(နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ)
၂၄ ရက်နေ့ နိုဝင်ဘာလ ၂၀၁၂ ခုနှစ်
- စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေ ကြတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ သပိတ်စခန်း ၆ခုအထိ တိုးချဲ့ဖွင့်လှစ်လိုက်ပြီး စီမံကိန်းအပြီးတိုင် ရပ်ဆိုင်းရေးအတွက် ဆက်ပြီးတိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။ ဒေသခံတွေဟာ ဝမ်ပေါင် ကုမ္ပဏီရုံးရှေ့ မှာ သပိတ်စခန်းတခုကို ဖွင့်လှစ်ခဲ့ပြီးနောက် စီမံကိန်းဆောင်ရွက်နေတဲ့ လုပ်ငန်းခွင်တွေ ဆက်လက်အလုပ်မလုပ်နိုင်အောင် သပိတ်စခန်းတွေ တိုးချဲ့ဖွဲ့လိုက်တာလို့ ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ ၃ဝဝလောက်ကလည်း ဆန္ဒပြသူများက သပိတ်စခန်းအတွက် သယ်ယူတဲ့ရိက္ခာများကို သယ်လို့မရအောင် ဟန့်တားတာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။ Credit to RFA
- လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ဒေသခံတွေက သပိတ်စခန်းတွေ ဖွင့်ပြီး တောင်းဆိုမူတွေ လုပ်ဆောင်နေတာကို ပြည်ထောင်စုဝန်ကြီး ဦအောင်မင်းနဲ့အဖွဲ့ သောကြာနေ့ကပဲ လာရောက် တွေ့ဆုံသွားခဲ့ပါတယ်။ ဒီလို လာရောက်မှုဟာ အခြေအနေကို လာရောက်စုံစမ်းတာပဲ ဖြစ်တယ်လို့ ပြောပြီး မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ တရုတ်ရဲ့ ကျေးဇူးကို ထောက်ထားဖို့လည်း ဝန်ကြီးက ပန်ကြားသွားပါတယ်။ Credit to VOA
၂၅ ရက်နေ့ နိုဝင်ဘာလ ၂၀၁၂ ခုနှစ်
- လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေ တဲ့ ဒေသခံပြည်သူတွေကို ရှေ့ သီတင်းပတ်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံအားပေးမယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ ပြည်သူတွေရဲ့ဘဝကို နားလည်စာနာတဲ့အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သွားရောက်ဖို့ စီစဉ်ထားတာလို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
လက်ပန်းတောင်းတောင်မှာ လယ်မြေအသိမ်းခံရပြီး ရွာတွေပြောင်းရွှေ့ရလို့ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြနေရာမှာ သံဃာတော်တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဒေသခံတွေကို ကူညီနေပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ လူမှုအခြေပြုအဖွဲ့တွေ၊ စာပေနဲ့ အနုပညာနယ်က ပုဂ္ဂိုလ်တွေကလဲ လေ့လာနေကြပါတယ်။
လနဲ့ချီကြာနေပြီဖြစ်တဲ့ ဒီပြသနာဖြေရှင်းဖို့ လွတ်လပ်တဲ့ကော်မတီတရပ်ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်က သမ္မတကိုတိုက်တွန်းပေးဖို့ အဆိုကိုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်လို့တော့ လွှတ်တော်ရဲ့သဘောတူ ဆုံးဖြတ်ချက်တစုံတရာ ပေါ်ထွက်မလာသေးပါဘူး။ Credit to RFA
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းတိုင်း မုံရွာမြို့ ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ အနီးက ဒေသခံပြည်သူတွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အတည်ပြုပြောဆိုပါတယ်။ Credit to VOA
၂၆ ရက်နေ့ နိုဝင်ဘာလ ၂၀၁၂ ခုနှစ်
- မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံတွေ သပိတ်စခန်းတွေဖွင့်လှစ်ပြီး တောင်းဆို ဆန္ဒပြနေကြသလို ရန်ကုန်မြို့မှာလည်း ဆူးလေဘုရားအနီးမှာ ဒီစီမံကိန်း ရပ်ဆိုင်းရေး ဒီနေ့ညနေ ၄ နာရီလောက်မှာ ဆန္ဒပြနေကြပါတယ်။ Credit to DVB
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်နှင့် မုံရွာမြို့တွင် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်မြို့တွင် ဆန္ဒပြရန်ရွှေးချယ်ထားသည့် တရုတ်သံရုံးနှင့် ဦးပိုင် ကုမ္ပဏီ လီမိတက်ရုံးရှေ့တွင် လုံခြုံရေး တင်းကြပ်စွာ ချထား၍ ပဋိပက္ခများရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်း ဆန္ဒပြခဲ့ကြောင်း ဗကသ ကျောင်းသား တဦးဖြစ်သူ ကိုသီဟဝင်းတင် က ပြောသည်။
- တရုတ်သံရုံးနှင့် ဦးပိုင်လီမိတက်ရုံးရှေ့ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြမည့်ကိစ္စနှင့် ပါတ်သက်၍ ဗကသ (ဗဟို လုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးရာ ကော်မတီတာဝန်ခံ ကိုသီဟဝင်းတင် အား တနင်္လာနေ့ နံနက်တွင် နယ်မြေခံ SB က လာရောက် ခေါ်ယူမေးမြန်းပြီးနောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လွှတ်လိုက်ကြောင်း သိရသည်။ အကြောင်းပြချက် တစုံတရာ မပြောဆိုဘဲ မေးစရာရှိသည်ဟုဆိုကာ နေအိမ်တွင် လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကျော်ကိုကို က ပြောသည်။ ကိုးကား - မဇ္စျိမ
- ယနေ့ ညနေပိုင်းတွင် ချင်းတွင်းမြစ်တဖက်ကမ်းရှိ လက်ပန်တောင်းတောင်ဘက်သို့ သွားရောက်ရန် မုံရွာသင်္ဘောဆိပ်သို့ ရောက်ရှိလာသော ဇောတိက စာသင်တိုက်မှ သံဃာ ၁၀၀ကျော်သည် တဘက်ကမ်းသို့ သွားရောက်ရန် တားဆီးထားသဖြင့် မြစ်ကမ်းဘေးတွင် ထိုင်သပိတ်ဖြင့် ဆန္ဒပြတောင်းဆို နေခဲ့ကြပါသည်။ အဆိုပါသံဃာတော်များသည် ၂၇ ရက်နေ့နံနက် ၈း၃၀အချိန်တွင် မုံရွာမြစ်ကမ်းမှ မြို့တွင်းလှည့်လည်၍ လက်ပန်တောင်းတောင် ကာကွယ်ရေးအတွက် မေတ္တာသုတ်ရွတ်ဆိုပြီး ဆန္ဒထုတ်ဖေါ်ခဲ့ကြပါသည်။ Credit to Burma VJ
၂၇ ရက်နေ့ နိုဝင်ဘာလ ၂၀၁၂ ခုနှစ်
- မိုးထိမိုးမိရွှေလုပ်သားတွေအပေါ် တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ၈၈ မျိုးဆက် ကျောင်းသားတွေက ဝေဖန်လိုက်သလို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိုလည်း ရပ်တန့်ထားဖို့ တောင်းဆိုလို်က်ပါတယ်။ Credtit to DVB
- အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်း ကြေးနီစီမံကိန်း ကိစ္စနှင့်ပတ်သက်၍ အစိုးရဘက်က ပွင့်လင်းမြင်သာမှုရှိရန် တိုက်တွန်းသကဲ့သို့ ဆန္ဒပြသည့် နည်းလမ်းတခုတည်း မဟုတ်ဘဲ ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းအတိုင်း ဖြေရှင်းသွားသင့်ကြောင်း ပြောကြားလိုက်သည်။ Credtit to irrawady
- မုံရွာမြို့ပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်တဲ့ သံဃာအပါး ၂၀၀ ဟာ ဒေသခံအလှူရှင်တွေက ဆက်ကပ်တဲ့ဆွမ်းကို ဘုန်းပေးပြီးတဲ့နောက် မုံရွာမြို့တဖက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး သပိတ်စခန်းတွေဆီကို သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။ Credtit to DVB
- ယမန်နေ့က မဟာဗန္ဓုလပန်းခြံရှေ့တွင် ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူများထဲမှ ခြောက်ဦးကို ယနေ့နေ့လည်ပိုင်းက ပုဒ်မ၅၀၅(ခ) တရားရုံးမှရမ္မာန်ယူကာ အင်းစိန်ထောင်သို့ပို့လိုက်သည်။ Credit to Yangon Press International
- လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေထဲက ၆ ဦးကို ပန်းဘဲတန်းမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပါတယ်။ တရားစွဲခံရသူ ၆ ဦးကတော့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ဖြစ်ပြီး ရဲစခန်းမှာ လာမရှင်းလို့ လွတ်မြောက်သူ ၄ ဦးကတော့ ကိုဟန်ဝင်းအောင်၊ ကိုအောင်နိုင်သူ၊ ကိုမိုဃ်းသွေး၊ ကိုသီဟ၀င်းတင်တို့ ဖြစ်ပါတယ်။ Credit to DVB
- စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မှာ ဆန္ဒပြခဲ့ကြသူ အနည်းဆုံး ၆ ဦး ဖမ်းဆီးခံခဲ့ရပြီးတော့ ဒီလူတွေကို ဆန္ဒပြမှု၊ ဆူပူမှုပုဒ်မတွေနဲ့ အရေးယူဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေကြပါတယ်။ မနေ့က လက်ပန်းတောင်းတောင် ဒေသခံတွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေကနေ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ တရုတ်သံရုံးနဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက် ရုံးချုပ်ရှေ့မှာ ချီတက်ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီ စီစဉ်ခဲ့သူတွေထဲက တချို့ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ရန်ကုန်ဆူးလေဘုရားအနီး ဗန္ဓုလပန်းခြံ တဝိုက်မှာ ဆန္ဒပြခဲ့ကြတာပါ။ Credit to VOA
၂၈ ရက်နေ့ နိုဝင်ဘာလ ၂၀၁၂ ခုနှစ်
- စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက် ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် အရှိန်အဟုန်မြင့်တဲ့ အနေနဲ့ ဒီကနေ့မှာ မုံရွာက သံဃာတော်တွေအပါအဝင် ဒေသခံလူထု (၅၀၀)ကျော်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အထွေထွေသပိတ်ကော်မတီကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ မုံရွာကနေ ကြွလာကြတဲ့ သံဃာတွေ သပိတ်စခန်းမှာ မပူးပေါင်းခင် မနက်ပိုင်းက မုံရွာမြို့ထဲမှာ သံဃာတော်အပါး နှစ်ရာကျော်လောက် ဒီနေ့မနက်က စီတန်းလှည့်လည်ကြွချီ ဆန္ဒပြခဲ့ကြပါတယ်။ Credit to RFA
- မြန်မာ အာဏာပိုင် များမှ လက်ပန်းတောင်း ကြေးနီ စီမံကိန်း ရပ်ဆိုင်း ရေးအတွက် သပိတ် စခန်းများ ဖွင့်လှစ် ဆန္ဒပြ နေမှု များအား ရပ်ဆိုင်းရန် ညွှန်ကြား ချက်မှာ လက်ရှိ ပြသနာကို ပိုမို ဆိုးရွား စေနိုင်ကြောင်း ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂတို့မှ ယနေ့ ရက်စွဲဖြင့် ပူးတွဲ ကြေငြာချက် ထုတ်ပြန် ခဲ့ပါသည်။
ယခု ကဲ့သို့ သပိတ် စခန်းဖွင့်၍ ဆန္ဒပြ နေရ ခြင်းမှာလည်း စားဝတ် နေရေးနှင့် လူမှု ဒုက္ခ အဖုံဖုံ တွေ့ကြုံ ခံစား နေရသော တောင်သူ လယ်သမားများ အလုပ်သမားများ ရပိုင် ခွင့်များ ပြန်လည် ရရှိရေး အတွက် သပိတ် လက်နက်ကို ကိုင်စွဲကာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း ဖြစ်ပြီး အစိုးရ အာဏာပိုင် များဘက်မှ တလွဲ အာဏာ သုံး၍ သပိတ် စခန်းများ ချက်ခြင်း ရပ်ဆိုင်း ရမည်ဟု အမိန့်ပေး စေခိုင်းခြင်းသည် လက်ရှိ ပြသနာ များကို မှန်ကန်စွာ ဖြေရှင်း နိုင်မည့် နည်းလမ်း မဟုတ်ဟု ကြေငြာ ချက်၍ ဖော်ပြ ပါရှိ ပါသည်။
ထို့ပြင် ယနေ့ ညနေ လေးနာရီခန့် သပိတ် စခန်း တစ်ခု ဖြစ်သည့် ကျော်ရွာ သပိတ် စခန်းအား ဖြိုခွင်းရန် အတွက် အစိုးရဘက်မှ လုံခြုံရေးရဲ (၁၀၀) ခန့်က အသင့်အနေအထား ပြင်ဆင် ထားသည်ဟု သိရှိရသည်။ Credit to ရွှေဟင်္သာသတင်းဌာန
- လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝ ရပ်ဆိုင်းရေး အထွေထွေ သပိတ်ကော်မတီက ပြည်ထဲရေး ၀န်ကြီးဌာန၏ ယမန်နေ့ညက သတိပေးကြေညာချက်ကို လက်မခံပယ်ချလိုက်သည့်အတွက် ထိပ်တိုက်ရင်ဆိုင်တွေ့လာနိုင်မည့် အခြေအနေကို စိုးရိမ်နေရပြီဖြစ်သည်။
ပြည်ထဲရေး ၀န်ကြီးဌာနက ယမန်နေ့ည ၈ နာရီက သပိတ်စခန်းများဖွင့်ကာ ဆန္ဒပြနေသူများ အားလုံး ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှား ရှင်းလင်းပေးရန် သတိပေးကြေညာခဲ့သည်။ Credit to Irrawady
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေးအတွက် သပိတ်စခန်းများ ဖွင့်လှစ်ထားသည့် နယ်မြေသည် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ ဆန္ဒပြ သံဃာတော်များနှင့် ပြည်သူများအား လူစုခွဲရန် အာဏာပိုင်များက အသံချဲ့စက်ဖြင့် ပြောဆိုနေပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။ လုံခြုံရေး ရဲဝန်ထမ်း ၁,ဝဝဝ ခန့်ကလည်း ၎င်းတို့ ကိုင်ဆောင်ထားသော ဒိုင်းများကို နံပါတ်တုတ်များဖြင့် ထုရိုက်ကာ ညာသံပေး၍ ခြိမ်းခြောက်မှုများ ပြုလုပ်ကြောင်း သိရှိရသည်။ ကိုးကား - မဇ္ဈိမ သတင်းဌာန
- မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက သပိတ်စခန်းတွေကို နိုဝင်ဘာ ၂၇ ရက် သန်းခေါင်ယံ နောက်ဆုံးထားဖယ်ရှားဖို့ အစိုးရက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာပေမယ့် ဆန္ဒပြသမားတွေက ဖယ်ရှားပေးဖို့ ငြင်းဆန်နေကြပါတယ်။
စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပြီး ဒီစီမံကိန်းကို စစ်ဆေးနိုင်ဖို့အတွက် စီမံကိန်း ပုံမှန်လည်ပတ်ဖို့ လိုတဲ့အကြောင်းနဲ့ သပိတ်စခန်းတွေကြောင့် နိုဝင်ဘာ ၁၈ ရက်ကတည်းက စီမံကိန်းလုပ်ငန်းတွေ ရပ်ထားရတယ်လို့ သတင်းမှာ ကြေညာပါတယ်။ Credit to DVB
- ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေကြသော သပိတ်စခန်းများအား “အကြမ်းဖက် နည်းလမ်းများ သုံးစွဲခြင်းဖြင့် မှန်ကန်သော ရလဒ် ရရှိလာမည်မဟုတ်ဘဲ ပိုမိုဆိုးရွားသော ရလဒ်များ သာ ရလိမ့်မည်ဟု မိမိတို့ တထစ်ချ ယုံကြည်ပါသည်” ဟု ပါရှိပြီး “အေးဆေးစွာ ညှိနှိုင်း အဖြေရှာသော နည်းလမ်း၊ပြည်သူလူထု အမှန်တကယ် လိုလားတောင့်တသော ချဉ်းကပ်နည်းများဖြင့်သာ ဖြေရှင်းရလိမ့်မည်” ဟု ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက အာဏာပိုင်များအား ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
မုံရွာမြို့ အနောက်ဖက်ကမ်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်စဲရန် သပိတ်စခန်းများဖွင့်၍ ဆန္ဒပြနေသူများအား လူစုခွဲရန် အင်္ဂါနေ့က ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် လူစုမကွဲသေးဘဲ အင်အားများ ထပ်တိုးလာကာ လုံခြုံရေးများဘက်မှလည်း အင်အားတိုးမြှင့်ချလာနေစဉ် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ပံတောင်းတောင်ရှိ ပင်မ သပိတ်စခန်းတွင် သံဃာ အပါး ၄ဝဝ ကျော်နှင့် လူပုဂ္ဂိုလ် ၂ဝဝ ကျော် ရှိနေပြီး လုံခြုံရေး ရဲအင်အား ၁ဝဝဝ ကျော် ရှိနေကြောင်း သိရှိရသည်။ ကိုးကား - မဇ္စျိမ
- လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ဒေသခံ (၃ဝ) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လက်ပန်းတောင်းတောင်ကြီး ပျောက်ကွယ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှာကို မလိုလားတဲ့တွက် အခုလို ဆန္ဒပြရတာလို့ ဒီပွဲကိုဦးဆောင်တဲ့ ဦးမြင့်စိုးက ပြောပါတယ်။
ဒေသခံတွေဟာ ပိတ်ကားတွေပေါ်မှာ စီးပွားရေးအကြမ်းဖက်မှု ရပ်တန့်ရေး စာတန်းထိုးပြတာတွေ၊ လပ်ပန်းတောင်းတောင် ပျက်စီးနေတဲ့ ရုပ်ပုံတွေကို ပြသတာတွေ၊ လက်ပန်းတောင်းတောင် ရပ်တန့်ရေးဆိုပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။ ကိုးကား - RFA
- ဆန္ဒပြကန့်ကွက်မှုတွေကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁ဝ ယောက် ထက်မနည်း အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေ က ပြောပါတယ်။ ဒီ ဖမ်းဆီးမှုတွေ ကိုကြည့်ရင် တရားရေးပိုင်းကို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက် စွတ်ဖက်ဖို့ ကြိုးစားနေတဲ့ အရိပ်အယောင်တွေ တွေ့ရတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ Credit to VOA
- လက်ပန်းတောင်းကြေးနီ စီမံကိန်းကို ရပ်ပစ်ဖို့ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ ကန့်ကွက်နေတဲ့ အပေါ် ပြည်ထဲရေးဝန်ကြီးဌာနကနေ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ကြေညာပြီး တဲ့နောက် ဒီနေ့မှာလည်းပဲ ကျော်ရွာ သပိတ်စခန်းဂိတ်အဝ ဆယ်ပေလောက် အကွာမှာပဲ သံဃာတော်တွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေကြား တင်းမာခဲ့ကြပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကို အကူအညီပေးနေတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးအရေးယူဖို့ ကြိုးစားတာတွေကလည်း ရှိလာနေပါတယ်။ ကိုးကား - ဗွီအိုအေ
၂၉ ရက်နေ့ နိုဝင်ဘာလ ၂၀၁၂ ခုနှစ်
- မုံရွာမြို့အနီး၊ ဝမ်ပေါင်ကုမ္ပဏီနီရှေ့ရှိ ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒပြနေတဲ့ ပင်မသပိတ် စခန်း၊ ကျော်ရွာသပိတ်စခန်းတွေကို နံနက်သုံးနာရီမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းပြီး မီးသတ်ပိုက်တွေ၊ မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။
အဲဒီလို ဖြိုခွဲရာမှာ အသုံးပြုတဲ့ မီးလောင်ဗုံးထိမှန်ခဲ့တာကြောင့် သံဃာတချို့ သင်္ကန်းတွေနဲ့ အရေပြားတွေမှာ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့ မနီးမဝေးမှာရှိတဲ့ ရွာရှေ နဲ့ ဖောင်းကားရွာတွေအထိ ထွက်ပြေး ဆုတ်ခွာသွားကြရပါတယ်။ Credit to VOA
- လွန်ခဲ့သည့် တပတ်ကျော်က လွှတ်တော်တွင် ကြေးနီတောင်စီမံကိန်းအရေးကို စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမည်ဟု အတည်ပြုခဲ့ခြင်း၊ အစိုးရကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါစီမံကိန်းကို ၎င်းတို့၏ ဦးပိုင်ကုမ္မဏီနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ် အကောင်အထည်ဖော်ရန် စီမံရာတွင် ဒေသခံတို့၏ လူနေမှု ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို မှားယွင်းတွက်ချက်မှု ရှိခဲ့ကြောင်း ၀န်ခံခြင်း၊ ဒေသခံတို့က သပိတ်စခန်းများ တိုးမြှင့်ပြီး စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုခြင်း၊ မြန်မာပြည်အနှံ့ မြို့ရွာများကလည်း ထောက်ခံမှုများ ဖော်ထုတ်လာခြင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အစိုးရလုံခြုံရေးအဖွဲ့များက ဖမ်းဆီးကန့်သတ်နှိမ်နင်းရန် ကြိုးစားခြင်းတို့ ဖြစ်ပေါ်လာပြီးနောက် ယနေ့တွင် အစိုးရ၏ အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ စက်တင်ဘာ ၂၉ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ အဆိုပါဒေသသို့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်စဉ် အစိုးရ၏ အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း ဖြစ်သည်။ ကိုးကား - သလ္လာဝတီတိုင်း
- ယနေ့ နံနက် (၃)နာရီမှ စတင်ကာ သပိတ်စခန်းများကို အကြမ်းဖက် စတင်ဖြိုခွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ လုံထိန်း ရဲများသည် မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲကာ မီးသတ်ကားမှ ရေပိုက်ဖြင့် လူစုခွဲခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် နံပါတ်တုတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများနှင့် သံဃာတော်များကို ရိုက်နှက်ခဲ့သည်။
“ကျန်တဲ့သပိတ်စခန်းတွေတော့ မသိဘူး၊ အခု မြင်နေရတာကတော့ သပိတ်စခန်း (၂)ခုကို စပြီး အကြမ်းဖက်နေပြီ၊ အခု ကျွန်တော်မြင်ခဲ့ရသလောက် သံဃာတော် (၁၀)ပါးလောက်တော့ ဒဏ်ရာရသွားပြီ” ဟု သပိတ်စခန်းသို့ ရောက်ရှိနေသူတစ်ဦးက ပြေးလွှားရင်းဖြင့် တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။ ကိုးကား - သလ္လာဝတီတိုင်း
- လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမှုကြောင့်
မုံရွာမြို့ဆေးရုံသို့
ရောက်ရှိနေသော
ဒဏ်ရာရ သံဃာတော်များနှင့် ပြည်သူလူထုများကို အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ
ယနေ့ (နိုဝင်ဘာလ
၂၉)ရက်
ည ၉နာရီခန့်တွင် လာရောက် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
Thursday, November 29, 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး နေ့စဉ်သတင်းမှတ်တမ်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment