Saturday, June 30, 2012

ကဗျာမကြေ

``အာဇာနည်မျိုး
သေရိုးမရှိ´´ တဲ့....
ကဗျာဆရာတွေ
အခါခါ သေခဲ့ပြီးပြီ။

ကဗျာကိုချစ်တာလေးတစ်ခုနဲ့
`မြန်မာပြည်မှာ လူဖြစ်ရတာ
နာလိုက်တာကွာ.....´လို့
တစ်ခါဘူးမှ မညည်းညူ
ဧရာဝတီကို သူလို ငါလိုမြတ်နိုးတယ်။

အမေမွေးကတည်းက
ချမ်းသာခြင်းနဲ့ လက်ပွန်းတတီးရှိတဲ့
ကဗျာဆရာကလွဲပြီး
ကဗျာရေးလို့ ချမ်းသာတဲ့ကဗျာဆရာ
ဘယ်နှယောက်ရှိသလဲ။

ကဗျာတစ်ပုဒ် စာမူခ
ငါးကျပ်ရတဲ့ခေတ်ကတည်းက
ရေးလာခဲ့ကြတာ
အခု တစ်ပုဒ်ငါးထောင်ရတဲ့အထိ
မဂ္ဂဇင်းမှာ တစ်လကို
ကဗျာဆယ်ပုဒ် ပါတဲ့ကဗျာဆရာ
ဘယ်သူရှိသလဲ....
ဆယ်ပုဒ်ပါတယ်ပဲထားဦး
(ဒီခေတ်ကြီးထဲမှာ)
အဲဒီကဗျာစာမူခ ငါးသောင်းက
သူ့အတွက် ဘယ်လိုအားမာန်ဖြစ်မလဲ
သူ့မိသားစုကိုရော ဘယ်လို ကျားကန်မလဲ
ဆင်းရဲခြင်း ဓားလှံတွေသာ
သူ့ရင်ဘတ်မှာ တန်းလန်းနဲ့။

ဒါပေမဲ့
ကဗျာလက်နက်ကို မချခဲ့တာ
သူ့အလောင်း မြေကျတဲ့အထိပဲ။
ခေတ်ပြောင်းတော်လှန်ရေးတိုင်းမှာ
ကဗျာဆရာတွေ ပါခဲ့ပေမယ့်
ပြောင်းသွားတဲ့ ခေတ်တွေထဲမှာ
ကဗျာဆရာတွေ ပါခွင့်မရတာ
ရင်နာလို့မဆုံးဘူး။

လူတစ်ယောက်
အသက်နဲ့ရေးခဲ့တဲ့ စကားလုံးတွေကို
ကျွန်တော်တို့ ဖတ်ခဲ့ရတယ်
ကျွန်တော်တို့ ဖတ်နေရတယ်
ကျွန်တော်တို့ ဖတ်ရဦးမယ်
ကမ္ဘာမကြေ
ကဗျာတွေ.............။          ။

                                 နွယ်ဦးလှိုင်

0 comments: