Saturday, January 26, 2013

အောက်ချင်းငှက်များ ပျောက်ဆုံးခြင်း

 အောက်ချင်းငှက်တွေဟာ
နေအလင်းတောင် ဖောက်ခွင်းရခက်တဲ့ အမြဲစိမ်း တောနက်ထဲမှာ
မွေးဖွား ရှင်သန် ကြီးထွား အိုနွမ်း ငြိမ်းချမ်းခဲ့တယ် (အရင်က)။

မုန်တိုင်းဒဏ်ကြောင့် ဒီသစ်ကိုင်း ကျိုးသွားရင်
ဟိုဘက်သစ်ကိုင်းမှာ ပြောင်းရွေ့ အသိုက်ဆောက်
နှစ်ယောက်မှသည် မိသားစုဖြစ်တည် (ဒီတောထဲမှာပဲ)

မုန်တိုင်းဒဏ်ကြောင့် ဒီသစ်ပင် ပြိုလဲသွားရင်
ဟိုဘက်သစ်ပင်မှာ ပြောင်းရွေ့ အိမ်ယာတည်
မိသားစုမှသည် သိုင်းဝိုင်းစုဖွဲ့ (ဒီတောနက်ထဲမှာ)

လူ့လောဘသားဒဏ်ကြောင့် သစ်ပင်တွေ တဖြည်းဖြည်းပျောက်
နောက်.. တောအုပ်ကြီး လုံးဝ ပျောက်ဆုံး (တောင်ကတုံးစဉ်တွဲများဖြစ်လာ)
အိမ်ယာမဲ့သွားတဲ့ အောက်ချင်းငှက်တွေဟာ ကောင်းကင်ကို မော့မော့ပြီး တောင်းဆိုခဲ့သေးရဲ့
ကိုယ်တော်က ဘာဆို ဘာတစ်ခုမှ မဖန်တီးပေးခဲ့ဘူး (လောလောဆယ်ကြုံရတဲ့ပြဿနာ)။

အမြဲစိမ်းသစ်တောထဲက အောက်ချင်းငှက်ဟာ
သမုဒ္ဒရာ ရေအောက်ကို ပြောင်းရွေ့ မနေနိုင်ပါ
သစ်ပင်မဲ့ ရေခဲတောင်တွေထက် သွား မနေနိုင်ပါ
ကန္တာရ လွင်တီးခေါင် သဲလွင်ပြင်မှာ သွား မနေနိုင်ပါ
အောက်ချင်းငှက်တွေဟာ
မရှိတော့တဲ့ သစ်ပင်ခြေရင်းက ဘိုးဘွားမြေပုံကို ကြည့်ပြီး မျက်ရည်ကျရှာ (သိပ်တော့မကြာခဲ့ဘူး)။

ဒီပတ်ဝန်းကျင်မှာရော ဟိုနယ်ကတောတွေမှာရော ဘာသစ်ပင် မရှိတော့ဘူး.ခင်
လာ...ကောင်းကင်ကို သွားကြစို့...
ငါတို့ရဲ့ ဝဋ်ဒုက္ခ ငါတို့ ဘုရားသခင်ကို ပြန်အပ်ရတော့မယ်..လို့ပြောပြီး
အောက်ချင်းဖိုနဲ့ အောက်ချင်းမဟာ ကောင်းကင်ကို အမြင့်ဆုံးထိ ပျံတက်
ပြီးတော့ တဟုန်ထိုး ဇောက်ထိုး မြေပြင်ကို ထိုး..ဆင်း..စိုက်ချလိုက်တယ် (အပြီးပဲ)။

အဲဒီ အောက်ချင်းငှက်စုံတွဲ ကျသွားတဲ့နေရာကို သွားကြည့်တဲ့အခါ
ကောင်လေးက ပင်နီအကျီနဲ့ပုဆိုးနဲ့၊ ကောင်မလေးက သနပ်ခါးနဲ့ချိတ်ထမီနဲ့၊
လက်ချင်းဆွဲချိတ်ပြီး သေနေကြရဲ့ ပုံပျက်ပန်းပျက် (ဘာကြောင့်ဖြစ်ရတာတွေလဲ)။

သစ်ပင်ကိုသတ်တဲ့ကောင်ကြီးတွေကတော့ ရေစုံမီးစုံနဲ့  မြို့ကြီးတွေပေါ်မှာ ဂုတ်တိုဝဖီးလို့
( ကိုယ်တော်ဟာ အရက်မူးပြီး တလွဲတွေ လျှောက်လုပ်နေတာပဲ ဖြစ်မယ်)...။

သုအိုင်စံ
၂၆-၀၁-၁၃

0 comments: