Saturday, October 12, 2013

ရေအောက်ကမ္ဘာ

ရေကာတာ သိပ်ဆောက်ချင်နေတဲ့ ငမိုက်သားတို့ရေ......
ရခိုင်ရိုးမကြီးနဲ့ ဒေါနတောင်တန်းကြီးကို
ဖြောင့်တန်းအောင် ဖြတ်ဆက်ပြီး
မောမြေထက် ပိုမြင့်တဲ့ တာရိုးကြီးသာ
ဖြတ် ဆောက်ပြီး ပိတ်ချလိုက်ပါတော့
၃ နှစ် ၃ မိုး ကြာတဲ့အခါ
ဒီ တမျိုးသားလုံး ကြွေပြုတ်သေ
ဒီ တမြေပြင်လုံး ရေမြုပ်သွား
တကယ်လို့များ
ခင်ဗျားက ပိုက်ဆံကို တောင်ပံလုပ်ပြီး
ပျံထွက်သွားနိုင်တယ် ဆိုရင်တော့
ပျံထွက်သွားပါ၊ ပြန်မလာနဲ့တော့၊
ရေတွေပြန်ကျသွားတဲ့အခါ
ဒီမြေရဲ့ မြေမှုန်မြေသားကနေ
လူသားဖြစ်အောင် ကျုပ်တို့ ပြန်ပြုလုပ်မယ်
အဲဒီ မြန်မာပြည် ပြန်လည်မွေးဖွားမှုမှာ
ခင်ဗျားတို့ကလည်း
ပြည်သူကို ဂုတ်သွေးစုပ်စရာ မလိုတော့သလို
ပြည်သူတွေကလည်း
ခင်ဗျားတို့ကို လုပ်ကျွေးစရာ မလိုတော့ဘူးလေ
ဘန်ကောက်မြို့ကြီး ရေပြန်ကျသွားတာကိုတော့
ခင်ဗျားလည်း မြင်ဖူး ကြားဖူးမှာပေါ့
ထိုင်းပြည်သူတွေဟာ
တက်ဆင်ကို ပြည်ပြန်ဝင်ခွင့် ပိတ်ပစ်ခဲ့တာလည်း
အခုထိပဲ မဟုတ်လား
ခင်ဗျားငရဲ ခင်ဗျားသွား လား စမ်းပါဗျာ
ဖျားယောင်လို့တောင် ဒီမြေကို မလွမ်းလေနဲ့
ဒီမြေမှာ မြေမှုန်မြေသားကို လူသားပြန်လုပ်ဖို့
ကျုပ်တို့ စိတ်ရှုပ် အလုပ်ရှုပ်နေကြပြီဗျာ
မိစ္ဆာယုတ်ကို ဗီဇာပိတ်တဲ့ မြန်မာပြည်သစ်က
သူတော်ကောင်းစိတ်နဲ့ ပြုကျင့်ရိုးသား ရဦးမှာပဲ
သူရဲကောင်းစိတ်နဲ့ ထုဆစ်ကြိုးစား ရဦးမှာပဲ
ငရဲများကို အိမ်လည်ခေါ်သွားမှာ မဟုတ်သလို
ဘုရားတွေ ကျောင်းလာထိုင်မှာကိုလည်း လက်မခံပါ
မနက်ဖန်ဟာ
ဘယ်ကြမ္မာ၊ဘယ်ပုံစံ၊ ဘယ်ရာသီဥတုနဲ့ပဲ ကြုံလာလာ
တစုံတရာရဲ့ ပယောဂနဲ့ ကင်းရှင်းနေသင့်ပါတယ်
သူ့ဘဝဟာ အလိုလို ဖြစ်လာတဲ့ လူသားဟာ
သူ့ဘဝမှာ အလိုလို ဖြစ်သွားပါစေလေ
သယံဇာတတွေထုတ်စားခဲ့လို့ ဘာမှမကျန်တော့တဲ့ မြေမှာ
ဥာဏ်ဥာဏတွေလုပ်အားနဲ့ပဲ လုပ်စား ဝမ်းကျောင်းရမှာပေါ့
သော့ချက်ဟာ ခေါင်းကောင်းဖို့ပဲ အဓိက မဟုတ်လား
ဘယ်လို ကျောင်းတံခါးတွေကိုမှ သော့မခတ်တော့သလို
ဘယ်လို ကျောင်းသားတွေကိုမှလည်း သော့မခတ်တော့ဘူး
နုံးအောက်က နန်းမြို့ကိုလည်း ပြန် မတူးဖော်မိကြစေနဲ့ဟေ့
တွေ့ရှိတဲ့ အာဏာရှင်အရိုးအားလုံးကို မီးရှို့ ပြာချ
(တခါက) ဆိုတဲ့ စကားလုံးကိုတောင် တားမြစ်ကြမယ်ဆိုပါရင်
အို....ငါတို့ဟာ အာဏာရှင်လက်သစ်တွေများ ပြန်ဖြစ်သွားမလား
ခဏ...ခဏလေး ရပ်ထားပေးပါဦးဗျာ
ဒါကိုပဲ အစကနေ အဆုံး အားလုံးအတူ ပြန်စဉ်းစားရမယ်။   ။

သုအိုင်စံ
၁၂-၁၀-၂၀၁၃

0 comments: