Friday, October 11, 2013

ကျွန်းရွက်ဆွေးတွေ၊ မြေသြဇာ ပြန်ဖြစ်ခဲ့ပြီလား၊ အဆိပ်ပန်းတွေလည်း သိပ်လန်းနေဆဲ။

ဒေါနတောင်တန်းကြီး တောင် နဲ့ မြောက် အလျားရှည်သလိုပဲ
သူ့ ကျောကုန်းပေါ်က ကျွန်းပင်တွေဟာလည်း အလုံးတောင့် အရပ်ရှည်တာပဲ
အဲဒီ ကျွန်းပင်အောက်က ပြည်တွင်းစစ်ကြီးကလည်း ပိုပြီး သက်ဆိုးရှည်ပါသတဲ့
ဒါဟာ...ဒေါနတောင်တန်းကြီးရဲ့ ပြောပြချက်ပါ
ကျွန်းတစ်ပင် အရွယ်ရောက် ရောင်းတန်းဝင်ဖို့၊ အနှစ် ၂၀ လောက် စောင့်ရပေမဲ့
ကျွန်းတစ်ပင်ကို ရောင်းချရန်၊ ခုတ်လှဲပစ်လိုက်ဖို့ မိနစ် ၂၀ လောက်ပဲ ကြာသတဲ့
ဒီသချာင်္ရဲ့ ညီမျှခြင်းကို သူပုန်ရော/အစိုးရပါ မိုက်တွင်းနက်နက်နဲ့ သုံးခဲ့တယ်

ပြည်တွင်းစစ်မှာ
သူပုန်တပ်လည်း စစ်ရိက္ခာလိုသလို
အစိုးရတပ်လည်း စစ်ရိက္ခာလိုတာပဲ
ကျွန်းပင်တွေကို ခုတ်လှဲ ရောင်းချလိုက်တဲ့အခါ
၉၀%ဟာ သေနတ်ပြောင်းထဲ ဝင်သွားပြီး
၁၀%ဟာ လူ့လည်ချောင်းထဲ ဝင်သွားသတဲ့
သေနတ်က အစားကြီးပြီး လူက အစားနည်းတယ်လို့ ဆိုရမှာပေါ့

မောကုန်းမြေမြင့်၊ ဒေါနတောင်တန်းနဲ့ ရှမ်းရိုးမတွေဟာ
သူပုန် စိုက်ပျိုးလို့ကောင်းတဲ့ လွပ်လပ်မြေရိုင်းတွေပါ
အဲဒီမှာ အစိုးရတပ်တွေရဲ့ ကျူးကျော်သချိင်္ုင်း ရှိတယ်။

အလယ်ရိုးမ(ပဲခူးရိုးမ)ဟာ
ကြိုးဝိုင်းကျွန်းတောတွေကို အပျိုသားမွေးသလို ထုတ်ပေးတယ်
အဲဒါ အစိုးရတပ်တွေရဲ့ ထိန်းချုပ်နယ်မြေ
ကျွန်းသစ်တွေကို တရားဝင်ဥပဒေနဲ့ ခုတ်လှဲရောင်းချ
၉၀%က သေနတ်ပြောင်းထဲ ဝင်သွားပြီး
၁၀%က လူ့လည်ချောင်းထဲ ဝင်သွားသတဲ့
စစ်ရဲ့ ညီမျှခြင်းမှာ အစိုးရတပ်လည်း အနာဂတ်လည်ပင်းအစ်ခဲ့တာပဲ။

မြန်မာပြည်ရဲ့ ပွင့်လင်းရာသီလို့ ဆိုတဲ့
စစ်ခင်းရာသီမှာ
အရှေ့ရိုးမကြီးတွေပေါ်မှာ ကျည်ဆံတွေဟာ ကျွန်းရွက်တွေလိုပဲ ကြွေတယ်
စစ်သားနဲ့ အရပ်သားဘဝတွေ ကျွန်းပင်တွေလို ပစ်မှောက်လဲသေတယ်
အနှစ် ၆၀ စစ်ပွဲရဲ့ ထုတ်ကုန်ဆိုတာ
အရှေ့ရိုးမမှာ ကျွန်းငုတ်တိုချည်းသက်သက်ပဲ ကျန်ခဲ့သလို
အလယ်ရိုးမမှာလည်း ကျွန်းငုတ်တိုချည်းသက်သက်ပဲ ကျန်ခဲ့ရဲ့
လူလည်း ပိန်ချုံးပင်ပန်း၊ သေနတ်လည်း ပိန်ချုံးပင်ပန်းခဲ့
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုတဲ့ စာမျက်နှာသစ်ကို ညာ ဖွင့်လိုက်ကြတယ်။

ရန်ဘက်တပ်တွေဟာ သေနတ်ပြောင်းတိုင်းကို အောက်စိုက်ချ
ဟောဒီက ကျွန်းငုတ်တိုစားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ကြပြီဆိုတာနဲ့
စားပွဲပေါ်ကို သက်ဆိုင်ရာယုံကြည်ချက်အလံတော်တွေ ပစ်တင်ရ
လိုချင်တဲ့ဈေးနဲ့ ပေးနိုင်တဲ့ဈေးကို အလိုက်သင့် ညှိနှိုင်းကြ
ကိုယ်စီ ကိုယ်စားပြု ထားတဲ့ လူထုအရေးတိုင်းကို ခဏမေ့လိုက်ကြမယ်
တကယ်လည်း ဒီစစ်ဟာ ပင်ပန်းခဲ့တယ် မဟုတ်လား။

ဒီလူတွေဟာ
ဒီစစ်နားချိန်မှာ ကျွန်းပင်တွေ ပြန်စိုက်သွားကြလိမ့်မယ်လို့
ခင်ဗျားတို့က သဘာဝပတ်ဝန်းကျင်သမားအမြင်နဲ့ ထင်မြင်သွားတော့မယ်
မှားတယ်
ကိုယ့်ဘုရားကိုယ်ကိုးကွယ် ကိုယ့်ဘာသာစကားကိုယ်ပြော
ကိုယ့်နယ်မြေကိုယ်စခန်းထိုင် ကိုယ့်သေနတ်ကိုယ်ကိုင်ထား
ကိုယ့်စီးပွားရေးကိုယ်လုပ် ဗဟိုအစိုးရကို ပြောင်းလှည့်ဝင်မရှုပ်နဲ့
စတဲ့ စတဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ဆိုချက်တွေနဲ့
အခုဆို
ကျွန်းငုတ်တိုလွင်ပြင်တွေပေါ်မှာ ရွှေရှာစက်တွေဟာ ရုန်းရင်းဆန်ခတ်
အချိန်နဲ့အမျှ အလုပ်ရှပ် ရွှေတူးထုတ် ရောင်းစားနေကြပြီ
အရှေ့ရိုးမက ရွှေ တပိသာနဲ့ အလယ်ရိုးမက ရွှေ တပိသာဟာ
ကမ္ဘာ့ရွှေဈေးကွက်မှာ ပေါက်ဈေးခြင်း တူနေသလို
အဲဒီ ငွေကြေးတွေကို ပြည်သူတွေ မခံစားကြရတာချင်းလည်း တူနေတယ်
လူလည်တွေဟာ ခိုးထားတဲ့ဖဲကို ဆက်ခိုးထားတုန်းပါပဲ။

ထမင်း ဝရင် xီးတောင်တဲ့ စကားပုံရှိတယ် မဟုတ်လား
အဲဒီကောင် (အစိုးရတပ်နဲ့သူပုန်တပ်) ပြည်တွင်းစစ်ကျန်စစ်သားတွေ
လူရော သေနတ်ရော နလန်ထ ခေါင်းမတ် စစ်သွေးတွေ ပြန်ကြွလာမဲ့နေ့
ကမ္ဘာမကျေသေးတဲ့ ပဋိပက္ခတွေကို ဘယ်လိုအကွက်နဲ့ ထပ်ရွှေ့ဦးမလဲ
ကျုပ်တို့ တိုင်းသူပြည်သားတွက အနာဂတ်ထပ်မွဲဖို့ ရှင်သန်ပေးနေပါတယ်
ငြိမ်းချမ်းရေးအရိပ်အာဝါသကို
ငြိမ်းချမ်းရေးစိတ်အဟာရနဲ့ အမှန်မပျိုးထောင်နိုင်ရင်တော့
ရန်ငြိုး ရန်မီးတွေ
ပြန်ပြီး xီးတောင်လာတဲ့နေ့ xီးပဲလို့ ပြိုင်တူအော်ပြီး သတ်ကွင်းထဲမှာ တွေ့မယ်
လောလောဆယ်မှာ
စောင့်ဖဲတွေဟာ အောက်ထဲမှာ ရောက်နေတယ် မဟုတ်လား
ငြိမ်းချမ်းရေးတရားဆိုတာ
မုသားချို /ခါးတွေနဲ့ရှာရင် တွေ့ကြောင်း
ကမ္ဘာကို ကောင်းကောင်းပညာပေးပြီး၊ ဘလိုင်းကြီးပဲ လိမ်ညာဟစ်ကြွေးလိုက်တယ်
အစဉ်အလာမွေးသမိုင်းမီးထဲ၊ ကျိန်စာသင့်ဘေးဆိုက်နေတဲ့ တိုင်းပြည်ဟာ
ပွင့်သော ပန်းတိုင်းမှာ ပိုးကိုက်ရာတွေနဲ့ ရအောင် လှပ ဖူးငုံ ပွင့်လန်း
သယံဇာတတွေ မကုန်ခမ်းသေးသရွေ့...
မိုက်ကြွေးတွေ ကုန်ခမ်းသေးသရွေ့...
အနာဂတ်တွေ ကုန်ခမ်းသေးသရွေ့...။   ။

သုအိုင်စံ
၁၁-၁၀-၂၀၁၃

0 comments: