Tuesday, October 29, 2013

မျက်ရည်ပျယ်လွင့်၊ အပြုံးသစ်ပွင့်သော်၊ ဘဝကို ဖွဖွလေး ပြန်ပျော်မယ်။

နဂိုခိုင်တဲ့ စိတ်ဓါတ် ပင်ပန်းဆင်းရဲ အားပျက်လာ
ကိုယ်တိုင် အဆိပ်ခပ် အရှင်ဖမ်း ညှင်းဆဲထားတဲ့
ချစ်သူဖော်ကွဲရဲ့ယစ်ပူဇော်ပွဲသဘင် သုခုမဂီတသံများ
နှလုံးသားနံရံကို အပြုံးအားသန်သန်နဲ့ရိုက်
ပွေ့ပိုက်တီးရင်းနဲ့ တက်ကြွစွာ ခုန်မြူးက ပျော်ရွှင်တဲ့
ဆယ်ကျော်သက် မေတ္တာရိုင်းဗိမ္မာန်မြေ
ကွေ့ဝိုက်စီးဆင်း ရမ္မက်အလှစုံ ကူးခပ် ပျော်ဝင်လျှက်
နယ်ကျော်မဲ့ အချစ်ဟာ လှိုင်းသိပ်ထန်နေ
အချစ်ဆာ မှိုင်းဆိပ်လျှံဝေတဲ့ အချစ်တစ်စင်းကို ကိုးစား
မြစ်တစ်စင်းလို စုန်/ဆန်ရိုးသား ချစ်ခြင်းကို အကုန် တန်ဖိုးထား
သစ္စာတန်ခိုးအား ခိုင်မာစူးရှလျှက်
မေတ္တာမိုးများ ပြို င်ရွာဖူးကြတဲ့
အပြစ်မဲ့တဲ့ ကောင်းကင် ၂ ယောက်သား
အခု အချစ်မဲ့လျှက် ခေါင်းစဉ်ပျောက်သွားပြီ
ကိုယ်စီ တစ်ယောက်ရဲ့သွေးထက်မှာ တစ်ယောက်ရဲ့သွေးစက်နဲ့
ကိုယ်စီ တစ်ယောက်က ရေးဖွဲ့ထားခဲ့တဲ့ တက်ကြွချစ်သံစဉ်များ
ရင်ခုန်လိုက်တိုင်း ရက်ရက်စက်စက် ပြန်ကြားနေရ
စဉ်းစားလိုက်တိုင်း ပက်ပက်စက်စက် ခံစားနေရ
မဖျက်ဆီးရက်တဲ့ ဒီတီးလုံးတွေက ဘယ်တော့ ပြီးဆုံးမလဲ
တစ်ရက်ပြီးတစ်ရက်စောင့်ခဲ့ (မီးလောင်ရက်များ)
တစ်လုံးပြီးတစ်လုံးသောက်ခဲ့ (မီးတောက်အရက်များ)
(ပြီး-ပျောက်-ပျက်-သွား-မှာ-ပဲလို့) (ပြီး-ပျောက်-ပျက်-သွား-မှာ-ပဲလို့)
ကိုယ် ထင်တာလည်း နိုဝင်ဘာမှာ လွဲခဲ့
တစ်ယောက်လိုစာပဲ ရှင်သန်ရုံလေး အသက်အောင့် ရှူ ပစ်ခဲ့
အောက်တိုဘာထဲ အပင်ဟန်ပုံ အသွေးအကွက် ပျောက်လွင့်ခဲ့ရုံလေးပဲ
ရေသောက်မြစ် ထွက်ဇုံ သွေးထဲမှာ
ဒဏ်ရာထုပ်ပိုးတဲ့ အားလှိုင်းလုံးလည်း သန်မာအုပ်စိုးလျှက် ထွားကြိုင်းတုန်းပဲ
နေလာတဲ့ တစ်နှစ်ရဲ့ ရက်တွေ နောက်ဆုံးမှာ ကုန်သွားပြီး
နှစ်သစ်ကူးတဲ့ သင်္ကြန်ခါ ဆိုကြ တီးကြ ရက်မှာ လျှောက်ပျော်ပါးခဲ့
ဝေဒနာရဲ့ ပစ်ချက်တွေ ပျောက်ဆုံးကာ အကုန်ထားပြီး
အသစ်ပွင့်ဖူးမဲ့ ကံကြမ္မာ ဂြိုလ်မြတ်စီး ထပွက်တာ စောင့်မျှော်စားခဲ့
တစ်ကောင်ထဲ ဘဝပျက်ရတာ အမှာင်ထဲ ညနက်ရ သလိုပါပဲ
စောင့်မျှော်ခြင်းလည်း အကျဉ်းမှောင်ထဲ
မရောက်၊မပေါ်၊မဆင်းသေးတဲ့ အလင်းရောင်ဟာ ကားစက်မှ နှိုးမရပဲ
ကဲ.....ရင်ခုန်မြဲ ကိုယ့် ရင်အုံကို ကိုယ် စုန်ကန်ခွဲ ဖွင့်ထွက်
နှလုံးသားပွင့်အက် သွေးပန်းပွက်ရာ
ဒီချစ်ခြင်းမေတ္တာထီးသုန်းနန်းသုန်းသီချင်းအား
စိတ်မှာတိုးလွင့် ကြားယောင် ကြည်နူးတာ သီချင်းမဆုံးလိုက်ပါဘူး
မိစ္တာဆိုးအချစ်သားကောင်ဒီအရူးဟာ နှလုံးခုန်မြန် မောဟိုက်လာ
ပြောလိုက်ပါ..ဒါဟာ ကိုယ်ပိုက်ထားတဲ့ ရင်တွင်းဖြစ် ကိုယ့်မိုက်မှားမှု၊
အတ္တဗဟိုပြု မဏ္ဍိုင်တရားမှာ
လွန်ခဲ့သော တစက္ကန့် အထိဟာ
ရှိတာ အကုန် ပစ်ချထားခဲ့ရမဲ့ ပိုနေချက် လိုနေချက်တွေပဲ
ဒီ ဂလက်စီထဲမှာ
သူဟာလည်း လွင့်နေတဲ့ အမှိုက်စ၊ ကိုယ်ဟာလည်း လွင့်နေတဲ့ အမှိုက်စ
ကြုံကြိုက်လို့  မတော်တဆ ရမ်းသမ်း ဝင်တိုက်မိကြလည်း
အဲဒီလမ်းကို ရဲရဲပဲ လက်တွဲဖြတ်သန်း
ကိုယ့်လမ်းကိုယ် ခွဲ တစ်ယောက်ထည်း သွားရတော့လည်း
မကြောက်ပဲ၊ ဝမ်းနည်းအားငယ်နေချိန် မရှိပေ
လွင့်နေတဲ့ ဆွဲအားကြမ်း ရှုပ်ယှက်ခတ် စွပ်လမ်းကြောင်းမှာ
အမှိုက်တစ်စက အမှိုက်တစ်စကို စောင့်နေမယ်ဆိုတာ
(ဟား-ဟား-ဟား-လို့...) ရီချင်စရာပဲ
အမှိုက်တစ်စက အမှိုက်တစ်စ နောက်ပြေးလိုက်မယ် ဆိုတာလည်း
(ရှစ်-ရှစ်-ရှစ်...) မဖြစ်နိုင်တာပဲ
သူသူငါငါဟာ
ဒီအရှိန်မှာ အတူလွင့်နေရတယ်၊ ဒီအချိန်မှာ အတူဖြစ်နေကြတယ်
လူတိုင်းဟာ
ကိုယ့် နှာခေါင်းဝက အနီးဆုံး လေသားကိုပဲ ရှူ ရှို က်သွင်းနိုင်တယ်
ကိုယ့် ကိုယ်ခန္ဓာ ယန္ဒယားကို
ကိုယ့်သွေးသားနဲ့ ပဲ ထည့်မောင်းတယ်
ကိုယ့် စိတ်ဈာန် ယန္ဒယားကိုလည်း
ကိုယ့်အတွေး စိတ်မာန်သတ္တိနဲ့ပဲ ထည့်မောင်းတယ်
လူတိုင်းရဲ့ ဦးခေါင်းတိုင်းဟာ
သူ့ ဦးခေါင်းပတ်လည်လောက်ပဲ အရင်စဉ်းစားတယ်
ငါ့ ဆီလာမယ်/ ငါက သွားမယ်ဆိုတာ
အဓိက မကျပါဘူး
ငါ့ ကား ကောင်းရဲ့လား ငါ့ ကား ဓါတ်ဆီလိုလားဆိုတာ
ငါ ပထမစဉ်းစားရမဲ့ ကိစ္စ၊ ငါ တိုင်းရဲ့ကိစ္စ
အဲဒီ အချိန်မှာ မင်းဘဝအသက်ထွက် အသုဘဖြစ်နေလည်း
အဲဒါဟာ ဒုတိယကိစ္စပဲ ဖြစ်နေတတ်တာကို
ဝမ်းနည်းစွာ ကိုယ်က နားလည် လက်ခံရမှာပဲ
လူဆိုတာ
တစ်တောင့်ချင်း ပစ်ထွက်လာတဲ့ ကျည်ဆံထိပ်ဖူးတွေမို့
ကျည်ပြေးလမ်းကြောင်းမှာ၊ ဘာတစ်ခုမှ ရှိနေဖို့ မလိုပါ
ရှိလာတာဟာ ရန်သူပဲ၊ လူ ကျည်ဆံဟာ ရဲရဲတိုးတယ်
လူတိုင်း လူတိုင်းပဲ
ငါ့ဦးနှောက်နဲ့ပဲ ငါလင်းတောက်မယ် ဆိုတဲ့ ကိစ္စမှာ
သူ့ ဦးနှောက်နဲ့ ဓါတ်ဆီ ယူလာ ထည့်ပေးမယ်ဆိုတာ
ယုတ္တိမရှိပါဘူး
သူ့ ဦးနှောက်သူ လင်းတောက် နေရတာနဲ့ပဲ အချိန်ကုန်တယ်
လူက ပြန်လာမယ်ဆိုတာတွေကို လူက မကြိုဆိုအပ်ဘူး
လူက ပြန်ဆုံမယ်ဆိုတာတွေကိုလည်း လူက မယုံကြည်အပ်ဘူး
ကိုယ့်ဆေးမှင်ကြောင် ဘယ်လောက် လေးလေး
ကိုယ်တိုင် သယ်ဆောင်ပြေးရတယ်
စစ်ပူပြေးတုန်းက မင်း ဝိုင်းသယ်ပေးမယ် ဆိုတဲ့ ငါ့ ဦးနှောက်က
တစ်စစီ ဖြုတ်မရခဲ့ဘူးလေ
ကိုယ့်ခြေ ကိုယ့်လက်နဲ့ပဲ ကူးရခပ်ရမဲ့ ဒီမြစ်မှာ
ခြေအပို မပါ လက်အပို မပါတဲ့ မင်းရဲ့ ဂရုဏာတရားဟာ
ဘယ်သူမှ သုံးစားမရပါဘူးကွာ
မြစ်ထဲမှာ ငါ့ဘဝကို လှိုင်းကြမ်းတွဲကြီး အုပ်သွားတော့
ဝိုင်းလှမ်းဆွဲပြီးထုတ်သွားမဲ့၊ မင်းဟာ လက် မအား ခြေ မအား
မြစ်ထဲမှာ မင်းဘဝ စုပ်ဝဲခွက်အောက် ရောက်သွားတော့
အတင်းမော့ ဂုတ်ဆွဲမြှောက်ထားဖို့၊ ငါဟာ လက် မအား ခြေ မအား
ငါ ကလည်း ရေမနစ်သွားခဲ့တဲ့ ဒီဘဝရေစီးမှာ
မင်း ကလည်း ဝါးကူမထိုးခဲ့တဲ့ ဒီဘဝရေခရီးဟာ
ငါ့အတွက် မင်းအသက်သေဆုံးမယ် ဆိုလည်း
အဲဒါ...ဘာအရေးကြီး ထူးဆန်းသွားမှာလဲ
မင်းအတွက် ငါဆက်နေဦးမယ် ဆိုလည်း
အဲဒါ...ဘာအရေးကြီး ထူးဆန်းသွားမှာလဲ
သေရာပါ ရင်ကွဲနာပေးမဲ့ ၂ဦးသား နောက်ဆုံးရဲ့အနမ်း... လွဲချော်ပျက်
ဝေဒနာဖြာ ရှင်ကွဲကဗျာရေးတဲ့ ၂ ဦးသား ပျောက်ဆုံးမဲ့... လမ်းခွဲပေါ်တက်
မေတ္တာသွေးမြစ် ခမ်းခြောက်ခရီးဆုံး အချစ်ဟာဝေးလွင့် လမ်းပျောက်ပြီးဆုံး
နောက်ဆုံးလွင့်လာတဲ့ မေတ္တာဂီတ တီးလုံးတီးကွက်တွေ သုသာန်မြေမှာ
အိပ်မရစွာခွေလဲငေါင်သေ အဖော်ငတ် နေ့ရက်ဒဏ်ရာများ မီးခိုးများရဲ့ ခေါင်းတိုင်ဆီမှ
ပျောက်ဆုံးလွင့်ဖွာထွက် အချစ်ဟာ ဒီဘဝပြီးဆုံး ခရီးပျက်သေ မြှုပ်နှံစေကာ
စိတ်ကျနာရေခဲတောင် အရည်ပျော်ကျ အငွေ့ဖွဲ့ပျံကာသွား ဆီးမိုးထားတဲ့ ကောင်းကင်ဆီ
ဟောဒီ မျက်ရည်ခမ်းသွားတဲ့ ပါးပြင်ပေါ်မှာ
ငြိမ်းချမ်းရေး အပြုံးပန်းဟာ ခမ်းနားကြည်နူးစွာ ပွင့်ဖူးနေတယ်
တွေ့တယ် မဟုတ်လား...ဒီမှာ။   ။


(((မီးမီးလေးအတွက် ဒက်ဒီရေးတယ်။)))
သုအိုင်စံ
၂၈-၁၀-၂၀၁၃


0 comments: