ဘဝတစ်ခုကို စာအိပ်ထဲ ထည့်ပိတ်ပါ
လူတစ်ယောက်ရဲ့ လိပ်စာဟာ ဘာလဲ
အဖြေမှန်က (သချိုင်းကုန်း) ပဲ။
ရထားတွဲထဲ ခုန်ဝင်လိုက်တဲ့ ပါးစပ်ပေါက်တွေ
အနည်းဆုံးတော့ ရှေ့ဘူတာအကြောင်း စကားဆုံမိကြပေမည်
ရထားတွဲထဲက အန်ထုတ်လိုက်တဲ့ ခြေလှမ်းတွေ
ဆက်သွားကြမဲ့ လားရာ မတူကြတော့ပေ
လောကသည် ထိုခဏသာဖြစ်၏ (သို့သော် (၁) သဘောဆန်သည်)။
စာပို့လုလင်ဟာ စာတိုက်ထဲက စထွက်လာတယ်
စာပို့လုလင်ဟာ တအိမ်ဝင် တအိမ်ထွက် လှည့်တယ်
စာပို့လုလင်ဟာ စာတိုက်ထဲကို ပြန်ဝင်သွားတယ်
လောကသည် ထိုခဏသာဖြစ်၏ (သို့သော် (အများ) သဘောဆန်သည်)။
(၁) = (အများ)
ဘုရားသခင်က ကစားတာလား
ဘုရားသခင်ဟာ ကစားစရာလား
လူဆိုတာ ရထားလား ခရီးသည်လား
နှစ်ခုစလုံးလား
လူဆိုတာ စာပို့လုလင်လား စာအိပ်လား
နှစ်ခုစလုံးလား
ကြာကြာစဉ်းစားတဲ့ ဦးနှောက်များ ဘာဖြစ်သွားလဲ။
အလောင်းတစ်လောင်းကို အခေါင်းထဲ ထည့်ပိတ်ပါ
အသုဘတစ်ခုရဲ့ လိပ်စာဟာ ဘာလဲ
အဖြေမှန်က (သုသာန်) ပဲ။
(သချိုင်းကုန်း) = (သုသာန်)
ဒီညီမျှခြင်း မှန်လောက်တယ်
လွဲလည်း နည်းနည်းပါးပါးပေါ့ဗျာ။ ။
သုအိုင်စံ
၂၇-၀၆-၂၀၁၃
Thursday, June 27, 2013
အဲဒါဟာ ဘာလဲ ဘာကြောင့်လဲ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment