Friday, January 18, 2013

ပြတ်သွားတဲ့ညာခြေထောက် ခုန်ပေါက်ခုန်ပေါက် လျှောက်နေဆဲပဲ

ထောက်ပို့ရုံးကနေ ခွဲတမ်း စစ်ဖိနပ်တစ်ရံ
ခြောက်လတစ်ခါ အမြဲတမ်း ပုံမှန်လာထုတ်တယ်

ဘယ်ဖက်ဖိနပ်ကို ဘယ်ခြေထောက်မှာ ချည်နှောင်စီးပြီး
ညာဖက်ဖိနပ်ကို ဘားတိုက်ထောင့်မှာ သိမ်းဆည်းလိုက်တယ်

၁၀နှစ်ကြာပြီးတဲ့အခါ
ညာဖက်ဖိနပ် ၂၀ဟာ အားလုံးပကတိအတိုင်း မပျောက်မပျက်
ဘယ်ဖက်ဖိနပ် ၂၀ဟာ အားလုံးပဲမရှိတော့ ပျောက်ပျက်ခဲ့တယ်

သီအိုရီအရ၊ ပုံသေနည်းအရ၊ လောဂျစ်အရ၊
ရှိနေတဲ့ ဘယ်ခြေထောက်ဟာ
ရှိနေတဲ့ ညာဖိနပ် ၂၀ကို စီးလို့မရဘူး
သီအိုရီအရ၊ ပုံသေနည်းအရ၊ လောဂျစ်အရ၊
မရှိတော့တဲ့ ညာခြေထောက်ဟာ
မရှိတော့တဲ့ ဘယ်ဖိနပ် ၂၀ကိုစီးလို့ရတယ်၊
ဘာကြောင့်လဲ
ပေးဆပ်ခြင်းဟာ မြင့်မြတ်ခြင်းပဲ
ပျက်ယွင်း/ မရှိတော့ခြင်းမှာအခြေခံ၊  ဖြစ်တည်/ ရှိနေခြင်းနဲ့မှန်နေတယ်၊
အဲဒါဟာ
အသိအမြင်ကို ဖော်စပ်ထားတဲ့ ခေါင်းစဉ်စစ်ရဲ့သစ္စာအလင်းပဲ
ဝိညာဉ်ကို မှော်ခတ်ထားတဲ့ ကောင်းကင်သစ်ရဲ့စစ်ကဗျာသီချင်းပဲ

စစ်သားခြေထောက်တစ်ဖက်နဲ့ ဆင့်ပွားမွှေနှောက်ခဲ့တဲ့ ဒီကဗျာကို
"အာဇာနည်" လို့ အမည်ဝိုင်းပေးခဲ့ပေမဲ့ "အညတရ" လို့ပဲ ကျော်ကြားခဲ့ပါတယ်
ညာဂျိုင်းထောက်တစ်ခုနဲ့ လျှောက်သွားတဲ့ခရီးမှာ
ရန်သူ့ ကာမိုင်းပေါက်မှုရဲ့ခြောက်ခြားမြည်ဟီးသံတွေဟာ ကြားနေရတုန်းပဲ။   ။

သုအိုင်စံ
၁၈-၀၁-၁၃

0 comments: