Thursday, November 29, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းများအား အကြမ်းဖက်နှိမ်နင်းမှု မြင်ကွင်း

(နိုဝင်ဘာ ၂၉ ရက် နံနက် ၃ နာရီ မှ ၆ နာရီအထိ)
- ၀မ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
- ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
- ၀မ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။ - ကျော်ရွာဂိတ်သပိတ်စခန်းတွင် သံဃာတော်တစ်ပါး မီးလောင်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ထားခဲ့ရကြောင်း၊ နောက်ထပ် သံဃာတော် တစ်ပါးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
- လက်ပံတောင်းတောင်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ်(၁) တွင် ဆန္ဒပြနေသော သံဃာတော်များနှင့် လူအားလုံး ဆိုင်ကယ်များကိုပဲ မယူနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်။ မဖြူဖြူဝင်းမှာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး သပိတ်စခန်းအားလုံးမှာလည်း မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
- ၀မ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းတွင် ပါဝင်သော ဦးသုမနနှင့် သံဃာတော် ခြောက်ပါး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သတင်းရရှိပါသည်။
- ဒဏ်ရာရစာရင်း ၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ) ၂။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ဦးသုစိတ္တ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ) ၃။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်သောဘိတ အနည်းငယ်ဒဏ်ရာရ ၄။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်နန္ဒမာလာ အနည်းငယ်မီးလောင်ဒဏ်ရာရ ၅။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ကိုရင်ပညာနန္ဒ အပြင်းအထန် မီးလောင်ဒဏ်ရာရ ၆။ ပခုက္ကူအလယ်တိုက်မှ ဦးစန္ဒောဘာသ အပြင်းအထန် မီးလောင်ဒဏ်ရာရ ဆက်လက်၍ ဒဏ်ရာရသူများစွာ ရှိနေသေးကြောင်း သတင်းရရှိပါသည်။
 - လက်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော ကျောင်းတော်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ် ၃ အား စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
- မီးလောင်ဒဏ်ရာ အနည်းငယ်စီ ရရှိသော သံဃာတော်အပါး (၄၀)ကျော် ရှိပြီး လူပုဂ္ဂိုလ်အနေဖြင့် ၀က်မှေးရွာမှ ကိုကျော်စွာ အနည်းငယ် ဒဏ်ရရရှိသွားကြောင်း သတင်းရရှိပါသည်။ -
 သပိတ်စခန်း (၆)ခုစလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ပုသိမ်-မုံရွာလမ်းကိုလည်း အာဏာပိုင်များက ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။
 - ကျော်ရွာသပိတ်စခန်းမှ သံဃာတော်များသည် ကျော်ရွာထဲသို့ ထွက်ပြေးရကြောင်း၊ ၀မ်ပေါင်သပိတ်စခန်းမှ သံဃာတော်များသည်လည်း ဖောင်းကားဘက်သို့ ထွက်ပြေးသွားရကြောင်း သတင်းရရှိပါသည်။
 - အရေးပေါ် လူနာတင်ယာဉ်နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မုံရွာ-ပုသိမ်လမ်း ပိတ်ဆို့လိုက်သည့်အတွက် လူနာတင်ယာဉ်များ ကံကုန်းဘက်မှ လာရောက်နိုင်ကြောင်း သတင်းရရှိပါသည်။
 - သပိတ်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ရွာများအတွင်းသို့ ရဲတပ်ဖွဲ့မှ ပွိုင့်ကားများဖြင့် ရောက်ရှိလာကာ အကြမ်းဖက် လူဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။
- ကံကုန်းရွာတွင် ဆောက်လုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် စင်ကိုလည်း ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်က ၀ိုင်းထားကြောင်း သတင်းရရှိပါသည်။
- ၀မ်ပေါင်ကုမ္ပဏီထဲတွင် ဆန္ဒပြခေါင်းဆောင် သံဃာတော် (၆)ပါးကို ဖမ်းဆီးထားကြောင်း သတင်းအတိအကျ ရရှိပါသည်။
 - ၀မ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းမှ အပြင်းအထန် ဒဏ်ရာရရှိသော သံဃာတော် အရေအတွက်မှာ (၅)ပါး ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
 - ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းနှင့် ကျောင်းသားသမဂ္ဂမှ ကားများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။ မုံရွာဆေးရုံသို့ လက်ပံတောင်းမှ လူနာတင်ယာဉ် တစ်စီး ဆိုက်ရောက်လာကြောင်း တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက အတည်ပြုပြောကြားသည်။
- သို့သော်လည်း ဒဏ်ရာရရှိသူများစွာ ကျန်ရှိနေပြီး လူနာတင်ယာဉ် လောက်ငမှု မရှိသေးကြောင်း သတင်းရရှိပါသည်။
 - ၀မ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းအနီးတွင် ရပ်ထားသော AP သတင်းဌာနမှ သတင်းထောက်၏ ကားတစ်စီးနှင့် တောင်ကြားတွင်ရပ်ထားသော ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။ အများပြည်သူများ၏ ဆိုင်ကယ်များစွာလည်း ပျက်စီးမီးလောင်ခဲ့ရပြီး အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။
- ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများ သပိတ်စခန်းမှ ထွက်ပြေးလာရပြီးနောက် ရွာသို့မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။ သံဃာ ၉၇ ပါးနှင့် ပြည်သူလူထု ၅၀ ကျော် ထိခိုက်ဒါဏ်ရာရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိန်းရေး သပိတ်စခန်းများတွင် အကြမ်းဖက် နှိမ်နှင်းခံရမှုတွင် ဒဏ်ရာရရှိပြီး ဆေးရုံတင်လိုက်ရသည့် သံဃာ ၂၂ ဦးအနက် ၇ ပါး သက်သာမှုရှိသော်လည်း ကျန် ၁၅ ပါးနှင့် လူပုဂ္ဂိုလ် တဦးမှာ စိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ် ကုသနေရကြောင်း သိရှိရသည်။ လတ်တလော စုစောင်းထားသည့် စာရင်းအရ အကြမ်းဖက် ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရရှိသူ သံဃာ ၉၇ ပါးနှင့် ပြည်သူလူထု ၅၀ ကျော် ရှိကြောင်း သိရသည်။

0 comments: