Friday, October 11, 2013

မသဒ္ဒါရေစာ

အားလုံးကို လိုက်မေးကြည့်လိုက်တဲ့အခါ
ထိပ်ဆုံးမှာရှိတဲ့ ဆုမြတ်ဖလားကို နိုင်ဖို့ ပိုင်ဖို့
ရင်ဆိုင်လို့ ယှဉ်ပြိုင်လို့ လုကစားနေတဲ့ကောင်တွေချည်းပဲ
လူကြီးလူကောင်းတွေလို့ ထင်ရတဲ့ ဒီပွဲမှာ
ဘိတ်ဆုံးဆု ဆိုတာဟာလည်း သူ့ယဉ်ကျေးမှုနဲ့သူ ရှိနေပေမဲ့
ဘယ်ပြိုင်ဘက်ရဲ့ ခေါင်းထဲမှာမှ အဲဒါဟာ ရှိမနေခဲ့ဘူး
ကိုယ့်ဆူးကိုယ်စူးမခံချင်တဲ့ ကမ္ဘာနိုင်ငံများအက်ဥပဒေထုံးမှာ
အမွဲဆုံးနိုင်ငံတွေရဲ့ ဒေဝါလီဆု ခံယူပိုင်ခွင့်ကို
ဘယ်လိုနိုင်ငံတော်အလံလွှင့်ထူပြီး လက်ခံပေးရမလဲ
မနက်ဖန်အရေးကလည်း ပျိုးချသွားဖို့ လက်တွေ့ ရှိနေပြန်တဲ့အခါ
လက်ကျန်အကြွေးကလည်း အတိုးသတ်ထားလို့ ဆက်၍ ပိနေပြန်တဲ့အခါ
အသက်ရန်ဘေးကလည်း အဆိုးထပ်မပွားဖို့ အခက်ပွေ့မိနေပြန်တဲ့အခါ
ဆက်ဖြည့်မည့်ရေ လျှံထွက်လာမဲ့ မာန်မာနတာရိုးကို ချွေးသိပ်လျှက်မွန်းမံ
သွေးစိတ်ပျက်သွန်းအန်နေတဲ့ ဂုဏ်သိက္ခာကို အလံတဝက်လွှင့်လျှက် စိုက်ထူထား
ကျန်အသက်နှင့် ရွက်တိုက်ယူသွားမဲ့ကုန်းမြေဆီ ရောက်လေသည့်အခါ
ဒါသည် မြောက်အမေရိကပါလို့ ကိုယ် ထင်ချင်ရာထင်ခွင့်လေးရော ရှိကြသေးရဲ့လား
နိုင်ငံတစ်ခုရဲ့ ကိုလိုနီငရဲက ဖျက်ဆီးခုန်ထွက် ဆင်းရဲတွင်း လွတ်မြောက်ထွက်နိုင်ပေမဲ့
ကမ္ဘာတစ်ခုရဲ့ ကိုလိုနီထဲက ဖွဲ့စည်းပုံဖျက် သင်းခွဲရင်း ဇွတ် ဖောက်ထွက်နိုင်ဖို့ဆိုတာ
ငမွဲတို့မှာ ဗီတိုအာဏာမရှိ၊ ပြုပြင်ပြောင်းလဲနိုင်မည့် မူဝါဒလည်း ထူးခြားစွာ မဖေါ်ထုတ်နိုင်
အာဝထဲ စူးထားတာ မကော်ထုတ်နိုင်တဲ့ မသေယုံ အဆိပ်ငါးမြှားချိပ်ထုံးကို ငုံထား
တံငါဟာ ဘိတ်ဆုံးကငါးတွေကို နောက်ဆုံးကျမှ စိတ်ကုန်လက်ကျ  ဖြုတ်လေရဲ့
ကမ္ဘာကြီးရဲ့ ပေးစာကမ်းစာ တဖဲ့တကိုက်မှာ သွေးဟာလွှမ်းဖြာလျှက် လိုက်ပါနေပြီး
နိုင်ငံတကာဦးစီးတဲ့ စစ်ဆူနာမီထဲ လိုက်ပါရေကြီးပေးနေရတဲ့ ကျွန်းသိမ်ကျွန်းမွှားတွေလို
ရေကို မြင်ရင်၊ အန်ချင်ပေမဲ့
ရေကို မျိုချ၊ ရှင်သန်နေရတယ်
ပင်လယ်တွေကို ဖွဲ့စည်းပုံပြောင်းပေးဖို့ သမုဒ္ဒရာတွေမှာ အခက်အခဲတွေ ရှိကောင်း ရှိနိုင်ပေမဲ့
သမုဒ္ဒရာတွေကိုယ်တိုင် ဖွဲ့စည်းပုံပြောင်းရကောင်းမှန်း နိုင်ငံရေးစိတ်ကူးစိတ်သန်း မရှိကြတဲ့အခါ
စူပါပါဝါတွေရဲ့ နိုင်ငံရေးအတွေးအခေါ်ဒသနညစ်တွေကို ထုတ်ပေးလုပ်ပေးနေတဲ့ မဏ္ဍိုင်ယန္တယားဆိုတာ
ကမ္ဘာ့ဘဏ်ထံ အပ်နှံရမဲ့ အကြွေးတွေအပေါ် အဓ္ဓမ ကျင့်နေတဲ့ ဂုတ်သွေးစုပ်ရေးနဲ့ ပြန်ကိုင် ရမ်းကားတဲ့
အနောက်တိုင်းညဏ်ပညာအလင်းတရားယုတ်ပဲ
ဘိန်းစားကိုလည်း ဘိန်း ထုတ် ထုတ် ကျွေးသွားရေး ကမ္ဘာလုံးနွယ် လမ်းစဉ်ဆိုးအရိပ်ထဲ
သိပ်မွဲပြီး ထမင်းငတ်နေတဲ့ကောင်တွေကို အဆိပ်ကြဲပြီး ယင်းထနေအောင် အမဲတုံးပစ်ခဲ့တယ်
နောက်ဆုံးဆုတစ်ခုရဲ့ဘဝတရားဟာ ပျောက်ဆုံးမှုတစ်ခုရဲ့ပြသဒါးပါပဲ
အရာရာမွဲမဲ့လက္ခဏာဟာ လူတွေမှာ မွေးတုန်းက ပါမလာခဲ့ဘူး
အာမှာ ဆက်စူးနေတဲ့ ငါးမြှားချိတ်မှာ
မိတ် အင် အ မေ ရိ ကန် လို့ ရေးထားရဲ့
ငါးတွေကို ပေးသွားရမဲ့ အကြွေးများကို မျက်နှာဗြောင်တိုက်ပြီး ငါးမျှားနေလိုက်တယ်။   ။

သုအိုင်စံ
၁၁-၁၀-၂၀၁၃

0 comments: