Sunday, December 9, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၁၉)

ကျနော် မုဆိုးကြီး

ကျနော်တောမခိုခင်က ရှစ်ဆယ့်ရှစ်အရေးတော်ပုံအပြီး အစိုးရကဖွဲ့ပေးထားတဲ့ ရဲဘော်ဟောင်းများအဖွဲ့ရဲ့ လေသေနတ်ကွင်းမှာ လေသေနတ်ပစ် သွားကျင့်လေ့ရှိတယ်။ ကျနော်ရယ် အောင်ကျော်ရယ်က အရှိန်ရ လာတော့ လေသေနတ်အတော်လေးဖြောင့်လာတယ်။ ကျနော်တို့နောက်လိုက်နေကြတဲ့ ရဲထောက်လှမ်း ရေးတွေနဲ့ လောင်းကြေးစားကြေးပစ်ရင် ကျနော်တို့ခဏခဏနိုင်တယ်။ အဲဒီတော့ ကျနော် ရှေ့တန်းမှာ ရောက်နေတုန်း ကျနော်တို့စခန်းထဲကနေ ကြိမ်ခုတ်တဲ့ရွာသားတွေရဲ့တဲစုကိုဖြတ်ပြီး အမဲလိုက်လေ့ရှိတယ်။ တကယ်တော့ အောင်ကျော်က အပေါ်မှာလှုပ်ရှားနေတဲ့ ပစ်မှတ်တွေဖြစ်တဲ့၊ ရှဉ့်တို့ ငှက်တို့ကို ထိတယ်။ ကျနော်တစ်ခါမှမထိဘူး။ ငါးမျှားတာကလွဲရင် အကုသိုလ်နဲ့အကျိုးမပေးတာလားမသိ။ ညနေစောင်း အသာ လေး သေနတ်လွယ် တောတိုး၊ တစ်နာရီတစ်နာရီခွဲလောက် ပြန်ထွက်လာ။ အဲ ဘာကောင်မှမရတော့ ကျနော် အပြန်မှာ လမ်းဘေးကဍရင်ကောက်ရွက်လို့ ခေါ်တဲ့အရွက်လေးတွေကို ဟင်းချိုချက်သောက်ဖို့ တစ်ပွေ့ခူးခူးပြီး ပြန်ခဲ့လေ့ရှိတယ်။ အဲဒီလိုတောတိုးနေတာ တစ်ပတ်လောက်ကြာလာတယ်။ ရွာသားတွေ လည်း ရင်းနှီးလာပြီဆိုတော့ တစ်ရက် ကျနော် ညနေစောင်း ထုံးစံအတိုင်းသေနတ်လေးလွယ်ပြီး တောထဲ အ၀င် ကျနော့ကို “ဗိုလ်ကြီး… ဍရင်ကောက်ပစ်. သွားမလို့လား” တဲ့။ ကျနော်လည်း မထူးတော့ပါဘူးဆိုပြီး ရှက်ရှက်နဲ့ အေးဗျာကျနော်သွားပစ်တိုင်း ဍရင်ကောက်ပဲရတယ်လို့ သွားဖြီးပြန်ဖြေရင်း ကုတ်ချောင်းကုတ် ချောင်း ပြန်လစ်ခဲ့ရတယ်။ တွတ်ပီ ဒီနေ့ ကံမကောင်းပါလား။


မိုးထဲရေထဲ

နောက်တစ်ခေါက်ရှေ့တန်းကိုဆင်းတော့ ကိုယ့်ထက်ငယ်တဲ့ရဲဘော် ကိုဇော်လေးတစ်ယောက် လမ်းမှာတင် ဖျားပြီး မလိုက်နှိုင်ဖြစ်တယ်။ ကျနော်က ရန်သူ့ထိမ်းချုပ်မှုအောက်ကဒေသတွေဖက်ကို မရောက်သေးတော့ ရှေ့ကသွားနေတဲ့စစ်ကြောင်းကို ကျနော် ကိုဇော်လေးကို စောင့်ခေါ်ပြီးနောက်ကလိုက်ခဲ့မယ်၊ သစ်ကိုင်းသစ် ခက်တွေနဲ့ လမ်းခွဲတွေရှိရင်လမ်းပြပေးခဲ့ဘို့မှာပြီး ဖြေးဖြေးလိုက်ခဲ့တယ်။ တောထဲမှာ ညနေလေးနာရီဝန်း ကျင်ဆိုရင် စပြီးမှောင်လာပြီ။ မိုးတွေကလည်း ဖွဲဖွဲဖွဲဖွဲရွာနေတယ်။ ငါးနာရီခွဲလောက်မှာ ကျနော်တို့ ချောင်း ကလေးတစ်ခုကို လှမ်းမြင်ရတယ်။ ချောင်းရေကဒူးလည်လောက်ပါဘဲ။ ကိုဇော်လေးက ထိုင်ချလိုက်ပြီး ကိုမြတ်.. ခင်ဗျားဆက်သွားနှင့်ဗျာ။ ကျနော်တော့ ဒီနေ့ဒီမှာဘဲအိပ်တော့မယ်တဲ့။ ကျနော်က ဟာ… ဟေ့… ရွာက သိပ်မဝေးတော့ဘူးထင်တယ်။ နောက်ထပ် ၅ မိနစ်၊ ဆယ်မိနစ်လောက်တော့ ဆက်လျှောက်ပါဦး ဆိုတော့ သူကမရတော့ဘူးတဲ့။ ဒါနဲ့ကျနော်လည်း အနီးဝန်းကျင်မှာ မိုးခိုဖို့ အပင်ကြီးကြီးတစ်ပင်အောက်ကို သူ့ကိုပါ တွဲခေါ်ပြီးဝင်ရတယ်။ မိုးကာတွေကို ယာယီအမိုးအဖြစ် အပေါ်မှာ ကြိုးတွေနဲ့ တစ်ယောက်စာ ချည်ပေးလိုက်ပြီး။ သူ့ကို ပေးနားလိုက်တယ်။ ကျနော်က သူ့ခြေရင်းဘက်မှာ ၀င်ထိုင်တယ်။ မိုးကသိပ်မလုံ ဘူး။ သူချမ်းနေတော့ ကျနော့စောင်ကိုပါသူ့ကိုပေးပြီး ကျနော့ပုခက်ကိုကျနော် စောင်လိုလုပ် ပြီးခြုံထားရ တယ်။ တောနက်ထဲမှာအိပ်ကြရတာဆိုတော့ ကျနော်လည်းအိပ်မပျော်ဘူး။ တစ်ညလုံးလိုလို မှေးကနဲ အိပ်ပျော်သွားလိုက်၊ ပြန်ထပြီးကင်းစောင့်လိုက်နဲ့ပေါ့။ မိုးကလည်း တစ်စိမ့်စိမ့်ကိုရွာနေတာဆိုတော့ ကျနော့ တစ်ကိုယ်လုံးလဲ စိုထိုင်းထိုင်းဖြစ်နေတယ်။ မနက် ၅ နာရီကျော်လောက် ကိုဇော်လေးအိပ်ယာထလာတယ်။

ကျနော်က အခြေအနေဘယ်လိုလဲ။ သက်သာရဲ့လားဆိုတော့ သူက အဖျားကျသွားပြီ၊ သွားကြစို့လို့ပြန် ပြောရင်း အထုတ်အပိုးပြင်တယ်။ ရွာကို ၁၀ မိနစ်ကျော်လောက်ပဲ သွားလိုက်ရပါတယ်။ ကျနော်တို့ကို မျှော်နေတဲ့ ရှေ့စစ်ကြောင်းကရဲဘော်တွေနဲ့ ပြန်တွေ့တယ်။ ကျနော်အအေးမိပြီး ဖျားပါလေရော။ ရှေ့တန်း အထိုင်စခန်းနေရာကလည်း မဝေးတော့ဘူးလို့ကြားထားတော့ ကျနော်လည်း နောက်ကဖြေးဖြေးပဲ လိုက်ခဲ့ တော့မယ်၊ ခင်ဗျားတို့သွားနှင့်ကြလို့ပြောလိုက်တယ်။ ကျနော်ငှက်ဖျားပြန်တက်တယ်။ လမ်း လျှောက်နေ ရင်း တုန်ချမ်းနေတော့ နေရောင်အောက် လမ်းဘေးကိုဆင်းပြီး သေနတ်ကိုပေါင်ကြားထဲညှပ်၊ ပုဆိုးချုံပြီး ခြုံတွေထဲမှာ ၀င်ကွေးရတယ်။ ဖြတ်သွားကြတဲ့ဆင်သမားတွေက ကျနော့ကိုတွေ့တော့ ရဲဘော်လေး ဘာဖြစ်လဲလာမေးကြပြီး သူတို့ရေနွေးကြိုပြီး ငန်းဆေးတစ်ခွက်တိုက်သွားတယ်။ ကျနော် သက်သာတော့ တစ်ခါ ထလျှောက်ပေါ့။ အဲဒီမှာအတော်ဆိုးတယ်။ ခြေလှမ်းလေးငါးလှမ်းလောက်လျှောက်တိုင်း ခေါင်းထဲမှာ တစ်ဒုံးဒုံးနဲ့ တူနဲ့လာထုနေသလိုခံစားရတယ်။ ကျနော်တစ်ရွေ့ရွေ့ပဲ လျှောက်နှိုင်တော့တယ်။ တကယ်တော့ တစ်ရက်ခရီးကို ကျနော်နှစ်ရက်လောက်လျှောက်နေတာလေ။ နွားလေးခိုစခန်းကိုရောက်တော့ ကျနော့ကို ဒီခရီးကို ဒီလောက်ကြာအောင်လာရပါ့မလားဆိုပြီး အရင်ရောက်နေပြီးသား တခြားအဖွဲ့ကတစ်ယောက်က လှောင်ပြောင်ပြောတာတောင်ခံလိုက်ရသေးတယ်။ ကျနော်က သူ့ကိုပြန်ပြောဖို့ထက် ကိုယ့်ကိုယ်ကိုယ် တောင် မနဲဖြစ်နေတာဆိုတော့ အနားယူလို့ရမယ့်တဲတစ်ခုကိုဘဲဦးတည်ပြီး လှဲအိပ်နေလိုက်ရတယ်။

အဲဒီနွားလေးခိုစခန်းမှာ ကိုထွဋ်တို့လို လူ့ဘောင်သစ်ရဲဘော်တွေနဲ့ခင်မင်ခွင့်ရတယ်။ ကိုထွဋ် ချက်ကြွေးတဲ့ ပဲဟင်းက ကျနော်တောထဲမှာရှိစဉ် စားရတဲ့အစားသောက်ထဲမှာ လက်ရာအပြောင်မြောက်ဆုံးပေါ့။ ကုလား ပဲကို အစေ့မပျက် အိနေအောင်ချက်ထားတာ။ ကျနော် သူ့ကိုတွေ့တိုင်း ကုလားပဲဟင်းချက်ကြွေးဖို့ ပူဆာ လေ့ရှိတယ်။ အဲဒီရဲဘော်တွေအားလုံး စိတ်ထားကောင်းကြသလို နွေးထွေးကြတယ်။ ညီရင်းအကိုတွေ တွေ့နေရသလိုပါဘဲ။


ဒုတိယံပိငှက်ဆိုးဒဏ

လမ်းမှာမိုးမိလာလို့ဖျားနေတဲ့ကြားက အတက်အဆင်းတစ်နာရီခွဲလောက်ရှိတဲ့ ပတ္တလားတောင်ထိပ်ကို ရန်သူတက်လာမယ်သတင်းကြားလို့ အပေါ်မှာရှိပြီးသား တပ်ရင်းမှူးကိုရောဘတ်နဲ့ အဖွဲ့ဆီကိုလိုက်ရင်း ရန်သူပြန်ဆင်းသွားပြီကြားတာကတစ်ကြောင်း ကျန်းမာရေးအခြေအနေကလည်းမကောင်းတော့ နောက် နေ့ပြန်ဆင်းလာခဲ့တဲ့ပြီး ရှေ့တန်းနောက်ထိုင်စခန်း နွားလေးခိုက လူ့ဘောင်သစ်ရဲဘော်တွေဆီအရောက် ကျနော် နောက်သုံးရက်ထပ်ပြီး သတိမေ့သွားပြန်တယ်။ အဲဒီအချိန်က ရှေ့တန်းကိုရောက်လာတဲ့ အသက် သခင်ကျေးဇူးရှင် ညွန့်ပေါင်းအစိုးရပြန်ကြားရေးဝန်ကြီး ဦးလှဖေ (ပျော်ဘွယ် လွှတ်တော်အမတ် ၁၉၉၀) သာ အတင်းလူလွှတ်ပြီးဆေးတွေသွားဝယ်ခိုင်းတာမျိုး အချိန်မီမကယ်ခဲ့ရင် ကျနော့ဇတ်လမ်းကပြီးပြီ။ ပြန် ကောင်းသွားတော့ ဗဟိုက နောက်ထပ်တော်လှန်ရေးသီချင်းတွေ၊ စစ်ချီတေးတွေကိုဆိုပေးဖို့ အကြောင်း ကြားလာတာနဲ့ ဗဟိုကိုပြန်မယ့်အဖွဲ့တစ်ဖွဲ့နဲ့ ပြန်လိုက်ခဲ့ရတယ်။ ကျနော့ရဲ့ တန်ဖိုးရှိတဲ့တော်လှန်ရေးကာလ ခြောက်ရက်ကို ငှက်ဖျားစားသွားတယ်ပြောရမလား။

ကျနော်အမုန်းဆုံး တိရိစ္ဆာန်က ‘ခြင်’ ဖြစ်သွားတယ်။ အဲဒီကျနော်တို့ကို တောထဲမှာဒုက္ခအကြီးအကျယ်ပေးခဲ့ တဲ့ခြင်က မဲမဲအကောင်သေးသေးလေးတွေ။ အင်္ဂလိပ်လို အနောဖလိ Anopheles လို့ခေါ်တယ်။ ငှက်ဖျား သယ်လာတဲ့ကောင်ပေါ့။ ဒေသကိုလိုက်ပြီးအရောင်အသွေးကွာရင်သာကွာမယ်၊ ဒုက္ခပေးပုံချင်းကတော့ အတူတူပဲ။ အဲဒီခြင်လေးတွေက ခြုံတွေထဲမှာပုန်းအောင်းနေပြီး ညပိုင်းရောက်မှ ထွက်ကိုက်ကြတာ။ လက်ကိုလာကိုက်နေလို့ ပွတ်ချလိုက်ရင် သုံးလေးကောင်ပါလာတယ်။ အဲ... တစ်ချို့နေရာတွေမှာဆိုရင် လမ်းသွားနေတဲ့လူကိုတောင် လိုက်ကိုက်တာတွေရှိတယ်။ ကျနော်တို့ တောထဲမှာအနေကြာလာတော့ ခြင်နဲ့ပါတ်သက်ပြီး ကြွမ်းလာတာတစ်ခုရှိတယ်။ အဲဒါက လက်တစ်ဖက်တည်းနဲ့ အနားမှာ ပျံနေတဲ့ခြင်ကို လက်နဲ့ဖမ်းတာ။ သူပျံနေတဲ့ လမ်းကြောင်းကိုကြည့်ပြီး ဖျတ်ကနဲလှမ်းဖမ်းလိုက်တာ။ ဘေးက မမြင်ဖူးတဲ့ လူက ထိုင်ကြည့်နေရင် ကျနော်တို့ကို သိုင်းတတ်တယ်ထင်နေဦးမယ်။ ဒါပေမယ့် တစ်ကောင်မဟုတ် တစ်ကောင်တော့ အကိုက်ခံရမှာဘဲ။ ခြင်ထောင်ထောင်အိပ်တာထက်စာရင် စောင်ခေါင်းမြီးချုံပြီး အိပ်ကြ တာဆိုတော့ ဒီအကောင်သေးသေးလေးတွေက လွတ်တဲ့အပေါက်က ၀င်ကိုက်နေကြတာလေ။ ခပ်ကြောင် ကြောင် တစ်ယောက်နှစ်ယောက်ကလွဲလို့ ဘယ်သူမှ ရှေတန်းထွက်တဲ့အခါ ခြင်ထောင်တို့၊ ခေါင်းအုံးတို့ကို အလေးခံပြီး မသယ်ဘူး။ ကျောပိုးအိပ်ထဲမှာ သွားတိုက်ဆေးနဲ့သွားတိုက်တံပါမယ်၊ ဘရိတ်ဓားပါမယ်၊ ဆပ်ပြာတုံးပါမယ်။ အုန်းဆီပါမယ်။ သူက တခါတလေ ခေါင်းလိမ်းရုံတင်မဟုတ်ဖူး၊ သေနတ်တိုက်လို့လည်း ရတယ်။ ဂျပန်ဖိနပ်တစ်ရံပါမယ်၊ အရပ်ဝတ်တစ်စုံနဲ့ ယူနီဖောင်းတစ်စုံပါမယ်၊ ဗလာစာအုပ်နဲ့ဘော့ပင်ပါမယ်၊ စောင်ပါးတစ်ထည်ပါမယ်၊ ဒါလောက်ပါပဲ။ ဒါတောင် တစ်ချို့ဆို မသယ်နှိုင်လို့လမ်းမှာလွင့်ပစ်ခဲ့တာတွေ  ရှိ သေးတယ်။ ကြောပိုးအိပ်အပြင် ဖျင်နဲ့အခိုင်ချုပ်ထားတဲ့ ဆံကြိုးတစ်ချောင်းသယ်ရမယ်။ စစ်ပစ္စည်းတွေ ကြည်ဆံတွေထည့်ထားတဲ့ အီကွင့်မန့်တစ်ခုပါမယ်။ သေနတ်တစ်လက်နဲ့ ကျည်တစ်ချို့ပါမယ်။ တစ်ခါတစ် လေလည်း လက်နက်ကြီးကျည်တွေကို မျှသယ်ပေးရတာရှိတာပေါ့။ 

0 comments: