Monday, November 26, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၉)

ဆက်ဖြစ်တဲ့ခြေလှမ်းများ
ကျနော်ပြန်လွတ်လာတော့ ကျနော့ အဖိုးအဖွားတွေရဲ့အိမ်ကို သွားတယ်။ အိမ်ရှေ့ကနေ ၀င်လာတဲ့ကျနော့ ကို ကျနော့အဖွားက ဟဲ့… သားကြီး… လို့ အသံတုန်တုန်နဲ့ လှမ်းခေါ်တယ်။ မျက်ရည်တွေလည်း ၀ိုင်းလာ တယ်။ ကျနော်ကအဖွားလက်ကိုအသာကိုင်ပြီး ဘာမှမဖြစ်ဘူး၊ ကျနော်ပြန်လာပြီလေလို့ပြောရတယ်။ လေငန်းဖြစ်နေတဲ့ဘဘက အိမ်ရှေ့သစ်တံခါးဘောင်ကိုမှီထိုင်နေရင်းက ဘာဖြစ်တာလဲလို့ အသံဗလုံး ဗထွေးနဲ့ လှမ်းမေးတယ်။ အဖွားက သူမသိအောင်မျက်ရည်သုတ်ပြီး ဘာမှမဟုတ်ပါဘူးလို့ ပြန်ပြောတယ်။ နောက်တော့ဘဘသိသွားတယ်။ ဘယ်ရမလဲ သူကပါးတာမှ လှစ်နေရော။ ကျနော့ကို ခေါ်ပြီးဆူပါလေ ရော… “အစိုးရကို ငါလည်းမကြိုက်ဘူး၊ မင်းလက်ထဲမှာ သူတို့လိုသေနတ်မရှိဘဲ သွားလုပ်မနေနဲ့။ မင်းသူတို့ ကိုချချင်ရင် သေနတ်ရှာပြီးပြန်ချ။ မတန်မရာတွေမလုပ်ပါနဲ့။ ငါတို့ပဲစိတ်မကောင်းဖြစ်ရမယ်” တဲ့။ ဘဘက လယ်သမားမျိုးရိုး။ မြို့ပေါ်မှာ ဆေးရွက်ကြီးကုန်သည်လုပ်ပြီး အခြေချခဲ့တာ။ ကျနော့အဖေဖက်က ရှမ်း နွယ်ကြတယ်။ ကျနော့ဘဘရဲ့အဖေ၊ ကျနော့အဘေးကို ကျနော် ၂ နှစ်သုံးနှစ်သားလောက်က ရွာကိုသွား လည်ရင်း တွေ့ခဲ့ဖူးတယ်။ အရပ် ခုနစ်ပေလောက်ရှိတယ်။ သူက ထိုင်ပြီးကွမ်းတမြုံ့မြုံ့နဲ့ နှီးထိုးနေတာ။ ဆံပင်ကို ရောင်တစ်စောင်းချထားပြီး ကိုယ်လုံးကိုယ်ပေါက်အတော်တောင့်တယ်။ တကိုယ်လုံးမှာလည်း ဆေးမှင်ကျောင်တွေအပြည့်ထိုးထားတာ သူ့ဒူးအောက်အထိရောက်တယ်။ အမေတို့ဖက်က မြန်မာ စစ်စစ်တွေ။ ပညာရေးမျိုးရိုးတွေလို့ပြောရမယ်။ အမေဘက်ကအဖိုးက အရင်ကခေတ်က ခရိုင်ပညာဝန် တစ်ယောက်လုပ်ခဲ့ဖူးတယ်။ ကျနော့ဦးလေးနှစ်ယောက်နဲ့အဒေါ်က ကျောင်းဆရာဆရာမတွေ။ ဦးလေး တစ်ယောက်ဆိုရင် တက္ကသိုလ်တစ်ခုမှာမော်ကွန်းထိမ်းလုပ်ခဲ့တာရှိတယ်။ 


နောက်ပိုင်း ၁၉၈၉ မှာ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) က သူ့အစီအစဉ်နဲ့သူ အာဇာနည်နေ့ ရန်ကုန်မှာ ချီတက်အလေးပြုမယ်လို့ ကြေငြာခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့မြို့လေးမှာလည်း ဖြစ်အောင်လုပ်မယ်ဆိုပြီး ပန်းခွေနှစ်ခုရှာပြီးထလုပ်ထည့်လိုက်တော့ မထင်မှတ်ပဲ ကျနော်တို့တန်းစီပြီးချီတက်နေကြတဲ့လမ်းကြောင်း တစ်လျှောက် လူငယ်တွေအင်အားဝင်ဖြည့်လာပြီး လူအင်အား ၆၀ ကျော်ဖြစ်သွားတယ်။ ဈေးကြီးကိုဖြတ် ၀င်ရမယ့်လမ်းကြောင်းကိုလည်း ရဲကပိတ်ထားလို့ မြို့ထဲကနေပတ်ပြီးချီတက်ကြရတော့ တမြို့လုံးဟိုးလေးတ ကျော်ဖြစ်သွားတယ်။ မြို့ထဲကလူတွေက ထွက်ကြည့်ကြတဲ့အပြင် တစ်ချို့ဆိုရင်အနောက်ဖက်ခပ်လှမ်းလှမ်း က ဘာဖြစ်မလဲလို့ လိုက်ကြည့်ကြတယ်။ သူ့တို့ အာဏာပိုင်တွေထဲက အရပ်ဝတ်နဲ့တစ်ယောက် လာ ညှိတယ်။ သူက ဘယ်နှစ်ဖွဲ့လည်းမေးတော့ ကျနော်တို့က လူငယ်တစ်ဖွဲ့၊ ကျောင်းသားတစ်ဖွဲ့လို့ ပြောလိုက် တယ်။ သူက ခွင့်ပြုပေးဖို့ သူ့အထက်အရာရှိနဲ့ညှိနှိုင်းပေးပါ့မယ်ဆိုပြီး ခနနေတော့ သူက အိုကေလို့ပြော တယ်။ ကျနော်တို့ ပန်းခွေနှစ်ခုကအရှေ့မှာတစ်ခု၊ အလယ်မှာတစ်ခုဖြစ်သွားပြီး ရှေ့ဆုံးကပန်းခွေပေါ်မှာ “ကျောင်းသားလူငယ်များလွမ်းသူ့ပန်းခွေ” အဲ.. အနောက်ဖက်ကပန်းခွေမှာတော့ “လူငယ်ကျောင်းသားများ လွမ်းသူ့ပန်းခွေပေါ့”။ ဟိုရောက်တော့ အလားလုံးအတူတူဝင်ခွင့်ရခဲ့တယ်။ အဲဒီချီတက်မှုမှာလည်း အာဇာ နည်ကုန်းကိုအရောက် အများတောင်းဆိုချက်အရ ကျနော်ဦးဆောင်ရပြန်ပါတယ်။ ကျနော်တို့ ကံကောင်း တယ်လို့ဆိုမလား အာဏာပိုင်တွေက အာဇာနည်ကုန်းကိုဝင်ခွင့်ပြုခဲ့တဲ့အပြင် ဖမ်းတာဆီးတာတွေလည်း မလုပ်ခဲ့ဘူး။ ရ၀တ ရပ်ကွက်လူကြီးအဖြစ်အရွေးခံထားရတဲ့ အဖေက မြို့နယ်ငြိပ်ပိ (မ၀တ) ရုံးမှာ အဲဒီလှုပ် ရှားမှုဗွီဒီယိုခေါ်ပြတာကြည့်ပြီး ပြန်လာတဲ့အခါ "ဟေ့ကောင်… အကြီးကောင်… မင်းအိမ်ဦးခန်းမှာပဲသွားနေ စမ်းပါကွာ၊ နိုင်ငံရေးမလုပ်ပါနဲ့တော့။ ငါတစ်သက်လုံးရှာကြွေးပါ့မယ်၊ မင်းလုပ်တာနဲ့ တစ်မိသားစုလုံးဒုက္ခ ရောက်ကုန်လိမ့်မယ်" ဆိုတာမျိုး ခေါ်ပြီး ဆူခဲ့သေးတယ်။ အဲ… အဲဒီအချိန်က ရန်ကုန်ကျောင်းသားတွေနဲ့ တခြားမြို့နယ်တွေက ကျောင်းသားတွေတော့ ဗိုလ်ချုပ်ကိုအလေးပြုကြတဲ့အတွက် အဖမ်းအဆီးခံကြရတယ် ကြားတယ်။ 

၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနေ့ကိုရောက်လာတယ်။ ကျနော်တို့ ကျောင်း သားတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်တဲ့ NLD မဲအနိုင် ရရေးအတွက် အင်အားထွက်ပြဖြစ်တယ်။ အားလုံးလူတစ်ရာကျော်လောက်ရှိမလားဘဲ။ ကျောင်းသား ၀တ်စုံအဖြူနဲ့ ကချင်ပုဆိုးဝတ်ထားကြတယ်။ NLD ရဲ့ အမှတ်အသားဖြစ်တဲ့ ခမောက်တွေကို ဆောင်းထား ကြတယ်။ စက်ဘီးတွေမှာ ပါတီအလံတွေချည်ထားတယ်။ ရည်ရွယ်ချက်က ပါတီစုံဝင်ပြိုင်ကြတော့ မဲတွေ ပြန့်ကုန်ပြီး ကြားကနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတဖြစ်လဲ မဆလပါတီ ၀င်စားသွားမှာစိုးလို့။ ကျနော်တို့ တစ်မြို့လုံးလှည့်ပြီး တစ်ယောက်မဲဝင်ထည့်ရင် ကျန်တဲ့သူအားလုံး အပြင်ကစောင့်ပေးကြတယ်။ မဲရုံတစ်ခုမှာဆိုရင် တာဝန်ကျတဲ့သူတစ်ယောက်ထွက်လာပြီး ညီလေးတို့ဘယ်သူတွေလဲဆိုတာ အကိုတို့ သိပါတယ်။ ဒီရွေးကောက်ပွဲကို မှန်မှန်ကန်ကန်ဖြစ်အောင် အကိုတို့တာဝန်ယူပေးနေပါတယ်။ စိတ်ချပါ၊ လူထုဆန္ဒအတိုင်းဖြစ်စေရမယ်လို့ ကတိထွက်ပေးတာမျိုးလည်းရှိတယ်။ အဲဒီညနေက ပထမဆုံး ရေဒီယိုက မဲအနိုင်ရတဲ့သူတွေစာရင်းကို ကြေငြာပေးတယ်။ NLD NLD NLD တွေချည့်ထပ်နေတယ်။ လက် ခုတ်သံတွေလည်း တစ်ဖြောင်းဖြောင်း။ ကျနော်တို့မြို့နယ်မှာလည်း မဲဆန္ဒနယ်နှစ်ခုစလုံး NLD ပဲ နိုင်တယ်။ ၀မ်းသာလွန်းလို့ အိမ်ရှေ့တွေမှာထွက်ပြီးကနေကြတဲ့ အဖွားကြီးတွေ။ အောင်ပွဲခံနေကြတဲ့လူထု။ မဖော်ပြ နှိုင်လောက်အောင်ပြီးပြည့်စုံနေတဲ့ ပီတိအပြုံးတွေနဲ့လေ။ ဒီပီတိတွေဟာ တစ်လတောင်မခံခဲ့ပါဘူး။

2 comments:

Anonymous said...

မဖတ်သေးဘူးဗျာ
ပြီးမှ အစအဆုံး တစ်ထိုင်ထဲဖတ်မယ်

Anonymous said...

မဖတ်သေးဘူးဗျာ
ပြီးမှ အစအဆုံး တစ်ထိုင်ထဲဖတ်မယ်