Wednesday, July 31, 2013

ခလုပ်ကို ကိုယ် ဆက် ရှာနေတယ်


လူဆန်ခဲ့ရတာ (ဒါမှမဟုတ်) လူမဆန်ခဲ့ရတာ ကြာတော့
လူပါးဝလာတဲ့ ကိုယ်ဟာ လူသံတွေကို ဆူညံလာခဲ့တယ်
လူပါးဝလာတဲ့ ကိုယ်ဟာ လူရနံ့တွေကို နံစော်လာခဲ့တယ်
လူပါးဝလာတဲ့ ကိုယ်ဟာ လူလုပ်ရပ်တွေကို ခေါင်းရှုပ်လာခဲ့တယ်
အဲဒါနဲ့
လူတစ်ယောက်ယောက်ကလည်း ရှာနေနိုင်တဲ့ ခလုပ်ကို ကိုယ် စတင် ရှာဖွေတော့တယ်
ခလုပ်က မပြီးသေးတဲ့ စစ်ပွဲတွေကို ချက်ချင်း ရပ်တန့်ပစ်နိုင်တယ်လို့ ယူဆရတယ်
ခလုပ်က ဖေါက်ပြန်နေတဲ့ အမှန်တရားကို ထောင်ချလိုက်နိုင်တယ်လို့ ယူဆရတယ်
ခလုပ်က ဖောက်ပြားနေတဲ့ လူဖိုတွေ လူမတွေကို ဒဏ်ခတ်နိုင်တယ်လို့ ယူဆရတယ်
ခလုပ်က အာဏာရူးနေတဲ့ ခေါင်းဆောင်ဆိုးတွေကို ဇီဝိန်ချွေနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က လူမွဲတွေ လူချမ်းသာတွေကို လူတန်းစားတရပ်ထဲထည့် ညီစေနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က စကားများ ရန်စောင်နေတဲ့ ဘုရားများကို ပြေလည်ငြိမ်းချမ်းစေနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က ပဋိပက္ခကြားက ညှိမရထားတဲ့ ကွာဟချက်တွေကို စေ့စပ်တူညီစေနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က များပြားကွဲခြားသော ဘာသာစကားများကို ဗဟိုစကားပြုလုပ်ပေးနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က တသက်လုံး ဆပ်လို့မပြီးဆုံးနိုင်တဲ့ နိုင်ငံ့ကြွေးမြီတွေကို ပေးချေပေးနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က ဗလီ၊ဘုရားကျောင်း၊ဘုန်းကြီးကျောင်းတွေကို တစ်ပုံစံတည်း တည်ပေးနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က အသဲကွဲရောဂါ၊ လင်တရူးရောဂါတွေကို အဖော်မဲ့မြိုင်ဆိုင်စွာ ကုသပေးနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က အရောင်ပေါင်းစုံကို အသုံးဝင်၍ လှပဒဏ်ခံသော တစ်ရောင်ထဲ လုပ်ပေးနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က သံစဉ် ၁၂ ပါးကို မာစတာကီး တစ်ခုတည်းနဲ့ တီးလို့ရအောင် လုပ်ပေးနိုင်တယ်လို့ ယူဆရတယ်
ခလုပ်က စုံလုံးကန်းနေတဲ့ မျက်လုံးတွေကို စက္ခုအမြင်အာရုံ ဖွင့်ဟပေး ပန်းချီဆွဲ နိုင်တယ်လို့ ယူဆရတယ်
ခလုပ်က စုံလုံးအနေတဲ့ နားရွက်တွေကို ဂီတအကြားအာရုံ ဖွင့်ဟပေး သံစဉ်ဖွဲ့ နိုင်တယ်လို့ ယူဆရတယ်
ဒါပေမဲ့
ခလုပ်ကို ကိုယ်တို့ ဘယ်လိုရှာရှာ မတွေ့ဘူး၊ ခလုပ် ရှိတယ်ဆိုတဲ့ ကောလဟာလတွေပဲ ထပ်တွေ့တယ်
တစ်ရက်၊ တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်
သက္ကရာဇ်တွေ တစ်နှစ်ပြီး တစ်နှစ်
ရာဇဝင်တွေ တစ်ခေတ်ပြီး တစ်ခေတ်
သမိုင်းတွေ တစ်ဖြစ်ရပ်ပြီး တစ်ဖြစ်ရပ်
ခလုပ်ရှိတယ်ဆိုတဲ့ ကောလဟာလတွေပဲ ပိုပို ခိုင်မာ လာသလိုလို ဖြစ် ဖြစ်လာကြတယ်
ဟုတ်တယ် မဟုတ်ဘူးတွေ တစ်ခုပြီးတစ်ခု၊ ဖြစ်မယ် မဖြစ်ဘူးတွေ တစ်ရစ်ပြီး တစ်ရစ်
(အဲဒီနှစ်ဟာ သမိုင်းရဲ့ အစလား သမိုင်းရဲ့ အဆုံးလား)
တိတိကျကျ ပြောရရင် အေဒီ၂၀၁၂ ဒီဇင်ဘာ ၂၁ရက်နေ့
ခလုပ်ကို တွေ့ဖြစ်အောင်တွေ့မယ် ဆိုတဲ့ ကေလဟာလဟာ လူတွေကြားမှာ အုန်းအုန်းကြွက်ကြွက်
ကိုယ်လည်း ခလုပ်ကို ဆက်မရှာတော့ပဲ တာဝန်ကိုပစ်ချ၊ ဝမ်းသာအားရ စိတ်ချလက်ချ နေလိုက်တယ်
ကဲ ကိုယ်ပြောကြည့်မယ်..ဒါဟာ အားလုံးမှားလို့ အကုန်လုံးမှန်ခဲ့တဲ့ သီအိုရီပဲ မဟုတ်လား
သမိုင်းအဆို ယုံတမ်းစကားတွေအရ ကမ္ဘာဟာပျက်သွားပြီးပြီလား စဖြစ်တည်နေတာလား
သမိုင်းအဆို ယုံတမ်းစကားတွေအရ ကိုယ်တို့ဟာ သေသွားပြီးပြီလား စမွေးဖွားနေတာလား
အဲဒီနေ့က ကမ္ဘာကြီး မပျက်ခဲ့တာ အားလုံးမျက်မြင်ပဲ၊ခလုပ်ရှိတယ်ဆိုတဲ့ ကောလဟာလတွေဟာ တက်တက်စင်လွဲ
တစ်ယောက်ယောက် အပါအဝင်၊ ကိုယ်လည်း ဝမ်းနည်းပက်လက် အသဲကွဲပေါ့
တကယ်တော့ ဒါတွေ အားလုံးဟာ ခလုပ် အတွင်းထဲမှာပဲ ဖြစ်ပျက်နေခဲ့ တာလည်း ဖြစ်နေနိုင်တာပဲ
၂၀၁၂ ဒီဘက်ခေတ် ကမ္ဘာသစ်ကြီးမှာတော့
ခရစ်ယာန်ဘာသာနဲ့ အနောက်တိုင်းဒဿနဟာ အရှက်သိက္ခာ နည်းနည်းကွဲသွားခဲ့ရုံကလွဲပြီး
ခလုပ်နဲ့ ပတ်သက်တဲ့ ယူဆချက်တွေကို တစ်ယောက်ယောက်ရော ကိုယ်ရောပဲ ဆက်လက်ပြီးယူဆဆဲပေါ့
အခုတော့ ကိုယ်လည်း ခလုပ်ကို ပြန် ဆက် ရှာနေဆဲပဲ
ငရဲလား နိဗ္ဗာန်လား မပြတ်သားချင်ဘူးဟေ့၊ ဒုက္ခတရားမှာ ဇိမ်တွေ့နေပါတယ်
ခလုပ်နှိပ်လိုက်တာနဲ့ ဒီကမ္ဘာပျက်မယ်ဆို---
ကိုယ် နှိပ်မလား၊ မနှိပ်ဘူးလား
ခလုပ်ကို ကိုယ် ဆက် ရှာနေတယ်လေ။    ။

သုအိုင်စံ
၃၁-၀၇-၂၀၁၃

0 comments: