Thursday, January 17, 2013

"အမင်္ဂလာ"ပန်းချီကား..."Oil on canvas "live size""..."လူသား" လို့ ဆိုင်းထိုးထားတယ်

ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
လျှပ်စစ်လို180° နဲ့ ပြေးနေတဲ့ ကျည်ဆံဟာ
တုံ့ကနဲရပ် 90° နဲ့ အောက်ပြုတ်ကျသွားတယ်
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
ကျပြီးပေါက်ကွဲတော့မဲ့ အမြှောက်ဗုံးသီးဟာ
ကျပေမဲ့ မပေါက်ကွဲတော့ဘူး
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
ဘုရား၂ပါးကြားမှာ စကားများထားသော ပြဿနာဟာ
တအားရှားပါးစွာ သားနားသော ဓမ္မကဗျာ ဖြစ်သွားတယ်
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
အမုန်းနဲ့ ပြေးဖျက်လှမ်းရိုက်ကြတဲ့ လက်တွေဟာ
အပြုံးနဲ့ပြေးဖက်နမ်းရှိုက်ကြကုန်တယ်
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
ရန်နဲ့ငါ အတုံ့အလှည့် လောင်ကျွမ်းပြီး အစိုးမရ မီးတွေဟာ
အကြံမဲ့စွာ ရုတ်တရက် ယောင်ရမ်းပြီး ကျိုးကျ မီးသေသွားတယ်
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
သေနတ်တွေဟာ ပင်ကိုယ်အသိတရားကြောင့် "ငိုယိုကျည်အ" ကုန်ပြီး
ဘဝတွေဟာ ပင်ကိုယ်အရှိတရားကြောင့် "ပို ပို ကြည်မြ" ကုန်တယ်
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
ဘာလင် တံတိုင်းကြီးလည်း ပြိုဆင်းကြွေသွားခဲ့တယ်
မဟာဘုရင် သမိုင်းကြီးလည်း အိုမင်းသေသွားခဲ့တယ်
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
စစ်မိန့် စစ်အာဏာတွေဟာ ဘဝကိုသတ်သေသွားကြပြီး
အချစ်စိတ် အချစ်ဘာသာတွေဟာ နှစ်ဆပိုအလှတွေပွားကြကုန်တယ်
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
ငါ့ကမ္ဘာဟာ မင်္ဂလာပဲ၊ ငါကိုယ်တိုင်ဟာလည်း မင်္ဂလာပဲ၊
ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ
ငါဟာ( ငြိမ်းချမ်းရေးသင်္ကေတပုံ)
အတောင်ပံစုံနဲ့ ပျံသန်းတဲ့ငှက်ဖြူက သန်စွမ်းတဲ့သံလွင်ခက်ကို ကိုက်ချီလို့။

အတောင်ပံကိုဖြန့် ကမ္ဘာအနှံ့ငါပျံသန်းခဲ့စဉ် လောကတစ်ခွင်မှာ
လမ်းတွေဟာ လမ်းပီသစွာ နီးသော အဖော်ခင် လွင့်လှမ်းကြွရွလို့
ပန်းတွေဟာ ပန်းပီသစွာ နှီးနှော ပျော်ရွှင် ပွင့်လန်းလှပလို့
အနမ်းတွေဟာ အနမ်းပီသစွာ စီးမျော ပျော်ဝင် ချစ်ကျွမ်းမျှတလို့
အတောင်ပံကိုဖြန့် ကမ္ဘာအနှံ့ငါပျံသန်းခဲ့စဉ် လောကတစ်ခွင်မှာ။

ယနေ့ကမ္ဘာသည်
ရာသီဖောက်ပြန် လူလုပ်အပူဒဏ်များက ပြန့်ကားပွင့်လျှံ
ငါ့တောင်ပံဆစ် ဆူပွတ်ပွင့်ထွက် ပူကျွတ်လွင့်ပျက် သွားကုန်ပြီ
ယနေ့ကမ္ဘာသည်
ရာသီဖောက်ပြန် လူလုပ်အအေးဒဏ်များက ချုံ့ထားပိတ်လှောင်
ငါ့တောင်ပံတွေ အေးခဲကြေမွ သွေးခဲကြွေကျ သွားကုန်ပြီ။

ငါ့အတောင်ပံ တစ်ချက်မှ မခပ်နိုင်တော့တဲ့အခါ
ငါတည်ဆောက်ခဲ့တဲ့ ကမ္ဘာဟာ ပြောင်းပြန်ဖြစ်သွားလေရဲ့
ငါ့အတောင်ပံ တစ်ချက်မှ မခပ်နိုင်တော့တဲ့အခါ
ငါ့ကမ္ဘာဟာ အမင်္ဂလာ ဖြစ်သွားလေရဲ့
ငါ့အတောင်ပံ တစ်ချက်မှ မခပ်နိုင်တော့တဲ့အခါ
ငါကိုယ်တိုင်ဟာ အမင်္ဂလာ ဖြစ်သွားလေရဲ့
ငါ့အတောင်ပံ တစ်ချက်မှ မခပ်နိုင်တော့တဲ့အခါ
အတောင်ပံမဲ့ငှက်ဖြူဟာ အရွက်မဲ့သံလွင်ခက်ကိုငုံလို့
(မငြိမ်းချမ်းရေးသင်္ကေတပုံ)ဟာ 360° နဲ့ငိုက်မြည်းနေတယ် ငါ့မြေပုံပေါ်မှာ။    ။

သုအိုင်စံ
၁၇-၀၁-၁၃

0 comments: