Tuesday, December 11, 2012

သမိုင်းသစ်တေး

ကျွန်တော်သွားပြီ အမေ
လူသားအခွင့်အေ၇း နိုင်ငံသားအခွင့်အရေး
အရင်ကတရေးရေးမြင်ခဲ့တာ မီးခိုးငွေ့တွေပါ အမေ
သံဃာတွေ သွေးမြေကျကုန်ပြီ တဲ့
အိပ်နေတုန်း မီးလောင်ဗုံးပစ်သွင်းလိုက်ကြတယ် တဲ့ ။

ကျွန်တော်သွားပြီ အမေ
လက်ထဲတုတ်တွေဓားတွေမပါဘဲ ကျွန်တော်သွားပြီ
လမ်းမတွေပေါ် ကျွန်တော်တို့၇ှိနေမှဖြစ်မယ်
အရင်လိုအူနေ အ နေလို့မရတော့ဘူး အမေ
သံဃာဆိုတာ ရတနာပါ အမေ။
သူတို့ကွာကျကုန်တာ ကျွန်တော်တို့အေ၇ပြားတွေပါ
သူတို့မမြင်ကြတော့တာ ကျွန်တော်တို့မျက်လုံးတွေပါ
သူတို့ကျိုးကြေကုန်တာ ကျွန်တော်တို့ခြေလက်တွေပါ ။
ကျွန်တော်သွားပြီ အမေ
မျက်ရည်မကျလည်း ငိုနေရင်းနဲ့ ကျွန်တော်သွားပြီ
ကြေးနီ ကျောက်စိမ်း ပြည်သူမပေးဘဲ သူတို့သိမ်းယူသွားကြပြီ
သစ်ပင်တွေခုတ်ေ၇ာင်း တောတောင်တွေလှီးထုတ်နေကြပြီ
အကျိုးတူပူးပေါင်းတာ တဲ့အလိုမတူပါဘဲ
ကိုယ့်အသက်ကို ကိုယ့်ရှေ့မှာ နှုတ်ယူသွားကြတယ်။

တစ်နေ့တစ်နေ့ ငိုနေကြောက်နေရတာ
တစ်နေ့တစ်နေ့ ပျော်ရွှင်စရာနည်းနည်းလာတာ
ဘွဲ့ရလည်း ပညာမတတ်တော့တာ
မပျင်းလည်း လုပ်စရာအလုပ်မရှိတော့တာ
ဒီမှာ ပျံနေရင်း တောင်ပံချိုးခံလိုက်ရသလို
ဒီမှာ အနာပေါ်ဓားစိုက်ခံထားရသလို
ကိုယ့်ဒဏ်ရာကထွက်လာတဲ့သွေး နောက်မျိုးဆက်ကို ပေသွားခဲ့ရင်
ကျွန်တော်တို့ အပြစ်ပဲ အမေ ။

ခု ကိုယ့်မြေကိုယ်စမ်း ကိုယ့်ခရမ်း ကိုယ်ပျိုးမယ်
ကိုယ်သမိုင်းကိုယ်ရေး ကိုယ့်တေး ကိုယ်ဆိုမယ်
ဘ၀ဆိုတာ ရယ်စရာမဟုတ်တော့ဘူး အမေ
ခု သွေးနဲ့ရေးတဲ့သမိုင်းကို ပြီးအောင်ရေးဖို့
မုန်တိုင်းကကွက်ကြားမှာ ပန်းများပွင့်ဖို့
ငြိမ်းချမ်းရေးသစ်ပင်မှာ ငှက်တစ်သောင်းမကနားဖို့
ကမ္ဘာသစ်ပြတင်းကို အနာခံဖွင့်
ရင်ဖွင့်ချွန်းဖွင့်၊ ပွင့်နေတဲ့တေးသွားနဲ့
ကျွန်တော်သွားပြီ အမေ ။
ကိုယ့်အလောင်း ကိုယ်ပြန်မရလည်း
ဂုဏ်ယူလိုက်ပေါ့ အမေ ။ ။

ဆောင်းဝေ(နတ်မောက်)
၃.၁၁.၂၀၁၂

ရည်ညွှန်း ။ ။၂၉.၁၁.၂၀၁၂ ရက်နေ့ညတွင်
လက်ပန်တောင်းတောင်စီမံကိန်းရပ်တန့်ရေးတွင် အကြမ်းဖက်ဖြိုခွင်းခံရသော
ရဟန်းသံဃာအရှုင်မြတ်များသို့ ဦးခိုက်လျက် ..........။

0 comments: