Friday, December 21, 2012

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ABSDF နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ တွေ့ဆုံ

၂၁ ရက် ဒီဇင်ဘာလ ၂၀၁၂

၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု အရေးတော်ပုံကို ဦးဆောင်ခဲ့ကြသည့် ကျောင်းသားမျိုးဆက်မှ အင်အားစု ၃စုတို့သည် ယနေ့မနက်၌ ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြသည်။ 
ကိုမင်းကိုနိုင်ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ ကိုငွေလင်းဦးဆောင်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖွဲ့နှင့် ကိုသံခဲ ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် မတူညီသော ဖြတ်သန်းမှုများကို ဖယ်လှယ်ပြီး ရှစ်လေးလုံးအင်အားစုများ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကို ၂၀၁၃ ဇွန်လမတိုင်ခင် ကျင်းပသွားဖို့ သဘောတူညီချက်များ ရရှိခဲ့ကြသည်။ 
၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားများသည် စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ပါတီနှင့် ABSDF ဟူ၍ အသွင်သဏ္ဍာန် ၃ရပ်ဖြင့် ၂၄နှစ်တိုင် ရပ်တည်လှုပ်ရှားခဲ့ပြီး ယခုမှ ပထမဆုံးအကြိမ် ဆုံတွေ့ကြခြင်းဖြစ်သည်။  
အဆိုပါတွ့ဆုံဆွေးနွေးပွဲအပြီးတွင် တွေ့ဆုံခဲ့ကြသည့်အဖွဲ့(၃)ဖွဲ့ကိုယ်စား မင်းကိုနိုင်၊ ကိုသံခဲနှင့် ကိုငွေလင်းတို့က ရောက်ရှိနေကြသော သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ထိုသို့ တွ့ဆုံရှင်းလင်းရာတွင် -- 
(၁) အဖွဲ့သုံးဖွဲ့စလုံး၏ ဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်သွားရန်၊
(၂) မတူညီသောဖြတ်သန်းမှုများကို အတွေ့အကြုံချင်း ဖလှယ်ကြရန်၊
(၃) နိုင်ငံတကာနှင့်နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော ၈၈၈၈ အရေးတော်ပုံအင်အားစုများ၏
နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲတစ်ရပ် ကျင်းပရန်၊
(၄) ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပိုမိုကျယ်ပြန့်သော
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ကျင်းပရန် တို့ကို အဓိကရှင်းလင်းပြောကြားခဲ့ကြသည်။
 
ဆက်လက်၍ နိုင်ငံတကာနှင့် နယ်ပယ်အသီးသီးတွင်ပန့်ကျဲနေသော ၈၈၈၈ အရေးတော်ပုံ အင်အားစုများ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ၂ဝ၁၃ ခုနှစ် ပထမ(၆)လအတွင်း ကျင်းပနိုင်ရန် ကြိုးပမ်းဖော်ဆောင်သွားမည်ကိုလည်း ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရှင်းလင်းပွဲနိဂုံးချုပ်အနေဖြင့် မင်းကိုနိုင်က ယခုလို ကျနော်တို့(၃)ဖွဲ့ စုစည်းမှုဟာ တိုင်းပြည်အတွက် အပေါင်း လက္ခဏာသာဆာင်မှာဖြစ်ကြောင်း
(၃)ဖွဲ့စလုံးကိုယ်စား ပြောကြားခဲ့သည်။
သတင်း-ကမာရွတ် မီဒီယာ၊ ဓါတ်ပုံ - The Voice

0 comments: