Saturday, December 20, 2008

မြန်မာအစိုးရ ရွေးကောက်ပွဲ ဥပဒေကို လွတ်လပ်ရေးနေ့တွင် ကြေငြာဖွယ်ရှိ

မဇ္ဈိမ-မုံပီး၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၀၈

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ၏ နောက်တဆင့်အနေဖြင့် မြန်မာစစ်အစိုးရသည် ‘ရွေးကောက်ပွဲ ဥပဒေ’ ကို မကြာမီ ကြေငြာမည် ဖြစ်သည်။ အဆိုပါဥပဒေတွင် လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းရေးအတွက် သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များ ပါဝင်မည် ဖြစ်သည်။

ဘန်ကောက် အခြေစိုက် သတင်းစာဆရာတဦးနှင့် မြန်မာ့ရေးရာ ကျွမ်းကျင်သူဖြစ်သည့် လာရီဂျေဂင် (Larry Jagan) ၏အဆိုအရ စစ်အစိုးရသည် ‘ရွေးကောက်ပွဲ ဥပဒေ’ ကို ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလဆန်းတွင် ကြေငြာဖွယ်ရှိပြီး၊ အဖြစ်နိုင်ဆုံးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့ ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာစစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည်ဟု ကြေငြာထားပြီး၊ အစိုးရသစ်အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ပေးမည်ဖြစ်ကာ၊ ယင်းတို့ထဲတွင် အရပ်သား အနည်းငယ်လဲ ပါဝင်မည် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့် အနေနှင့် စစ်အစိုးရသည် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲပြီးပြီဖြစ်ပြီး၊ မြန်မာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နောက်ဆုံး အတည်ပြုချက်ရယူ လက်မှတ်ရေးထိုးရန် လိုနေသေးသည့် အတွက် ဤသို့ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု စစ်ဘက်နှင့်နီးစပ်သော အသိုင်းအဝိုင်းက ပြောပါသည်။

“ကျနော် (ကျနော့် သတင်းရပ်ကွက်တွေဆီက) သိသလောက် ရွေးကောက်ပွဲဥပဒေကို ဇန်နဝါရီလ ၄ ရက်နေ့မှာ ကြေငြာပါလိမ့်မယ်” ဟု မြန်မာနိုင်ငံအကြောင်း သတင်းအများအပြား ရေးသားခဲ့သူ ဝါရင့်သတင်းစာဆရာ က မဇ္ဈိမကို ပြောပါသည်။

အမည်မဖော်လိုသူ သတင်းရပ်ကွက်က ပြောကြားရာတွင် စစ်အစိုးရသည် ယင်းဥပဒေကို ဒီဇင်ဘာလ နှောင်းပိုင်း သို့မဟုတ် ဇန်နဝါရီလဆန်းပိုင်းတွင် ကြေငြာမည်ဟု ဆိုသည်။ သို့သော် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် လိုအပ်သော အခြေခံ ဆောင်ရွက်စရာ လုပ်ငန်းများ လုပ်ဆောင်ပြီးကြောင်း သူတို့ ယုံကြည်စိတ်ချရမှသာ စစ်အစိုးရက ထိုဥပဒေကို ကြေငြာမည်မှာ သေချာလှသည်ဟု ဆိုပါသည်။

လာရီဂျေဂင် အပါအဝင် လေ့လာသုံးသပ်သူများကမူ စစ်အစိုးရသည် ဤ ‘ရွေးကောက်ပွဲဥပဒေ’ ကို လာမည့် ရွေးကောက်ပွဲတွင် သူတို့ အထက်စီးရရေး သေချာစေရန်အတွက် အသုံးချမည်ဟု ယုံကြည်နေကြပါသည်။ ယင်းရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် အတိုက်အခံပါတီများ အားလုံးကို ချည်ပြီးတုပ်ပြီး ရှိနေစေရန်လည်း လုပ်ဆောင်ထားမည် ဖြစ်သည်။

“ဖြစ်နိုင်တာက ဝင်ပြိုင်ချင်တယ်ဆိုရင် NLD ကို ဝင်ပြိုင်ခွင့်တော့ပေးမယ်၊ ဒါပေမဲ့ ဒီလိုပြောလို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောတာတော့ မဟုတ်ပါဘူး” ဟု ဂျေဂင်က ပြောသွားပြီး၊ ဤပါတီကို မလှုပ်မရှားနိုင် ဖြစ်နေအောင် လုပ်ထားဘို့ သေချာသည်ဟုလည်း သူက ဆက်လက် ပြောဆိုသွားပါသည်။

သို့သော် NLD ကမူ သူတို့ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်နှင့် ပတ်သက်၍ ယခုထိ ဆုံးဖြတ်ချက် မချရသေးပါ။

“ကျနော်တို့ ဒါကို ဆုံးဖြတ်မှာပါ၊ ဒါပေမဲ့ ကျနော်တို့အထင် အခုလုပ်ဘို့က သိပ်စောလွန်းနေပါသေးတယ်” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပါသည်။ NLD အနေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ရွေးကောက်ပွဲဥပဒေ ကြေငြာခြင်း အပါအဝင် တိုးတက်မှုများ ရှိသည်ကို မြင်တွေ့လိုကြောင်း၊ ယင်းနောက်မှာသာ အခြေအနေကိုကြည့်၍ စဉ်းစားမည်ဖြစ်ကြောင်း သူကပြောပါသည်။

သို့သော် အချို့သော ပုဂ္ဂိုလ်များကမူ NLD အနေနှင့် ဝင်မပြိုင်ဘဲ နေပါက အမြော်အမြင်နည်းရာ ရောက်ကြောင်း၊ ပါတီကို ဝင်ပြိုင်ရန် အားပေးတိုက်တွန်းမှုများ ပြုလုပ်နေကြသည်ဟု ဆိုပါသည်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော အဖွဲ့တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၏ ခေါင်းဆောင် ကိုအေးလွင်ကမူ NLD နှင့် အခြား အတိုက်အခံအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲဝင်မှသာ အမြော်အမြင်ကြီးရာ ကျမည်ဖြစ်ပြီး အစိုးရသစ်ကိုလည်း ဒီမိုကရေစီစနစ်သို့ သွားရာအဆင့်တဆင့် အနေဖြင့် လက်ခံသင့်ကြောင်း ပြောသွားပါသည်။

“ဒီမိုကရေစီဆိုတာ ညတွင်းချင်း ရနိုင်တာ မဟုတ်ဘူးဗျ၊ ဒါကြောင့် ရသမျှလေးနဲ့ တဖြေးဖြေးချင်း သွားရမှာဘဲ” ဟု ကိုအေးလွင်က ပြောပါသည်။

ကိုအေးလွင်က သူ့အဖွဲ့သည် ယခုအခါ မဲဆွယ်လုပ်ငန်းများ လုပ်ဆောင်နေပြီး၊ နိုင်ငံရေး ပါတီတခုအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ဝန်ခံ ပြောကြားခဲ့ပါသည်။ သူ့အနေဖြင့် ရွေးကောက်ပွဲသည် ‘လွတ်လပ်မျှတ’ မည်ဟု ယုံကြည်နေပြီး၊ ရလာမည့် ရလဒ်သည်လည်း မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်နှင့် တဆင့်ပို၍ နီးကပ်သွားစေမည် ဖြစ်သည်ဟု ပြောကြားပါသည်။

လာရီဂျေဂင်ကမူ ကိုအေးလွင်ကဲ့သို့ မဟုတ်ဘဲ စစ်အစိုးရ၏ အကြံအစည်သည် ၁၉၉ဝ ရွေးကောက်ပွဲတုံးကလို နောက်တကြိမ် မကြုံတွေ့ရေး ဖြစ်သည်ဟုဆိုသည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ၏ ပြယုဂ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD က အပြတ်အသတ် အနိုင်ရခဲ့ပါသည်။

NLD ကို သူတို့ ရွေးကောက်ပွဲဝင်ခွင့်တော့ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုပြောလို့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့တော့ ဆိုလိုတာ မဟုတ်ဘူး၊ ဖြစ်ဘို့ ပိုများတာက သူတို့က အနှောင့်အယှက်ပေးတာ၊ ဟန့်တားတာတွေ လုပ်မှာဘဲ။ ပြဿနာ လုပ်နိုင်တယ်လို့ ထင်တဲ့လူတွေကိုလဲ ဖမ်းမှာဘဲ” ဟု လာရီဂျေဂင်က ပြောသွားပါသည်။

0 comments: