Sunday, October 13, 2013

အဝေးကတူလေးနဲ့ အတွေးထပ် အတူရေးတဲ့ကဗျာ

မကျွတ်မလွတ်နိုင်သေးတဲ့ ငါ့ဘဝ ဝဋ်ဆင်းရဲတွင်းထဲမှာ
သီတင်းကျွတ်လာပြီဆိုရင်
သူ့အသိတရားထဲမှာ သွန်သင်ပစ်ထည့် ခံထားခဲ့ရသလို
ငါ့ကို လာကန်တော့မဲ့ လူသားလေးတစ်ယောက်
လောကထဲကို ရောက်နှင့် ဖူးပွင့် ရှင်သန်နေခဲ့ပြီပဲ
သားသားရေ...
ဦးဦးဟာ ပေရှည်ရှုပ်ထွေးတဲ့ ဒီလူ့ယဉ်ကျေးမှုများထဲမှာ
ဘာသာတရားတွေ ခိုင်မာစွာ ခြေကုတ်ယူ တပ်စွဲထားတာကို
ငါ့ ရန်သူအစစ်လိုရော ငါ့ မိတ်ဆွေအစစ်လိုရော
ဘယ်လိုမှ သဘောမထားပဲနဲ့ ကိုယ်ပိုင်တွေးခေါ်မှုကိုပဲ
စည်းကမ်းတွေ၊ နည်းလမ်းတွေ၊ ဥပဒေ၊၊ ဆုတွေ၊အားလုံးမရှိတဲ့
လူသွားတဲ့ လမ်းစစ်စစ်ပေါ်ကို အသေအချာ ပစ်တင်ခဲ့သူပါ
ဒါကို အပစ်တင်မဲ့သူဟာ မင်းရဲ့ ချစ်စွာသော အမေကြီးပေါ့
အရာရာဟာ အရေးမကြီးတော့သော မလိုအပ်တော့သော
မကိုးကွယ်ထိုက်တော့သော မစိုက်ပျိုးသင့်တော့သော
သောပေါင်းများစွာဟာ မင်း ဦးနှောက်ကြီးထွားလာမှုနဲ့အမျှ
ထပ်တွေ့လာရ ထပ်ကြုံလာရ ထပ်ရှုပ်လာရဦးမှာပါပဲ
လူဆိုတာမျိုးကလည်း
လူ့ ချုပ်ကိုင်ချင်မှုနဲ့ အထိုးခံထားရတဲ့ နွားနှဖားကြိုးများ
လူ့ ဆန္ဒနဲ့ အလှဆွဲခံထားရတဲ့ ခြူ  ပချုပ် ခေါင်းလောင်းလုံးများ
အားလုံးကို ဖြုတ်ချထားပစ်ခဲ့ချင်ကြတဲ့ ခိုင်းနွားတွေချည်းပါပဲ
ရွာထဲမှာ ရမ္မက်လျှံ မိတ်လိုက်ပြေးနေတဲ့ နှာဗူးနွားတန်းရှည်များလို
လူသားဆိုတာ
ကိုယ်ပိုင်တွေးခေါ်မှု စိတ်ကူးစိတ်သန်းနဲ့ စိတ်ရဲ့ထူးချွန်ချက်အားလုံး
ပေးထားချက် အစွန်ဘက်အနားအဆုံးရဲ့ အဝေးဆုံးထိတိုင်
ဖောက်ထွက်သွားနိုင်တဲ့အထိ ပျံသွားတဲ့
အကြောက်မဲ့တရားပိုင်တဲ့ အသိဥာဏ်အားနဲ့
ဆွဲအားနယ်ပယ်ထဲကနေ လွပ်လပ်အပ်ပါ၏
ဘဝမှာ ငါအဓိကထား မသိအပ်တော့တာဟာ
လူ့ဝဋ်ကောင်မှာ ကပ်နေတဲ့ ဖြစ်တည်ခြင်းအရှိတရားပဲ
ဘုရားရှိခိုးသလိုမျိုး ဦးဦးကိုလည်း နောက်ထပ်အခါခါ
လာ လာမရှိခိုးနဲ့တော့ သားသားရေ...
မင်းဦးနှောက်ကြီးထွားရှင်သန်ဖွံ့ဖြိုးလာမှုအတွက်
နည်းနာထုတ်ထားတဲ့ အစိုက်ပျိုးခံရဲ့ ဥာဏ်နံရံရိပ်မှာ
ပရိတ်ကြီး ၁၁သုတ် ရွတ်သံများ လာ လာစင်ရင်း
လာ လာထိမှန်နေခြင်းဟာ သိပ်မမိုက်သေးပါဘူး
ခလေးတစ်ဦး လိုက်နာရမှာတွေကို အတိအကျဆက်ခံကာ
လက်တွေ့အား ရင်းနှီးမြှုပ်နှံသွားပါ
ငါ အသက်ရှေ့ထားရင်းပြီး တုန့်ပြန်ဆွဲအားပြုတဲ့
တွေးခေါ်ယူဆခြင်းများလည်း မေ့နေလိုက်ပါ
ဟုတ်-မှန်-လွဲ-မှား-မှုနဲ့
ရေးဖော်ယူပြခင်းထားတဲ့ ဦးနှောက်တွင်းသားထဲ
အရှေ့လေတိုက်လာပြီ
ဦးတည်ရာအရပ်တွေခရီးပြောင်းလဲ
တောင်ပံခတ်သွားဟန်နဲ့ အားမာန်ခွဲဝေနည်းပြောင်းလဲ
တောင်ပံရပ်နား ဆန်တက်ကစားပျံဝဲ လေစီးကြောင်းထဲမှာ
ဘဝထဲမှာ ငှက်တွေဟာ ဘာကို ဦးတည်တောင်းချင်ပြီး
ဘာကို လာ လာပြီး ရှာနေကြတာလဲ
ဒီကောင်းကင်ကြီးဟာ ဗလာသက်သက်ချည်းနဲ့
ပြည့်နှက်နေရကြောင်းကို
လေ့လာထားတဲ့အသိတရားတွေ
တွေ့ရှာထားတဲ့အရှိတရားတွေနဲ့ တွက်ရင်
အပြည့်အစုံနဲ့လည်း သိမြင်နိုင်သလို
အတွေ့အကြုံနဲ့လည်း ကြည့်မြင်နိုင်ကြောင်း
သိရကောင်း မြင်ရကောင်းမှန်းမသိတဲ့ ဦးနှောက်လည်း
ကောင်းကင်မှာပဲ ပေါက်ကွဲလွင့်စင်သွားသင့်ပါ၏
တယောက်တည်း ကျင့်စဉ်မှားကျင့်လာမိသူဟာ
ဝဋ်ဘေးဆင်းရဲပူပူမှာ ငါကိုက သေဒဏ်နဲ့လူ-လူတိုင်းပါပဲ
မကျွတ်သေးခြင်းထဲအတူတူပါ ဘာကိုမှ ပေတံနဲ့ယူ-ယူမတိုင်းပါနဲ့
သူ့ဝဋ်ကျွေးမှာ လူတိုင်းဟာ ထွက်သက်ခက်နေကြတယ်။  ။

သုအိုင်စံ
၁၃-၁၀-၂၀၁၃

0 comments: