Thursday, December 20, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၂၄)

စားဖိုလ်မှူးကြီးကိုဘိန်း

ဗဟိုဌာနချုပ်ဖက်ကို ကျနော် မကြာခဏရောက်ဖြစ်တော့ ဒေါင်းဂွင်ဌာနချုပ်အစောပိုင်းမှာ ဆေးလိပ်တစ်ခဲခဲ နဲ့ တပ်ရင်း (၂၁၁) ၀မ်ခက ဗဟိုဆက်သွယ်ရေးမှာတာဝန်ကျတဲ့ ကျနော့ထက် အနည်းဆုံး လေးငါးခြောက် နှစ်ကြီးတဲ့ ဆက်သွယ်ရေးရဲဘော်ကြီးကိုဘိန်းကိုတွေ့တယ်။ သူက အရမ်းသဘောကောင်းတယ် အပင်ပန်းခံ ပြီး ရဲဘော်တွေကို ကိုယ်တိုင်ချက်ပြုတ်ကြွေးလေ့ရှိတယ်။ တစ်ရက် ကျနော်ရောက်ရောက်ချင်း သူ့ကို မြေကြီးပေါ်မှာ မီးခိုးတအူအူနဲ့ မီးမွှေးချက်ပြုတ်နေတာတွေ့တော့ ကျနော်က ကိုဘိန်းကိုဘာတွေချက်နေ တယ်ဆိုတာကိုမေးတော့ သူက တောထဲက ‘၀ဥ’ တွေတူးပြီး ရဲဘော်တွေစားဖို့ ချက်နေတာလို့ပြောတယ်။ ၀ဥက မချက်တတ်ရင်ယားတယ်။

ကျနော်လူကြီးတစ်ယောက်နဲ့ စစ်ရုံးပေါ်မှာတွေ့ပြီး တစ်ချက်ပြန်ဆင်းလာတော့ သူတို့စားသောက်ပြီးကုန်ပြီ။ ကိုဘိန်းကတော့ ဆေးလိပ်တစ်ဖွာဖွာပေါ့။ ရဲဘော် ၂ ယောက် ၃ ယောက်က ကိုဘိန်းဆီကိုသွားပြီး “ကိုဘိန်းချက်တဲ့ဝဥဟင်းကို စားကောင်းကောင်းနဲ့စားပြီ ပါးစပ်တွေယားနေပြီ” ဆိုတော့ သူက “ဟေ… ဟုတ်လား” တဲ့။ ဟိုရဲဘော်တွေက “ဟုတ်တယ်လေ။ ကျနော်တို့အားလုံး ယားကုန်တာ၊ ခင်ဗျားကြည့်ရတာ ဘာမှမဖြစ်သလိုပဲ” ဆိုတော့ ကိုဘိန်းက “ဟုတ်တယ်လေ။ ကျနော်ကဘာမှမဖြစ်ဆို စားမှမစားတာတဲ့”။ ရှုံ့မဲ့ပြီးဒေါကန်နေကြတဲ့ရဲဘော်တွေကို ထိုင်ကြည့်ပြီး ဟားနေရတယ်။


ကိုယ့်စေတနာ

တပ်ရင်းမှာချက်စားလို့ရအောင် တစ်နိုင်စိုက်ပျိုးရေးအနေနဲ့ ပဲတောင့်ရှည်တိုင်ထောင်တို့၊ ထောပတ် ခရမ်း တို့ စပြီးစိုက်ကြတဲ့အချိန်။ အနားပတ်ဝန်းကျင်မှာလည်း မျှစ်တောင် လွယ်လွယ်ကူကူတူးစားစရာ သိပ်မရှိ တော့ နေ့တိုင်း ဗဟိုကတပ်ရင်းရာရှင်ပေးထားတဲ့ ငါးပိကို ပုံစံမြိုးစုံနဲ့စားနေကြရတဲ့အချိန်။ တခါလာ လည်းငါးပိ၊ တခါလာလည်းငါးပိဆိုတော့ ကျနော်တို့ ရဲဘော်တွေ အနားပတ်ဝန်းကျင်ကိုထွက်ရင် စားလို့ရ တဲ့ အပင်လေး၊ အရွက်လေးတွေကို ခူးခူးပြီးပြန်လာကြတာတွေ့တယ်။ ကိုယ်လည်း ဗဟိုကနေအပြန်လမ်း မှာ ပဲတောင့်ရှည်လိုမရှည်ပေမယ့် ပဲတောင့်ရှည်လိုမျိုးဖြစ်နေတဲ့ ပဲသီးစိမ်းစိမ်းလေးတွေကိုတွေ့တော့ ၀မ်းသာအားရနဲ့။ ကြွပ်ကြွပ်အိတ်နဲ့ ခူးထည့်၊ ပြန်ရောက်ရောက်ချင်း စားဖိုကိုဝင်ပြီး ရေဆေးလှီးချွတ်နဲ့ နောက်တန်းမှာရှိတဲ့ရဲဘော်တွေကိုကြော်ကြွေးမလို့ စိတ်ပါလက်ပါလုပ်နေမိတာ အနားကို တစ်ယောက် ရောက်လာပြီး “ဗိုလ်ကြီး၊ ဘာလုပ်နေတာလဲ” ဆိုတဲ့အသံကြားလို့လှည့်ကြည့်တော့ ကိုဝင်းဗိုလ်။ သူ ကျနော့ဘေးကို ရောက်လာတယ်။ ကျနော်လည်း ဟင်းစားပါလာတယ်ဆိုတော့ ရင်ကော့ပြီး “ကျနော် ခုနက လမ်းမှာ ပဲသီးတွေတွေ့လို့ ခင်ဗျားတို့စားဖို့ခူးခဲ့တာ။ ဒီညနေစာအတွက် ပဲသီးကြော်နဲ့ငါးပိပေါ့ဗျာ” လို့ပြောတော့ သူက ကျနော်တစ်ဝက်ကျော်ကျော်လောက်လှီးထားတဲ့ ပဲသီးအပုံကိုလာကြည့်ပြီး “ဟိုက်.. ဗိုလ်ကြီး၊ မလုပ်နဲ့လေ” လို့လာပြောတယ်။ ကျနော်လည်း ဆတ်ကနဲဖြစ်သွားတယ်။ သူဆက်ပြောတာက “အဲဒါ ခွေးလျားသီးတွေလေ၊ ဗိုလ်ကြီးကလဲ ဒုက္ခပါဘဲ” တဲ့။ ကျနော်ကလည်း ခွေးလျားသီးမြင်ဖူးတာ မဟုတ်တော့ သူပြောတဲ့ပဲသီးနဲ့တူတဲ့အသီးတွေဟာ ခွေးလျားသီးတွေပါလားလို့ သိလိုက်ရတယ်။ အဲဒီ တော့မှ ရဲဘော်တွေကို စေတနာနဲ့ခွေးလျားသီးချက်ကြွေးမယ့် အစီအစဉ်ကိုဖျက်လိုက်ရတော့တယ်။ တော်ကြာ စားပြီးတစ်ခုခုဖြစ်နေရင် ဒုက္ခ။ ကိုဝင်းဗိုလ်တစ်ယောက်လည်း မကြာသေးခင်က အနောက်နိုင်ငံ တစ်ခုမှာ ကင်ဆာရောဂါနဲ့ ဆုံးရှာပြီတဲ့။



တွေးတွေးဆဆ

တပ်ရင်းရဲ့ဘယ်ဖက်မှာ စစ်သင်တန်းရှိတော့ စစ်သင်တန်းနည်းပြတွေဖြစ်တဲ့ ဗမာ့တပ်မတော်စစ်သား ဟောင်း ကိုကျော်ဆွေ (ရမ်ဘို) နဲ့ ဦးကြီးဦးတင်ဝင်းအပြင် ကိုတင်လှ၊ ဦးမှတ်ကြီးတို့နဲ့ပါ ခင်မင်ခွင့်ရခဲ့တယ်။ သူတို့ ရဲဘော်သစ်တွေကို စစ်သင်တန်းပေးနေတာကိုလည်း သွားသွားကြည့်ဖြစ်တယ်။ တစ်နေ့တော့ သူတို့ လည်း ရဲဘော်တွေကို တန်းစီခိုင်းပြီး တောင်ပေါ်ကိုတက်ပြီး အင်ဥခူးမယ့်အစီအစဉ်ကို ရှင်းပြနေတာကြားရ တယ်။ ကိုကျော်ဆွေက “ကဲ အခုတို့တောင်ပေါ်ကိုတက်ပြီး အင်ဥခူးကြမယ်။ တံချူတွေပါလုပ်ခဲ့ကြ” ဆို တော့ ရဲဘော်တွေလည်း ငါးပိအပြင်အင်ဥပါစားရတော့မယ်ဆိုပြီး တက်တက်ကြွကြွနဲ့ ၀ါးလုံးတွေလိုက်ရှာ တံချူတွေလုပ်ကြနဲ့ ပျော်စရာကြီးပေါ့။ အတော်နေတော့ ပါးစပ်ကပွစိပွစိမကြေမနပ်ပြောရင်း လက်ထဲမှာ အင်ဥထုပ်တွေကိုင်ပြီး ဆင်းလာကြတဲ့ရဲဘော်သစ်တွေကိုလှမ်းမြင်ရတယ်။ “အစကတည်းက ပြောတာမ ဟုတ်ဘူး။ ဆရာကျော်က တကယ်နောက်တယ်။ ကျနော်တို့ကအဟုတ်မှတ်လို့ ၀ါးလုံးတွေလိုက်ရှာပြီး တံချူတွေလုပ်နေတာ။ ဟိုရောက်တော့ အင်ဥက မြေကြီးပေါ်မှာ လိုက်တူးရတာများ” တဲ့။

ဒါပေမယ့် ဆရာကျော်ဆွေလည်း ကျနော့တပ်ရင်းက အဲဒီအချိန်က ဆေးမှူးလုပ်နေတဲ့ ကိုလှဌေးဒဏ်ကိုတော့ အတော်ခံရတယ်။ အားတဲ့နေ့လည်နေ့ခင်း Scrabble စခရေဘယ်ဆက်ကစားကြ တော့ ကိုလှဌေးက ကျနော်ဆက်ထားတဲ့ စာလုံးကိုကြည့်ပြီး “ဟာ…။ ဆရာကျော်။ ဒီလူခဏခဏ လုပ်နေတာများနေပြီ။ ခုနကလည်း မဖမ်းဖြစ်လိုက်ဘူး။ ကျနော်သိတယ် ကြည့်ပါဦး သူဆက်လိုက်တာ ပီ.. ယူ.. တီ... PUT ပတ်တဲ့။ ဘီ.. ယူ.. တီ.. BUT ဘတ် ဆိုရင်တော်သေးတယ်။ ကြည့်ပါဦးဗျာ အခုလည်း စီ.. အို… အမ်… အီး… COME ကိုးမီးတဲ့။ ဆရာ.. ဒါ ဒေရှင်နယ်ရီထဲမှာမရှိနှိုင်ဘူး။ ဆရာက သူ့အထက်က ဆိုတော့ဖမ်းဗျာ” လို့ပြောတယ်။ ကိုကျော်ဆွေကြီးကလည်း အေးလေ ဒီစကားလုံးမရှိနှိုင်ဘူး ဖမ်းတယ်ဆိုပြီး ထဖမ်းလိုက်တာ။ သူ့အမှတ်တွေ ပြန်အနှုတ်ခံလိုက်ရတယ်။ “ဟေ့လူတွေ ခင်ဗျားတို့ကျနော့ကို ညာမချနဲ့” တဲ့။ အဲဒီလို ကိုလှဌေးက သူ့ကိုအတည်ပေါက်နဲ့ ခနခန သွားသွားနောက် တတ်တယ်။


ဗိုလ်ရမ်းကားနဲ့ သူ့အဖွဲ့သားများ

ကျနော်က တပ်ရင်းမှာ တပ်ရေး-တပ်ထောက်အရာရှိအနေနဲ့ ပထမပိုင်းတာဝန်ယူခဲ့ပေမယ့် နောက်ပိုင်း တပ်ရင်းရဲဘော်တွေပြန်ရောက်တဲ့အချိန် ပြန်လည်ဖွဲ့စည်းတာတွေလုပ်ကြတော့ ကျနော့သူငယ်ချင်း ကုလားကြီးကိုသက်က တပ်ရေးအရာရှိဖြစ်လာပြီး၊ ကျနော်က တပ်ထောက်အရာရှိတာဝန်ယူရတယ်။ အဲဒီအချိန်က အဖွဲ့အစည်းက စည်းကမ်း၊ စနစ်တွေပြန်ပြီး စနစ်တကျလုပ်လာကြတော့ မလွယ်လှပေမဲ့ ကျနော်တို့လည်း ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို ဖြစ်အောင်လုပ်ကြရတယ်။ အရင်က တပ်တွင်းမှာ ရော ဗဟိုမှာပါရှိနေတဲ့ရဲဘော်တွေက ဗဟိုကော်မတီတွေ၊ ခေါင်းဆောင်တွေရဲ့  မကောင်းကြောင်းကို တွင်တွင်ကြီးပြောနေကြတာ။ အဲဒါတွေကို တပ်နဲ့ဗဟိုအပြန်အလှန်လေးစားမှု တည်ဆောက်ပေးရတဲ့ အလုပ်တွေကို တပ်မှူးတွေက အောက်ခြေမှာထဲထဲဝင်ဝင် ပြန်လုပ်ကြရတယ်။ တပ်တွင်းနဲ့ ညီနောင် တပ်ရင်းအခြင်းခြင်းအကြား တာဝန်အရလေးစားမှုပေးရေး၊ တပ်ရင်းက ဗဟိုကို လေးစားမှုပေးရေး ကိစ္စ တွေကိုလုပ်ကြရတယ်။ တပ်တွင်းစည်းကမ်းပုံစံချပြီး အတော်လေးကြိုးစားခဲ့ရတယ်။ စဉ်းစားကြည့် လေ ကိုယ့်ခေါင်းဆောင်ကိုကိုယ်မလေးစားဘူးဆိုရင် ဘယ်သူကရော ကိုယ့်အဖွဲ့အစည်းကို လေးစားမှာ လဲ။ ကိုယ်လုပ်တဲ့အလုပ်ကိုကိုယ်အလေးအနက်မထားရင် မဟာမိတ်အဖွဲ့အစည်းတွေရဲ့ကြားမှာ အပြန် အလှန်လေးစားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရလာမှာမဟုတ်သလို အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ လည်းတိုးတက်လာမှာမဟုတ်ဘူး။ ကျနော်တို့ အတွေ့အကြုံတွေရင့်ကျက်လာကြပြီ။

တပ်ရင်းဆိုပေမယ့် ကြေးစားစစ်သားတွေလို ကျနော်တို့လစာတွေပေးပြီး ရဲဘော်တွေကို တည်ဆောက် ရတာမဟုတ်ဘူး။ အတွေးအခေါ်အခြေခံနဲ့ အမိန့်တွေ၊ စည်းကမ်းတွေကို တည်ဆောက်ကြရ တာဆို တော့ လုံးလုံးမလွယ်တဲ့ကိစ္စ။ တာဝန်ဆိုတာဟာ ပုခုံးပေါ်ရောက်လာပြီဆိုရင် အဲဒီတာဝန်ကို ကြေပြွန် အောင် ထမ်းဆောင်ရမှာပါဘဲ။ ကျနော်က ရဲဘော်တွေကို “အစစပြည့်စုံနေတဲ့ ရန်သူစစ်တပ်ကို နိုင်ချင် တယ်ဆိုရင် အနဲဆုံး သူတို့ထက် စည်းကမ်း ၃ ဆ လောက်ရှိမှဖြစ်မယ်။ ဒါမှတိုက်လို့ရမယ်” လို့ ချပြ စည်းရုံးပြီး တပ်စည်းကမ်းတွေချပြီး ခပ်တင်းတင်းကိုင်တွယ်ရတဲ့အပြင် အဲဒီစည်းကမ်းကို ကျနော်ကိုယ် တိုင်ဖောက်ဖျက်မိရင် သူတို့ခံရမယ့်အပြစ်ရဲ့သုံးဆခံမယ်လို့ စိန်ခေါ်ပြီးလုပ်ခဲ့ရတယ်။ တကယ်တော့ စစ်တပ်ဆိုတာ ဘာစစ်တပ်ဖြစ်ဖြစ် မတစ်ထောင်သားတွေ လာစုကြတဲ့နေရာလေ။ အဲဒီတော့ ကျနော် လည်း တစ်ချို့စိမ်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါဘဲ။

မနက်ပိုင်းက ဆေးလိပ်တစ်လိပ်ပိုပိုတောင်းသောက်တတ်တဲ့ ရဲဘော်တစ်ယောက်ကို ကျနော်နဲနဲပြော လိုက်မိတယ်။ အဲဒါက စစ်တပ်ကပြေးလာတဲ့ ကိုသံချောင်း။ သူက နေ့လည်လောက်ရောက်တော့ အဖျားတက်နေတယ် သကြားတစ်ထုတ်လုံးကို ဇလုံထဲထည့်ပြီးရေနဲ့ဖျော်သောက်လိုက်ရင် ပျောက် သွားမယ်ဆိုပြီး သကြားလာတောင်းတယ်။ ကျနော်က တခြားရဲဘော်တွေလည်း ကျန်းမာရေးမကောင်း ရင် ကော်ဖီလေးဘာလေးစီစဉ်ပေးနှိုင်အောင် ထားပေးရဦးမှာဆိုတော့ တစ်ထုတ်လုံးမပေးနှိုင်ဘူး၊ ယူချင်ရင် သကြားထုတ်ထဲက တစ်ဝက်ကိုပေးမယ်လို့ပြောတော့ သူစိတ်ဆိုးသွားတယ်။ သတိမထားမိ ဘူး။ တစ်နေ့လုံး လုပ်စရာရှိတာတွေကိုပုံမှန်အတိုင်းလုပ်ကိုင်ပြီး ညနေပိုင်း ကိုယ်လက်လှုပ်ရှားချွေး ထွက်အောင် လေ့ကျင့်ခန်းတွေလုပ်ပြီး အေးမြနေတဲ့သံလွင်မြစ်မှာ ရေဆင်းချိုး၊ အားလုံးနဲ့အတူ ထမင်း စားပေါ့။ အဲဒီနောက် ည ၁၀ နာရီခွဲလောက် စားဖိုချောင်ဘေးကယာယီရုံးခန်းမှာ ကိုသက်နဲ့အတူထိုင် ရင်း ရေနံဆီမီးခွက်ထွန်းပြီး စာဖတ်နေတယ်။ တပ်ရင်းဘားတိုက်က စူးစူးရွားရွားအော်ဟစ်နေတဲ့ အသံ တစ်ခုထွက်လာတယ်။ ဘာလဲဆိုပြီး ကိုသက်ကိုမျက်ရိပ်ပြတော့ ကိုသက်က ငါဘယ်သိမလဲ… လာကွာ သွားကြည့်မယ်ဆိုပြီးထကြတယ်။ ကျနော်တို့ဘားတိုက်ကိုရောက်တော့ ကိုသံချောင်း လှိမ့်ပြီးအော်နေ တယ်… “အောင်မလေးဗျ။ ကျနော်နောက်မလုပ်တော့ပါဘူး။ လုပ်ကြပါဦး” နဲ့ ဘေးမှာဘာမှလဲမတွေ့ရ တော့ ကျန်တဲ့ရဲဘော်တွေလည်းဘာမှန်းမသိလို့ ခပ်လှမ်းလှမ်းက ဆုတ်ပြီးကြည့်နေကြတယ်။ ကိုသက် က သူ့မျက်နှာကိုဓာတ်မီးနဲ့ထိုးပြီး “ဟေ့ကောင်။ သံချောင်း။ မင်း ဘာဖြစ်တာလဲ” လို့မေးတော့ သူက မျက်စေ့လှန်ကြည့်ပြီး “ကိုသက် ကျနော့ကိုဝိုင်းချနေကြတယ်ဗျာ။ ဘာကောင်တွေလဲမသိဘူး” တဲ့။ ကျနော်လည်းမနေသာတော့ဘဲ ဟေ့လူခင်ဗျားဘယ်လိုဖြစ်နေတာလဲဆိုပြီး သူ့ပုခုံးကို တစ်ချက် လက်နဲ့ ဖြန်းကနဲရိုက်ထည့်လိုက်တော့ “ဟာဗိုလ်မြတ်။ ကျနော်ဘာမှမဖြစ်တော့ပါဘူး။ ကျနော့ကိုမလုပ်ပါနဲ့။ နောက်မလုပ်တော့ပါဘူး” ဆိုပြီး အဆက်အစပ်မရှိတဲ့စကားတွေထွက်လာတယ်။ ကျနော်က ဆေးမှူး လေးကို အိပ်ဆေးပေးပြီးသိပ်ထားလိုက်ဖို့ပြောပြီး အနားဝန်းကျင်ကိုလှည့်ပတ်ကြည့်တော့ တစုံတစ်ရာ စိုးရိမ်ကြောက်လန့်နေကြတဲ့ ရဲဘော်တစ်ချို့ကိုတွေ့ရတယ်။ ကျနော်ကခပ်တည်တည်နဲ့ ဘားတိုက် ကြမ်းပြင်ကို လက်ဝါးနဲ့ဖြန်းကနဲပုတ်ပြီး “ဘယ်ကောင်တွေက လာစမ်းနေတာလဲ။ ငါ့ရဲဘော်တွေကို ဘယ်ကောင်မှမထိနဲ့။ ငါ့ကိုဘယ်သူမှလုပ်လို့မရဘူး။ အကုန်ဂျွန်းပြန်ကုန်မယ်။ ငါ… ဒီည ဒီဘားတိုက် မှာဘဲ ရဲဘော်တွေနဲ့အတူအိပ်မယ်။ ကြောက်တတ်တဲ့ကောင် ငါ့ဘေးလာအိပ်” ဆိုပြီး ရဲဘော်တစ် ယောက်ကို ကျနော့ရဲ့စောင်နဲ့ ခေါင်းအုံးသွားယူခိုင်းလိုက်တယ်

အဲဒီအချိန် တခြားရဲဘော်တစ်ယောက်ဖြစ်တဲ့ ကျနော့ထက်အသက် ၅ နှစ်လောက်ကြီးတဲ့ ရွှေကျင်နယ် သား ကိုသိန်းဝင်းက သူ ကြောက်နေတဲ့အကြောင်းနဲ့ ဘာလုပ်ရမလဲလို့ကျနော့ကိုလာမေးတယ်။ ဟုတ် တယ် သူကြောက်နေတာ အတော်သိသာတယ်။ ကိုယ်တွေပါတုန်နေတာ။ ကျနော်က ကျနော်စိပ်နေ ကြ ရှေ့တန်းမှာ ပဲခူးဖက်ကရောက်လာပြီး ငှက်ဖျားနဲ့ပျံတော်မူသွားတဲ့ ဘုန်းကြီးတစ်ပါးကိုမြေအချမှာ တောင်းယူထားလိုက်တဲ့ ပုတီးမဲမဲလေးကိုသူ့ကိုပေးပြီး ပုတီးတစ်ပတ်စိတ်ခိုင်းလိုက်တယ်။ သူခနနေ တော့ တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီ။ ကျနော်ကအဲဒီညက ခပ်တည်တည်နဲ့ ဟုတ်တာမဟုတ်တာအပ ထား၊ ရှောက်ရမ်းနေတာ။ ကံကောင်းထောက်မစွာဘဲ နောက်ပိုင်းအဲဒီအသံမကြားရတော့ဘူး။ နောက် တစ်နေ့မှ ဖိုးရခိုင်က လာပြောတယ်။ ကိုသံချောင်းကကျနော့ကိုမကျေနပ်တော့ ကိုသိန်းဝင်းနဲ့ တိုင်ပင်ကြပြီး တပ်ရင်းရဲ့ညာဖက်က ကရင်ရွာသားတွေရဲ့တဲမှာ အဲဒီနေ့ညနေက မကောင်းတဲ့သူတွေ သွားပါစေသားဆိုပြီး ဆေးဖယောင်းတိုင် ထွန်းကြတာဆိုဘဲ။ ကိုသိန်းဝင်းကဆရာပေါ့။ ကျနော်အဲဒါ တွေကို နားမလည်ပါ။ 

နောက်တစ်ခါလည်း ကိုသံချောင်းပဲ။ အဲဒီလို အသေးအမွှားကိစ္စတစ်ခုနဲ့ ကျနော့ကိုမကြေနပ်လို့ တပ် ရင်းစားဖိုမှာ သူတို့နေ့လည်စာစားနေကြတုန်း ကျနော့ကိုသေနတ်နဲ့ပစ်မယ်လို့ပြောတယ်လို့ ဆိုတယ်။ အဲဒါကို ကျနော့ဆီလာပြောတဲ့ရဲဘော်ဆီက သတင်းရတယ်။ ကျနော် အဲဒီနေ့ညနေပိုင်း သူ့ကို အီကွစ် မန့်အပြည့်အစုံနဲ့ သေနတ်ပါယူပြီး ကျနော်ရှိနေတဲ့ တပ်ရင်းရုံးကိုတက်ဖို့ညွှန်ကြားလိုက်တယ်။ သူ ရောက်လာတာနဲ့ ကျနော်က သူစားဖိုမှာပြောခဲ့တဲ့ကိစ္စကိုသိထားတဲ့အတွက် လွတ်လွတ်လပ်လပ်လုပ် လို့ရအောင် ခေါ်လိုက်တာ။ ခင်ဗျား အခုကျနော့ကိုပစ်လို့ရပြီ။ ရန်သူပစ်သတ်တာမဟုတ်ဘဲ ကိုယ့်ရဲ့ ရဲဘော်က ပစ်တဲ့ကျည်နဲ့သေရမယ်ဆိုရင်လဲ ကျေကျေနပ်နပ်သေရဲတယ်လို့ပြောချလိုက်တယ်။ အောက်ကိုရောက်ရင်တော့ ကိုယ့်ကိစ္စကိုယ်ရှင်းလို့လဲပြောလိုက်တယ်။ သူမပြောပါဘူးလို့ ငြင်းတော့ ကျနော်က သက်သေပြပေးဖို့ အဲဒီအချိန်က အနီးအနားမှာရှိနေတဲ့ ရဲဘော်တွေကို ခေါ်တင်ပေးဖို့လိုသ လားလို့ သူ့ကိုပြန်မေးတော့မှ သူမျက်ရည်တွေဝိုင်းလာပြီး ဗိုလ်မြတ်ကိုကျနော်ဒီလိုပြောတာမဟုတ်ပါ ဘူး၊ ရှင်းပြပါရစေဆိုပြီး တောင်းပန်တယ်။ ကျနော်လည်း သူ့ကိုတပ်တွင်းညီညွတ်ရေးကို ထိခိုက်မယ့် အပြောတွေ၊ အလုပ်တွေကို ဆက်မလုပ်ဖို့နဲ့ ဒီတစ်ခါတော့ခွင့်လွှတ်တယ်ဆိုတာပါ တစ်ဆက်တည်း ပြောလိုက်ရတယ်။ နောက်မဖြစ်စေရပါဘူးဆိုတဲ့ ကတိလည်းရတယ်။ ကျနော်က တပ်တွင်းစည်းကမ်း တွေကို ဖောက်ဖျက်တဲ့ရဲဘော်တွေကိုအရေးယူရတော့ သူတို့လိုဖောက်ဖျက်တာကျနော်လုပ်ရင် သူတို့ ကိုပေးတဲ့အပြစ်ရဲ့သုံးဆခံမယ်လို့ စိမ်ခေါ်ပြီးကိုင်ခဲ့တယ်။ လူအင်အား၊ လက်နက်အင်အား အစစသာ လွန်းတဲ့ ရန်သူကိုရင်ဆိုင်နှိုင်ဖို့ ကျနော်တို့ အနည်းဆုံးစည်းကမ်းသုံးဆလောက် ပိုရှိဖို့လိုတယ်လို့ စဉ်းစားမိတဲ့အတွက် စည်းကမ်းကိုတင်းကြပ်ခဲ့ရတာ။ အဲဒီလိုတွေ ရမ်းခဲ့ရတာ။

တပ်ထဲမှာ တစ်ခါတစ်လေ ကျနော့ရဲ့မျက်နှာအပြောင်းအလဲကိုကြည့်ပြီး နေကြတဲ့ရဲဘော်တွေကို သတိ ထားမိတဲ့အခါ ကျနော်စိတ်မကောင်းဘူး။ မသိချင်ယောင်ဆောင်နေရတယ်။ ကျနော် တကယ်တော့ ဒီလိုမဖြစ်ချင်ပါဘူး။ နောက်ပိုင်း ဗဟိုတာဝန်တွေယူတော့မှ အဲဒီရဲဘော်တွေထဲက တာဝန်ကြီးကြီး ၀င် ပြီးထမ်းဆောင်ကြတဲ့သူတွေထဲက တစ်ယောက်က ကျနော့ကိုဖုန်းဆက်ပြီး အဲဒီအချိန်ကဘာကြောင့် ကျနော် တပ်ရင်းကိုခပ်တင်းတင်းကိုင်သွားတယ်ဆိုတာကို သူသဘောပေါက်ပြီလို့ပြောတယ်။ သူကိုယ် တိုင် ဦးဆောင်နေရပြီလေ။

0 comments: