Tuesday, December 30, 2008

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

ဧရာဝတီ-အေးချမ်းမြေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၈

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံး အဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

မြန်မာသစ်မဂ္ဂဇင်းတွင် ယခင်လက လယ်တီဆရာတော်ကြီး အကြောင်း၊ ယခင်လမတိုင်မီက ဦးမေအောင် အကြောင်း စသည်ဖြင့် ထင်ရှားသူ ရှေးမြန်မာများ၏ မျက်နှာဖုံးဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုတပတ်တွင်မူ မြန်မာပြည်အတွက် ထင်ရှားဂုဏ်ယူဖွယ် ဖြစ်သော ကုလအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆောင်းပါး ဝေဝေဆာဆာဖြင့် ဖော်ပြရန် ဖြစ်သော်လည်း မျက်နှာဖုံး ဓာတ်ပုံခွင့်ပြုချက်မရသဖြင့် တခြားပုံတပုံ လွှဲပြောင်းတင်ပြရတော့မည် ဖြစ်ကြောင်း သိရသည်။

[ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် (ဓာတ်ပုံ - UN/Grunbaum)]

ဦးသန့်အကြောင်းနှင့် ပတ်သက်၍ ထုတ်ဝေမည့် ၄ ကြိမ်မြောက် မြန်မာသစ်မဂ္ဂဇင်း အတွက် ကဗျာစုစုပေါင်း ၁၀ ပုဒ် ရွေးချယ် တင်ပြထားရာ စိစစ်ရေးက ၇ ပုဒ်ပယ်ခဲ့ပြီး ဆောင်းပါး ၅ ပုဒ်ကိုပါ ဖြုတ်ပယ်ခံခဲ့ရသည်ဟု သိရသည်။

လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ အနှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပြီး ဦးသန့် နှစ် ၁၀၀ ပြည့် အထိန်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း တာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်းနှင့် ကွန်ဂို ပြည်တွင်းစစ်ပြဿနာများ ဖြေရှင်းခဲ့သည်။

အာရှ၏ ပထမဆုံးသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ မြန်မာပြည်အတွက် ဂုဏ်ယူဖွယ် ဦးသန့်၏ ဈာပန အခမ်းအနားကို ဦးနေဝင်းအစိုးရက ဖြစ်သလို ဆောင်ရွက်ခဲ့သဖြင့် ထိုစဉ်က တက္ကသိုလ်ကျောင်းသား များက ဦးသန့်ရုပ်အလောင်းကို လုကာ ရန်ကုန်တက္ကသိုလ်အတွင်း မြေချရန် ကြံစည်ရာမှစ၍ မြန်မာ့သမိုင်းတွင် ယနေ့တိုင် ထင်ရှားသော “ဦးသန့်အရေးအခင်း” ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က အရေးအခင်းကို ဦးနေဝင်းအစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သောကြောင့် ကျောင်းသား၊ ပြည်သူ ဒါဇင်ပေါင်းများစွာ ကျဆုံးသူများ၊ အရေးယူ ထောင်ချခံရသူများ ရှိခဲ့သည်။

ဦးသန့်အကြောင်း ဖော်ပြမည့် မြန်မာသစ်မဂ္ဂဇင်းသည် မြန်မာပြည်တွင် ထင်ရှားလူသိများကာ မြန်မာနိုင်ငံ၏ အကျိုးကို သယ်ပိုးခဲ့သူ ရှေးမြန်မာကြီးများအကြောင်းကို တဦးချင်းစီ လစဉ်ဖော်ပြသွားမည့် မဂ္ဂဇင်းဖြစ်သည်ဟု အယ်ဒီတာအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောပြသည်။

“ဒီမဂ္ဂဇင်းမှာ ရေးတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ စိစစ်ရေးကို တင်ပြရတယ်” ဟု မြန်မာသစ် နှင့် နီးစပ်သူကပြောပြသည်။

မကြာသေးမီအချိန်က မဂ္ဂဇင်းများအားလုံးတွင် ရေးသားသူ စာရေးဆရာ၊ ကဗျာဆရာများ၏ ကိုယ်ရေးအချက် အလက်များကို စိစစ်ရေးသို့ တင်ပြရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တရားဝင်အကြောင်းမကြား သေးကြောင်း ရန်ကုန်မဂ္ဂဇင်း အသိုင်းအဝန်းမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းများ၏ အနေအထားမှာ ပုံစံပြောင်းကာ တိုးတက်မှုရှိလာပြီး စာပေပုံသဏ္ဍန်မဂ္ဂဇင်းများ၊ ပညာပေးမဂ္ဂဇင်းများ သုံး၊ လေးလအတွင်း နေရာရလာသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကပြောပြသည်။

ယခင်ကဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ပေါ့ပ် (Popular) မဂ္ဂဇင်းများကိုသာ ထုတ်ဝေကြသော် လည်း ယခုနောက်ပိုင်းတွင် လူထုကို အသိဥာဏ်၊ အတွေးအခေါ်၊ အနုပညာ မြှင့်တင်ပေးမည့် မဂ္ဂဇင်းပုံစံများအား စီးပွားရေးအရ အမြတ်အစွန်းမရှိသလောက်ဖြင့် ထုတ်ဝေလာသည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။

သာဓက အနေဖြင့် မြန်မာသစ်၊ ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ နွယ်နီ၊ ရနံ့သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများ ဖြစ်သည်။

1 comments:

Anonymous said...

ဖတ်သွားပါတယ်ခင်ဗျာ..