Saturday, October 12, 2013

စာအုပ်အမည် (ဗလာ) လို့ ခေါ်၏၊ ရေးသူ အမည်မသိပါ။

ဦးနှောက်ထဲမှာ
ဘာအတွေးအခေါ်မှ မရှိ
ဘာအသိတရားမှ မတင်သွင်း
ဘာဗဟုသုတမှ မသိုလှောင်
ဘာဂီတမှ နားမထောင်
ဘာပန်းချီကားမှ မခံစား
ဘာရုပ်ရှင်ကားမှ မကြည့်
ဘာစာအုပ်မှ မဖတ်ထား
ဘာဘာသာတရားမှ နားမလည်
စာလည်း ရေးတတ်ဖတ်တတ်ရုံလေး
သူ့ မွေးနယ်သုံး စကားတမျိုးပဲ ပြောတဲ့
အိုးမဲ့အိမ်မဲ့ ဂျစ်ပစီတစ်ဦးကို
အင်တာဗျူးးချင်တယ်
မေးခွန်း ၃ ခုပဲ မေးမယ်
တခုကို တနာရီကြာ ဖြေပေးရမယ်
(၁) ဘဝဟာ ဘာလဲလို့
(၂) ဘဝအပေါ် ဘယ်လို ခံစားလဲလို့
(၃) ဘဝကို ဘယ်လောက်ထိ တန်ဖိုးထားလဲလို့
၃ နာရီကြာ သူ ဖြေဆိုထားမဲ့
သူ့ရဲ့ စကားလုံး အားလုံး
သူ့ရဲ့ လှောင်ရယ်သံ အားလုံး
သူရဲ့ အသက်ရှူ သံ အားလုံး
သူ့ရဲ့ ရိုးသားမှု အားလုံး
သူ့ရဲ့ မုသားတွေ အားလုံး
သူ့ရဲ့ ရင်ခုန်နှုန်း အားလုံးကို
စာအုပ်ထဲတည့်ပြီး ထုတ်ဝေမယ်
လူသားအားလုံး မဖတ်ဖူးသေးတဲ့ ဒီစာအုပ်ဟာ
လူသားအားလုံးပဲ မဖြစ်မနေ
ဖတ်သင့်နေတဲ့ စာအုပ်ဖြစ်လာရင်တော့
လူသားအားလုံးတို့ရေ
ကိုယ့်ဦးနှောက်ကိုယ် ထုရိုက်ချေပြီးပေါက်ခွဲကြဟေ့
လူ့ အမှိုက်တွေ မီးတောက်ထဲ ကပ်ရွေ့တွားဝင်သွားကြသလို
တစုံတရာကို တွေ့ရှိထားခြင်း မြင်သိထားခြင်း မှန်သမျှဟာ
လူ့ ရိုးစင်းခြင်း မုဒိန်းကျင့်ခံခဲ့ရတာပဲ မဟုတ်လား
ဘုရားသခင်အပါအဝင် ဥာဏ်ပညာလင်းပွင့်မှု ကြီးများက
လူ့ဦးနှောက်ကို ကျွန်လိုပဲ သဘောထားလျှက် ယုတ်ညံ့စွာ
လုံးဝ အောက်မှာချနင်းချေကာ နှိမ်ဆက်ဆံထားခဲ့တာပဲ
အဲဒီ ဝါဒအတွေးအခေါ်တွေ ဘာသာရေးသဘောတရားတွေ
ဘဝသီအိုရီတွေ ဥာဏ်အလင်းတောက်တွေရဲ့ သုတ်နံ့ဟာ
လူ့ ဦးနှောက်နံရံတွေမှာ စွဲကပ် နံစော်နေတုန်းပဲ မဟုတ်လား
ထားလိုက်ပါတော့

ကဲဗျာ... ကျုပ်ဦးနှောက်နဲ့ သိလာတာအားလုံးကို သွန်ပစ်လိုက်မယ်
လာပါ၊ ဘယ်သူလာ အင်တာဗျူး လုပ်ကြမလဲ
ကျုပ်ကပဲ နှလုံးသွေးသားဖြစ် အသိအားနဲ့ ဖြေပေး လိုက်ပါ့မယ်
လောက၏
အသွယ်သွယ် အရာရာ အကြောင့်ကြောင့် အမြင်မြင် အရှုပ်ရှုပ်ဟာ
ကျုပ် သောက်မြင်ကပ်နေခဲ့တာ သိပ်ကို ရှည်ကြာသွားခဲ့ပါပြီ
ဘုရားသခင်တွေရဲ့ ကိုလိုနီသိမ်းသွင်းနယ်မြေအားလုံးဟာ
လူသားတွေရဲ့ ရိုးစင်းသောလွပ်လပ်ခြင်းလေး ဖြစ်နေတာကိုတော့
ချက်ချင်း ထ တော်လှန်ကြတော့ကွာ။   ။

သုအိုင်စံ
၁၂-၁၀-၂၀၁၃

0 comments: