ချစ်ခြင်း .. နှလုံးသားနှင့် ပစ္စက္ခကွင်းပြင်
…
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှု
ရှိတယ်ဆိုပေမယ့်
လျှော်ဖွတ်ခံထားရတဲ့
နေ့ရက်တွေအတွက်
ပြန်စာ မလာခဲ့ပါဘူး
..
ပျောက်သွားတဲ့
နံနက်ခင်းမှာမှ
နုနုထွေးထွေး
နေခြည်ကို ပွေ့ဖက်ချင်သူ
အရောင်လွင့်နေတဲ့
ကိုယ်ရုံအင်္ကျီနဲ့ ..
ဟိုဟို ဒီဒီ
လမ်းသလားချင်နေသေးတယ်. …
အပစ်ပယ်ခံ
ညနေခင်းတွေရယ်
နွေဦးဝတ်စုံနဲ့
မကျီစားပါနဲ့ကွဲ့ ..
အရိုင်းတကာ့အရိုင်းတွေထဲကမှ
ငါက …
အမြဲတမ်း
အာရုံတွေဖျားနာနေတတ်တဲ့
စွန့်ပစ်ခံ
သားလေး တယောက်ပါကွယ် ..
ချစ်တဲ့မေမေ
…
(အာရုံဦးရဲ့
ကိုယ်စားပြုသူ)
ပြဌာန်းခံ
ချစ်ခြင်းများနှင့် ..
နှလုံးသားကု
ိသိုက်မတူးတတ်ပါဘူးကွဲ့ ..
အာရုံငါးပါးထဲ
စူးဝင်ထားတဲ့ ကျည်တတောင့်အတွက်
လွမ်းစရာအလွမ်းတောင်
ရှားပါးလွန်းလို့ ..
အလွမ်းတွေ
မချပါရစေနဲ့ ကွယ် …
ကြွေနေတဲ့
ကြယ်တွေဘေးက
အဏုဇီဝ အမှုံလေးတမှုံပါကွယ်
..
ဒါပေမယ့် ခုတော့လည်း ..
ငါ့တကိုယ်လုံး
ချစ်ခြင်းတရားတွေနဲ့
အတိပြီးလောက်ချင်နေသေးတယ်
ငါ ..
အတ္တကြီးနေမိပြန်ပြီ
…
ချစ်သူရေ
..
ပါရီမြို့ကြီး
ပြိုကျနေတာ
ငါ့မျက်စေ့ရှေ့မှောက်မှာ
မဟုတ်ပေမယ့်
အဲဒီ အလွမ်းတွေကိုတော့
ပါရီမြို့သားတွေအကြား
ငါ ..
နိုင်ငံခြားသား
မဆန်ခဲ့ပါဘူးကွယ် …
အရောင်သစ်တွေနဲ့
ဒီဇိုင်းဆင်ထားတဲ့
ရောင်းကုန်သစ်တွေ
(တကယ်တော့
အဟောင်းနံ့ စပ်ဖျဉ်းဖျဉ်းနဲ့ပါ)
ဟန်ရေးတပြပြဖြစ်နေတဲ့အချိန်
တနေရာစာ ကတ်ထူအဖုံးတခုအတွက်
ဘယ်သူ့ကိုမှ
ငါ …
ခြေလည်း မထိုးခဲ့ဘူးပါဘူး
..
ချစ်တဲ့ ချစ်သူရေ
ငါ
မင်းကိုချစ်နေတဲ့
ချစ်ခြင်းတရားကိုလည်း
နှိုင်းရတန်ဖိုးနဲ့
မတွက်ချက်ပါနဲ့ကွယ် …
တကယ်တော့လည်း
မင်းကိုချစ်နေခဲ့မိတာ
..
ရာသီမတိုင်ပဲ
ပယောဂ၀င်နေတဲ့
နတ်ဝင်သည်တယောက်ရဲ့.ရူးသွပ်မှုမျိုးနဲ့
အရာအားလုံးဟာ
ငါမဟုတ်တော့ပဲ
…
မင်း ဖြစ်ဖြစ်သွားတတ်လို့ပါ
ကွယ် … ။ ။
ရိုးဆက်
(၂၂၊ ၁၀၊
၂၀၁၃)
0 comments:
Post a Comment