ့ရှိသည်။ အလုပ်သမားများအတွက်မူ သူတို့အခွင့်အရေးများအတွက် အကာအကွယ်မှာ အလွန်ပင် မလုံမခြုံ ရှိနေသည်။ သူတို့ ရပိုင်ခွင့်ရှိသော ဥပဒေအရ ရပိုင်ခွင့်များအကြောင်းလည်း သူတို့ မသိကြပါ။

“အလုပ်သမားတွေက အလုပ်သမား အခွင့်အရေးလည်း မသိဘူး။ တခြား ဒါမျိုးလည်း ဘာမှမသိဘူး။ ဒီတော့ စက်ရုံပိုင်ရှင်တွေက အလုပ်သမား ဥပဒေတွေကို မသိကျိုးကျွံလုပ်ပြီး၊ သူတို့လိုချင်တဲ့ ထောင်ချောက်ထဲ အလုပ်သမားတွေကို အတင်းမောင်းသွင်းတော့တာ” ဟု ရန်ကုန်အခြေစိုက် အကြီးတန်း သတင်းစာဆရာတဦးက ပြောသည်။

အလုပ်သမားများက အလုပ်သမားရေးရာ အာဏာပိုင်များထံ တိုင်တန်းသမျှသည်လည်း ရေရေရာရာ တုံ့ပြန်မှုဟူ၍ မရကြောင်း အဆိုပါ သတင်းစာဆရာက ပြောသည်။ ဥပမာပြရလျှင် တိုင်တန်းပြောကြားကြသော်လည်း အလုပ်သမား အများစုမှာ လုပ်သက်ခွင့် ခံစားခွင့်မရကြကြောင်း သူက ပြောသည်။

မည်သို့ပင်ဖြစ်စေ၊ အလုပ်သမားတယောက် ဒဏ်ရာရရှိလျှင်ဖြစ်စေ၊ အလုပ်မှ ထွက်ခိုင်းလျှင်ဖြစ်စေ၊ အချို့သော ကုမ္ပဏီများသည် အလုပ်သမား လျော်ကြေးနှင့် စပ်လျဉ်းသည့် အလုပ်သမား ဥပဒေများကိုမူ လိုက်နာလေ့ရှိတတ်ကြောင်း သူက ဆက်ပြောသည်။

“အလုပ်သမားတယောက်ကို အလုပ်က အတင်းအကျပ် နုတ်ထွက်ခိုင်းတာမျိုးဆိုရင်တော့ တချို့ကုမ္ပဏီတွေက လစာရဲ့ ၃ လစာကနေ ၆ လစာအထိ လျော်ကြေးအနေနဲ့ ပေးတာမျိုး ရှိပါတယ်” ဟု သူက ဆိုသည်။

တည်ဆဲ အလုပ်သမား ဥပဒေများအရ တနေ့လျှင် အလုပ်ချိန် ၈ နာရီ၊ တပတ်လျှင် ၄၄ နာရီထက် ပိုပါက ထိုအချိန်ပိုကို အခြေခံလစာလုပ်ခ၏ ၂ ဆ တွက်ချက်ပေးရမည်ဖြစ်သည်။ ဤအခွင့်အရေးသည် ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဥပဒေနှင့် ၁၉၅၁ ခွင့်ရက်နှင့် အားလပ်ရက်များ ဥပဒေတွင် ပြဋ္ဌာန်းကာ အကာကွယ်ပေးထားခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အဆိုပါဥပဒေများနှင့် တကယ် လုပ်ကိုင်နေသော အလုပ်ရုံစက်ရုံများသည် ဘာမျှမဆိုင်သလို မပတ်သက်သလို ဖြစ်နေသည်။

လက်ရှိအခြေအနေများအောက်တွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများသည် ပို၍ တိုးများလာဖွယ် ရှိနေသည်ဟု အချို့သော အကဲခတ်များက ထင်မြင်ယူဆကြသည်။

‘၁၉၅၁ ခုနှစ် မြန်မာနိုင်ငံ အလုပ်သမား အက်ဥပဒေ’ ပြင်ဆင်ချက်အရ၊ တဆက်တည်း လုပ်သက် ၁၂ လရှိသော အလုပ်သမားတိုင်းသည် ပျမ်းမျှလစာလုပ်ခဖြင့် လုပ်သက်ခွင့် ၁ဝ ရက် ခံစားခွင့်ရှိကြောင်းနှင့် အလုပ်ရှင်က ခွင့်ပြုရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

“ဥပဒေမှာ ဒီလိုပြဋ္ဌာန်းထားပေမယ့် ဆက်တိုက် ၁၂ လ အလုပ်လုပ်ခဲ့ပေမယ့်လည်း တချို့စက်ရုံတွေမှာ လုပ်သက်ခွင့် မခံစားကြရတာရှိပါတယ်” ဟု လှိုင်သာယာ စက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်တဦးက ပြောသည်။

စက်မှု ၁ ဝန်ကြီးဌာန၏ စာရင်းအင်းများအရ ၂ဝဝ၅ ခုနှစ်ကုန်တွင် စက်မှုဇုံများ၌ လုပ်ကိုင်နေသော အလုပ်သမားပေါင်း သုံးသိန်းလေးသောင်း ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုံပေါင်း ၄၂ဝဝဝ ကျော်ရှိရာ၊ အများစုမှာ အိမ်တွင်းစက်မှုလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စက်ရုံများဖြစ်ကြသည်။

အပြည့်အစုံသို့...

နာဂစ်ကူညီရေး ပြုလုပ်သူ အမျိုးသမီး ထောင်တွင်း၌ ကျန်းမာရေး ဆိုးဝါးနေ

ဧရာဝတီ၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

စစ်အစိုးရက ဖမ်းဆီး ထားသည့် နာဂစ် ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ပြုလုပ်ခဲ့သူ မယာဉ်ယာဉ်ဝိုင်းသည် အကျဉ်းထောင် အတွင်း၌ ကျန်းမာရေး ဆိုးဝါးနေပြီး ဆေးဝါးကုသမှုလုံလောက်စွာ ခံယူခွင့် မရကြောင်း အင်းစိန်ထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။

အသက် ၃၆ နှစ်ရှိ အဆိုပါ မယာဉ်ယာဉ်ဝိုင်းသည် ထောင်တွင်း၌ သွေးအံခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း စသည့် ဝေဒနာများ ခံစားနေရပြီး ဆန်ပြုတ်သောက်နေရသည်မှာ ၂ လခန့်ရှိပြီဖြစ်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းတဦး ကပြောသည်။

“ဒီနေ့ သူ့အစ်မ လာတော့ ပြောတယ်၊ ထောင်ထဲမှာ ဆန်ပြုတ်ပဲ သောက်နေရတာ ၂ လလောက်ရှိပြီ၊ အဲဒါ ကျန်ခဲ့တဲ့ တပတ်က အံတာ သွေးပါတယ်၊ သူ့ကျန်းမာရေး အခြေအနေက အမျိုးသမီး ရောဂါလည်း ရှိတော့ ၊ သူ့ကို အပြင်ဆေးရုံပြရမှာကို ထောင်ဆေးရုံမှာပဲ ပြနေရတယ်၊ လောလောဆယ် ထောင်က လမ်းကြောင်း တောင်းထားလို့တဲ့၊ နောက်မှပဲ ပြပေးမယ်တဲ့၊ အင်းစိန်ထောင်မှာပဲ”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မယာဉ်ယာဉ်ဝိုင်းသည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဇွန်လအတွင်းက ထင်ရှားသည့် လူရွှင်တော် ဇာဂနာ အပါအ၀င် တခြားသော မုန်တိုင်းဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး လုပ်နေသူများနှင့်အတူ အာဏာပိုင်များ ၏ ဖမ်းဆီးအရေးယူမှုကို ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ) အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း“သူက သူနိုင်သလောက် နာဂစ် ဒုက္ခသည်တွေကို ကူညီခဲ့တဲ့ အမျိုးသမီး တယောက်ပါ”ဟု ပြောသည်။

လတ်တလော မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဆရာဝန်လုံလောက်စွာမရှိကြောင်း၊ အကျဉ်းသားများအနေ နှင့် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် အခက်အခဲများရှိကြောင်းလည်း ဦးတိတ်နိုင်ငံက ဆိုသည်။

“ဒီနေ့ ထောင်တွေရဲ့ လက်ငင်း အခြေအနေတွေမှာတော့၊ ထောင်တိုင်း လိုလိုမှာပဲ ကျန်းမာရေး ချို့တဲ့မှုတွေ ရှိတယ်၊ ပထမ ဦးဆုံးအချက်ကတော့ အိုင်စီအာစီ ၀င်ရောက် ကူညီခွင့် မရတာလည်း ပါမှာပေါ့၊ နောက်တခုက ထောင်တွေမှာ ဆရာဝန်မရှိတဲ့ ထောင်က အများစုဖြစ်နေတယ်၊ ဆရာဝန် ရှိရင်တောင်မှ နိုင်ငံရေး အကျဉ်းသား တယောက် ကျန်းမာရေး မကောင်းလို့ ဆရာဝန်ပြခွင့် က အာဏာပိုင်အဆင့်ဆင့်ကို တင်ရတဲ့ ကိစ္စမျိုးတွေရှိတယ်၊ အဲဒါ ကြောင့် မလိုအပ်ဘဲနဲ့ ရောဂါတွေက ပိုပြီးတော့ ပြင်းထန်လာတဲ့ကိစ္စ မျိုးတွေ၊ အသက်ပါ ဆုံးရှုံးသွားရတဲ့ ကိစ္စမျိုးတွေဟာ အခုနောက်ပိုင်းမှာ တကယ်ကို စိုးရိမ်စရာ အခြေအနေတွေဖြစ်ပါတယ်”ဟု ဦးတိတ်နိုင်က ပြောပြ သည်။

အပြည့်အစုံသို့...

မြန်မာ့အလင်း သန်းညွန့် ကွယ်လွန်

ဧရာဝတီ-ဇာနည်ဝင်း၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈
သတင်းစာ ဆရာကြီး မြန်မာ့အလင်း သန်းညွန့်၏ ဈာပနကို ယမန်နေ့က ရေဝေး သုသာန်တွင် ပြုလုပ်ခဲ့ရာ စာနယ်ဇင်းနှင့် နိုင်ငံရေး လောကမှ မိတ်ဆွေများ၊ ချစ်ခင် လေးစားသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ဦးသန်းညွန့် (အသက် ၈၃ နှစ်) သည် ယခုလ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့အလင်း သန်းညွန့်သည် ဗြိတိသျှကိုလိုနီခေတ်တွင် အထက်တန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၄၀ ပြည့်နှစ်မှစ၍ မြန်မာ့အလင်း သတင်းစာတိုက်တွင် လခစားအလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ မြန်မာ့အလင်းတွင် အယ်ဒီတာအဖွဲ့ဝင် လခစားသတင်းထောက် ဖြစ်လာသည်။

သတင်းထောက်အဖြစ် ၁၆ နှစ်ကြာ ဆောင်ရွက်ခဲ့စဉ် နိုင်ငံရေး၊ လူမှုရေး၊ ပါလီမန်လွှတ်တော်၊ အားကစား၊ စစ်မြေပြင်သတင်းများကို တာဝန်ယူ ရေးသားခဲ့သည်။ ၁၉၅၃ တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ သတင်းထောက်များ ဌာနချုပ် ABRA (H.Q.) ၏ ပထမဆုံး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

ထို့နောက် မြန်မာ့အလင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ၂၈ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ မြန်မာ့အလင်းသတင်းစာမှ ၁၉၈၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီးနောက်ပိုင်းတွင် အတွေ့အကြုံနှင့် အတွေးအမြင် ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။

ကွယ်လွန်ချိန်တွင် သားသမီး ၅ ဦး၊ မြေး ၇ ဦး၊ မြစ် ၆ ဦး ကျန်ရစ်ခဲ့သည်။

အပြည့်အစုံသို့...

လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်

ဧရာဝတီ-အေးချမ်းမြေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၀၈

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့် ကျန်းမာရေး အရေးပေါ် စောင့်ရှောက်မှု အညံ့ဖျင်းဆုံး နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ ကျန်းမာရေးနှင့် လူ့အခွင့်အရေး စောင့်ရှောက်မှု ညံ့ဖျင်းသည်ဟု ဆိုရာတွင် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများဖြစ်ကြသော ကွန်ဂို၊ ဆိုမာလီ၊ အီရတ်၊ ဆူဒန်၊ ပါကစ္စတန်နိုင်ငံများနှင့် တန်းတူ မြန်မာနိုင်ငံက လိုက်ပါနေသည်ဟု အမ်အက်စ်အက်ဖ် က ဆိုသည်။

အမ်အက်စ်အက်ဖ်အနေနှင့် ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုအနည်းပါးဆုံး၊ လုံခြုံမှုအကင်းမဲ့ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံကို ၁၉၉၈ ခုနှစ်မှစတင် ကြေညာလာခဲ့ရာ ယခုအခါ ၁၁ ကြိမ်မြောက်ကြေညာခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ် တနှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက် အခံရဆုံး ၁၀ နိုင်ငံကို အမ်အက်စ်အက်ဖ်က တနင်္ဂနွေနေ့က ထုတ်ဖော်ကြေညာခဲ့ရာတွင် “မြန်မာနိုင်ငံနဲ့ ဇင်ဘာဘွေလို နိုင်ငံတွေမှာ အစိုးရက ကျန်းမာရေးကို ဦးစားပေး စောင့်ရှောက်ဖို့ ပျက်ကွက်ရုံမကဘူး ကြားဝင်ဆောင်ရွက်ပေးမယ့် အန်ဂျီအိုတွေကိုလည်း မသင်္ကာဘူး။ လူ့အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေမှာလည်း ကန့်သတ်ချက်တွေကြားက လုပ်ဆောင် နေရတာ တွေ့ရတယ်” ဟု ဖော်ပြပါရှိသည်။

မြန်မာပြည်တွင်းရှိ ထောင်ပေါင်းများစွာသော ခုခံအားကျဆင်းသည့် ဝေဒနာ ခံစားနေရသူတို့မှာ ဆေးကုသခွင့် ကင်းမဲ့လျှက် သေဆုံးနေရသော်လည်း စစ်အစိုးရအနေနှင့် ၎င်းဝေဒနာသည်တို့ကို ပါဝင်ကူညီမှု အလွန်ပင် နည်းပါးလျှက်ရှိကြောင်း အမ်အက်စ်အက်ဖ်က ဖြည့်စွက်ပြောကြားသည်။

“ပဋိပက္ခကြောင့်၊ စစ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုမခံရတဲ့၊ လျစ်လျှူရှုခံနေရတဲ့၊ တကယ့်ကို အရေးပေါ်လိုအပ်နေတဲ့ သန်းပေါင်းများစွာ သော လူတွေကို ဦးစားပေးကူညီနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစာရင်း ထုတ်ပြန်တာပါ” ဟု အပြည်ပြည်ဆိုင်ရာ အမ်အက်စ်အက်ဖ် ဥက္ကဌ ဒေါက်တာ ခရစ္စတိုဖီ ဖိုနီးယားက ပြောသည်။

၎င်းအဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၂၀၀၈ ခုနှစ်အတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု ကပ်ဘေး ကြီး ၂ ခုကို ခံစားခဲ့ရသည်ဟုဆိုသည်။ ယင်းကပ်ဘေးကြီး ၂ ခုမှာ လူပေါင်း ၁၃၀၀၀၀ ကျော် ပျောက်ပျက် သေဆုံးရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကပ်ဘေးနှင့် ဆေးကုသမှု ကင်းမဲ့ကာ သေဆုံးနေရသည့် HIV/ AIDS ဝေဒနာ ကပ်ဘေးတို့ ဖြစ်သည်။

“စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က စပြီး မြန်မာနိုင်ငံက ပဋိပက္ခပေါင်းများစွာ ကြုံတွေ့ခံစား ခဲ့ရပါတယ်။ အဲဒီထဲကမှ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကတော့ ပြင်ပကမ္ဘာက မေ့လျော့ခံထားရတဲ့ မြန်မာ ပြည်သူ တွေအတွက် နောက်ဆုံးခံရတဲ့ ကပ်ဘေးတခုပါ။ ဝမ်းနည်းစရာကောင်းတာက ဒီဒဏ်တွေကို အားအနည်းဆုံး ဆိုတဲ့ မြန်မာပြည်သူတွေက ခံစားနေရတာပါပဲ” ဟု အမ်အက်စ်အက်ဖ်က ဆိုသည်။

အမ်အက်စ်အက်ဖ်၏ အဆိုအရ မြန်မာနိုင်ငံတွင် အေအာရ်ဗီဆေး အရေးပေါ်လိုအပ်နေသည့် HIV/AIDS ဝေဒနာရှင် ၇ သောင်းခွဲကျော် ရှိနေပြီး ၎င်းတို့ထဲမှာ ၂၀ ရာခိုင်နှုန်းသာ ဆေးကုသမှု ခံယူခွင့်ရသည်ဟု သိရသည်။

အပြည့်အစုံသို့...

Sunday, December 21, 2008

ဒေါ်စုကို အမျိုးသမီး ခေါင်းဆောင်များ ကောင်စီ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ရာထား

ဗွီအိုအေ၊ ဒီဇင်ဘာလ ၂၀ ရက် ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ ရာထားလိုက်ပါတယ်။ ၀ါရှင်တန် မြို့တော် အခြေစိုက် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီက ကြေညာချက် ထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီမှာ ကမ္ဘာတ၀ှမ်း လက်ရှိနဲ့ အရင်က တာဝန် ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ခေါင်းဆာင် ၃၇ ယောက်က ဦးဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဖွဲ့ရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ မဲပေး ရာထားခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် လွတ်လပ်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ နဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး ကြိုးပမ်းချက်တွေကြောင့် အခုလို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင် အဖြစ်လက်ခံဖို့ ရာထားတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ ရာထားလိုက်ပါတယ်။ ၀ါရှင်တန် မြို့တော် အခြေစိုက် ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီက ကြေညာချက် ထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီမှာ ကမ္ဘာတ၀ှမ်း လက်ရှိနဲ့ အရင်က တာဝန် ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ခေါင်းဆာင် ၃၇ ယောက်က ဦးဆောင် ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဖွဲ့ရဲ့ ပထမဆုံး ဂုဏ်ထူးဆောင် ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့ မဲပေး ရာထားခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် လွတ်လပ်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့ နဲ့ ဒီမိုကရေစီ ပြန်လည် ပေါ်ထွန်းရေး ကြိုးပမ်းချက်တွေကြောင့် အခုလို ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စီ အဖွဲ့ဝင် အဖြစ်လက်ခံဖို့ ရာထားတာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာ့အမျိုးသမီး ခေါင်းဆောင်များ ကောင်စီဟာ ကမ္ဘာတ၀ှမ်း အမျိုးသမီး ခေါင်းဆောင်တွေအပေါ် တာဝန်အပ်နှင်းမှုနဲ့ အမျိုးသမီးအမျိုးသား ခွဲခြားမှုတွေ အဆုံးသတ်ဖို့၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ အမျှော်အမြင်နဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကမ္ဘာတ၀ှမ်း အစိုးရကောင်းတွေ ပေါ်လာအောင် ထောက်ပံ့ကူညီဖို့ ဦးတည်ပြီး နိုင်ငံတကာ အတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ လက်ရှိ ဥက္ကဋ္ဌက ကုလသမဂ္ဂလူ့အခွင့်ရေးရာ ကော်မရှင် မင်းကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ အိုင်ယာလန် သမ္မတဟောင်း မေရီ ရော်ဘင်ဆင် (Mary Robenson) ပါ။ ကောင်စီ အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ဂါနာ သမ္မတဟောင်း ဂျဲနက် ဂျေဂင် (Janet Jagan) က မြန်မာနိုင်ငံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် စိုးရိမ်တဲ့အကြောင်း၊ အမြန်ဆုံး ပြန်လွတ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုတာကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နောက် ပြင်သစ် ၀န်ကြီးချုပ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ အီဒစ်တ် ခရက်စ်ဆန် (Edith Cresson) ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ အမျိုးသမီးခေါင်းဆောင်များ ကောင်စီရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံတဲ့ အကြောင်း ပြောဆိုထားပါတယ်။

အပြည့်အစုံသို့...

Saturday, December 20, 2008

ဥရောပသမဂ္ဂက စာနာထောက်ထား အကူအညီအဖြစ် ယူရို သန်း ၄ဝ ခွဲ မြန်မာကို ပေးမည်

မဇ္ဈိမ-ဆော်လမွန်၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ ယူရို သန်း ၄ဝ ဒဿမ ၅ နီးပါးရှိသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီအဖြစ် မေလအတွင်းက မြန်မာနိုင်ငံ အနောက်တောင်ပိုင်းရှိ နာဂစ်မုန်တိုင်းထိ ဒုက္ခသည်များကို အထူးသဖြင့် ရည်ရွယ်ကာ ကူညီသွားမည်ဟု ဥရောပ ကော်မရှင်က ယမန်နေ့က ပြောဆိုလိုက်သည်။

ဆိုင်ကလုန်မုန်တိုင်း ဘေးသင့်သူများအတွက် ယူရို သန်းပေါင်း ၂၂ သန်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် ပြည်တွင်းရှိ အကူအညီ လိုအပ်သူများအတွက် ယူရို ၁၈ သန်းခွဲကို ပေးအပ်ကူညီမည်ဟု ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်က ပြောသည်။

ဥရောပသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး ကော်မရှင်နာ လူးရစ် မစ်ချယ်က "မုန်တိုင်းထိခံရတဲ့ ဧရာဝတီတိုင်းအတွင်းမှာ လူသားချင်းစာနာတဲ့ အကူအညီလုပ်ငန်းတွေမှာ အာဏာပိုင်တွေနဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်မှု ရနေပါတယ်" ဟု ပြောသည်။

ကူညီမှုအသစ်သည် အစိုးရမဟုတ်သော အဖွဲ့များ၊ ကုလသမဂ္ဂ အေဂျင်စီများနှင့် ကမ္ဘာ့ကြက်ခြေနီအဖွဲ့မှတဆင့် ပေးအပ်သွားမည် ဖြစ်ကာ၊ အနည်းဆုံး လူဦးရေ ၂ သန်းအတွက် အထောက်အကူ ဖြစ်စေရန် တွက်ချက်ထားသည်။

"ကော်မရှင်က အလားတူပဲ နိုင်ငံထဲက တခြားနေရာတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုနဲ့ အထောက်အကူ ပြုမှုတွေကို ဆက်လုပ်သွားမှာပါ" ဟု မစ်ချယ်က ပြောသည်။

မြန်မာပြည်အနောက်ပိုင်းရှိ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ ရှိနေသည့် မူဆလင် ရိုဟင်ဂျာများအတွက်လည်း ရန်ပုံငွေ ရှာဖွေသွားရန် ရည်ရွယ်ချက်ရှိပြီး၊ သူတို့သည် အတင်းအကျပ် နေရာရွှေ့ပြောင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းနှင့် နိုင်ငံသားအဖြစ် ငြင်းဆန်ခြင်း အပါအဝင် စစ်အာဏာပိုင်များ၏ ဖိနှိပ်မှုများကို ရင်ဆိုင်နေရသည်ဟုလည်း ဥရောပသမဂ္ဂက ပြောသည်။

"မြန်မာပြည် အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်ထဲက မေ့လျော့ခံနေရတဲ့ အရေးတကြီး အခြေအနေတွေအတွက် အထူးတလည် စိုးရိမ်မိပါတယ်။ အဲဒီနေရာမှာ မူဆလင် ရိုဟင်ဂျာ ၈ သိန်းလောက်ဟာ ကြောက်မက်ဖွယ် အခြေအနေတွေကြားမှာ နေနေရပါတယ်" ဟု မစ်ချယ်က ပြောသည်။

ဥရောပသမဂ္ဂသည် အစောပိုင်းက ရန်ပုံငွေ ယူရို ၁၇ သန်း ထောက်ပံ့ကူညီခဲ့ရာတွင် အမိုးအကာ၊ ရိက္ခာ၊ ရေ၊ သန့်ရှင်းရေးဆိုင်ရာများ၊ ကျန်းမာရေး၊ အာဟာရ၊ ကာကွယ်ရေးနှင့် သန့်ရှင်းသန့်ပြန့်ရေး ဆိုင်ရာများ၊ ကျန်းမာရေး၊ အာဟာရ၊ ကာကွယ်ရေး စသည်တို့အတွက် အသုံးပြုခဲ့သည်။ ဥရောပသမဂ္ဂက ဆိုင်ကလုံး နာဂစ်အရေး ကူညီထောက်ပံ့မှု အသစ်နှင့်ဆိုပါက စုစုပေါင်း ယူရို သန်းပေါင်း ၃၉ သန်းရှိပြီ ဖြစ်သည်။

နိုင်ငံအတွင်း ဆိုင်ကလုန်နာဂစ် ကျရောက်ခဲ့သည်မှာ ၇ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လုံလောက်သော အကူအညီများ ထောက်ပံ့ရန် လိုအပ်နေသူများ ယနေ့ထက်တိုင် ရှိနေသေးကြောင်း သုံးပွင့်ဆိုင်အဖွဲ့ဖြစ်သည့် TCG က ပြောသည်။ TCG တွင် အရှေ့တောင်အာရှ နိုင်ငံများ၊ မြန်မာစစ်အစိုးရနှင့် ကုလသမဂ္ဂတို့ ပါဝင်ဖွဲ့စည်းထားပြီး ဆိုင်ကလုန်မုန်တိုင်း ကျရောက်ရာ ဒေသများတွင် ကယ်ဆယ်စောင့်ရှောက်ရေး အခြေအနေများကို ပြန်လည်သုံးသပ်သည်။

"ကယ်ဆယ် စောင့်ရှောက်နိုင်တဲ့ အနေအထားက မလုံလောက်သေး၊ မပြီးစီးသေးပါဘူး။ အကူအညီတွေဟာ အခုထက်ထိ လိုအပ်နေဆဲပါ။ အထူးသဖြင့် အာဟာရရှိတဲ့ အစားအစာတွေနဲ့ အမိုးအကာတွေမှာပါ" ဟု TCG က သောကြာနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

TCG လေ့လာသုံးသပ်ချက်တွင် ၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အတွင်း ဧရာဝတီနှင့် ရန်ကုန်တိုင်းအတွင်း နေရာဒေသ ၁ဝ၈ ခုအတွင်း အိမ်ထောင်စု ၂၃၇၆ ကို ကူညီခဲ့သည်။ သူတို့သည် ယာယီ အမိုးအကာများ၊ အစားအသောက်များနှင့် ရေပြတ်လပ်မှုကို ရင်ဆိုင်နေရကာ ဖျားနာကြသူများ ရှိသလို၊ ဝမ်းရောဂါကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း TCG သုံးသပ်ချက်က ပြောသည်။

ကုလသမဂ္ဂက ဆိုင်ကလုံး ဘေးဒဏ်သင့်သူများအတွက် အမေရိကန်ဒေါ်လာ ၄၈၃ သန်း အကူအညီပေးရန် မေတ္တာရပ်ခံလင့်ကစား၊ ၆၄ ရာခိုင်နှုန်းခန့်ဖြစ်သည့် ဒေါ်လာ ၃ဝ၄ သန်းသာ ရရှိခဲ့သည်။

၂ဝဝ၈ ခုနှစ် မေလ ၂-၃ ရက်နေ့များတွင် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ သန်းပေါင်း ၂ ဒဿမ ၄ သန်း ထိခိုက်မှုရှိခဲ့ပြီး၊ အနည်းဆုံး လူဦးရေ တသိန်းသုံးသောင်းမှာ ပျောက်ဆုံး၊ သေဆုံးခဲ့ရသည်။

ဆိုင်ကလုန်းမုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်ခံရသည့် လပွတ္တာမြို့နယ် အတွင်းရှိ ပြောင်းရွှေ့ကျေးရွာ ဝါးကုန်းကျေးရွာ အနီးတွင် ဆားလုပ်ငန်း လုပ်ကိုင်သူ ရွာသားတဦးက အထောက်အပံ့များသည် ဖြေးညင်းစွာ ရရှိနေသည်ဟု ဆိုသည်။

"အထောက်အပံ့ အကူအညီတွေဟာ ကျနော်တို့ နေရာတွေထက် ပိုမရပါဘူး။ ပြီးခဲ့တဲ့ ၁ဝ ရက်လောက်တုန်းက နောက်ဆုံးတခေါက် အကူအညီ လာပါတယ်" ဟု လူတဦးလျှင် ဆန် ၅ ကီလိုဂရမ် အကူအညီပေးမှုနှင့် ပတ်သက်ပြီး စီးပွားရေးသမား တဦးက ပြောသည်။

အလုပ်သမားများကလည်း သာမန်လုပ်ခ ငွေကြေးထက် ပိုမို တောင်းဆိုနေပြီး၊ စီးပွားရေးလုပ်ငန်း ဆက်လက် လုပ်ကိုင်ရန်မှာမူ သူတို့အနေဖြင့် အကြီးအကျယ် ခက်ခဲနေသလို၊ မြစ်ချောင်းကမ်းပါးအနီး အလုပ်လုပ်ရေးအတွက် စိတ်ဓာတ်ရေးရာအားဖြင့် ကြောက်လန့်နေကာ မုန်တိုင်းကြောင့် လုပ်သားအများအပြား သေဆုံးခဲ့သည်ဟု သူက ပြောသည်။

"စီးပွားရေးကို အောင်အောင်မြင်မြင် ထပ်လုပ်ဖို့ဆိုရင် ကျနော်တို့မှာ ငွေတွေ လိုအပ်နေတယ်။ ဒါမှလည်း အလုပ်သမားတွေကို ကျနော်တို့က ပေးနိုင်မှာ" ဟု သူက ပြောသည်။

ဆိုင်ကလုန်း မတိုက်ခတ်ခင်က အလုပ်သမားများကို ကျပ်ငွေ ၂ သောင်းသာ ပေးရသော်လည်း၊ ယခုအခါ ၈ သောင်းမှ တသိန်း အကြား တောင်းနေသည်ဟု သူက ပြောသည်။

အစိုးရက တဧကလျှင် ချေးငွေ ၃ သိန်းပေးသော်လည်း သတ်မှတ်ထားသည့် ၃ နှစ်အတွင်း ပြန်ဆပ်နိုင်ရေးအတွက် စိုးရိမ်နေရသည်ဟု သူက ပြောသည်။

ကျေးရွာများကို အကူအညီပေးသည့် အေဂျင်စီအချို့ ရှိနေသော်လည်း လူဦးရေ အများအပြားအနက် အနည်းငယ်သာ ရရှိသော်လည်း ရွှေ့ပြောင်းကျေးရွာများအတွက်မူ အကူအညီ တစုံတရာ မြင်တွေ့ရခြင်း မရှိကြောင်း သူက ပြောသည်။

"ယာယီအိမ်လေးတွေနဲ့ ဒီမှာနေကြတဲ့ လူတွေကို နေရောင်အောက်မှာ နေရဖို့အရေး အရမ်းကို ခက်ခဲတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ အိမ်အတွက် ပစ္စည်းပစ္စယတွေနဲ့ အစားအသောက် အထောက်အပံ့တွေ ဆက်ပြီးတော့ လိုအပ်နေတယ်" ဟု ဒေသခံ ရွာသားတဦးက ပြောသည်။

အပြည့်အစုံသို့...

မြန်မာအစိုးရ ရွေးကောက်ပွဲ ဥပဒေကို လွတ်လပ်ရေးနေ့တွင် ကြေငြာဖွယ်ရှိ

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ၏ နောက်တဆင့်အနေဖြင့် မြန်မာစစ်အစိုးရသည် ‘ရွေးကောက်ပွဲ ဥပဒေ’ ကို မကြာမီ ကြေငြာမည် ဖြစ်သည်။ အဆိုပါဥပဒေတွင် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းရေးအတွက် သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များ ပါဝင်မည် ဖြစ်သည်။

ဘန်ကောက် အခြေစိုက် သတင်းစာဆရာတဦးနှင့် မြန်မာ့ရေးရာ ကျွမ်းကျင်သူဖြစ်သည့် လာရီဂျေဂင် (Larry Jagan) ၏အဆိုအရ စစ်အစိုးရသည် ‘ရွေးကောက်ပွဲ ဥပဒေ’ ကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလဆန်းတွင် ကြေငြာဖွယ်ရှိပြီး၊ အဖြစ်နိုင်ဆုံးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့ ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာစစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည်ဟု ကြေငြာထားပြီး၊ အစိုးရသစ်အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ပေးမည်ဖြစ်ကာ၊ ယင်းတို့ထဲတွင် အရပ်သား အနည်းငယ်လဲ ပါဝင်မည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့် အနေနှင့် စစ်အစိုးရသည် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြီးပြီဖြစ်ပြီး၊ မြန်မာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နောက်ဆုံး အတည်ပြုချက်ရယူ လက်မှတ်ရေးထိုးရန် လိုနေသေးသည့် အတွက် ဤသို့ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု စစ်ဘက်နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောပါသည်။

“ကျနော် (ကျနော့် သတင်းရပ်ကွက်တွေဆီက) သိသလောက် ရွေးကောက်ပွဲဥပဒေကို ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေငြာပါလိမ့်မယ်” ဟု မြန်မာနိုင်ငံအကြောင်း သတင်းအများအပြား ရေးသားခဲ့သူ ဝါရင့်သတင်းစာဆရာ က မဇ္ဈိမကို ပြောပါသည်။

အမည်မဖော်လိုသူ သတင်းရပ်ကွက်က ပြောကြားရာတွင် စစ်အစိုးရသည် ယင်းဥပဒေကို ဒီဇင်ဘာလ နှောင်းပိုင်း သို့မဟုတ် ဇန်နဝါရီလဆန်းပိုင်းတွင် ကြေငြာမည်ဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် လိုအပ်သော အခြေခံ ဆောင်ရွက်စရာ လုပ်ငန်းများ လုပ်ဆောင်ပြီးကြောင်း သူတို့ ယုံကြည်စိတ်ချရမှသာ စစ်အစိုးရက ထိုဥပဒေကို ကြေငြာမည်မှာ သေချာလှသည်ဟု ဆိုပါသည်။

လာရီဂျေဂင် အပါအဝင် လေ့လာသုံးသပ်သူများကမူ စစ်အစိုးရသည် ဤ ‘ရွေးကောက်ပွဲဥပဒေ’ ကို လာမည့် ရွေးကောက်ပွဲတွင် သူတို့ အထက်စီးရရေး သေချာစေရန်အတွက် အသုံးချမည်ဟု ယုံကြည်နေကြပါသည်။ ယင်းရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် အတိုက်အခံပါတီများ အားလုံးကို ချည်ပြီးတုပ်ပြီး ရှိနေစေရန်လည်း လုပ်ဆောင်ထားမည် ဖြစ်သည်။

“ဖြစ်နိုင်တာက ဝင်ပြိုင်ချင်တယ်ဆိုရင် NLD ကို ဝင်ပြိုင်ခွင့်တော့ပေးမယ်၊ ဒါပေမဲ့ ဒီလိုပြောလို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောတာတော့ မဟုတ်ပါဘူး” ဟု ဂျေဂင်က ပြောသွားပြီး၊ ဤပါတီကို မလှုပ်မရှားနိုင် ဖြစ်နေအောင် လုပ်ထားဘို့ သေချာသည်ဟုလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

သို့သော် NLD ကမူ သူတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်နှင့် ပတ်သက်၍ ယခုထိ ဆုံးဖြတ်ချက် မချရသေးပါ။

“ကျနော်တို့ ဒါကို ဆုံးဖြတ်မှာပါ၊ ဒါပေမဲ့ ကျနော်တို့အထင် အခုလုပ်ဘို့က သိပ်စောလွန်းနေပါသေးတယ်” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။ NLD အနေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ရွေးကောက်ပွဲဥပဒေ ကြေငြာခြင်း အပါအဝင် တိုးတက်မှုများ ရှိသည်ကို မြင်တွေ့လိုကြောင်း၊ ယင်းနောက်မှာသာ အခြေအနေကိုကြည့်၍ စဉ်းစားမည်ဖြစ်ကြောင်း သူကပြောပါသည်။

သို့သော် အချို့သော ပုဂ္ဂိုလ်များကမူ NLD အနေနှင့် ဝင်မပြိုင်ဘဲ နေပါက အမြော်အမြင်နည်းရာ ရောက်ကြောင်း၊ ပါတီကို ဝင်ပြိုင်ရန် အားပေးတိုက်တွန်းမှုများ ပြုလုပ်နေကြသည်ဟု ဆိုပါသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော အဖွဲ့တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၏ ခေါင်းဆောင် ကိုအေးလွင်ကမူ NLD နှင့် အခြား အတိုက်အခံအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲဝင်မှသာ အမြော်အမြင်ကြီးရာ ကျမည်ဖြစ်ပြီး အစိုးရသစ်ကိုလည်း ဒီမိုကရေစီစနစ်သို့ သွားရာအဆင့်တဆင့် အနေဖြင့် လက်ခံသင့်ကြောင်း ပြောသွားပါသည်။

“ဒီမိုကရေစီဆိုတာ ညတွင်းချင်း ရနိုင်တာ မဟုတ်ဘူးဗျ၊ ဒါကြောင့် ရသမျှလေးနဲ့ တဖြေးဖြေးချင်း သွားရမှာဘဲ” ဟု ကိုအေးလွင်က ပြောပါသည်။

ကိုအေးလွင်က သူ့အဖွဲ့သည် ယခုအခါ မဲဆွယ်လုပ်ငန်းများ လုပ်ဆောင်နေပြီး၊ နိုင်ငံရေး ပါတီတခုအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဝန်ခံ ပြောကြားခဲ့ပါသည်။ သူ့အနေဖြင့် ရွေးကောက်ပွဲသည် ‘လွတ်လပ်မျှတ’ မည်ဟု ယုံကြည်နေပြီး၊ ရလာမည့် ရလဒ်သည်လည်း မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် တဆင့်ပို၍ နီးကပ်သွားစေမည် ဖြစ်သည်ဟု ပြောကြားပါသည်။

လာရီဂျေဂင်ကမူ ကိုအေးလွင်ကဲ့သို့ မဟုတ်ဘဲ စစ်အစိုးရ၏ အကြံအစည်သည် ၁၉၉ဝ ရွေးကောက်ပွဲတုံးကလို နောက်တကြိမ် မကြုံတွေ့ရေး ဖြစ်သည်ဟုဆိုသည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD က အပြတ်အသတ် အနိုင်ရခဲ့ပါသည်။

NLD ကို သူတို့ ရွေးကောက်ပွဲဝင်ခွင့်တော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြောလို့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့တော့ ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်ဘို့ ပိုများတာက သူတို့က အနှောင့်အယှက်ပေးတာ၊ ဟန့်တားတာတွေ လုပ်မှာဘဲ။ ပြဿနာ လုပ်နိုင်တယ်လို့ ထင်တဲ့လူတွေကိုလဲ ဖမ်းမှာဘဲ” ဟု လာရီဂျေဂင်က ပြောသွားပါသည်။

အပြည့်အစုံသို့...

ကြံ့ဖွံ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ဖွယ် မရှိ

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ အကဲခတ်နှင့် လေ့လာသူ အများအပြား မျှော်လင့်ထားသကဲ့သို့ မဟုတ်ဘဲ စစ်အစိုးရ၏ လက်ကိုင်တုတ် အဖွဲ့အစည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) သည် လာမည့် ၂ဝ၁ဝ ရွေးကေက်ပွဲတွင် နိုင်ငံရေး ပါတီတရပ် အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ ယင်းကို စစ်အစိုးရက ဖျက်သိမ်းရန် ပြင်ဆင်နေသည်ဟု စစ်ဘက်နှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောပါသည်။

ဤအဖွဲ့၏ လူထုကြား ပုံရိပ်မကောင်းခြင်းကြောင့်၊ အထူးသဖြင့် ယမန်နှစ်က ဖြစ်ပွါးခဲ့သော သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား နှိမ်နင်းရာတွင် ပါဝင်ခဲ့ရမှုကြောင့် စစ်အစိုးရ အကြီးအကဲ နှင့် ဤအဖွဲ့၏ နာယကကြီးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယခင်စီစဉ်ထားသည့် ဤအဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲပြီး၊ ရွေးကောက်ပွဲ ဝင်စေမည့် အစီအစဉ်ကို နောက်ဆုံးတွင် ပယ်ပျက်ရန် ဆုံးဖြတ်ခဲ့ကြောင်းဖြင့် အဆိုပါ သတင်းရပ်ကွက်က ပြောပါသည်။

“USDA ဟာ ၂ဝဝ၉ မှာ ရှိမှာ မဟုတ်တော့ပါဘူး" ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောကြားသွားခဲ့ပြီး၊ ဤ အဖွဲ့၏ အဖွဲ့ဝင်များကို အခြားအမည်များဖြင့် နိုင်ငံရေး ပါတီများ ဖွဲ့စည်းရာတွင် အသုံးပြုသွားမည်ဟုလည်း ဆက်လက် ပြောကြားသွားခဲ့ပါသည်။

USDA က သိပ်နာမည်ပျက်နေပြီ၊ နိုင်ငံတကာမှာလည်း ရာဇဝတ်မှု မှတ်တမ်းတွေ ရှိနေပြီ။ ဒါကြောင့် ဒီနာမည်ကို မသုံးတော့ဘို့ ဒီအစည်းအဝေးမှာ သူတို့ ဆုံးဖြတ်လိုက်တာ" ဟု မကြာသေးခင်က ပြီးစီးသွားခဲ့သော နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သည့် ၄ လပတ် အစည်းအဝေးကို ရည်ညွှန်း ပြောကြားသွားပါသည်။

ဘန်ကောက်အခြေစိုက် အလွတ်သတင်းစာဆရာ လာရီဂျေဂင်ကလည်း USDA ကို နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ၍ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းဖွယ် မရှိကြောင်းနှင့် အထက်ပါ အမြင်နှင့် တထပ်တည်း ပြောကြားသွားပါသည်။

"ကျနော့် သတင်းရပ်ကွက်တွေ အဆိုအရတော့ USDA နာမည်နဲ့ နိုင်ငံရေးပါတီတခု ထောင်မှာမဟုတ်ဘူး" ဟု ဂျေဂင် က ပြောသွားပြီး၊ ဤအဖွဲ့၏ ထီးရိပ်အောက်တွင်၊ ယင်း၏ ဘဏ္ဍာရေး အထောက်အပံ့ဖြင့် အနည်းဆုံး နိုင်ငံရေးပါတီ ၃ ခု ကို ဖွဲ့စည်း တည်ထောင်ဖွယ် ရှိသည်ဟု ဆိုလိုက်ပါသည်။

"ဒါပေမဲ့အခုကတော့ အမျိုးမျိုး ခန့်မှန်းပြောနေကြတာဘဲ။ ဘယ်သူမှ သေချာမသိပါဘူး" ဟုလည်း သူက ဆက်လက် ပြောပါသည်။

မူလက လူမှုရေးအသင်းဟု ပြောဆိုဖွဲ့စည်းခဲ့သော ထိုအဖွဲ့တွင် အဖွဲ့ဝင် ပေါင်းသန်းပေါင်းများစွာ ရှိသည်ဟု စစ်အစိုးရက ပြောဆိုနေပြီး၊ ဤအဖွဲ့ကို မကြာသေးခင် နှစ်များအတွင်း အတိုက်အခံ အင်အားစုများအား တိုက်ခိုက်နှိမ်နင်းရာတွင် လက်နက်တခု အနေဖြင့် အသုံးချခဲ့ပါသည်။

ထို့ပြင် ဤအဖွဲ့သည် တရုပ်၊ ဗီယက်နမ် နိုင်ငံတို့နှင့်လည်း ဆက်ဆံရေးများ ထူထောင်ထားရှိပြီး၊ တရားဝင် အပြန်အလှန် လည်ပတ်မှုများ ပြုလုပ်ခဲ့ပါသည်။

ဤကြံ့ဖွံ့ အဖွဲ့ကို စစ်အစိုးရက ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် စတင် ထူထောင်ခဲ့ပါသည်။ ၂ဝဝ၇ ခုနှစ်က တရားဝင် ထုတ်ပြန် ကြေငြာချက်အရ ဤအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၂၄ သန်း ရှိသည်။ သို့သော် အများစုကမူ အထက်အရာရှိများ၏ အမိန့်ကို မလွန်ဆန်နိုင်၍သာ ဤအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ကြရကြောင်း ဝန်ခံ ပြောကြားကြပါသည်။

"အစိုးရထုတ် သတင်းစာတွေမှာ USDA အကြောင်းသတင်းတွေ ဖော်ပြထားတာ မတွေ့ရဘူး၊ ရန်ကုန်မှာ USDA ဝတ်စုံတွေ ဝတ်ပြီး သွားလာနေတာလဲ မတွေ့ရဘူး" ဟု မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းတွင် နေထိုင်၍ အခြေအနေများကို အကဲခတ် စောင့်ကြည့်နေသူ အကဲခတ်တဦးက ပြောပါသည်။

စစ်အစိုးရသည် တနိုင်ငံလုံး ပါဝင်ဖွဲ့စည်းသည့် နိုင်ငံရေး ပါတီမျိုးထက် ဒေသဆိုင်ရာ နိုင်ငံရေးပါတီများ ဖွဲ့စည်းရန် ပိုမို စိတ်အားထက်သန်နေသည်ဟု နေပြည်တော်ရှိ သတင်းရပ်ကွက်က ပြောပါသည်။

"သူတို့ (စစ်အစိုးရ) လိုချင်တာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်) ကို ဘေးဖယ်ထုတ်ထားနိုင်ဘို့ဘဲ" ဟု အဆိုပါ သတင်းရပ်ကွက်က ဆက်လက် ပြောကြားပါသည်။

လာရီရေဂင်၏အဆိုအရ စစ်အစိုးရက ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးပါမည်ဟု ပြောဆိုနေသော်လည်း ထိန်းသိမ်းခံ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်ကိုမူ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးဖွယ် မရှိကြောင်း၊ ဤရွေးကောက်ပွဲကို အနိုင်ယူရန် သံန္နိဌာန်ချ လုပ်ဆောင်နေရာ၌ သူမသည် အဓိက ခြိမ်းခြောက်မှုကြီး ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုမူ သူမ မပါဘဲဝင် ရောက်ယှဉ်ပြိုင်ခွင့် ပေးနိုင်သည်ဟု ဆိုပါသည်။

"ဒါပေမဲ့ ဒီလိုဆိုလို့လဲ ရွေးကောက်ပွဲက လွတ်လပ်မျှတမယ်၊ NLD က အနှောင့်အယှက် အတားအဆီးမရှိ လွတ်လွတ်လပ်လပ် ဝင်ရောက် ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုလိုတာလဲ မဟုတ်ပါဘူး" ဟု ဂျေဂင်က ပြောပါသည်။

ဤအတောအတွင်း NLD ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ဆွေးနွေးနေဆဲ အဆင့်သာရှိပြီး၊ ဝင်ရောက် ဆင်နွှဲမည်၊ သို့မဟုတ် မပါဝင်ဘဲ ဘေးထွက် ထိုင်နေမည်ဆိုသည်ကို မကြာခင် ရှင်းရှင်းလင်းလင်း ထုတ်ပြန် ကြေငြာသွားရန် စဉ်းစားနေသည်ဟု ဆိုသည်။

ထိုအတောအတွင်း လူသူ လေးစားကြည်ညိုခံရပြီး အတိုက်အခံများက စစ်အစိုးရဘက်က ပင်းသူများဟု စွပ်စွဲဝေဘန် ပြစ်တင်ခံရသည့် အချို့သော အရပ်သားများကမူ ရွေးကောက်ပွဲတွင် ဝင်ရောက်ဆင်နွှဲရန် ပြင်ဆင်နေကြပါသည်။ စစ်အစိုးရ ကိုယ်တိုင်ကလည်း အငြိမ်းစား ကျောင်းဆရာများကဲ့သို့ ရပ်ရွာက လေးစားကြည်ညိုသူများအား ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းရန် ရှာဖွေနေသည်ဟု သတင်းရပ်ကွက်များက ပြောပါသည်။

အလားတူပင် စစ်ဘက် သတင်းရပ်ကွက်များက အနည်းဆုံး ဝန်ကြီး ၉ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင် သိန်းလင်း အပါအဝင် မြို့တော်ဝန် ၂ ဦးသည် ယင်းတို့၏ လက်ရှိ ရာထူးတာဝန်များမှ မကြာခင် နှုတ်ထွက်၍ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်ဟု ဆိုပါသည်။ ဤရွေးကောက်ပွဲသည် စစ်အစိုးရ၏ ဒီမိုကရေစီသို့ လျှောက်လှမ်းရာ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံတွင် အဆင့် ၅ ဖြစ်သည်။

ဤအတောအတွင်း ဘန်ကောက်အခြေစိုက် မြန်မာသတင်းဌာနတခုဖြစ်သော ခေတ်ပြိုင်၏ ဗုဒ္ဓဟူးနေ့က သတင်း ဖော်ပြချက်အရ စစ်တိုင်းမှူး ၃ ဦးကို ဌာနလက်ကိုင်မရှိ ဝန်ကြီးများအဖြစ် ရာထူး တိုးမြှင့်ပေးလိုက်သည်ဟု ဆိုပါသည်။

ဤသို့ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေ နှင့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုးတို့ကို ရာထူး တိုးမြှင့်ပေးလိုက်သည်မှာ ရွေးကောက်ပွဲမတိုင်မီ တပ်အတွင်း ထဲထဲဝင်ဝင် မလုပ်နိုင်အောင် ဘေးသို့ ပထုတ်ထားလိုက်ခြင်း ဖြစ်ကြောင်းဖြင့် ဤသတင်းက ရေးသားထားပါသည်။

ဤသို့ ရာထူးတိုးမြှင့်ပေးမှုမျိုးမှာ ယခင်က တခါမှ မရှိခဲ့ဖူးသေးသော်လည်း စစ်တိုင်းမှူးများကို အုပ်ချုပ်ရေးဘက်တွင် စမ်းသပ်ခန့်ထားရန် စစ်အစိုးရ၏ အစီအစဉ်တရပ်လည်း ဖြစ်နိုင်ကြောင်းဖြင့် ဤသတင်းတွင် ဆက်လက် ရေးသားထားပါသည်။

ဤအတောအတွင်း ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက အတိုက်အခံ အင်အားစုများက နင်းခုံအဖြစ် အသုံးချခြင်းမှ ရှောင်ရှားနိုင်ရန် သေသေချာချာ ဂရုတစိုက် ရေးဆွဲနေပြီး၊ ယင်းကို ယခု ဒီဇင်ဘာလကုန် သို့မဟုတ် ၂ဝဝ၉ ဇန်နဝါရီ လဆန်းတွင် ထုတ်ပြန် ကြေငြာလိမ့်မည်ဟု မျှော်လင့်ရကြောင်းဖြင့် နေပြည်တော်ရှိ အစိုးရအကြီးတန်း အရာရှိတဦးက ပြောပါသည်။

"ရွေးကောက်ပွဲ ဥပဒေ ဘယ်လိုလာမလဲ ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာဘဲ၊ ဒါပေမဲ့ သေချာပေါက် ပြောနိုင်တာ က ၁၉၉ဝ က အဖြစ်အပျက်မျိုး နောက်တခါ မဖြစ်အောင်တော့ သူတို့ လုပ်မှာဘဲ" ဟု အဆိုပါ နေပြည်တော်မှ အစိုးရ အရာရှိကြီးက ပြောပါသည်။

လာရီဂျေဂင်ကမူ ဤရွေးကောက်ပွဲ ဥပဒေတွင် NLD နှင့် အခြား နိုင်ငံရေးပါတီများကို လွတ်လွပ်လပ်လပ် မဲဆွယ်စည်းရုံး လှုပ်ရှားခြင်းများ မလုပ်နိုင်အောင် ကန့်သတ်ထားမှုများ ပါဝင်လိမ့်မည်ဟု ဆိုလိုက်ပါသည်။

၁၉၉ဝ ခုနှစ်တွင် စစ်အုပ်စုထိပ်သီး ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အသွင်ပြောင်း ဖွဲ့စည်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) သည် NLD ကို အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ရပြီး၊ ဤရလဒ်သည် ဦးနေဝင်းထံမှ အာဏာအမွေ ဆက်ခံခဲ့သော မျိုးဆက်သစ် ဗိုလ်ချုပ်များအတွက် မျှော်လင့်မထားသည့် ရလဒ်တရပ် ဖြစ်သည်ဟု လေ့လာသူများက ဆိုကြပါသည်။

အပြည့်အစုံသို့...

ပြဿနာများစွာ လာတော့မည်ဟု ဦးဝင်းတင်သတိပေး

ဧရာဝတီ-ဇာနည်ဝင်း၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာ များစွာကို ကြုံတွေ့ ရတော့မည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“(အဖွဲ့ချုပ်ရဲ့) အနေအထားကို ကြည့်မယ်ဆိုရင် အားလုံး သိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ် အနည်းငယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်”ဟု ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဟောပြောပွဲ တခုတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဖွဲ့ချုပ် ကြုံတွေ့ရမည့် ပြဿနာတခုအဖြစ် စစ်အစိုးရ၏ ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရမည့် အရေးကို ဥပမာပေးခဲ့သည်။

စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် မေလတွင် အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို လာမည့် ၂ နှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည်။ လွန်ခဲ့သည့် ၁၈ နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အဖွဲ့ချုပ်က အဆိုပါ အခြေခံ ဥပဒေကို ပြန်သုံးသပ်ရန် စစ်အစိုးရကို တိုက်တွန်းထားသည်။ သို့သော်လည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ဤသို့သော အခြေအနေတွင် မကြာမီက အကျဉ်းထောင်မှ ပြန်လွတ်လာပြီး အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးအဖြစ် ပြန်လည် တာဝန်ပေးခံရသူ ဦးဝင်းတင်က ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိလာမည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဦးဝင်းတင်၏ သတိပေးချက်နှင့် ပတ်သက်၍ ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက “အခုလည်းပဲ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုပြီး စိန်ခေါ်ခံနေရတယ်” ဟု ဆိုသည်။

“အဖွဲ့ချုပ်က ဒီကနေ့အထိ တောင့်ခံနေနိုင်တာက လူထုက သူ့ကို ထောက်ခံထားလို့၊ လုပ်ပိုင်ခွင့် ပေးထားလို့ဖြစ်တယ်။ လူထုရဲ့အားနဲ့ပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ အကုန်လုံးကို လူထုနဲ့အတူ လုပ်ကြရလိမ့်မယ်။ ဥပမာ … ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာမှာ မတင်ဘူးလို့ ဆုံးဖြတ်တယ်ဆိုရင် လူထုနဲ့အတူ ရင်ဆိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲအတွက် အမတ်စာရင်းတွေ တင်ခိုင်းရင် မတင်နိုင်ဘူး၊ ဒီကိစ္စကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ တောင့်ခံမယ် ဆိုရင် အဲဒါအတွက် လူထုနဲ့အတူ ပြင်ဆင်ရလိမ့်မယ်” ဟု ကိုငွေလင်းက ဧရာဝတီသို့ ပြောပြသည်။

အင်္ဂါနေ့ကပြုလုပ်သည့် ဟောပြောပွဲတွင် ဦးဝင်းတင်က တက်ရောက်လာသည့် လူငယ်များအား ပြဿနာအခက်အခဲများအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ “ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီး အရေးကြီးပါတယ်” ဟု တိုက်တွန်းလိုက်သည်။

အပြည့်အစုံသို့...