Thursday, June 27, 2013

“ တောက်ချလို့မရတဲ့ တစ်မတ်စေ့ ”

ဘ၀ကမြောက်ပန်းလှန်တဲ့တစ်မတ်စေ့လို
ပြန်ကျလာတာနဲ့အလျော်အစားရှိတယ် ။
ဟစ်တလာလည်းမြောက်ပန်းလှန်တာပဲ
ပိုပေါ့လည်းမြောက်ပန်းလှန်တာပဲ
ဆဒမ်ဟူစိန်လည်းမြောက်ပန်းလှန်တာပဲ
……………………………….
ငါတို့လည်းမြောက်ပန်းလှန်တာပဲ ။
ပန်းကျတော့ ပန်းဆိုပြီးစားတယ်
ခေါင်းကျတော့လည်းခေါင်းဆိုပြီးစားတယ်
ပန်းရောခေါင်းရောကျတော့လည်း ဘတ်ဆိုပြီးစားတယ်
ဘယ်လုန်လှန်……..ဘယ်လိုကျကျ
သိသိနဲ့အစားခံထားတာ ငတ်လို့မဟုတ်ဘူး ။
အားလုံးသိအားလုံးစားခဲ့တဲ့ ကဒါဖီလည်း
ပြန်လျော်ရတဲ့ပွဲမှာ ရေမြောင်းတစ်ခုပဲပိုင်တယ် ။
အစားခံခဲ့တဲ့ဂျုးလိယက်ဖူးချစ်လည်း
ပြန်လျော်ရတဲ့ပွဲမှာ သူရဲကောင်းဘ၀ကိုပိုင်တယ် ။
မလျော်ပဲစားတဲ့ကစားဝိုင်းကိုဘယ်မျက်လုံးနဲ့ကြည့်ကြည့်
အပြန်အလှန်မရှိတဲ့ ငွေ့ရည်ဖွဲ့မှုထဲမှာ
မိုးအဖြစ်ဘယ်နည်းနဲ့ရွာချမလည်း…။
ခင်ဗျားလက်ထဲမှာကိုင်ထားတဲ့တစ်မတ်စေ့
ကျုပ်လက်ထဲမှာလည်းတစ်မတ်စေ့ကိုင်ထားရမယ်ဆို
နှစ်စေ့ပေါင်းလို့တစ်ကျပ်မပြည့်ပေမယ့်
ငါးမူးဆိုတဲ့ဘ၀ဟာ
တစ်မတ်နဲ့တိုင်ထိထွက်ခဲ့ရတာထက်စာရင်
မြားတစ်ပြေးရဲ့လမ်းဟာ ရုန်းကန်မှုပိုဆန်မှာပေါ့ ။
အပေါ်စီးက ဘရိတ်ပဲရိုက်ရိုက်
ဒိုင်ဗင်ထိုးဆယ်မယ့်သူရဲ့တန်ပြန်ရိုက်ချက်ကို
ခင်ဗျား ပိုက်တန်းမြှင့်ပြီးမကာနဲ့လေ
ကျုပ်တို့ရဲ့ဝတ်စုံမှာ ရိုးသားခြင်းနံပါတ်တစ်ခုပဲပါတယ် ။
ဗိုလ်ချုပ်စားခဲ့တာ ပဲပြုတ်နဲ့နံပြား
ဝတ်ထားတဲ့လောင်းကုတ်ကို ဘယ်သူချုပ်ပေးတာလည်း
ခင်ဗျားတို့ကိုလျော်ပေးမယ်ဆိုတဲ့စကားအတိုင်း
သူ့အသက်ပါပေးသွားတယ် ။
ပြားနှစ်ဆယ်လား ….. ရက်နှစ်ဆယ်လား
နှစ်နှစ်ဆယ်လား
တစ်ပါးကျွန်အောက်ရောက်ခဲ့ရတာမဟုတ်ဘူး
ကျည်ကာအင်္ကျီကိုဖြုတ်ချင်ဖြုတ် မဖြုတ်ချင်နေ
နိမ့်တစ်ခါမြင့်တစ်လှည့် ဒီအ၀ိုင်းကြီးထဲမှာ
တရားခံပြေးအဖြစ်လူတိုင်းမျက်နှာသစ်နေရတဲ့ဘ၀မှာ
မီးလောက်လိုက်ယုံနဲ့အားလုံးပြီးသွားရောလား ။
အလေ့အကျင့်ဘယ်လောက်ကောင်းကောင်း
မြွေဖမ်းသမားက မြွေနဲ့ပဲသေရသလို
ဝက်သတ်သမားကလည်း ၀က်လိုပဲသေရတာ
ကိုယ့်လုပ်ရပ်ရဲ့ကိုယ့်ကံပဲဖြစ်လို့
ဘေးကိုထိုးတဲ့လက်ညှိုးများ
ကိုယ့်ဘာသာပြန်ထိုးလိုက်ခြင်းသာ ရပ်တည်မှုအစစ်
ကိုယ့်ကိုပြန်ခြောက်နေခြင်းရဲ့လွတ်မြောက်ရာ
အစားခံထားရသူရဲ့အင်အားကြီးမားမှုကလည်း ခင်ဗျားပေးထားတာမို့
ခင်ဗျားလက်ထဲက တစ်မတ်စေ့ကိုတောက်ချလိုက်
ဘယ်ကျင်းဝင်ဝင် ….. ဒါဟာတကယ့်လွတ်လပ်ခြင်းပဲ……။

စစ်သွေးအိမ်
 ၂၁ . ၆ . ၂၀၁၃
၁၁ : ၂၅ am

0 comments: