Saturday, April 27, 2013

သစ္စာရေသောက်/သွန်သူများ

လက်မောင်းသွေးကိုဖောက်
သစ္စာရေသောက်တယ်
ဆင်ဖမ်းတယ် ကျားဖမ်းတယ်
အရိုးခံရဲ့ ဘဝကြမ်းထဲ
အဆိုးဒဏ်နဲ့ ဖြတ်သန်းရဲရဲချီ
ဒီအမြစ်မျိုးကို ခုတ်ထွင်လင်းရန်
ဒီစနစ်ဆိုးကို သုတ်သင်ရှင်းရန်
သွေးအော်သံနဲ့ တော်လှန်ရေး။

လူငယ့်မာန်လို
အလံတော်ဟာ တဖြတ်ဖြတ် လွင့်
ရန်ဆိုးကို ရင်ဆိုင်ပစ်ကာ
ဇ ဟာ ထောင် ခဏခဏကျလည်း
ဇ ဟာ အတောင် တဖြတ်ဖြတ်ခတ်မြဲ
သစ္စာမျိုးဆက်ထဲ သစ္စာပျိုးဆက်ကြဲ
သေနတ်ပြောင်းထဲက ကျည်တစ်တောင့်
ဘယ်တော့မှ နောက်ပြန်မထွက်ခဲ့ဘူး
ကျည်ဖူးမှန်သမျှ ရန်သူ့ရင်ကိုစူးစိုက်ခွဲ
အတွဲလိုက်ပစ်တဲ့ ညီညွတ်ရေး
သွေးကြွေးသံစဉ်နဲ့ တော်လှန်ဂီတ
လူသည် ဘဝတွေနဲ့အတူ၊ လူ ပီသနေတဲ့လူ။

နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
M16 တစ်လက်ဟာ ဂျမ်းဖြစ်၊ ပစ်လို့မရတော့ဘူးလေ
နှစ်ဆယ့်လေးနှစ်ကြာတဲ့အခါ
Cipher တစ်ရွက်ဟာ ပေါက်ထွက်၊ လဝ ဝှက်လို့ မရတော့ဘူးလေ
နိုင်ငံရေးလမ်းစဉ်တွေကို ဖြုတ်တိုက် ချွတ်ဆေး ပြောင်းရှင်းဖို့
ခေါင်းချင်းတိုက် ဆွေးနွေး အဖြေရှာတော့
မရေရာတော့တဲ့ လက်တွေ့ဘဝမှန်က အမျက်တွေ့ ထ ကလန်တယ်
ရန်သူ့လေသံတွေတောင် ဝဲလို့။

ဖဲဝိုင်းကြီးသိမ်းတော့မယ်ဟေ့လို့ ကြေငြာလိုက်တဲ့အခါ
မဖြစ်ဖဲတွေက ချက်ချင်းပဲ ကမန်းကတန်း ပစ်တင်လိုက်ကြတာပဲ
ဖြစ်ဖဲတွေဟာ တွေဝေလေးဖင့်...နောက်တော့လည်း...ပစ်တင်လိုက်ကြတာပဲ
အငြိမ်ဆုံး နိုင်ဖဲက ဒိုင်ထဲကို ရောက်နေခဲ့တဲ့အခါ
တချိန်လုံး ထိုင်ဆွဲခဲ့သမျှတွေရှုံး အပြိုင်ရဲခဲ့သမျှတွေဆုံး
အနာဂတ်ရဲ့တောင်ပံအားလုံး
တခါပြတ်နဲ့ပေါင်နှံစားသုံးလိုက်ရတဲ့ ငှက်လို
အထက်ကို ပျံမရ၊ ရှိသမျှ သိက္ခာတွေ ပစ်သွန်ပက်ရ
စစ်ကျွန်သက်ဝရေး ယန္တယား တွင်းအောက်
ခေတ်အခွန် ဆက်သရေး လမ်းအား နင်းလျှောက်
တစ်ယောက်မကျန်ဖောက်ပြန်ရင် သစ္စာမပျက်တော့ဘူးလေ
တွဲလက်တွေကို ဖြုတ်ပစ်၊ တစ် နှစ် သုံး လေး ဟစ်ကာ
သွေးသစ္စာရေခွက်အား ပြိုင်တူကန်မှောက်သွားကြ
တခါတရံက သွေးသောက်များရဲ့မျက်နှာတွေဟာ လူသေကောင်တွေလို မွဲပြာပြာနဲ့။   ။

သုအိုင်စံ
၂၇-၀၄-၂၀၁၃

0 comments: