Monday, December 29, 2008

Nanook of The North ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင်ကား ပြသဆွေးနွေးမည်

ဧရာဝတီ-အေးလဲ့၊ ဒီဇင်ဘာလ ၂၆ ရက် ၁၀၀၈

ကမ္ဘာ့ ရုပ်ရှင်နေ့ အထိမ်း အမှတ် အဖြစ် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ရုပ်ရှင် အစည်းအရုံး ခန်းမ၌ ကမ္ဘာ့ ပထမဆုံး မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကို ပြသ ကြည့်ရှု၍ လေ့လာ ဆွေးနွေးမည် ဖြစ်ကြောင်း နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ တဦးက ပြောသည်။

ရုပ်ရှင်ခေတ်ဦးနှင့် ယနေ့ခေတ်ရုပ်ရှင် မည်သို့ ကွာခြားသည်ကို မျိုးဆက်သစ်ရုပ်ရှင်သမားများ လေ့လာနိုင် ရန် ၁၉၂၂ခုနှစ် က ရိုက်ကူးခဲ့သည့် ကမ္ဘာ့ပထမဆုံး မှတ်တမ်းရုပ်ရှင် Nanook of The North ဇာတ်ကား ကို ပြသမည်ဖြစ်သည်ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။

ဦးကြည်စိုးထွန်းက “စက်မှုတွေ ကလည်း ဆန်းသစ် လာပြီလေ၊ ဒီနေ့ အနုပညာ မျိုးဆက်သစ်တွေ အနေနဲ့က ကွန်ပျူတာ နည်းပညာအရ ကောင်းကောင်း နာလည်ရမယ်၊ ပြသပုံ ပြသနည်း ကလည်း ဦးတို့ ငယ်တုန်းက ခေတ်နဲ့ ကွာခြားသွားပြီလေ၊ ရှေ့က ဟာလည်းကြည့် အခုခေတ် နည်းပညာလည်း လိုက်ရမှာ ပေါ့နော်၊ အဟောင်းရော အသစ်ရော လေ့လာရပါမယ်” ဟုပြောသည်။

ယင်း Nanook of The North ဇာတ်ကားသည် အဖြူအမည်း အသံတိတ် ရူပ်ရှင်ဇာတ်ကားဖြစ်ပြီး
Robert J . Flaherty ဆိုသူက ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဓာတ်ပုံသမားအဖြစ် ကနေဒါ မြောက်ပိုင်းရှိ အက်စ်ကီးမိုး လူမျိုးများ၏ နေထိုင်မှု သဘာဝကို ကိုယ်တိုင်ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း သိရသည်။ Nanook ဆိုသည်မှာ ဇာတ်ကားတွင်ပါဝင်သည့် အက်စ်ကီးမိုး လူမျိုးနာမည်ဖြစ်သည်။

၁၈၉၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် ပြင်သစ်လူမျိုး လူမီးယားညီအစ်ကိုနှစ်ဦးက ပဲရစ်မြို့ရှိ Grand ကော်ဖီဆိုင်တွင် ပရိသတ် ၃၃ယောက် နှင့် စတင်၍ တမိနစ်စာ ရုပ်ရှင်အပိုင်းအစများ ပြသခဲ့သည့်နေ့ကို ကမ္ဘာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ယခု မှတ်တမ်းရုပ်ရှင်ကားကို ပြသရခြင်းဖြစ်သည်ဟု ဒါရိုက်တာ ဦးကြည်စိုးထွန်း က ပြောသည်။

ထိုကမ္ဘာ့ရုပ်ရှင်နေ့တွင် ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသားများ၊ ရုပ်ရှင်ပညာလေ့လာနေသော ကျောင်း သားများ၊ အနုပညာသည် တချို့နှင့် စာနယ်ဇင်းသမားများတက်ရောက်ရန်ဖိတ်ကြားထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဦးကြည်စိုးထွန်းကဆက်လက်ပြီး“ကမ္ဘာကိုလည်း ဗမာအကြောင်းသိစေချင်တယ်၊ ဗမာကိုလည်း ကမ္ဘာ့ အကြောင်း သိစေချင်တယ်၊ အဲဒါပါပဲ၊ တခြားနိုင်ငံတွေက တအားကို ဖွံ့ဖြိုး တိုးတက်ပြီးတော့မှ ကျနော်တို့ နိုင်ငံမှာတော့ အများကြီးကျန်ရစ် နေတာပေါ့နော်၊ စက်မှုပညာဆိုတာ ကတော့ နိုင်ငံတော်ကပံ့ပိုးမှ ရမယ့် ကိစ္စပါ” ဟုပြောသည်။

မြန်မာ့ရုပ်ရှင်ဇာတ်ကားများအနနှင့် နိုင်ငံတကာ ထိုးဖောက်နိုင်ရန် နည်းပညာပိုင်း၊ စိတ်ကူးစိတ်သန်း၊ တင်ဆက်ပုံများနှင့်ပတ်သက်ပြီး များစွာကြိုစားရမည်ဟုလည်း ၎င်းကပြောသည်။

ဦးကြည်စိုးထွန်းက “ဥပမာပေးရရင်တော့ တိုင်တန်းနစ်(Titanic) ရုပ်ရှင်ကားဆိုပါတော့၊ ဒီကားက ပိုက်ဆံ သောက်သောက်လဲ ရတဲ့ကားဖြစ်တယ်၊ ကွန်ပျူတာနည်းစနစ် တွေပါတယ်၊ ဒီကားဇာတ်လမ်းလိုပဲ ရှေးခေတ် အဖြူအမည်းခေတ်က ရိုက်ကူးခဲ့တဲ့ A night to remember ဆိုတဲ့ ဇာတ်ကားနှစ်ကား ယှဉ်ကြည့်ရင် အရ သာ က တမျိုးစီပေါ့နော်၊ ဒီခေတ်မှာပြန်ကြည့်ရင်တော့ ရိုးသလိုလိုနဲ့ တကယ်ကို ထိထိမိမိရှိတဲ့ တချို့ပြပုံ လေးတွေ က သိပ်ကောင်းတာပဲ၊ ဒီကားနှစ်ကားရဲ့ ကွာခြားပုံအရ ရှေးကကား တွေကိုလည်း လက်လွတ် လို့မရဘူးဆိုတဲ့သဘောပေါ့” ဟုပြောသည်။

ပထမဦးဆုံး မြန်မာ့ရုပ်ရှင် “မေတ္တာနဲ့သူရာ” အမည်ရှိအသံတိတ် ဇာတ်ကားကို မြန်မာ့ရုပ်ရှင်လုပ်ငန်း ဖခင်ကြီး ဒါရိုက်တာ ဦးအုန်းမောင်က ရိုက်ကူးခဲ့ပြီး ၁၉၂၀ အောက်တိုဘာလ ၁၃ရက်နေ့က ရုံတင်ပြသခဲ့ သည်။

မြန်မာ့ရုပ်ရှင်သမိုင်းသည် ၁၉၂၀ ခုနှစ် ကစပြီး လာမည့်၂၀၂၀ ခုနှစ်တွင် ရာပြည့်နှစ်ဖြစ်မည်။

0 comments: