Wednesday, May 29, 2013

တောင်တန်းတွေနဲ့ Performance ကဗျာ

တောင်တန်းတွေနဲ့ Performance ကဗျာ
**************************
တောင်ယာတဲကလေး
ဝါခြောက်နေတဲ့မြက်ရိုင်းတော
ဖျစ်ဖျစ်လောင်နေတဲ့တောမီး၊
တောင်ကုန်းဟာ
ကတုံးဆံတောက်နဲ့ကျိုးတိုးကျဲတဲပြုံးပြ
ခြောက်အက်အက်ရယ်သံနဲ့အတူ
မီးခိုးလုံးတွေမှုတ်ထုတ်လိုက်တယ်၊
ကဗျာဟာသံကုန်ဟစ်
ဒါပန်းချီကားတစ်ချပ်မဟုတ်ဘူး
မြူတွေနဲ့တောင်ခါးပန်း
မီးခိုးအူနေတဲ့တဲကလေးနဲ့တောကြက်ကလေးတွေ၊
ကဗျာဟာကြည့်ရင်းကြည့်ရင်းနဲ့မီးခိုးနင်သွား
တစ်ဖောင်းဖောင်းမြည်နေတဲ့
ဝါးဆစ်ပေါက်ကွဲသံတွေကြားမှာ
ကဗျာဟာထပ်အော်တယ်
တောမီးရှို့တာ
ဒါဟာငါမဟုတ်ဘူး၊
ဖောက်ပြန်သူရဲ့ဓားစာခံ
ဒါ...ဟာ...ငါ...မ...ဟုတ်...ဘူး၊
ကဗျာဟာ
တဖြည်းဖြည်း
တဖြည်းဖြည်း
အရှိန်လျှော့ပြီးပြကွက်ကိုရပ်လိုက်တယ်၊
တောင်တန်းတွေ...
မျှော်ကြည့်လိုက်ရင်ပဲ
ခြောက်သယောင်းနေတဲ့ကဗျာဟာ
မိုးသားကိုပုန်းခိုလို့
တွန့်လိမ်ခုန်ကြွ...။
ခင်ဘုန်းဝေဇော်

0 comments: