Monday, June 3, 2013

ခေတ်ဟောင်းကိုလွန်စေသော်ဝ်

ခေတ်ဟောင်းကိုလွန်စေသော်ဝ်
.......................................

ကမ္ဘာကြီးအတွက် အတ္တကြီးမိ
လူ့အဖွဲ့အစည်းအတွက် အတ္တကြီးမိ
ငါ့ကိုယ်ငါအတွက် အားလုံးအတွက် အတ္တကြီးမိတော့
ကဗျာရေးသူဖြစ်လာခဲ့ရဲ့။

ဟောဒီနိုင်ငံသားတွေအတွက်
ဂလိုဘယ်လိုက်ဇေးရှင်းကို ပျက်ရယ်ပြုချင်ရဲ့
စေတနာ ဆိုတာတွေ ပျက်ရယ်ပြုချင်ရဲ့
သန်းငါးဆယ် ဆင်းရဲသားတွေအတွက်
လူမျိုးကြီး တရားကို ငါပယ်တယ်။

လွန်ခဲ့သော နှစ်များမှာ
ဘာသာတရားအတွက် ၀မ်းစာကို ရှာခဲ့ရ
ကိုယ်ချင်းစာတရားအတွက် မျက်ရည်ကို ရှာခဲ့ရ
ပေါက်နေတဲ့ အူမအတွက်
ငါတို့ သီလတွေ ရေမျောကုန်တယ်။

ကံစမ်းမဲ ခေတ်တဲ့
အရစ်ကျ ခေတ်တဲ့
နားတွေကို ပိတ်ထားလိုက်တယ်
ဒီ ဒွန္ဒယာမှာ ငါတို့
မချွတ်တမ်း ယုံကြည်ခဲ့သမျှ
နေခြစ်ခြစ်တောက်အောင် ပူတာပဲ ငါသိတော့ရဲ့ .။

အာဏာရှင်ဟာ ကြက်ဆူဖြစ်တယ်
ဒီမိုပင်တွေမှာ မြေယာတွေ သီးတယ်
လူတစ်ယောက်ချင်းစီရဲ့ ယာမြေမှာ
အိပ်မက်ဟောင်းတွေ စိုက်ပျိုးကြတယ်
တော်လှန်ရေးဟာ ပြီးခဲ့ပြီလို့ သူတို့ ပြောပါရဲ့
ဒါပေမယ့်
တော်လှန်ရေးဟာ အိပ်မက်ဟောင်းမဟုတ်ဘူးဆိုတာ သူတို့ မသိကြ။

အလျားအနံ မပြည့်တဲ့ လယ်ကွင်းတွေမှာ စိုက်ပျိုးဖူး
အလျားအနံ မပြည့်တဲ့ ဘ၀တွေကို ချုပ်လုပ်ဖူး
အလျားအနံ မပြည့်တဲ့ အလံတော်ကို ပိုင်ဆိုင်ဖူးတဲ့ ငါတို့ဘ၀မှာ
နိုင်ငံတော်ဆိုတာ မဖြစ်ထွန်းတဲ့ ပြောင်းခင်းပါ။

ဆာလောင်နေတဲ့ ကလေးတွေအတွက်
မြေမြုပ်ဗုံးတွေအစား သီးနှံ ဖြစ်ထွန်းပါစေ
မလုံခြုံတဲ့ သမီးပျိုတွေအတွက်
သင့်တင့်မျှတတဲ့ လစာတွေ ချုပ်လုပ်နိုင်ပါစေ
ကမ္ဘာကြီးထဲမှာ ကဗျာရေးတဲ့သူ တစ်ယောက်အဖို့
ကမ္ဘာကြီးကို တင့်တယ်စွာ တည်ရှိပါစေကြောင်း ငါဆုတောင်းတယ်။

စပါးရွှေဝါတွေ ပြည့်နှက်နေသော လယ်မြေများကို ကို ငါမျှော်လင့်ပါရဲ့
လယ်သမား အလုပ်သမားတွေရဲ့ နိုင်ငံတော်ကို ငါမျှော်လင့်ပါရဲ့
လယ်သမားတွေရဲ့ မျက်ရည်အစား မိုးနှင်းများ ဆင်းနိုင်ပါစေ
အလုပ်သမားတွေရဲ့ အခွင့်အရေးတိုက်ပွဲ ပန်းတိုင်ဝင်နိုင်စေ
ပဒေသာပင် တိုင်းပြည် ပေါ်ထွက်နိုင်ပါစေ
ဧရာဝတီ နဲ့ အတူ ဗမာပြည် အသက်ရှည်ပါစေ။

ခေတ်ဟာ ငါတို့ခြယ်ရမယ့် ပန်းချီပဲ ရဲဘော်
မျက်စီတမှိတ်အတွင်းမှာ
မြို့ပြတွေဟာ ခေတ်မှီစွာ ကျဆုံးလာခဲ့ပြီ
လူသားဆန်မှုထက်များ ဘာကို ငါတို့ တောင်းတကြမလဲ
သဗ္ဗေသတ္တာကမ္မသကာ ဆိုတာ ပျော့ညံသူတွေအတွက်ပေါ့
ကလောင်တစ်ချက်ဟာ နူးညံ့မှုလည်းဖြစ်ရဲ့
ကလောင်တံတစ်ချက်ဟာ ဓါးသွားတစ်ချက်လည်းဖြစ်ရဲ့
လာလော့ ရဲဘော်ငဲ့
မတရားမှုတွေကို သုတ်သင်ကြစို့
တော်လှန်ရေးကို ကြိုဆိုကြစို့
ကလောင်အစား နှလုံးသားနဲ့ ဒီကဗျာကို ငါရေးလိုက်တယ်။

.................

မောင်မြတ်သူ

0 comments: