Friday, October 25, 2013

မရပ်မနား၊ ဖြတ်သွားတဲ့ ဂျာမန်စစ်ရထား၊ အော့ဇဝဇ်ဆီလား။

ကျောက်လှိုဏ်ဂူခေါင်း အမှောင်ထုထဲကို
ရထား မောင်းဝင် ပျောက်ကွယ်သွားတယ်
ဒီ ရထားဟာ ဘယ်ကို သွားမှာလဲ
အရှေ့မှာ ဘူတာ တခုခု ရှိလား
ဆင်းသူ တယောက်ယောက် ရှိလား
တက်သူ တယောက်ယောက် ရှိလား
အဖြေမရှိတာကို စဉ်းစားတာ ရူးနေလား

အမြဲတမ်းပဲ
ကမ္ဘာတခြမ်းဟာ အမှောင်ချထားခံရတယ်
သံသရာတခြမ်းဟာ အမှောင်ချထားခံရတယ်
ဦးနှောက်တခြမ်းဟာ အမှောင်ချထားခံရတယ်
မတော်တဆ ပစ်ချသွားခံရတဲ့ လူ့ဘဝက
အမှောင်ထဲမှာလား အလင်းထဲမှာလား
အဖြေမရှိတာကို စဉ်းစားတာ ရူးနေလား

ကျောက်လှိုဏ်ဂူခေါင်း အမှောင်ထုထဲက ထွက်လာတဲ့ ရထား
အလင်းလွင်ပြင်ထဲမှာ ကွေ့ကောက်ပြေးလွှားတယ်
ဒီ ရထားဟာ ဘယ်ကို သွားမှာလဲ
အရှေ့မှာ ဘူတာ တခုခု ရှိလား
ဆင်းသူ တယောက်ယောက် ရှိလား
တက်သူ တယောက်ယောက် ရှိလား
အဖြေမရှိတာကို စဉ်းစားတာ ရူးနေလား

တနေရာရာက စတက်ခဲ့တာလား
တနေရာရာမှာ ဆင်းသွားမှာလား
ရထားတွဲထဲက လူသားတွေဟာ ကွဲပြားမသိရ
ရထားပေါ်ကနေ ရှုခင်းတွေကိုပဲ ငေးကြည့်လာရတယ်

အဲဒါဟာ ဘူတာပါလို့
အဲဒါဟာ ဆင်းသူတွေပါလို့
အဲဒါဟာ တက်သူတွေပါလို့
လူတို့ သိနားလည်ထားတာကရော မှန်ရဲ့လား
ထင်ယောင်မှားမှု အမှန်တုတခုရော မဖြစ်နိုင်ဘူးလား

ဒီလမ်းပေါ်မှာ ဘာ ဘူတာမရှိဘူး
လူဆိုတာ
တက်လာသူလည်း မဟုတ်ဘူး
ဆင်းသွားသူလည်း မဟုတ်ဘူး
ဒါပေမဲ့
ရထားတွဲထဲက ခရီးသည်တွေပဲ ဖြစ်တယ်ဆိုရင်
လူ့ဘဝရဲ့ အဓိပ္ပါယ်ဆိုတာ
ရထားပေါ်က တွေ့မြင်ခဲ့ရတဲ့ ရှုမျော်ခင်းတွေပေါ့
တွေ့မြင်ခဲ့ပေမဲ့ နားမလည်နိုင်ခဲ့ပေ
နောက်တနေရာမှာ နောက်ထပ်အသစ် မြင်လာ
အရင်အရာကို မေ့ပစ်သွားတတ်တဲ့ လူ့ဦးနှောက်က
ဘယ်ရောက်နေလဲ ဘယ်သွားမှာလဲ မသိနိုင်အား
အလုံပိတ်  ရထားထဲက လူ့ အကျဉ်းသားတွေအတွက်
ရှိနေနိုင်မဲ့ လူ့ အကျဉ်းစခန်း တခုခုဟာ
အော့ဇဝဇ်လား ငရဲတွင်းလား
ကောင်းကင်ဘုံလား ဗလာဟင်းလင်းပြင်လား
လူဟာ မသိနားမလည်ခြင်းမှာ အပြစ်ကင်းစင်လို့
ဘယ်မှာမှ မရပ်တဲ့ သမိုင်းဝဋ်သင့် ခေတ်ချို့ရထားကြီးက
ဘယ်တော့မှ၊ မပျက်မစီး၊ သူ့ခရီးသူဆက်လို့
ဘီးတို့ရဲ့ဒသနဟာ သံလမ်း၂ခုရဲ့သီအိုရီအပေါ်မှာ
တည်မှီ ရပ်တည်ရကြောင်းကလွဲလို့
ဘာလို့ ခုတ်မောင်းနေရကြောင်း ရထားကိုယ်တိုင် သိရဲ့လား
တခုခု၏ ဖြစ်စဉ်တရပ်ဟာ မရပ်မနား ရွေ့လျား
ဒီ ရထားထဲက လူတွေဟာ ဂျူး တွေ ဖြစ်နေပြီး
ဒီ ရထားဟာ Made In Germany ဖြစ်နေတဲ့အခါ
လူ့ဘဝဆိုတာ
သေရာပါ သမိုင်းဆိုးရေးနေတဲ့ ယဉ်ကျေးမှုကြီးပေါ့ကွာ။   ။

သုအိုင်စံ
၂၆-၁၀-၂၀၁၃

0 comments: