Saturday, October 19, 2013

မြန်မာဘုန်းကြီးကျောင်းသားအတုများ

ကျောင်းကိုသွားပြီး ပညာသင်ဖို့ထက်
ချောင်းထဲသွားပြီး ရွှေရှာချင်ကြတဲ့ ရင်တွင်းဖြစ်ဆန္ဒဟာ
အပင်ရင်း အမြစ်ဖြတ်ခံရတဲ့ မျိုးဖျက်ကင်ဆာမှန်းမသိ
ရွှေရရင် ငွေရမယ် ဆိုတာပဲသိတဲ့ ခလေးတွေ
ရွှေကျင်ကြတယ်။

ရွာအပြင် ချောင်းဖျားက ထွက်တဲ့အရာ
သယံဇာတဆိုတာ ရောင်းစားဖို့ပဲလေ လို့
အစဉ်အလာနဲ့ သဘောပေါက်ထားတော့
နဂိုပိုင်သည့် ရွှေပေါများတဲ့ အောက်ခြေနက် ရှိဆဲရွှေတွင်းထက်
လူ့ လောဘဟာ တကယ် ပို တွင်းနက်မှန်း မသိရှိခဲ့ကြသလို။

စာသင်ကျောင်း သွားမတက်ကြတဲ့အခါ
ဥာဏ်ဥာဏဆိုတာ ခေါင်းပါးလို့ မွဲတေလို့
ပညာမဲ့ တောပျောက်သွားတော့
ကိုယ်ပိုင်အသိတွေဘဘောတရားမဲ့ ပျောက်နေတဲ့ အသိမွဲနေခြင်းထက်
လူ့ လောကဟာ တကယ် ပို ကျဉ်းခဲ့မှန်း သတိမရှိခဲ့ကြပေ။

လူကြီးတွေလည်း နက်နက်တူးနေတယ်
ခလေးတွေလည်း ဆက်ဆက်တူးနေတယ်
အရင်းအနှီး အဆုံးမရှိဘူး
တွင်း အပြီး အဆုံးထိ တူးမယ်
လွယ်လှတဲ့ဒီလမ်းမှာ
ကြွယ်ဝမဲ့ချမ်းသာနည်းဟာ
ဘွဲ့ပညာရပ် တခု မလိုတော့လည်း။

ရွှေကျင်တဲ့အခါ
မြေအပေါ်ယံထက်က မြေသားဟာ
မြေဖျော်ကန်စက်ထဲမှာ ရေစားသွားပြီး
မြေဆီမြေနှစ်ဟာလည်း ရေနီရေညစ်ထဲ မျောပါသွားတယ်
အပေါ်ကို တူးဆွလို့ တက်လာတဲ့ မြေအောက်သားက
ရာသီပေါ်သီးရွက်သီးနှံတောင် ယာယီ စိုက်စားလို့မရပါ
ရေနီရေညစ်ဟာ မြစ်ရိုးတလျှောက်မှာ အဆိပ်ဖြစ်
ငါးတွေ ဖားတွေ ရေနေကောင်တွေ စိတ်ညစ်ရပြီ
ဒီမြစ်ကမ်းတလျှောက်က ရွာသူရွာသားတွေဟာ
ဒီထုံးနောက် မြစ်ရေနီနဲ့ပဲ ထမင်းချက်စားရ
ဒါဟာ...အဆိပ်ကို ဖြေးဖြေးချင်း မျိုချနေကြပါလားလို့
ရွှေတူးသမားတို့ မစဉ်းစားနိုင် အရေးမထားအား
ကျင်ခွက်အလယ်မှာ ရွှေသား အနယ်ထိုင်နေတာပဲ မြင်ချင်ခဲ့
လောဘက အကန့်အသတ်မဲ့တယ်။

သိပ်မကြာလိုက်ပေ
မြေတွေကုန်သွား
ရွှေတွေကုန်သွား
မြစ် ပျက်စီးသွား
ဖားတွေ ငါးတွေ ရေနေကောင်တွေ နယ်ပြောင်းသွား
မြေကလည်း ဟင်းသီးဟင်းရွက် စိုက်စားမရ
ရှိထားတဲ့ရွှေတွေကိုပဲ ရောင်းစားနေကြပြီ
ခဏကြာတော့
ရှိထားတဲ့ရွှေတွေပါ ထပ်၍ ကုန်သွားသည်။

ခလေးတွေ လူကြီးဖြစ်လာခဲ့ပြီ
ဦးနှောက်ထဲမှာ အသိဥာဏ်ပညာ မရှိ
ဂိုထောင်ထဲမှာ ရိက္ခာဝမ်းစာ မရှိ
လုပ်စားဖို့ရာ အတတ်ပညာ မရှိ
ဤ ရွာ၏ ၁၀၉/၁၁၀ ဝေလေလေများ
ရွာလယ် ဘုန်းကြီးကျောင်းမှာ လာစုဆုံမိကြ
တရားနာကြ ဗေဒင်ကြည့်ကြ ချဲတွက်ကြ
ဗုဒ္ဒကျွေးတဲ့ နေ့လယ်စာကလည်း၊ သူ့မေတ္တာ ရေစီးသန်ဆဲပါပဲ။

သယံဇာတအရင်းအနှီးဆိုတာ တရက်စာ ဖြစ်ကြောင်း
ဥာဏ်ဥာဏအရင်းအနှီးဆိုတာ တသက်စာ ဖြစ်ကြောင်း
ဒီ ဘုန်းကြီးကျောင်းသားအတုတွေကို ရှင်းပြလို့ နားမလည်နိုင်ပေမဲ့
သူတို့ရဲ့ မျိုးဆက်တွေကိုတော့ လက်ခံနိုင်လာအောာင် သင်ကြားပေးရမှာပဲ
တို့ရွာရဲ့ စာသင်ကျောင်းလေးထဲ
ကိုယ့်ဦးနှောက်ကိုယ် ဖွင့်ဆောင်းပြီး ဝင်လာခဲ့ပါ ခလေးတို့ရေ...

ရွှေသိပ်ထွက်တဲ့ အဲဒီရွာလိုပဲ
ရွှေသိပ်ထွက်တဲ့ မြန်မာပြည်ကြီး မမွဲခင်
မြန်မာပြည်သားဆိုတာ စာမြန်မြန် သင်ပေးရမဲ့ကောင်တွေပေါ့ဗျာ။  ။

သုအိုင်စံ
၁၉-၁၀-၂၀၁၃

0 comments: