Saturday, April 27, 2013

မြစ်ရိုးတလျှောက်မှာ အပွင့်ပျိုးပေါက်တဲ့ကြာ

ခရီးလမ်းတလျှောက်
ထီးနန်းဆောက်တည် ထိုဘုရင်သည်
မြစ်ရေလျင်လို တသွင်သွင်စီးလို့။

ခရီးလမ်းတလျောက်
ထီးနန်းပျောက်ပြီ ထိုဘုရင်သည်
မြစ်ရေလျှံပြီး ဒီရေတွေကြီးလို့။

အစုန်မာန်အားကို
ပုန်ကန်သွားမဲ့ရေဆန်ဘဝ
အားမမျှလည်း
တစ်လတစ်ကြိမ် အားချိန်ရေလှန်ကြိတ်ထိုး
ရေငန်အဆိပ်ဆိုးနဲ့
ရေစုန်လမ်းထက် ဖုံးလွှမ်းလျှက်သတ်ဖိသွားဖို့
အမုန်းကြမ်းနဲ့ သတ္တိအားတို့ရှိနေမယ်။

မြစ်ရိုးစဉ်တလျှောက်
ခေတ်စိုးဘုရင်တစ်ယောက်ရဲ့အာဏာဟာ
ရေတက်ရေကျလက္ခဏာလိုပါလား
အလောင်းမင်းတရားသည်
ဧရာဝတီမြစ်ရှည်လို စီးဆင်းပြီး လမ်းဖောက်သွားခဲ့သည်
သီပေါမင်းသည်ကား
ဧရာဝတီမြစ်ဝလို ရေငန်ဖုံးလွှမ်း လမ်းပျောက်သွားခဲ့သည်။

မြစ်ဝမျိုးလူကား ဒီရေ ထိုးယူစားခံရသည်
မြစ်အစစ်လူကား သူ့အမြစ်နဲ့သူ ရှည်လျှားရသည်။

ခရီးလမ်းများပဲ့ ထီးနန်းများပျက်
နည်းလမ်းများမဲ့ အပြီးလှမ်းမသွားခဲ့နိုင်
ခရီးလမ်းလည်းမှန် ထီးနန်းလည်းစံ
နည်းလမ်းလည်းသန် အပြီးလှမ်းရဲပြန်ခဲ့။

ရေစီးကြောင်းများနဲ့တူတဲ့လမ်းပေါ်ချီတက်
ရွှေထီးဆောင်းထားတဲ့သူရဲ့နန်းတော်တည်ခဲ့တယ်။   ။

သုအိုင်စံ
၀၉-၀၁-၁၃

0 comments: