Friday, November 30, 2012

လက်ပံတောင်းတောင် ကြေးနီစီမံရေး ဖျက်သိမ်းရေး သပိတ်စခန်းဖြိုခွင်း နှိမ်နင်းမှုနဲ့ ပတ်သတ်ပြီး အမြင်သဘောထားများ

သီတဂူဆရာတော်ဘုရားကြီး 


"ခေါင်းဆောင်ဟာ - မကောင်းတဲ့အရာကို ဘာမှမလုပ်ပါနဲ့။ မကောင်းသောစကားကို မပြောပါနဲ့။ ခေါင်းဆောင်တွေအားလုံး ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောင်ခြင်းဖြင့် ဘ၀ကို တန်ဖိုးထားကြစမ်းပါ။ ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာမှာပါ။ "






ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်) 
လုံးဝ မကျေနပ်ဘူး။ လုံးဝ သည်းမခံနိုင်ဘူး။ ဦးဇင်းတို့က သံဃာတွေကို အဲဒီကို ပို့ထားတယ်ဆို တာ ပြည်သူလူထုကလည်း ၀မ်ပေါင်ကုမ္ပဏီကို အကြမ်းမဖက်အောင်၊ အစိုးရကလည်းပဲ ပြည်သူလူထုကို အကြမ်းမဖက်အောင် စောင့်ရှောက်တဲ့အနေနဲ့ ပို့ထားတာလေ။ စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။



ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက) 
"အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်တာ မှားယွင်းတဲ့လုပ်ရပ်လို့ ပထမပြောချင်တယ်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေးရဖို့ စကားပြော နိုင်သေးတာ အခုဟာက လယ်သမားတွေက သူတို့နစ်နာချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆန္ဒပြတာကို ဘာလို့ သူတို့က စကားမပြောနိုင်ဘဲ စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးပြုရတာလဲ။ အခုလို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး အုံကြွသွားနိုင်တာကြောင့် သူတို့ သွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား"



ကိုမင်းကိုနိုင် (၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်) 
''မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များစွာရှိပါတယ်။ ကျွန်တော်တို့က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။ အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။ ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။ အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။ "

 ကျော်ကိုကို (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ) 
 "ဒါက လုံးဝမဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောချင် တယ်။ ဘာကြောင့်လဲဆိုတော့ အဓိကရုဏ်းကို ဖြိုခွင်းတဲ့ နေရာမှာ နည်းလမ်းမျိုးစုံရှိတဲ့ အထဲမှာ ဒီနည်း လမ်းမှာ သုံးစွဲတဲ့ လက်နက်ဟာ အင်မတန်မှ ပြင်းထန် လွန်းတဲ့ လက်နက်တစ်ခု ဖြစ်တယ်။ မီးလောင်ဗုံး ဆိုတာဟာ အဓိကရုဏ်း နှိမ်နင်းတဲ့သမိုင်းမှာ တစ်ခါမှ မကြုံခဲ့ဘူးတဲ့ လက်နက်ဖြစ်တယ်။ နောက် တစ်ခါကျတော့ သံဃာတော်တွေ အိပ်မောကျနေတဲ့ အချိန်မှာ သံဃာ တော်တွေကို အလစ်အငိုက် တိုက်ခိုက်တဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ချုံခိုတိုက်ပွဲလို့ သံဃာတော်တွေ ဘက်က ပြောနေကြတာလည်း ကြားရတယ်။ ပြီးတော့ ဒါဟာ ရက်စက်စွာ နှိမ်နင်းမှုဖြစ်ပြီးတော့ နှိမ်နင်းမှုကြောင့် ငါးသိန်းအင်အား ရှိတဲ့ မြန်မာတစ်ပြည်လုံးက သံဃာ တော်တွေရဲ့ ဒေါသကို ပိုပိုကြီး ထွားလာအောင် ဆွလိုက်သလို ဖြစ်လို့ နှစ်ဖက်စလုံး အကျိုးမရှိတဲ့နည်းလမ်း ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ ဗကသကလည်း အေးချမ်းစွာ ဖြေရှင်းပါ။ အေးအေး ဆေးဆေး ညှိနှိုင်းတဲ့ ပုံစံနဲ့ ဖြေရှင်းပါ။ တောင်းဆိုချက်တွေကို တတ်နိုင်သမျှ လိုက်လျောပါ ဆိုတာ ကြေညာချက် သဘောထား ပေးထားတာ ရှိတယ်။ အဲဒါနဲ့ ဆန့်ကျင်ပြီး အခုလို လုပ်လိုက်တာကိုတော့ ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်" ကိုးကား- EMG

0 comments: