Monday, November 19, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၄)

၈၈၈၈ အရေးတော်ပုံ

“ဟေ့ကောင်။ ကိုကို ထတော့လေ။ ရန်ကုန်မှာ ပစ်ကုန်ပြီတဲ့။ ကျောင်းသားတွေသေတယ်ကြားတယ်။ ဒီကောင်တွေကွာ။ မိုက်ရိုင်းလိုက်တာ…” ဆိုတဲ့ ကျနော့ညီရဲ့ ဒေါသသံ တုံတုံရီရီကြားမှာ လန့်နိုးလာ တယ်။ ကျနော်လည်း ဟေ.. ဟုတ်လားဆိုပြီး ကုတင်ပေါ်က ချက်ချင်းထထိုင်လိုက်တယ်။ ဒါက ဒုတိယ နှစ် ကောလိပ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကျနော့ကို ယောင်ဝါးဝါးအနာဂတ်အိပ်မက်တွေထဲက ရိုးရိုးလှုပ်နှိုးယုံတွင်မဟုတ်ဘူး ဆွဲခါပြီးတော့ကိုနှိုးပစ်လိုက်တဲ့ ဇတ်လမ်းအစ။ အဲဒါ ၁၉၈၈ ခုနှစ်။ တရား မျှတမှုကိုတောင်းဆိုနေကြတဲ့ကျောင်းသားတွေကို ကျနော်မမှီခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး နောက်ပိုင်း နှစ်တွေအတော်ခြားသွားပြီဖြစ်တဲ့ အဖြိုခွဲခံခဲ့ရတဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်းဆိုးတွေ အပြီး ကျနော်တို့ခေတ်မှာတစ်ကျော့ပြန်လာတဲ့ ပထမဆုံးကျောင်းသားသွေးမြေကျမှု။ ရန်ကုန်နဲ့ဝေးတဲ့ နယ်မြို့လေးက ကျောင်းသားလေးကျနော် တောက်လျှောက်ပါသွားတော့တယ်။

ရန်ကုန်ကျောင်းတော်သားတွေရဲ့တိုက်ပွဲခေါ်သံကို နိုင်ငံတကာရေဒီယိုသတင်းတွေက ကြားရတယ်။ တစ်နိုင်ငံလုံး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ (မဆလ) ကို ဆန္ဒပြကြပါတဲ့။ သဘောတူတယ်။ တစ်ပါတီအစိုးရခေါင်းဆောင်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးစာရင်းထဲဝင်နေတဲ့အချိန် တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်လာတယ်။ တစ်နိုင်ငံလုံး အထက်အောက်ချစားမှုတွေကို တွေ့ နေရတယ်။ မရှိဆင်းရဲသားတွေ ငတ်ပြီးစားစရာမရှိအောင်ဖြစ်လာတယ်။ ငွေစက္ကူတွေကိုလည်း ထုတ် ချင်သလိုထုတ်၊ ဖျက်ချင်သလိုဖျက်။ အလျော်ပြန်ပေးတာမျိုးလည်းမရှိဘူး။ ထန်းလျက်ကို မျိုးချန်ပြီး၊ ကျန်တာအကုန်စိုက်ခိုင်းတဲ့ စိုက်ပျိုးရေးဝန်ကြီးလိုမျိုးနဲ့ စခန်းသွားနေကြရတဲ့ဒီလူထုလည်း မွဲပြာကျရုံ က လွဲပြီး ဘာမှဖြစ်လာစရာမရှိတော့ဘူး။ ဒီစံနစ်က အတုအယောင်စံနစ်ဖြစ်နေပြီ။

ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်နေ့မှာ ကိုယ့်မြို့နယ်နဲ့ကိုယ် လူထုဆန္ဒပြပွဲ ဖြစ်အောင်လုပ်ကြရတယ်။ နောက်တစ်ရက်မှာ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့တူ၊ အရင် ဖဆပလခေတ်ဝန်ကြီး မန်းဘဆိုင်ရဲ့သား ဒေါက်တာမြင့်ဆိုင်ဦးဆောင်တဲ့ မြို့နယ်သပိတ်ကော်မတီပေါ်လာတယ်။ နောက်ပိုင်း ကျောင်းသားသမဂ္ဂတွေပြန်ဖွဲ့ပြီး ကျောင်းတွေမှာသပိတ်စခန်းဖွဲ့ကြတယ်။ ကျနော်လည်း ကျောင်းသား တစ်ယောက်ဖြစ်တာမို့ ကျောင်းသားသမဂ္ဂမှာပါတယ်။ မတရားမှုတွေကို မကြိုက်ကြတာခြင်းတူလို့ စု စည်းပြီးတိုက်ကြတာ။

သပိတ်ကာလအတွင်းမှာ ကျနော်က သပိတ်စခန်းမှာညအိပ်ညနေနေတာများတယ်။ အဲဒီအချိန်က ကျောင်းသူတွေတောင် ညအိပ်နေပြီး တိုင်းကျိုးပြည်ကျိုးကို ထမင်းမေ့ဟင်းမေ့လုပ်ကြတယ်။ တစ်ခါ တစ်လေ ညဘက်အခန်းကျယ်ကြီးတွေထဲမှာစုပြီးအိပ်ကြရတယ်။ ဖောက်ပြန်ဖို့… စဉ်းတောင် မစဉ်းစား ဘူး။ အဲဒီလိုပြဿနာလည်း လုံးဝမရှိခဲ့ဘူး။

ဗိုလ်ချုပ်နေ၀င်းက သူ့ပါတီအထက်ပိုင်းကလူတွေပါဆွဲခေါ် တိုင်းပြည်ကို “သေနတ်ဆိုတာ မိုးပေါ် ထောင်မပစ်ဘူး။ ပစ်ရင်တည့်တည့်ပစ်တယ်။ နောက်နောင်ဆူဆူပူပူလုပ်မယ်ဆိုရင် သတိထားကြ ပေတော့” လို့ ကြိမ်းမောင်းစိန်ခေါ်ရင်း ဆင်းသွားတယ်။ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာတယ်။ ဗြုံး ကနဲချက်ချင်း လေပြော့လေးနဲ့ အသံပြောင်းသွားတော့ နိုင်ငံအနှံ့ လမ်းပေါ်ကဆန္ဒပြလူထုက မယုံတော့ဘူး။ ဘာတဲ့ “ပြည်သူလူထုကြီးက စိတ်မရှည်နှိုင်ကြတော့ဘူးလား…။ ဆန္ဒတွေလည်း မစောကြပါနဲ့။ အိမ်ထဲမှာ ကျန်ခဲ့ကြတဲ့ အိမ်ထောင်ရှင်မတွေရဲ့ ဆန္ဒတွေကိုလည်း သိပရစေဦး..” ဘာညာနဲ့ ဒေါက်တာမောင်မောင်က မိန့်ခွန်းချွေတော့ အိမ်ထောင်ရှင်မသမဂ္ဂတွင်မက အလှဖန်တီးရှင်များသမဂ္ဂတွေအထိ လမ်းပေါ်ထွက်ဆန္ဒပြ လိုက်ကြတာ ပွဲစည်သွားတော့တယ်။ လူတွေအားလုံးက ၂၇ နှစ်လောက် ဒုက္ခပေးလာခဲ့တဲ့ မဆလတစ်ပါတီ စနစ် တော်ပါတော့လို့ပြောနေတာမဟုတ်လား။ ဒီမိုကရေစီပေးပါတော့လို့လည်း တောင်းဆိုနေကြပြီလေ။ 

တစ်ရက် သပိတ်အဖွဲ့ထဲက လမ်းမှာသပိတ်မှောက်ဆန္ဒပြတဲ့လူတွေကို အဆိပ်ခတ်ဖို့လုပ်နေတယ်ဆိုပြီး အသက် ၃၀ ကျော် အမျိုးသမီးနှစ်ယောက်ကို ကျောင်းသားသမဂ္ဂကို လာအပ်သွားတယ်။ အဲဒီအမျိုးသမီး တွေကို စစ်ဆေးဖို့အဓိက တာဝန်ယူရတာက ကိုသန်းနိုင်တို့ လုံခြုံရေးဌာနက။ သူတို့ကို စစ်ဆေးနေတော့ အနားမှာ သွားနားထောင်ကြည့်တယ်။ သူတို့ ဘ၀အကြောင်းတွေကို လျှောက်ပြောနေပြီး တစ်ယောက်က တော့ မဆလလူကြီးတစ်ယောက်က သူ့ကိုငွေပေးပြီးခိုင်းခဲ့တယ်လို့ပြောတယ်။ နောက်တစ်ခါပြောတော့ နောက်တစ်မျိုးဖြစ်ပြန်ရော။ ကျနော်တို့လည်းမျက်စေ့တွေလည်ကုန်တယ်။ အမှန်တိုင်းပြောရရင် သူတို့ကို ကြည့်ရတာ ပုံမှန်မဟုတ်ဖူး။ စိတ်မမှန်သလို ယောက်ယက်ခတ်ပြီး ပြောနေတာမျိုးတွေ။ နောက်ဆုံးကျနော် က လုံခြုံရေးက သူငယ်ချင်းတွေကို တို့တွေဘာဆက်လုပ်မှာလဲ။ သူတို့ကို ပြန်လွှတ်ပေးရင်ပေး ဒါမှမဟုတ် သူတို့လုံခြုံရေးအတွက် စိတ်ချရမယ့် အဖွဲ့အစည်းတစ်ခုခုကို အပ်ပေးရင်ကောင်းမယ်လို့ အကြံပေးခဲ့တယ်။ ဒီကြားထဲ ဘုန်းကြီးတစ်ပါးက ဓားကိုင်ထားတဲ့သပိတ်အဖွဲ့ဝင်နှစ်ယောက်သုံးယောက်နဲ့ ဘယ်မလဲ အဲဒီ ကောင်မတွေ ငါတို့သပိတ်အဖွဲ့ကိုအပ်ဆိုပြီး လာတောင်းနေလို့ ကြည့်လိုက်တော့ သူတို့က စစ်ဆေးမယ်ဆို ရင် ခုနအမျိုးသမီးတွေ အသက်အန္တရာယ်ကိုမြင်ပြီး မပေးနှိုင်ဘူးလို့ ခေါင်းမာမာနဲ့ ၀ိုင်းငြင်းကြရသေးတယ်။ သူတို့မကြေမနပ်နဲ့ ပြန်သွားကြတယ်။ နောက်ပိုင်း အဲဒီအမျိုးသမီးနှစ်ယောက်စလုံးကို မြို့နယ်ကျောင်းသား သမဂ္ဂက ရဲဌာနကိုပဲ အပ်ပေးပြီး အခြေအနေမေးပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပေးလိုက်ဖို့ လွှဲလိုက်တယ်။ ဟုတ်တယ်လေ ကိုယ်မှနားမလည်ပဲ။ သေလည်း မသေခြာဘူး။

အဲဒီလုံခြုံရေးဌာနက ကိုသန်းနိုင်တစ်ယောက် အန္ဒိယနယ်စပ်ဖက်က ABSDF အနောက်ပိုင်းကို တောခိုသွား ပြီး ကျန်းမာရေးကြောင့် စခန်းမှာ ကျဆုံးခဲ့တယ်လို့ သိရတယ်။ သူနဲ့အတူပါသွားတဲ့ အမ်းကူလည်း နယ်စပ် မှာ အဖွဲ့တစ်ဖွဲ့က လူမှားပြီးပစ်တဲ့အတွက် ကိုသန်းနိုင်မတိုင်ခင် အစောကြီးကျဆုံးခဲ့ရတယ်။

၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ညမှာ စစ်သားတွေက လမ်းမတွေမှာစစ်မျက်နှာဖွင့်ပြီး သူတို့အထက် အရာရှိတွေညွှန်ကြားထားတဲ့အတိုင်း လမ်းပေါ်ကအစိုးရဆန့်ကျင်ဆန္ဒပြနေတဲ့လူအားလုံး ကွန်မြူနစ်တွေ လို့တံဆိပ်တပ်ပြီး ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းလိုက်တဲ့အထဲမှာ ကျနော့လုပ်ဖော်ကိုင်ဖက် ညီအကိုလို ဖြစ်နေကြတဲ့ သူငယ်ချင်းဂွမ်တီနဲ့မောင်ခိုင်ဝင်းတို့ ပွဲချင်းပြီးပစ်အသတ်ခံကြရတယ်။ အဲဒီညက မြို့ပတ်ဝန်း ကျင်ရွာတွေကရွာသားတွေပါ မြို့လုံခြုံရေးကို ရရာလက်နက်နဲ့ဝိုင်းပြီးယူထားကြတာဆိုတော့ လူ ဘယ်နှစ် ယောက်သေတယ်ဆိုတာ အတိအကျမသိရဘူး။ တစ်ချို့ကလည်း တစ်ရာကျော်သေတယ်။ တစ်ချို့က လည်း လေးဆယ်ကျော်သေတယ် စသည်ဖြင့်ပေါ့။

နောက်တစ်နေ့မနက် ရာနဲ့ချီပြီးဖမ်းထားတဲ့ ဆန္ဒပြ သမားတွေကို ရဲစခန်းရှေ့မှာ အပေါ်အကျီင်္ချွတ်၊ ကြိုးတုတ်ပြီး နေပူလှမ်းထားတယ်လို့ကြားရတယ်။ ကျနော်ကတော့ အဲဒီညက ဘုရားဝင်းထဲကရွှေ့ပြီး မြို့စွန်ရွာတစ်ခုကိုနေရာရွှေ့ယူတဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေနဲ့။ ကျနော်တို့ကို ရွာသားတွေက ကျောင်းသားတွေပေးဆပ်ရတာများနေပြီ၊ ဒီတစ်ခါ ကျနော်တို့ရွာသားတွေအလှည့်၊ ဒီကောင်တွေ လာရင်ကျနော်တို့တာဝန်ထားပါဆိုပြီး ကျနော်တို့ကိုအတင်းအကြပ် တဲတွေထဲမှာတံခါးပိတ်ပြီးဖွက်ထား ပေးလို့ ပစ်ခတ်နေတဲ့ သေနတ်သံ၊ လက်နက်ကြီးသံတွေကို စိတ်လှုပ်ရှားမှုနဲ့နားထောင်ရုံနေကြရတော့ တယ်။ တကယ်တော့ အဲဒီအချိန်က ကျနော့လက်ထဲမှာ ဓားမြှောင်တိုတစ်ချောင်းနဲ့၊ ထုတ်ထားတဲ့မီးစာ ကို မီးရှို့ပစ်ရတဲ့ လက်ဖြစ်မက်သနောဗုံးနှစ်လုံးသာရှိတယ်။ မီးချစ်လည်းမရှိတော့ စစ်သားတွေတက် လာရင်လှမ်းပစ်ဖို့ ဘယ်မှာလိုက်ပြီးမီးညှိရမယ်ဆိုတာတောင် သိတာမဟုတ်ဘူး။

နောက်တစ်နေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အေးအေးဆေးဆေးသမား ကိုကျော်ကြီးဆိုတဲ့ အကိုကြီး က မောင်ခိုင်ဝင်းအသုဘလိုက်ပို့ရင်း လမ်းက အထက (၁) ကျောင်းရှေ့ကိုအရောက် လမ်းကလူ တစ်ယောက်က ဒီကလေးငယ်ငယ်ရွယ်ရွယ်နဲ့ဘာဖြစ်လို့သေသွားတာလဲဆိုတဲ့အမေးကို ညကခွေး ကိုက်လို့လို့ဖြေတော့ ကျောင်းသပိတ်စခန်းကိုသိမ်းထားပြီးစောင့်နေတဲ့ စစ်သားတစ်ယောက်ကကြားလို့ မှတ်ထားပြီး ကိုကျော်ကြီးအသုဘကအပြန် ကျောင်းရှေ့ရောက်ရောက်ချင်း အဲဒီစစ်သားက သေနတ်နဲ့ ထွက်ပြီးပစ်ထဲ့လိုက်တာ ကိုကျော်ကြီးဗိုက်ပွင့်ပြီး ဆေးရုံရောက်ပါလေရော။ ကျနော်ဆေးရုံကို သွား ကြည့်တော့ သူမသေဘူး။ ကျနော်က ကိုကျော်ကြီး… ခင်ဗျားတော့သူရဲကောင်းဖြစ်ပြီဆိုတော့ တစ်ကိုယ်လုံး ဖောယောင်နေတဲ့ သူကကြိုးစားအားတင်းပြီးပြုံးတယ်။ ကျနော်နဲ့ကျနော့ညီလေးလည်း နောက်ပိုင်း သူငယ်ချင်းတွေ၊ အမျိုးတွေရှိတဲ့ ကျနော်တို့မြို့နဲ့နီးတဲ့ အင်္ဂပူဖက်ကရွာတွေမှာ ဟိုရွာဒီရွာရွှေ့ ပြီး ပုန်းနေခဲ့ကြရတယ်။ နောက်ပိုင်း သွားလေသူအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ ပါတီစုံစနစ်နဲ့ရွေးကောက်ပွဲကျင်းပပေးပြီး လူထုဆန္ဒနဲ့အညီရွေးကောက်ပွဲနိုင်တဲ့ပါတီကို အာဏာလွှဲပေးပြီး စစ်တပ်ကစစ်ဘားတိုက်တွေကိုပြန်မယ်ဆိုတဲ့ကတိကို ရေဒီယိုကအထပ်ထပ်ကြားရ တယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပြစ်မှုတွေကျူးလွန်ထားတာမရှိတဲ့သူတွေကို အရေးယူမှာမဟုတ် ဘူးလို့ ကြေငြာတော့ ကျနော်တို့ညီအစ်ကို မြို့ကိုပြန်ခဲ့ကြတယ်။

ဒေါက်တာမြင့်ဆိုင်နဲ့ သူငယ်ချင်းရဲဘော်တစ်ချို့တောခိုသွားကြတယ်။ တစ်ခြားသပိတ်ခေါင်းဆောင်တွေ လည်း ပါသွားကြတယ်တဲ့။ အဲဒီတုန်းကတော့ ဘယ်ဖက်ကိုတောခိုကြတယ်ဆိုတာ မသိဘူး။ တစ်ချို့လည်း ထိုင်းနယ်စပ်ဖက်ကို တောခိုကြတယ်တဲ့။

နောက်ပိုင်း နယ်စပ်ကိုရောက်သွားတဲ့ကျောင်းသားတွေက မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသာများဒီမိုကရက် တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော် ထောင်ကြတယ်တဲ့။ သူတို့အကြောင်းကို BBC VOA လို အနောက်နိုင်ငံက ရေဒီယိုတွေနားထောင်ရင်း နားစွင့်ရတယ်။ အဲ နောက်ပိုင်း န၀တခေတ်မှာ မြက်ခင်းသစ် ဆိုတဲ့ စာစောင်တစ်ခုထွက်လာတော့ ဓာတ်ပုံတွေတစ်ချို့ကိုပါ တွေ့ရတယ်။ မဂ္ဂဇင်းက တောခိုကျောင်းသား တွေနဲ့ အရင်ရှိနေနှင့်ပြီးသား တော်လှန်ရေးအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေကို တိုက်ခိုက်ရေးထားတာဆိုပေ မယ့် ကျနော်တို့အားလုံး သူတို့ကို အားရတယ်။ ပုံလေးတွေကိုကြည့်ပြီး သူတို့ကိုလည်း မျှော်လင့်ကြတယ်။   

ရဲဘော်မြတ်
 

1 comments:

Unknown said...

'7'July(ဒေါင်သွေး နီ သော်နေ့)