Sunday, September 30, 2012

စကားလုံးအောက်ပိကျခဲ့သော အနာဂါတ်တိုင်းပြည်

ပင်လယ်ရေက မျက်ဝန်းထဲထိ တိုးတိုက်တက်လာတယ်
အိပ်ခန်း တစ်ခန်းလုံး ဆားငံနံ့ တသင်းသင်း
ဖြစ်မလာနိုင်တဲ့ အိမ်မက်မှာ
အရူးအမူး ဆွဲငင်ခြင်းခံခဲ့ရ
ကာရန်ကို ရေးချယ်သူ့ ကြိုးဆွဲရာမှာ
ကပ်တွယ်မိသော အဖြစ်နဲ့
ခွေကျပြီး ခွေးကျ ကျ ရတာပဲ

လင်းလက်သွားသော လမ်းမကို အသာငေး
ဝေ့လျှံကျလာသောကြောင့်
ဝေဝါးပြီး
သီချင်းတွေ ညည်းဆိုမယ်
ရှိက်ငိုသံ စည်းဝါးတွေနဲ့
ညည်းဆိုနေကျ တေးတစ်ပုဒ်

လက်ဖဝါးပေါ်က ရေစက်တွေကို
ရေတွက်
နံရိုးထဲ လောင်ကျွမ်းတဲ့ပြာကို
ထုပ်ပိုး
အားမရှိတဲ့ ခြေထောက်ကို အားပြုပြီး
အမှန်တရားကို ထိုးဖောက်ကြည့်ဖို့
ဇက်လှန်လိုက်တယ်

ကျိမ်းရှတဲ့ အနမ်းတွေနဲ့
ဆွဲကြိုးချ သေခဲ့ရတဲ့ ဘဝမျိုး
လက်ဆုပ်လက်ကိုင်ပြစရာမလို
လက်ရှိမှာကိုက ဘာမှမဟုတ်ခဲ့တာပဲ
စာကြောင်းတစ်ကြောင်းထက် အပြင်
ဘာများအရေးပါခွင့်ရလို့လဲ

မှန်ကြည့်မိတဲ့ အခါတိုင်း
ပိုပိုသိမ်ငယ်လာတယ်
နေ့တွေ ညတွေ မှားလို့
နေ့တွေ ညတွေ မှားလို့
ကိုယ့်အရှုံးပဲ ကိုယ်မြင်နေရ
ကိုယ့်အရှုံးပဲ ကိုယ်မြင်နေရ
ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်နိုင်ရင်
တစ်ခြားလောကကို ထွက်ခွာချင်တယ်
ဘယ်ခြေမှာ ငြိနေတဲ့ကြိုး
စောင့်တင်းရစ်ဆဲ   ။


မွန်းသူအိမ်
19 Feb 2012

0 comments: