Saturday, April 27, 2013

တင်ပို့ရောဂါများ

လူ့ရဲ့ကမ္ဘာ နိုင်ငံရေးရဲ့ သတင်းအချက်အလက်တွေ အရေးရာပါသလို
သူ့ထက်ငါ အပြိုင်ပြန်ရေးတဲ့ အတင်းအကဲ့အရဲ့အရေးဟာအပြေးလာတယ်
တွေ့မြင်ပေါက်ဖွားလာတဲ့ လက်ရှိပန်း အရိပ်အဆင်းသဏ္ဍာန်ဟာ
နေ့စဉ်ပျောက်သွားရှာတဲ့ သက်ရှိအစွမ်း စိတ်အတွင်းမာန်မဟုတ်ဘူး
ရုပ်မြင်သံကြားစက်ရဲ့ ရုပ်တင်ပန်ကြားချက်ကို အဟုတ်ထင်ခံစားခဲ့မယ်

ပွင့်ပန်းတိုင်း အလှတူဟန်ပန် ယဉ်ကျေးမှုကိစ္စမျိုးတွေထဲ အသိဥာဏ်ဖြာသလို
အကျင့်ကြမ်းရိုင်း ထပ်တူပြန်လှန် အထင်သေးမှုစိတ်ဓါတ်ဆိုးတွေ ရှိပြန်ပါတယ်
ရေထ ရေကျ ခရီး အသွားအပြန်ပြုကြလေတဲ့ ဒီလှိုင်းရေလုံးတို့ စံမူထားကာ
ဝေတတ် နေတတ်ပြီး အလျှားအနံကုဗပေနဲ့ ဒီတိုင်းသေဆုံးဖို့ ခံယူသွားပါ
ရုပ်မြင်သံကြားစက်ရဲ့ ရုပ်တင်ပန်ကြားချက်ကို အဟုတ်ထင်ခံစားခဲ့မယ်

မင်းနဲ့ငါကို အတင်းဖက်ကာ ငါတို့ လုပ်ပစ်လိုက်ကြလို့ ရသွားပေမဲ့
မင်းအတွက်နဲ့ ငါ့အတွက်ကို ငြင်းဖျက်ကာ ငါတို့အတွက် လုပ်လို့မရခဲ့ဘူး
အလှအပမှာ တပွင့်ချင်းစီ ဖူးပွင့်နေတဲ့ သတ္တလောကရဲ့သဘာဝလမ်းမြေဟာ
ဘဝခဏမှာ တဆင့်ချင်းစီ အရူးရင့်စေတဲ့ အတ္တလောဘတက်ပကာသနလွှမ်းနေရှာ
ရုပ်မြင်သံကြားစက်ရဲ့ ရုပ်တင်ပန်ကြားချက်ကို အဟုတ်ထင်ခံစားခဲ့မယ်

လှမ်းတုန်းမှာမသိ လမ်းဆုံးမှာရှိနေတဲ့ သုသာန်ရွာက
ဆုတ်ပြန်လာလို့မရတဲ့လက်ကျန်တရားပျောက်ဆုံးခဲ့
မြှုပ်နှံပါတို့ဘဝရဲ့မနက်ဖန်များအောက်ဆုံးနက်နက်မှာ
ကြမ္မာကြို ကြမ္မာကြားက ဝိညာဉ်များရဲ့ စည်းလုံးရာဈာပနဘုံနန်းမြေ
ကမ္ဘာကြို ကမ္ဘာကြားက အသိအမြင်များရဲ့ ပြီးဆုံးရာပြာကျခုံတန်းရှည်
ရုပ်မြင်သံကြားစက်ရဲ့ ရုပ်တင်ပန်ကြားချက်ကို အဟုတ်ထင်ခံစားခဲ့မယ်

ဂီတတေးသွားသွက်လက် တီးလုံးအလိုက်မှာနားဆင် ငြိမ့်ဈာန်ဝင်စားခဲ့
ဒီဘဝရေးသားဖွဲ့နွဲ့ ခရီးဆုံးလိုက်ပါသွားစဉ်အရိပ်သံစဉ်များနဲ့ပျော်မွေ့
လက်တွေ့မှာ အခက်တွေ့လာသော ပုံစံကွဲများကို တွဲဖော်ပြရန် စိတ်ကူးလိုက်စဉ်မှာ
ဆက်၍ ဆက်၍သာ ပုံသဏ္ဍာန်ထဲအား လွဲချော်ကျပြန် အဆိပ်ဆူးစိုက်ဝင်လာ
စိတ်ရူးစိုက်ပင်တွေဟာ အတိတ်ရူးမိုက်စဉ်ခါတွေမှာ ဂီတဆိုးမျိုး ဒီဘဝကိုပျိုးတယ်
ရုပ်မြင်သံကြားစက်ရဲ့ ရုပ်တင်ပန်ကြားချက်ကို အဟုတ်ထင်ခံစားခဲ့မယ်

အများဆုံးအမုန်းကို စားသုံးသူဟာ အမှားဆုံးလူပဲ
ရန်/ငါရေးခြားတဲ့ဝါဒီတို့ ပြန်စာရေးသားလျှက်စာစီတဲ့အခါ
ဘာသာရေး အဖုအထစ်တွေကို သာသာလေးထုဆစ်အလံလွှင့်ကြ
ပြန်သင့်မြတ်မဲ့နှလုံးသားတွေကို ရန်ဖြစ်ကြတဲ့အမုန်းအားတွေကသတ်ဖြတ်
အတူတကွပွင့်လင်းမနေတတ်သူတွေဟာ အယူအဆစစ်ခင်းသေကြရတာပဲ
အမုန်းတရားတိုင်းကို မောဟဘုရားစာနဲညီမျှခြင်းချ လူသတ်ဗုံးတစ်လုံးပဲ အဖြေရတယ်
နှလုံးသားတိုင်းကို ဒေါသအမှားဂါတာနဲ့ကဗျာချိုးဖွဲ့ စစ်ပွဲဆိုးတစ်ပွဲပဲ အဖြေထွက်တယ်
ရုပ်မြင်သံကြားစက်ရဲ့ ရုပ်တင်ပန်ကြားချက်ကို အဟုတ်ထင်ခံစားခဲ့မယ်

တီဗွီကိုပိတ်ပြီး စိတ်ကိုစင်အောင်ခါချ
သည်အကြောင်းအရာတွေ ဒီခေါင်းမှာ ကပ်ကျန်မနေရန်
မေ့ဥာဏ်အားကိုလေ့ကျင့်ထား၊ မသေခင် မဂေါက်သင့်ဘူး မဟုတ်လားဗျာ။   ။

သုအိုင်စံ
၂၇-၀၄-၂၀၁၃

0 comments: