Saturday, October 19, 2013

ပင်လယ်ရေမြှုပ်များ

"အမှိုက်ကားတစီးလို တိုက်စားစီးဆင်းနေတဲ့ မြစ်က
လူလုပ် အမြိုက်တရားဆိုးတွေ ကျန်သေးလားဟေ့
လူလုပ် အမိုက်အမှားဆိုးတွေ ကျန်သေးလားဟေ့
မြန်မြန်လာပစ်ထည့်ထားကြ
ကျုပ်က အချိန်လိုက် ရွေ့လျားနေရတာ" တဲ့။
 
ဒီကမ္ဘာမှာ
ပင်လယ်ထက် ကျယ်ဝန်းတဲ့ အမြိုက်တရားဆိုးတွေ ရှိသလို
ပင်လယ်ထက် နက်ရှိုင်းတဲ့ အမိုက်အမှားဆိုးတွေလည်း ရှိတယ်
မြစ်တစင်း ဝန်ဆောင်နိုင်အားနဲ့ မသယ်နိုင်လောက်ဘူး
တမိုး တရာသီ တခေါက် နည်းနည်းစီ သယ်ယူပါ
လူဟာ ပင်လယ်ကိုလည်း အားနာနေသေးရဲ့။
 
မင်းတို့လူသားတွေကလည်း
လူ့ဦးနှောက်ထဲက အတွေးဆိုးလို့ ရွက်လွှင့်ရောက်ရှိသွားရာ
စက်မှုသိပ္ပံကျွန်းသစ်၏
အားသွန်ခွန်စိုက်ကြိုးစားချက်ရဲ့ မှားယွင်းရလဒ်မွဲကို
လူ့ဦးနှောက်ထဲ ဆေးထိုးပြီး သတ်ပစ် ရပ်ပစ်လိုက်လို့ မရဘူးလား။
 
လူ့နှလုံးသားထဲက သွေးဆိုးလို့ ရွက်လွှင့်ရောက်ရှိသွားရာ
လူမှုဗိမ္မာန်ကျွန်းသစ်၏
အမှားနွံတိုက်အငြိုးများရဲ့ ဓါးချင်းထသတ်ပွဲကို
လူ့နှလုံးသားထဲ ဆေးထိုးပြီး သတ်ပစ် ရပ်ပစ်လိုက်လို့ မရဘူးလား။
 
ခိုင်းတာမလုပ်ပဲ ရိုင်းလာခဲ့တဲ့ စက်ရုပ်ကို အသက်နှုတ်မရရင်လည်း
ဖောက်ခွဲပစ်ရမှာပေါ့
ကိုယ့်မိုင်းကိုယ်နင်းမိခဲ့တဲ့ သချိုင်းကုန်းတွေကို သတိရပါ
ကိုယ့်ညှောင့်ကိုယ်စူးမိခဲ့တဲ့ ထောင်ချောက်တွေကို သတိရပါ
ဒီရေဟာ အရင်လို အဆိပ်ရှိတုန်းပဲ ဆိုတာ မမေ့နဲ့။
 
မင်းတို့လူသားတွေက
နယူးကလီးယားချေး ထည့်တဲ့ပုံး မရှိပဲ
နယူးကလီးယားဗုံးကို တီထွင်လိုက်တယ်
ဒီလူ့ပယောဂ ရင်တွင်းဖြစ်အမှိုက်က
ကောင်းကင်ဆီ ပစ်တင်မရ၊ သမုဒ္ဒရာထဲလည်း ပစ်ချမရ
ကမ္ဘာ့ ရေခဲတောင်အောက်နက်နက်ထဲ တူးမြုပ်ကြတယ်
အဲဒီ အပူစွမ်းအင်တွေ သတ္တိကြွ ပေါက်ကွဲထွက်
ရေခဲတောင်ကြီးလည်း အရည်ပျော်ကျလာခဲ့ရင်
ကမ္ဘာဟာ ဘဝကို အစက ပြန်လှော်ခပ် ရတော့မှာပဲ
သွားနေတဲ့အရှိန် ဆိုတာ နောက်ကျမှ ရပ်ရင် ခက်တယ်
မှားနေတဲ့အချိန် ဆိုတာ ဘယ်တုန်းကမှ မစခဲ့သင့်ပါ
စစ်ဟာ တချိန်ချိန်မှာ အိမ်ပြန်လာမယ်လို့ ပြောခဲ့ပေမဲ့
လူသားတွေဘက်ကလည်း
ပဋိပက္ခအားပြိုင်မှုကို ဦးနှောက်တံခါးနဲ့ ပိတ်ထားနိုင်တာပဲ
ယတိပြတ်မှားနိုင်မှုကို အတွေးအခေါ်တံခါးနဲ့ ပိတ်ထားနိုင်တာပဲ
အားသာရင်ရန်စတဲ့စနစ်ကို နှလုံးသားတံခါးနဲ့ ပိတ်ထားနိုင်တာပဲ
မတရားလာရင်ပြန်ချတဲ့အကျင့်ကို အပြုံးအားတံခါးနဲ့ ပိတ်ထားနိုင်တာပဲ
ကိုယ်လက်ဆွဲနှုတ်ဆက်မှ ဖြစ်မဲ့ သံတမန်ရေးရာတို့မှာ
အတွေးဟာ သွေးမဆာဖို့ပဲ လိုတယ်။
 
ပင်လယ်ဟာ အမြင်မကျယ်ပါဘူး
သူ့ရဲ့စိတ်အစစ်ဟာ သိပ်မရင့်ကျက်ပါဘူး
ဒါပေမဲ့
လူ့အမှားအမျိုးမျိုးရဲ့ အမှိုက်ပုံကို လက်ခံခဲ့တယ်
လူ့တရားအဆိုးဆိုးရဲ့ စရိုက်စုံကို လက်ခံခဲ့တယ်
မ တထောင်ငရဲသားတွေကို ထောင်မှူး လုပ်ရသလို
အကုသိုလ်တွေကို ဂျိုသွေးခွင့် ဒေါသထွက်ခွင့်ပြုထားရ
ညမှာ အမြင့်တခုက လရောင်ရောက်တဲ့အခါတိုင်း
ဘဝမှာ အကျင့်တခုအရ ထောင်ဖောက်ထွက်လာတဲ့ မိစ္ဆာလှိုင်းလုံးတွေ
မွေးဖွားရာ ကုန်းမြေဆီ ပြန် ပြန်လည်ကြရဲ့
ပစ္စုပ္ပန်မှာ ဘယ်လူ့သမိုင်းကမှ လက်မခံတဲ့ မိစ္ဆာလှိုင်းရေငန်ဟာ
ပင်လယ်ဆီပဲ ပြန် ပြန် လာခဲ့ရတာပေါ့
တကယ်တော့ ဒါတွေဟာ
လူ့ပယောဂ အညစ်အပတ်တွေကပဲ စခဲ့တာ မဟုတ်လား
လူ့အန်ဖတ်ကို
လူက ရွံရှာတတ်တဲ့ လူ့ယဉ်ကျေးမှု ကြီး ထွန်းကားခဲ့တာ ကြာပြီ။   ။
 
သုအိုင်စံ
၁၉-၁၀-၂၀၁၃

0 comments: